ယောင်မိသားစုနှင့်အခြားကျင့်ကြံခြင်းမိသားစုများ သူ့နောက်သို့ စလိုက်သတ်ကတည်းက ဝမ်လင်းထံ၌ လမြွေနဂါး၏စွမ်းအားကို ငှားယမ်းရန်အကြံဉာဏ် ရခဲ့ပေသည်။လမြွေနဂါးက အလွန်သန်မာလွန်းလှ၏။
လမြွေနဂါးသည် ဒေါသထွက်လာပါက ယောင်မိသားစုဖြစ်စေ၊အခြားကျင့်ကြံခြင်းမိသားစု ဖြစ်စေ ထိုက်တန်ပါတော့မည်လား။
ဝမ်လင်းသည် မြန်ဆန်စွာ လှုပ်ရှားနေသည်။သူက လမြွေနဂါးကို နိုးထစေခြင်းနှင့် ပတ်သတ်၍ ဂရုမစိုက်ဘဲ မနေပေ။သူက အရိုးရှိနေသော နေရာသို့ တန်းတန်းမတ်မတ် သွားနေ၏။
လမြွေနဂါး၏အတွင်းနက်ပိုင်းသို့ ရောက်လာဖို့ ဝမ်လင်းသည် အချိန်သိပ်မယူလိုက်ရပေ။သူက အတိတ်တုန်းက သည်နေရာတွင် ရှိနေသော လမြွေနဂါး၏အရိုးတစ်ဝက်ကို တွေ့မြင်သွား၏။ဝမ်လင်းသည် အတိတ်တုန်းက လမြွေနဂါး၏ အရိုးတစ်ခုလုံးကို ယူဆောင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဝက်သာ ယူဆောင်နိုင်ခဲ့၏။
သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အတိတ်တုန်းက လောဘကြီးရဲ့ ရတနာမီးပြင်းဖိုဟာ ဒီလမြွေနဂါးရဲ့ ဝါးမြိုတာ ခံခဲ့ရတယ်…”
ထိုမီးပြင်ဖိုကြီးအကြောင်းတွေးမိသည်နှင့် ဝမ်လင်းသည် နှလုံးခုန်မြန်ရသည်။၎င်းအကြောင်းကို စဉ်းစားမိသည့်အခါ သည်ရတနာသည် ရှေးဟောင်းနတ်ဘုရားထူစီ သန့်စင်မွန်းမံထားသော အရာဖြစ်မည်ဟု သူက ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်ခဲ့သည်။သို့သော် သူက ၎င်းကို ရရှိနိုင်ခဲ့ခြင်း မရှိဘဲ မကျေမနပ် လက်လွှတ်ခဲ့ရပေ၏။
အခြားအချိန်သာ ဖြစ်နေပါက ဝမ်လင်းသည် သည်မီးပြင်းဖိုအကြောင်း စဉ်းစားမိလိမ့်မည် မဟုတ်ပေ။တကယ်တော့ လမြွေနဂါးသည် အတော်လေးကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည် မဟုတ်လား။၎င်းက နိုးထလာသည်နှင့် ကပ်ဆိုးတစ်ခု ဖြစ်သွားနိုင်၏။
သို့သော်လည်း ခုချိန်၌ လမြွေနဂါး၏ ဒေါသကို မျှခံဖို့အတွက် အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ရှိနေသည် မဟုတ်လား။ထို့ကြောင့်လည်း ဝမ်လင်းက အံတင်းတင်းကြိတ် ရွေးချယ်မှု တစ်ခု ပြုလုပ်ခဲ့ခြင်းပင်။
ဝမ်လင်းသည် လမြွေနဂါး၏ကိုယ်ထဲ၌ အလျင်အမြန် ဆက်၍ သွားနေသည်။သူက သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထား၏။ဝမ်လင်းသည် လမြွေနဂါး၏ခန္ဓာကိုယ်အတွင်းဘက်၌ အန္တရာယ်မကင်းကြောင်း သိပြီးသား ဖြစ်ကာ သည်နေရာ၌ လမြေနဂါးငယ်များစွာ ရှိနေသည်။သူက အရိုးကို မယူဆောင်နိုင်ခင် လမြွေနဂါးငယ်နှင့် ထိပ်တိုက်တိုးမိပါက လွတ်မြောက်ရန် အတော်လေး အားစိုက်ထုတ်ရဦးမည် မဟုတ်လား။
သည်အခိုက်အတန့်၌ များစွာသော ကျင့်ကြံသူများက ဂြိုဟ်ကို ဝန်းရံထားကြ၏။ထိုကျင့်ကြံသူများသည် ရှုမူ၏ ရက်စက်မှုကို သတိထားနေကြ၏။
သူတို့သာ အနည်းငယ် သတိလက်လွတ်ဖြစ်သွားသည်နှင့် သေဆုံးရပေလိမ့်မည်။ သူတို့က ဝမ်လင်း ထိုဂြိုဟ်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်ရသည့်အခါ၌ ပထမဆုံးတွေးမိသည်က သည်နေရာသည် ထူးဆန်းနေသည်ဟူ၍ ဖြစ်၏။
