Switch Mode

အပိုင်း(၈၈၃):

လမြွေနဂါးကြီး(၂)

ယောင်ယွမ်ဟိုင်၏ မူလစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ပြီးနောက် ဝမ်လင်းသည် ၎င်းကို သူ့သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာည်အလံထဲသို့ ချက်ခြင်း ထည့်သိမ်းလိုက်သည်။သူက တစ်စက်ကလေးပင် ရပ်တန့်ခြင်း မရှိ နှေးကွေးမနေဘဲ ဖျပ်ခနဲ ပြန်ပျောက်ကွယ်သွားခဲ့ခြင်းပင်။

ပေတစ်ထောင်ခန့် ရှိသော လမြွေနဂါးသည် ခဏတာ ရှာဖွေကြည့်ပြီးနောက် ၎င်း၏ ပါးစပ်ကို ဟကာ ကြွင်းကျန်နေခဲ့သော ဝမ်လင်း၏ အော်ရာအားလုံးကို စုပ်ယူလိုက်၏။ ၎င်းခန္ဓာကိုယ်ပေါ်ရှိ လက်တံများသည်လည်း သူ့ဟာသူ ပြန်ထွေးသွားတော့သည်။၎င်းက ကျေနပ်နေသည့်ဟန်ပင်။

သို့သော်လည်း ခဏအကြာတွင် ထိုလမြွေနဂါးငယ်၏ ပါးစပ် ပြန်ပိတ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်က တွန့်သွားကာ မြေကြီးထဲသို့ ပြန်ပျောက်ကွယ်သွားတော့၏။

အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ပေါ်နေ၏။သူက လမြွေနဂါးကြီး၏ အရိုးထိပ်ဖျားထံသို့ ဦးတည်သွားသည်။သူက လမ်းတစ်လျှောက်တွင် အလွန်သတိထားနေသည်။ တစ်စုံတစ်ခုမှားနေသည်ဟု သတိပြုမိတိုင်း သူက ဦးတည်ချက်ပြောင်းကာ သူ့ကိုယ်သူ ဖုံးကွယ်ပစ်သည်။

ဝမ်လင်းက စဉ်းစားနေ၏။ “လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ အန္တရာယ်ရှိတယ် ဆိုပေမဲ့လည်း ငါ့သိထားသလောက်ဆိုရင် ငါ ဂရုစိုက်နေသရွှေ့ အန္တာရာယ် မဖြစ်လာနိုင်လောက်ဘူး။ အပြင်ဘက်မှာနဲ့ ယှဉ်ရင် ဒီနေရာက အများကြီး ပိုလုံခြုံသေးတယ်…”

“ဒီလိုဆိုမှတော့ ငါက ဘာကြောင့် လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်ပြီး မနေရမှာလဲ…။ဒီလိုနည်းနဲ့ ငါ့ကို သတ်ချင်နေတဲ့ ယောင်မိသားစုဝင်တွေဟာ အရင်ဆုံး ဒီလမြွေနဂါးနဲ့ ရင်ဆိုင်တွေ့ကြရလိမ့်မယ်…”

ဝမ်လင်းသည် အေးစက်စက်ပြုံးကာ ရှေ့သို့ အလျင်အမြန် ဆက်သွားနေသည်။

သည်လမြွေနဂါးကြီးက အလွန်တရာ ကြီးမားလှသည်။၎င်း၏ အတွင်းထဲ၌ တည်နေရာရွှေ့ပြောင်းရန်လည်း မဖြစ်နိုင်ချေ။ ထို့အပြင် သူက သတိလည်းထားနေရသေး၏။ထို့ကြောင့် ဝမ်လင်းက မြန်ဆန်စွာ သွားနေလျှင်ပင် သူ့အမြန်နှုန်းက နှေးနေသေးသည်သာ ဖြစ်သည်။

သူက သွားလာနေရင်း သူ့အသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။သူက ဘေးတစ်ဖက်သို့ ချက်ခြင်း ရှောင်တိမ်းလိုက်သည်။ သူက ရှောင်လိုက်သည်နှင့် အပြာရောင်ရေခဲသလင်းတစ်ခုသည် ဝမ်လင်း မူလရှိနှင့်ခဲ့သော နေရာသို့ အလင်းတန်းအလား ဖြတ်သန်းသွားတော့သည်။

၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကိုပင် ထိလုနီးပါး ဖြစ်သွားခဲ့သည်။ဝမ်လင်းက ထိုသလင်းထဲမှ အအေးစွမ်းအင်ကို ရှင်းလင်းစွာ ခံစားမိသည်။

“နင် မလွတ်နိုင်တော့ပါဘူး…” သည့်နောက် မြေကြီးထဲမှ ပေတစ်ရာခန့် အဟ တစ်ခု ပေါ်လာကာ ၎င်းအဟထဲကနေ အေးစက်စက်အသံနှင့်အတူ ယောင်ပင်ယွမ်သည် လှမ်းထွက်လာလေသည်။

သူမက ဝမ်လင်းကို အေးစက်စက် ကြည့်ကာ ပြောလာ၏။ “နင်က အနောက်ပိုင်းနယ်မြေရဲ့ အပြစ်မရှိတဲ့ ကျင့်ကြံသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဒီနေ့မှာ ငါ ယောင်ပင်ယွမ်က နင့် အသက်ကို ယူပြမယ်…”

ဝမ်လင်းက နောက်သို့ အမြန်ဆုတ်ကာ သူ့လက်နှစ်ဖက်လုံးတွင် မူလစွမ်းအင်ကို စုစည်းထားလိုက်သည်။သူက သူ့ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ရိုက်ကာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော အအေးစွမ်းတို့ကို ခြေဖျက်စေသည်။တစ်ချိန်တည်းမှာပင် သူက မူလစွမ်းအင် အဆီအနှစ်ကို ပါးစပ်ကနေ ထွေးထုတ်လိုက်၏။၎င်းစွမ်းအင်က ဓားတစ်လက်ကဲ့သို့ ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ယောင်ပင်ယွမ်က သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်လိုက်၏။အပြာရောင်အလင်းတန်းတစ်ခုသည် သူမ၏ လက်ချောင်းထိပ်၌ စုဝေးလာသည်။

ထို့နောက် သူမရှေ့ရှိ အရာအားလုံးသည် လျှပ်တစ်ပြတ်အတွင်း ခဲသွားတော့၏။ထိုအေးခဲမှုသည် ဆက်လက်၍ ပျံ့နှံ့သွားသည်။

ဝမ်လင်းထွေးထုတ်လိုက်သော မူလစွမ်းအင်ပါ ခဲသွားရလေသည်။

ထိုရေခဲ နီးကပ်လာသည်ကို တွေ့သည့်အခါ ဝမ်လင်း၏အသွင်သည် သုန်မှုန်သွား၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။သူက သူ့ရှေ့ရှိ မိန်းမသည် သန်မာလှကြေင်း သိနေပေ၏။သူ့တွင် အနိုင်ရရန် အခွင့်ရေး ရှိမနေခဲ့ပေ။

ယောင်ပင်ယွမ်က သူမရှေ့ရှိ ရေခဲကို လက်ဖြင့် ထိလိုက်၏။သူမ၏ ခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

“ရေခဲ လွတ်မြောက်ခြင်း…” ဝမ်လင်းသည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။သူက ပါးစပ်ဟကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်ကာ သူ့ရှေ့၌ ကာဆီးထားစေသည်။

ထိုတံဆိပ်တုံး ပေါ်လာသည်နှင့် ယောင်ပင်ယွမ်သည်လည်း ဝမ်လင်းရှေ့တွင် ပေါ်လာကာ သူမ၏ လက်ချောင်းဖြင့် ဖိနှိပ်လာသည်။

ယောင်ပင်ယွမ်၏ ထိုလက်ချောင်းတိုက်ခိုက်မှုထဲ၌ သူမ၏ စွမ်းအားအားလုံးကို အသုံးပြုထား၏။သူမက အောက်သို့ ဖိချလိုက်သည်နှင့် သွေးရောင်စာလုံးတစ်လုံး ပေါ်လာခဲ့ကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး တစ်လျှောက် ပျံ့နှှံ့လာတော့၏။