ထို့အပြင် မြောက်ပိုင်းနယ်မြေ၏ ကျင့်ကြံသူများထံကနေ သည်ဂြိုဟ်က အံ့ဖွယ်သားရဲကြီးတစ်ကောင် ဖြစ်နေမှန်းကိုလည်း လူတိုင်း သိရှိခဲ့ကြပြီ ဖြစ်သည်။
ယောင်မိသားစု၏ သက်လတ်ပိုင်းလူတစ်ယောက်က လမြွေနဂါးကို အထင်သေးဟန်နှင့်ကြည့်ကာ ပြောဆိုလာ၏။ “ဒါက သားရဲတစ်ကောင် ဖြစ်နေရင်လည်း ရန်ပြုနိုင်တဲ့ စွမ်းရည်မှ မရှိတာ…တကယ်လို့ ဒီသားရဲ ရန်ပြုလာရင်တောင် ငါတို့အားလုံး စုပေါင်းတိုက်ခိုက်ပြီး သတ်ပစ်နိုင်တယ်…”
ယောင်မိသားစု၏ မှတ်တမ်းများထဲ၌ ကြမ်းကြုတ်သောသားရဲများစွာ အကြောင်းကို ဖော်ပြထား၏။အချို့သည် သည်တစ်ကောင်ထက်ပင် ပို၍ ကြမ်းကြုတ်နေသေးသည်။သိုသော်လည်း အဆုံးသတ်၌ ကောင်းကင်ဘုံသားများ၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ၎င်းသားရဲက သေဆုံးသွားခဲ့ရသည်ဟု မှတ်တမ်း၌ ဖော်ပြထားခဲ့သည်။
ယခုသားရဲနှင့် ပတ်သတ်၍မူ ယောင်မိသားစုမှတ်တမ်းထဲ၌ ဖော်ပြထားခဲ့ခြင်း မရှိပေ။ ဆိုလိုသည်က ၎င်းသားရဲသည် ခြိမ်းခြောက်နိုင်စွမ်း မရှိဟု ဖြစ်၏။ မဟုတ်ပါက ၎င်းသားရဲအကြောင်း မိသားစုမှတ်တမ်းထဲ၌ ရှိနေမည် မဟုတ်လား။
“ဒီသားရဲကို သတ်ပစ်ဖို့ မခက်ခဲလောက်ပါဘူး…” ယောင်ယွမ်ဟိုင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ယောင်မိသားစုမှ တတိယမျိုးဆက်ဝင် ဖြစ်သည်။သူ့ကျင့်ကြံမှုအဆင့်က မြင့်မားလှခြင်း မရှိသော်လည်း အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်တွင် ရောက်နေ၏။သူက သူ့ကိုသူ ဝင့်ကြွားမှု ရှိနေ၏။သူ့အမြင်၌ သည်လမြွေနဂါးက မထိုက်တန်ဟု ထင်မြင်နေခဲ့သည်။
ယောင်ပင်ယွမ်က လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသော မြူနက်ထုကြီးကိုသာ စူးစိုက်ကြည့်နေသည်။သူမ၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ မြူနက်ထုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။သူမ၏ လှုပ်ရှားလိုက်မှုက ဦးဆောင်မှုတစ်ခုကဲ့သိုပင်။ သူမ တိုးထွက်သွားသည်နှင့် ကျန်သည့်လူများက သူမနောက်သို့ လိုက်ကြပေမည်။
ယောင်ယွမ်ဟိုင်သည်လည်း ထိုလူများထဲမှ တစ်ယောက်ပင်။သူက သူ့အောက်ရှိ ဓားပျံပေါ်တွင် ရပ်ကာ မြူနက်ထုထဲသို့ ပျံသန်းလာ၏။
နောက်ထပ်နောက်ထပ် ကျင့်ကြံသူများသည်လည်း မြူနက်ထုထဲသို့ တိုးဝင်လာကြ၏။လူအနည်းငယ်မှလွဲ၍ လူတိုင်း၏မျက်လုံးတို့သည် တောက်ပနေကြသည်။သူတို့က မြူနက်ထုအတွင်း၌ နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကြသည်။အန္တရာယ်မရှိမှန်း သိပြီးနောက် ဆက်၍ တိုးဝင်လာကြသည်။သူတို့သည် မြူနက်ထုကို ကျော်ဖြတ်လာပြီးသည့်အခါ သူတို့ရှေ့၌ ပေါ်လာသည်က ဟိုဒီလှုပ်ရမ်းနေသော မရေမတွက်နိုင်သည့ လက်တံများပင်။
သည်မြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေသည်။သို့သော်လည်း လူတိုင်းသည် လူခွဲကာ ဝမ်လင်း၏ အရိပ်အယောင်ကို ဖြန့်ကျက် ရှာဖွေကြတော့၏။သူတို့ထဲက အချို့သည် ဝမ်လင်းကို ရှာဖွေရန် ဂြိုဟ်အတွင်းနက်ပိုင်းထိ တိုးဝင်လာကြသည်။
ယောင်ပင်ယွမ်က မြေပြင်ထက်၌ ခြေချကာ အတွင်းထဲသို့ တိုးဝင်လာ၏။သူမက အောက်ဘက်သို့ ပို၍ ရောက်လာလေလေ သူမသည် ဆိုးဝါးသောခံစားချက်ကို ရလာ၏။သူမပတ်လည်ရှိ အရာရာတိုင်းသည် အလွန်ထူးဆန်းနေသည်ဟု ခံစားနေရသည်။
ထိုထူးဆန်းသောခံစားချက်သည် အတွင်းဘက်သို့ ပိုရောက်လာလေလေ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။
“ဒါက ဘယ်လိုသားရဲမျိုးလဲ…”
ယောင်ပင်ယွမ် တစ်ယောက်တည်းသာ မြေကြီးနက်အတွင်းပိုင်းသို့ ဝင်လာသည်မဟုတ်။ယောင်ယွမ်ဟိုင်ကလည်း ဝင်ရောက်လာခဲ့သည်သာ ဖြစ်သည်။သူက ဂရုမစိုက်သည့်ဟန်ဖြင့် ရှေ့တည့်တည့်သို့ အတင်း သွားနေခြင်း ဖြစ်၏။သူ့နောက်တွင်လည်း ကျင့်ကြံသူအနည်းငယ် ပါလာသေးသည်။
လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသော ဂြိုဟ်ထဲသို့ ကျင့်ကြံသူအားလုံး ဝင်ရောက်လာကြခြင်း မဟုတ်ပေ။ အပြင်ဘက်၌ ကျန်ရှိနေသေးသော ကျင့်ကြံသူများစွာ ရှိနေ၏။၎င်းတို့က ဂြိုဟ်အား ဝန်းရံထားကြသည်။
ကျင့်ကြံသူများစွာ ဂြိုဟ်ထဲသို့ ဝင်ရောက်သွားခြင်းကြောင့် ဂြိုဟ်ပေါ်တွင် လှိုင်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။ထိုလှိုင်းက အလွန်အားနည်းလွန်းလှ၏။ ထို့ကြောင့် လူတစ်ယောက်က သေချာအာရုံမစိုက်ပါက ၎င်းလှိုင်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ဂြိုဟ်အတွင်းဘက်သို့ ရောက်သွားကြသော သူများပင် ၎င်းလှိုင်းကို ရှင်းရှင်းလင်းလင်း မခံစားမိကြချေ။သူတို့သည် ဖိအားအနည်းငယ် တိုးလာသည်ဟုသာ ခံစားလိုက်ကြရ၏။
သို့သော် ၎င်းလှိုင်းက လမြွေနဂါး၏ ကိုယ်ထဲ၌ ရွှေ့လျားနေသော ဝမ်လင်းအား ရုတ်တရက် ရပ်တန့်သွားစေ၏။ ဝမ်လင်းက ညစ်ကျယ်ကျယ်ပြုံးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက နိုးထလာတော့မယ် အရိပ်အယောင်ပဲ။ ဒီလမြွေနဂါးကြီးက အကြာကြီး မအိပ်စက်ရသေးဘူး။ ဒါ့ကြောင့် အာရုံခံစားမှု အနည်းငယ် ရှိနေသေးတယ်…။ ငါ့ကို မင်း မြန်မြန်နိုးလာနိုင်အောင် ကူညီခွင့်ပြုတော့…”
ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက လမြွေနဂါး၏အရိုးအပေါ်သို့ ရှေးရှုကာ ရွှေ့လျားနေ၏။ထိုနေရာကသည် လမြွေနဂါး၏ အာရုံခံအင်္ဂါမှတ် ဖြစ်နေပေသည်။
သူက လှုပ်ရှားနေရင်း သူ့အသွင်သည် ပြောင်းလဲသွားသည်။သူက အပေါ်သို့ မော့ကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်။ထို့နောက် ဝမ်လင်းသည် အပေါ်သို့ ပြန်ဆန်တက်သွား၏။