“စက်ဝန်းဆယ်ခု စိတ်ဝိညာဉ် ပျက်စီးစေခြင်း” ယောင်ပင်ယွမ်က သူမ၏လက်ကို မြှောက်ကာ ချိပ်တံဆိပ်များစွာကို အမြန် ဖြစ်ပေါ်စေ၏။ ချိပ်တံဆိပ်ကိုးခုသည် သွေးရောင်စာလုံးကိုးခု အဖြစ်သို့ ပြောင်းကာ ပေါ်ထွက်လာ၏။၎င်းတို့က တံဆိပ်တုံးပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့သည်။

၎င်းသွေးရောင်စာလုံးများက အတော်လေး ထူးဆန်းနေ၏။၎င်းတို့က တံဆိပ်တုံး၏ တည်ရှိမှုကို လစ်လျူရှုကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာတော့သည်။ဝမ်လင်း၏ အသွင်က သုန်မှုန်သွားကာ သူက အော်ပြောလိုက်၏။ “ချိပ်ပိတ်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် ရာချီရွှေရောင်စာလုံးများ ပေါ်လာခဲ့ကာ ချိပ်ပိတ်မှုအသွင် ဖြစ်ပေါ်ကုန်သည်။၎င်းတို့အထဲ၌ အားကောင်းလွန်းလှသောအော်ရာနှင့် ချိပ်တံဆိပ်နှစ်ခု ရှိနေ၏။ထိုရွှေရောင်စာလုံးများက စက်ဝန်းဆယ်ခုစိတ်ဝိညာဉ်ပျက်စီးစေခြင်းချိပ်တံဆိပ်များ၏ စွမ်းအားကို ဆက်တိုက် အားနည်းသွားအောင် လုပ်နေသည်။

သို့သော်လည်း ၎င်းချိပ်တံဆိပ်များက သန်မာလွန်းနေသည်။ရွှေရောင်စာလုံးများက စက်ဝန်းဆယ်ခုကို လေးခုအထိ လျော့ကျစေခဲ့သော်လည်း ကျန်သည့်လေးခုက ဝမ်လင်း၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားတော့သည်။

၎င်းတို့က သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဝင်လာကာ အလင်းတန်းလေးခုအဖြစ်သို့ ပြောင်းလဲပြီး ဝမ်လင်း၏မူလစိတ်ဝိညာဉ်အထိ တိုးဝင်လာခဲ့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲကနေ တစီစီအသံများ ထွက်ပေါ်လာကြသည်။သူ့မျက်နှာက ဖြူရောသွား။သို့သော် သူ့မျက်ဝန်းထဲ၌ သတ်ဖြတ်လိုမှုက မွန်းစတားဆန်လာခဲ့သည်။သူက ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးနှင့်အတူ နောက်သို့ ဆုတ်သည်။

“မသေသေးဘူးလား…” ယောင်ပင်ယွမ်၏မျက်လုံးက တောက်ပလာ၏။ သည်ရှုမူသည် အတော်လေးကို ထူးဆန်းနေသည်။သူက သူမ တိုက်ခိုက်မှုကို ပထမအကြိမ် ကံကောင်းမှုကြောင့် လွတ်မြောက်သွားခဲ့သည်ဟု ရှင်းပြနိုင်သေးသည်။သို့သော်လည်း အခုတစ်ကြိမ်၌မူ သူမသည် သူမ၏စွမ်းအားအပြည့် အသုံးပြုခဲ့ပေသည်။သို့သော်လည်း အထည်ဒြပ်ယန်အဆင့်သာ ရှိသေးသည် ရှုမူကို အခုထိ မသတ်နိုင်သေး ဖြစ်နေသည်။ထိုအဖြစ်က ယောင်ပင်ယွမ်၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။

“သူ့မှာ မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးတဲ့ ကောင်းကင်ဘုံရတနာတစ်ခု ရှိနေတာ ဖြစ်ရမယ်…” ယောင်ပင်ယွမ်က နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းလာသည်။သူမနောက်ရှိ ရေခဲကလည်း သူမနှင့်အတူ ဝမ်လင်းထံသို့ လှမ်းတိုးဝင်လာသည်။

ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် တုန်ရင်နေသည်။သူမက သူ့နောက်သို့ လိုက်သတ်နေသော ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က ရုတ်တရက် ပေါ်လာ၏။သို့သော် ၎င်း၏ ပစ်မှတ်က ယောင်ပင်ယွမ်မဟုတ်ပေ။ သူမဘေးရှိ ရွှံ့အလွှာပေါ်သို့ ဖြစ်နေ၏။ပေါက်ကွဲသံနှင့်အတူ ၎င်းရွှံ့လွှာသည် ပျက်စီးသွားသည်။

“လမြွေနဂါးတွေက တိတ်ဆိတ်မှုကို နှစ်သက်ပြီး ဆူညံမှုကို မုန်းတယ်…”

ဝမ်လင်းသည် လမြွေနဂါး၏ အလေ့အထကို သိထားခဲ့ပေသည်။ထို့ကြောင့် သူက သူ့ဘေးရှိ ရွှံ့အလွှာတို့ကိုပါ ဆက်တိုက် ပေါက်ကွဲ ပျက်စီးအောင် တိုက်ခိုက်နေသည်။

ယောင်ပင်ယွင်၏ မျက်လုံးထဲ၌ လှောင်ပြောင်ဟန်တို့ ဖြစ်ပေါ်လာသည်။ယခုသာ အပြင်မှာ ဖြစ်နေပါက သူမသည် ဝမ်လင်းကို ဖမ်းမိတော့မည် မဟုတ်ပေ။တကယ်တော့ လေဟာနယ်ကွေးညွတ်ခြင်းကို အသုံးပြုသည့် စွမ်းရည်၌ သူမသည် ဝမ်လင်းကို အတော်လေး အထင်ကြီးမိပေသည်။

သို့သော်လည်း သည်နေရာက တည်နေရာရွှေ့ပြောင်းရန် မဖြစ်နိုင်၊လောကနှင့်တစ်သားတည်း ပေါင်းစည်းရန် မဖြစ်နိုင်ပေ။သူမကသာ သည်နေရာတွင် ဝမ်လင်းကို ဖမ်းမိလိုပါက အလွယ်လေးပင်။သူမအောက်တွင် အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ ဖျပ်ခနဲ ရွှေ့လျားလာသည်။ ၎င်းက သူမ၏ အမြန်နှုန်းကို တိုးစေကာ ချက်ခြင်း ဝမ်လင်းအား မှီလာ၏။

သို့သော်လည်း သူမက သူမညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည့်အခါ သည်ရှုမူ၏မျက်လုံးများသည် တည်ငြိမ်နေပြီး ကြောက်လန့်နေမှု မရှိသည်ကို သတိပြုမိသွားသည်။ယောင်ပင်ယွမ်က အံ့အားသင့်သွား၏။သို့သော် သူမက တွေးနေရန်အချိန်မရှိကာ တိုက်ရိုက် တိုက်ခိုက်လိုက်တော့၏။

ထိုအခိုက်အတန့်မှာပင် အံ့မခန်းအေးစက်စက်အော်ရာတစ်ခုသည် ဝမ်လင်းတိုက်ခိုက်နေသော ရွှံ့လွှာများကြားကနေ ထွက်ပေါ်လာသည်။ထို့နောက် ပေတစ်ထောင်ခန့် လမြွေနဂါးငယ်သည် ယောင်ပင်ယွမ်နှင့်ဝမ်လင်းတို့ထံ တဟုန်ထိုး တိုးဝင်လာတော့သည်။

“ဒါက ဘာလဲ…” ယောင်ပင်ယွမ်သည် အခုအချိန်မတိုင်ခင်ထိ လမြွေနဂါးတစ်ကောင်ကိုမျှ မကြုံတွေ့ခဲ့ရသေးပေ။ လမြွေနဂါး၏ပုံပန်းသွင်ပြင်သည် ယောင်ပင်ယွမ်၏စိတ်ကို တုန်ယင်သွားစေသည်။

ထိုလမြွေနဂါး၏အော်ရာသည် နိဗ္ဗနာကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက် မည်သည့်နည်းနှင့်မျှ အားနည်းမနေပေ။

လမြွေနဂါးပေါ်လာသည့် အခိုက်တွင် ဝမ်လင်းက သူ့အော်ရာကို ချက်ခြင်း ရုတ်သိမ်းလိုက်သည်။ထိုအရာက သူ့နောက်ဆုံး ဝှက်ဖဲပင်။၎င်းက ပေါ်လာသည်နှင့် ဘာမဆိုဖြစ်သွားနိုင်ကာ သူက ၎င်းအခွင့်ရေးကို အသုံးပြုကာ ထွက်ပြေးနိုင်မည် မဟုတ်လား။