ယောင်ယွမ်ဟိုင်က မောက်မာသည့်ဟန်ပန်ဖြင့် ရှိနေ၏။သူက အောက်သို့ ဆင်းနေရင်း နတ်ဘုရားအာရုံကို ဝရုန်းသုန်းကား ဖြန့်ကျက်ထားသည်။ဤအခိုက်မှာပင် အေးစိမ့်စိမ်းအော်ရာတစ်ခုက ရုတ်တရက် ရောက်လာသည့်အတွက် သူ့အသွင်ဟန်ပန်ကို ပြောင်းလဲသွားစေသည်။သူက ချက်ခြင်း ရပ်တန့်လိုက်၏။ သူ့နောက်မှ လိုက်လာသော ကျင့်ကြံသူများကလည်း သူ့အား ချက်ခြင်း မှီလာကြသည်။
ထိုကျင့်ကြံသူများ၏ နောက်ဘက်ကနေ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။အေးစိမ့်သည့်အော်ရာကလည်း ၎င်းအတွင်းကနေ ထွက်ပေါ်လာသည်။ပေတစ်ထောင်ခန့် ရှည်သော လမြွေနဂါးငယ်တစ်ကောင်က အလင်းတန်းတစ်ခုအလား ထိုးထွက်လာတော့၏။ ၎င်းခန္ဓာကိုယ်ပတ်လည်ရှိ လက်တံမြောက်များစွာက အတော်လေး တုန်လှုပ်စရာပင်။
ထိုလမြွေနဂါးက မြန်ဆန်လွန်းလှ၏။၎င်းက ထိုးထွက်လာသည်နှင့် မည်သူမျှ မတုန့်ပြန်နိုင်ခင် ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုသွားခဲ့လေသည်။ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က အခြားတစ်ယောက်ထံသို့ စောင့်ချလာ၏။ထိုကျင့်ကြံသူကလည်း သွေးအန်ထုတ်လိုက်ရကာ သူ့မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။သူက သူ့ခန္ဓာကိုယ်ကို စွန့်ခွာကာ မူလစိတ်ဝိညာဉ်သပ်သပ်နှင့် ထွက်ပြေးလာ၏။
ထိုအဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။ယောင်ယွမ်ဟိုင်၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများပင် ထောင်မတ်သွားရသည်။သူက နောက်သို့ အလျင်အမြန် ဆုတ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
သို့ရာတွင် သူ့အာရုံသည် သူ့ရှေ့ရှိ လမြွေနဂါးငယ်ထံသို့သာ အပြည့်အဝ ရောက်နေခဲ့သည်။ထိုအချိန်မှာပင် သူ့နောက်ကနေ ဝမ်လင်းသည် ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်း၏ လက်ချောင်းဖြင့်တိုက်ခိုက်မှုက ယောင်ယွမ်ဟိုင်၏ ကျောပေါ်သို့ တိုက်ရိုက် ကျဆင်းသွား၏။
ယောင်ယွမ်ဟိုင် သတိပြုမိသည့်အချိန်တွင် လုံးဝ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။သူက သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ မူလစိတ်ဝိညာဉ်ဖြင့် ထွက်ပြေးဟန် ပြင်လိုက်၏။သို့သော် ဝမ်လင်းက ထိုအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ထိုအခိုက်မှာပင် မူလစွမ်းအင်နှင့် ပြည့်နေသော ဝမ်လင်း၏ ညာလက်က ဆန့်ထွက်လာခဲ့ချေသည်။
ယောင်ယွမ်ဟိုင်က ခုခံရန် ပြင်လိုက်စဉ်မှာပင် ကံကြမ္မာကျာပွတ် ရိုက်ချက်သည် ကျရောက်လာခဲ့ကာ သူက ငြီးတွားရုံသာ တက်နိုင်တော့သည်။ဝမ်လင်းသည် အချိန်တစ်စက်ကလေးမှ ဖြုန်းမနေပေ။သူက ယောင်ယွမ်ဟိုင် ခန္ဓာကိုယ်ကို ချက်ခြင်း ကန်ထုတ်လိုက်သည်။
ယောင်ယွမ်ဟိုင်၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။ထိုပေါက်ကွဲမှုလှိုင်းက လမြွေနဂါးကို အနောက်သို့ အနည်းငယ် လွင့်သွားစေသည်။ထို့နောက် ဝမ်လင်းသည် ၎င်းအခိုက်အတန့်ကို အသုံးပြုကာ ပြန်ပျောက်ကွယ်သွားတော့သည်။
***