ဝမ်လင်းသည် လမြွေနဂါး၏ အာရုံ သူ့ထံသို့ မရောက်ရန် ပြင်ဆင်ထားခဲ့၏။သို့သော်လည်း လမြွေနဂါး၏ စိတ်ကို ကြိုတင်ခန့်မှန်းနိုင်မှု ရှိလိမ့်မည် မဟုတ်ပေ။မည်သို့ပင် ဖြစ်စေ ထိုလမြွေနဂါးငယ်က သူ့ထံသို့ လာမလား၊ယောင်ပင်ယွမ်ထံသို့ လာမလား ငါးဆယ်ရာခိုင်နှုန်းစီ ရှိနေကြသည်။

လမြွေနဂါး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တွန့်လိန်သွားကာ ၎င်းခန္ဓာကိုယ်ပေါ်ရှိ လက်တံများသည် ထောင်မတ်လာ၏။၎င်းက အလွန်မြန်ဆန်လှပေသည်။ဝမ်လင်းက ခါးသက်စွာ ခံစားလိုက်ရ၏။၎င်းသည် ယောင်ပင်ယွမ်ကို ကြည့်ပင်မကြည့်ဘဲ သူ့ထံသို့သာ တိုးဝင်လာခဲ့သည် မဟုတ်လား။

ယောင်ပင်ယွမ်က ချိပ်တံဆိပ်တစ်ခုကို ဖော်ဆောင်ထားခဲ့ပြီး ဖြစ်၏။သို့သော် ထိုအဖြစ်ကို မြင်သည်နှင့် သူမက ရပ်တန့်လိုက်၏။ သည့်နောက် ဝမ်လင်းထံသို့ တိုးဝင်သွားသည့် လမြွေနဂါး၏နောက်ကနေ သူမသည် လိုက်လံလာတော့သည်။

ဝမ်လင်းက နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် တဝီဝီလှည့်လည်နေကာ သူ့နောက်သို့ လိုက်လံနေသော လူနှင့်သားရဲကို ဟန်တားသည့် အားတစ်ခုကို ဖန်တီးပေးနေတော့သည်။

လမြွေနဂါး၏ကိုယ်ပေါ်ရှိ လက်တံများက ထောင်မတ်နေကာ ၎င်းက အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။၎င်းက ဝမ်လင်းနောက်သို့ လိုက်လာရင်း ၎င်း၏ ပါးစပ်ကြီးကို ဟကာ ဆက်တိုက် ဝါးမြိုပစ်နေ၏။၎င်း၏ပုံစံကလည်း အတော်လေး သက်တောင့်သက်သာ ဖြစ်နေပုံ ပေါ်သည်။

ထိုမြင်ကွင်းက ဝမ်လင်းကို မှင်သက်သွားစေ၏။ သည်အခိုက်အတန့်၌ ယောင်ပင်ယွမ်သည် လမြွေနဂါးကို ဖြတ်ကျော်ကာ ဝမ်လင်းထံသို့ လှမ်းလာသည်။သူမက ဝမ်လင်းရှေ့သို့ ရောက်သည်နှင့် သူမ၏ လက်နှစ်ချောင်းထံကနေ အပြာရောင်အလင်းတစ်ခု ထုတ်လွှတ်စေပြီး ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ လက်ညွှန်လိုက်သည်။

ဝမ်လင်း မခုခံခင်မှာပင် လမြွေနဂါးသည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လာသည်။၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တံများကလည်း ဆန့်ထွက်လာကာ ယောင်ပင်ယွမ်ထံသို့ ဦးတည် ရောက်လာတော့သည်။

ယောင်ပင်ယွမ်က ၎င်း ကြိုက်နှစ်သက်သည့် တစ်စုံတစ်ခုကို လုယူလိုက်သည်ဟု ထိုလမြွေနဂါးငယ်က ထင်မြင်သွားသည့်အလား ဖြစ်နေ၏။ ၎င်း၏ လက်တံများအပြင် ၎င်း၏ပင်မခန္ဓာကိုယ်ပါ ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။

ဝမ်လင်း၏မျက်လုံးများသည် တလက်လက် ဖြစ်နေ၏။သူ့ထံ၌ ပြတ်သားသော အကြည့်တို့ ဖြစ်ပေါ်နေသည်။သူက နောက်သို့ ဆက်၍ မဆုတ်တော့ဘဲ သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ ခြောက်သွေ့တာအိုတစ်စုံသည် သူ့နောက်ကျောဘက်တွင် ချက်ခြင်း ပေါ်လာ၏။ ထိုအခါ ၎င်းသားရဲအရိုးသည် တစ္ဆေဆန်သောအလင်းကို ပေးစွမ်းလာကာ မကောင်းဆိုးဝါးအော်ရာသည် သည်ဧရိယာတွင် ပြည့်နှက်လာသည်။

ယောင်ပင်ယွမ်၏အသွင်သည် သုန်မှုန်နေ၏။ သူမရှေ့၌ ဝမ်လင်းရှိနေ၏။သို့သော် သူမ၏ နောက်တွင်လည်း ရူးသွပ်နေသည့် သားရဲ ရှိနေသည်။သူမက အမှန်တကယ် နားမလည်တော့ပေ။ထိုသားရဲသည် အစောပိုင်းလေးကမှ ရှုမူကို တိုက်ခိုက်နေသည်မှာ ရှင်းလင်းနေ၏။သို့သော် သူမက ကူညီရန် ဟန်ပြင်လိုက်ခါမှ သူမကို ၎င်းသားရဲက ဘာကြောင့် လာတိုက်ခိုက်ရသနည်း။

မကောင်းဆိုးဝါးအော်ရာသည် အတော်လေး သိပ်သည်းနေသည်။မီးခိုရောင်အလင်းတန်းတစ်ခုသည် ယောင်ပင်ယွမ်၏ ခြေထောက်အောက်၌ ပေါ်လာခဲ့၏။တစ်ချိန်တည်းမှာပင် လမြွေနဂါး၏လက်တံများက နီးကပ်လာခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်ကြီးကလည်း သူမထံသို့ တိုက်ရိုက် ကျရောက်လာသည်။

ယောင်ပင်ယွမ်က အံတင်းတင်းကြိတ်ကာ သူမ၏လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ထိုအခါ အပြာရောင်အမြုတေတစ်ခုသည် ပေါ်ထွက်လာ၏။ထိုအမြုတေသည် ချက်ခြင်း အေးစက်စက် အော်ရာတစ်ခုအား ပေးစွမ်းလာသည်။ ယောင်ပင်ယွမ်က သူမ၏ ချိပ်တံဆိပ်ကို အထက်သို့ ညွှန်လိုက်၏။အပြာရောင်အမြုတေသည် အဆုံးစွန်သောအေးစက်မှုကို ပေးစွမ်းနေသည်။

ချက်ခြင်းလိုလိုပင် ရေခဲအလွှာများသည် ယောင်ပင်ယွမ်ကို ဗဟိုပြုကာ အရူးအမူး ပျံ့နှံ့လာသည်။၎င်းက အလျင်အမြန် ပျံ့နှံ့ကာ ခြောက်သွေ့တာအိုတစ်စုံထံမှ မီးခိုးရောင်အလင်းသည် အေးခဲသွား၏။

လမြွေနဂါး၏လက်တံတစ်ဝက်ကျော်ပင် အေးခဲသွားသည်။သို့ရာတွင် ထိုအခိုက်အတန့်၌ အော်ဟစ်သံများသည် အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လာသည်။ထိုအသံများနောက်ကနေ ပေတစ်ထောင်ရှည်သည့် လမြွေနဂါးလေးကောင်သည် လိုက်ပါလာကာ ယောင်ပင်ယွမ်ထံသို့ ဦးတည်လာသည်။

ယောင်ပင်ယွမ်၏အသွင်သည် ချက်ခြင်း ဖြူရောသွား၏။သူမ၏ မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာသည်။သူမက အပြာရောင်အမြုတေကို ဖမ်းယူကာ နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်လေသည်။

သူမသည် နောက်သို့ ဆုတ်သွားသည့်အခိုက်တွင် ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ပြေးသွားသည်။သူမသည် အမြဲလိုလို ပြတ်သားရဲတင်းသည့် လူစားမျိုး ဖြစ်သည်။ခုချိန်တွင် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ မူလစွမ်းအင်အဆီအနှစ်ကို စုဝေးလိုက်သည်။ထို့နောက် သူက ရှေ့သို့ ထိုးထွက်လိုက်သည်။

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဓားအသွင်းပြောင်း၍ လေဆဆင့်ခေါ်ခြင်းကို အသုံးပြု ရှေ့သို့ လက်ညွှန်လိုက်သည်။

“လေဆင့်ခေါ်ခြင်း…”

အနက်ရောင်လေပြင်းသည် မုန်တိုင်းအသွင် ဖြစ်ပေါ်လာခဲ့ကာ ယောင်ပင်ယွမ်ထံသို့ ဦးတည် ဝင်ရောက်သွား၏။တစ်ချိန်တည်းမှာပင် လမြွေနဂါးများသည်လည်း ရောက်ရှိလာကြသည်။ ယောင်ပင်ယွမ်သည် ပိတ်မိနေလေပြီ။

ယောင်ပင်ယွမ်၏အသွင်သည် သေလုအောင် ဖြူရောနေသည်။ သူမသည် စတင်ကျင့်ကြံခဲ့ကတည်းက အခုလို သေရေးရှင်ရေး အခြေအနေမျိုး လုံးဝ မကြုံခဲ့ဖူးပေ။သူမက သူမလက်ထဲရှိ အမြုတေကို ကြည့်နေ၏။သူမစိတ်နှလုံးသည် နာကျင်နေရသည်။သို့သော်လည်း သူမသည် အံတင်းတင်းကြိတ်ကာ ၎င်းအမြုတေကို ချက်ခြင်း ခွဲချေလိုက်တော့၏။

ထိုအခါ ၎င်းအပြာရောင်အမြုတေ၏ အတွင်းဘက်ကနေ ရူးသွပ်ဖွယ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ထိုစွမ်းအားက အလွန်မြန်ဆန်လွန်းသည်။၎င်းက ရေခဲဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။၎င်းဝဲကတော့ ပျံ့နှံ့လာသည်နှင့် ၎င်း၏အတွင်းရှိ အရာအားလုံးသည် အေးခဲသွားရပေမည်။အနှီစွမ်းအားက မြေကြီးတစ်လျှောက် အက်ကွဲစေရင်း ဆက်၍ ပျံ့နှံ့လာသည်။

“ရေခဲလွတ်မြောက်ခြင်း…” ယောင်ပင်ယွမ်က သူမလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ထို့နောက် သူမက တဟုန်ထိုး ထိုးထွက်လိုက်သည်။ ဝဲကတော့မှ ဖန်တီးပေးထားသော ရေခဲလွှာထုကို အသုံးပြုကာ ယောင်ပင်ယွမ်သည် ထိုရေခဲများ ရှိနေသော မည်သည့်နေရာသို့ ချက်ခြင်း သွားလာနိုင်သွားသည်။

Stop!

ယောင်ပင်ယွမ်၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းသည် ချက်ခြင်းလိုလို ယောင်ပင်ယွမ်ရှိနေသော နေရာသို့ လက်ညွှန်လိုက်၏။

“ရပ်တန့်စမ်း…”

ယောင်ပင်ယွမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ချိန်တည်းလိုလိုမှာပင် သူမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပျောက်ကွယ်သွားလေ၏။ သို့သော်လည်း ထိုခဏတာ တုံ့ဆိုင်းသွားမှုက အနက်ရောင်လေသည် ရေခဲလွှာကို ထွင်းဖောက်ခွင့် ရသွားစေ၏။လေဟာနယ်ထဲမှ အွတ်ခနဲ ငြီးတွားသံတစ်ခု ထွက်ပေါ်လာတော့သည်။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေ၏။ ရေခဲလွှာ သူ့ထံသို့ ပျံ့လာသည့်နှင့် သူသည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပြန်ရုတ်သိမ်းကာ နောက်သို့ မကြည့်တော့ဘဲ အလျင်အမြန် ထွက်ခွာတော့သည်။

သိပ်မကြာခင်မှာပင် ဝမ်လင်းသည် အန္တရာယ်ကို ဂရုတစိုက် ရှောင်တိမ်းရင်း လမြွေနဂါး၏ အရိုးအပေါ်ထိပ်ပိုင်းသို့ ရောက်ရှိလာတော့၏။ သည်နေရာသည် အရိုးနှင့်လမြွေနဂါးတို့ကြား ချိတ်ဆက်ပေးထားသော အာရုံခံအင်္ဂါနေရာ ဖြစ်လေ၏။

၎င်းအပေါ်သို့ ရောက်လာပြီးသည့်နောက် ဝမ်လင်းသည် ပိုမို၍ သတိထားလာ၏။ နဂိုအားဖြင့် အရိုးနှင့်လမြွေနဂါးတို့ကြား ချိတ်ဆက်နေမှုသည် တင်းကြပ်စွာ ချိပ်ပိတ်မှု ရှိနေ၏။သို့သော်လည်း အရင်တုန်းက သည်အရိုးတစ်ဝက်ကို သူ ဖယ်ရှားခဲ့ခြင်းကြောင့် အခု သူ လှုပ်ရှားသွားလာနိုင်သည့် အဟများစွာ ရှိနေလေပြီ။

ဝမ်လင်းက ဖျပ်ခနဲ အဟအက်ကြောင်းများထဲသို့ ဝင်ရောက်လိုက်၏။ချက်ခြင်းလိုလို သူက ရုတ်တရက် ရပ်တန့်သွားသည်။

သူ့ရှေ့၌ ပင်ကူအိမ်သဖွယ် သွယ်ယှက်နေသော အနီရောင်အမျှင်တန်းများစွာ ရှိလို့နေ၏။၎င်းအမျှင်တန်းများသည် အဆုံးမရှိဟန် ရကာ သည်ဧရိယာတစ်ခုလုံးအား ဖုံးအုပ်ထားနေသည်။

ဝမ်လင်းက ဂရုတစိုက် သတိထားရင်း ရှေ့သို့ တိုးလိုက်၏။သူက သူ့ရှေ့ရှိ မရေမတွက်နိုင်သော အနီရောင်အမျှင်တန်းများကို စူးစိုက် ကြည့်နေသည်။ထို့နောက် သူ့လက်ကို ပင့်မြှောက်ကာ အနီရောင်အမျှင်တန်းတစ်ခုကို ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။

လမြွေနဂါးကြီးကြောင့် ဖြစ်ပေါ်နေသော ဂြိုဟ်တစ်ခုလုံးသည် ရုတ်တရက် တုန်လှုပ်သွားသည်။ထိုတုန်ခါမှုကြောင့် ဖုန်မှုန့်များစွာ လေထဲသို့ လွင့်စင်ကုန်သည်။ အနက်ရောင်မြူထုပင် ရုတ်တရက် ကျုံ့လာ၏။

ဝမ်လင်း၏မျက်လုံးများသည် တလက်လက်ဖြစ်နေသည်။ သူ့က ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ခုတ်ပိုင်းခြင်းဓားချက်များစွာကို ဆက်တိုက် အသုံးပြုတော့၏။ အနီရောင်အမျှင်တန်းများသည် ဖြတ်တောက်ခြင်းခံရကာ လမြွေနဂါး၏ခန္ဓာကိုယ်ထံမှ ပြင်းပြင်းထန်ထန် လှုပ်ခါမှုတစ်ခု ထွက်ပေါ်လာတော့သည်။

လမြွေနဂါး၏ တုန်ခါမှုလှိုင်းများသည် ပို၍ ပြင်းထန်လာသည့်အတွက် ၎င်းကနေ ဖြစ်ပေါ်နေသည့် ဂြိုဟ်အပြင်ပတ်လည်တွင် ရှိနေသော မြူနက်ထုများပင် ပြန်လည် စုပ်ယူခြင်း ခံရတော့သည်။

သည့်နောက်တွင်တော့ လမြွေနဂါး၏ခန္ဓာကိုယ်ကနေ ရှေးဟောင်းအချိန်များက ထွက်ပေါ်လာသည်ဟုပင် ထင်မှတ်ရသော အော်ဟိန်းသံတစ်ခု ထွက်ပေါ်လာတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset