Switch Mode

အပိုင်း(၈၈၁):

အစီအစဉ်ကြီး

ရှုမူ့ကို အမဲလိုက်မှုက ရပ်တန့်မသွားခဲ့ပေ။၎င်းက ပို၍ပင် အသည်းအသန် ဖြစ်လာခဲ့သည်။မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဝမ်လင်း(ရှုမူ)နောက်သို့ အသည်းအသန် လိုက်နေကြ၏။

ဝမ်လင်း၏ပုံရိပ်က ဟင်းလင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့သည်။သူက ပြန်ပေါ်လာသည်နှင့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။သူ့မျက်နှာကလည်း ဖြူရောနေ၏။သူက သုန်မှုန်နေကာ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းတို့ကလည်း ပိုမို ပြင်းထန်နေခဲ့သည်။

“ငါ့မှာသာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်မရှိရင် ငါ သေနေလောက်ပြီ…”

ထို့နောက် ဝမ်လင်းသည် လောကနှင့် တစ်သားတည်း ပေါင်းစပ်၍ အလျင်အမြန် ပြန်ထွက်ခွာသွားပြန်၏။

သူ့ရှေ့၌ မည်သည့် ပိတ်ပင်တားဆီးမှုမှ ရှိမနေတော့ပေ။ထို့ကြောင့် သည်ဧရိယာအတွင်းရှိ မူလစွမ်းအင်တို့က တည်ငြိမ်နေသည်။သို့သော်လည်း ဝမ်လင်းက သူ့နောက်မှ လိုက်လာသူများထံကနေ လုံးဝ လွတ်မြောက်သေးသည် မဟုတ်ပေ။ဝမ်လင်းသည် ဟိုမိန်းမ ယောင်ပင်ယွမ်က သူ့နောက်သို့ အမဲလိုက်နေသည်ကို သိနေသည်။

ထို့အပြင် ယောင်ပင်ယွမ် မရှိလျှင်ပင် ဝမ်လင်းသည် သူ့ကို လိုက်သတ်နေသော ကျင့်ကြံသူများထံမှ လုံးဝလွတ်မြောက်ရန် ရွေးချယ်လိမ့်မည် မဟုတ်တော့ပေ။ဝမ်လင်းတွင် ရိုးရှင်းသော စည်းမျဉ်းတစ်ခု ရှိ၏။ အခြားသူများက သူ့ကို ရန်မစလျှင် သူကလည်း ထိုသူတို့ကို ရန်မစပေ။သူတို့က သူ့ကို ရန်စပါက သူက ထိုသူများကို သတ်ပစ်ပေမည်။

သူ့နောက်သို့ အမဲလိုက်နေသော ကျင့်ကြံသူများသည် သူ့ဒေါသကို မီးမြှိုက်စေခဲ့လေပြီ။သူက ထိုသူတို့ကို မည်သို့ လွယ်လွယ် ခွင့်လွှတ်ပါ့မည်နည်း။

“မင်းတို့ ငါ့ကို သတ်ချင်မှတော့ တန်ဖိုးတစ်ခု ကျိန်းသေပေးစပ်ရမယ်…” ဝမ်လင်း၏မျက်လုံးတို့က အလွန်အမင်း အေးစက်နေ၏။

ဝမ်လင်းနောက်သို့ လိုက်လံနေသော ကျင့်ကြံသူများသည် အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေ နယ်စပ်ကို ဖြတ်ကျော်လာကြ၏။သူတို့က အမျိုးမျိုးသော မန္တာန်များကို အသုံးပြုကာ ဝမ်လင်းနောက်သို့ လိုက်နေကြသည်။သူတို့ထံမှ ပေးစွမ်းနေသည့် သတ်ဖြတ်လိုစိတ်ကလည်း မုန်တိုင်းတစ်ခုအလားပင်။

ဝမ်လင်း၏ပုံရိပ်က မြောက်ပိုင်းနယ်မြေတွင် ပြန်ပေါ်လာခဲ့သည်။သူက ပြန်ပေါ်လာသည်နှင့် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တစ်စုံတစ်ခုကို ရှာဖွေနေ၏။

ခဏကြာမြင့်ပြီးနောက် ဝမ်လင်း၏အသွင်သည် ပြောင်းလဲသွား၏။သည့်နောက် သူက တုံ့ဆိုင်းမနေဘဲ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ဝမ်လင်း ပျောက်ကွယ်သွားသည်နှင့် ယောင်ပင်ယွမ်ကလည်း ပေါ်ထွက်လာခဲ့သည်။

ယောင်ပင်ယွမ်က အေးစက်စက်နှာခေါင်းရှုံ့ကာ ဝမ်လင်းနောက်သို့ ဆက်လိုက်သွားသည်။

သိပ်မကြာခင်မှာပင် ထိုနေရာသို့ အလင်းတန်းများ ပျံသန်းရောက်လာကြသည်။ထိုသူများက ဝမ်လင်းနောက်သို့ လိုက်လံနေကြသော ကျင့်ကြံသူများနှင့်ယောင်မိသားစုဝင်များပင်။

လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် ခပ်မြန်မြန် သွားလာခြင်း မပြုပေ။အကြောင်းမူကား သူသည် ထိုကျင့်ကြံသူများကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်၏။သူ့နှလုံးသားထဲ၌လည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည်။

ဝမ်လင်းက သည်လူများကို ခွင့်မလွှတ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။သူက သူတို့ကို သတိပေးခဲ့ပြီးလည်း ဖြစ်၏။သို့သော် သူတို့က သူ့ကို အခုထိ သတ်ဖို့ ဆုံးဖြတ်ထားခဲ့ကြသည် မဟုတ်လား။သည်လိုဖြစ်လာမှတော့ ထိုသူများသည် တန်ရာတန်ကြေး ပေးဆပ်စေရပေမည်။

မြောက်ပိုင်းနယ်မြေထဲ၌ ဝမ်လင်းသည် အရင်ထက် ပို၍ ပေါ်လာနေ၏။သူ ပေါ်လာတိုင်းလည်း သူက တစ်စုံတစ်ခုကို ရှာဖွေနေသည်။

သို့သော်လည်း သူက ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ပြန်ပြန် ရုတ်သိမ်း၏။ထိုမှသာ သူ့အတွက် လောကနှင့်တစ်သားတည်း ပြန်ပေါင်းစပ်ဖို့ အချိန်ရပေမည်။သူသာ အနည်းငယ် နှေးသွားသည်နှင့် ထိုအမျိုးသမီးက သူ့အား မှီသွားနိုင်သည် မဟုတ်လား။

ဝမ်လင်း၏အမြန်နှုန်းက အတော်နှေးနေ၏။သူ့နောက်သို့ လိုက်လံလာသော ကျင့်ကြံသူများကလည်း တဖြည်းဖြည်း မြောက်ပိုင်းနယ်မြေသို့ ပျံသန်းလာနေကြသည်။မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများကမူ ချီတုံ့ချတုံ စတင် ဖြစ်လာကြသည်။အချို့က ဝမ်လင်းနောက်သို့ ဆက်မလိုက်ဖို့ပင် ရွေးချယ်လိုက်ကြသည်။

အနောက်ပိုင်းနယ်မြေ၌ ဝမ်လင်းသတ်ဖြတ်ခဲ့သော ဂြိုဟ်များကို တွေ့မြင်ခဲ့ခြင်းက သူတို့ကို တုန်လှုပ်စေခဲ့ပြီး မဟုတ်လား။သို့သော်လည်း ၎င်းတို့က တုန်လှုပ်ခဲ့ကြသော်လည်း သူတို့အပေါ်သို့ တိုက်ရိုက် သက်ရောက်ခဲ့ကြခြင်း မရှိပေ။သို့သော် အခုအချိန်၌မူ သည်ရှုမူကသာ သည်မြောက်ပိုင်းနယ်မြေ၌ ရူးသွပ်သွားပါက မြောက်ပိုင်းနယ်မြေရှိ သူတို့ကျင့်ကြံခြင်းဂြိုဟ်များအတွက် ရလဒ်သည် မခန့်မှန်းနိုင် ဖြစ်သွားရနိုင်သည်။

သည်လိုအတွေးကြောင့် မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံခြင်း မိသားစုဝင်များသည် အနောက်၌သာ နေ၍ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြ၏။သို့သော်လည်း အချို့လူများကမူ သူတို့၏ မိသားစုများ မြောက်ပိုင်းနယ်မြေတွင် ရှိနေလျှင်ပင် ဝမ်လင်းနောက်သို့ ဆက်လိုက်လာကြသည်သာ။

ဝမ်လင်း၏ပုံရိပ်က မြောက်ပိုင်းနယ်မြေ၏ ဗဟိုပိုင်းတွင် ပေါ်လာခဲ့သည်။သူက ပင်မဂြိုဟ်ငါးခုနှင့် အနီးအနားတွင် ပေါ်လာခဲ့ခြင်း ဖြစ်၏။သူက သည်နေရာနှင့် ရင်းနှီးပြီးသား ဖြစ်သည်။အထူးသဖြင့် နှစ်တစ်ရာနီးပါး သူနေထိုင်ခဲ့သော ရန်ယွမ်ဂြိုဟ်နှင့်ပင်။

သူက သည်နေရာသို့ ပြန်ရောက်လာလျှင်ပင် အတိတ်ကို ပြန်တမ်းတနေရန် အချိန်မရှိပေ။သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။သူ့မျက်လုံးက ချက်ခြင်း လက်ခနဲ ဖြစ်သွားသည်။စိတ်လှုပ်ရှားဟန် အရိပ်အယောင် ဖြစ်ပေါ်နေသည်။

“တွေ့ပြီ…ဒါက အခုထိ မြောက်ပိုင်းနယ်မြေမှာ ရှိနေတုန်းပဲကို…”

ဝမ်လင်း၏ခန္ဓာကိုယ်က ဖျပ်ခနဲပင် ဂြိုဟ်ငါးခုထံသို့ ဦးတည် ပျံသန်းသွားတော့သည်။

မြောက်ပိုင်းနယ်မြေ၌ ဂြိုဟ်ငါးခုဘေးတွင် အပိုဖြစ်နေသော တစ်စုံတစ်ခု ရှိနေ၏။ထိုအရာက ဧရာမသက်ရှိပုံစံ ဖြစ်နေကာ ၎င်း၏ခန္ဓာကိုယ်ကနေလည်း မရေမတွက်နိုင်သော လက်တံများ ချဲ့ထွက်နေသည်။၎င်းသက်ရှိက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ကံကောင်းစွာဖြင့် ၎င်းက မည်သူ့ကိုမျှ ရန်မပြုခြင်းပင်။၎င်းက ဂြိုဟ်ငါးခုဘေးနားသို့ ရောက်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်က ကျုံ့သွားကာ ဂြိုဟ်တစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ နှစ်အတော်အတန်ကြာမြင့်လာသည့်နောက် ၎င်းသက်ရှိပုံစံသည် အကွာအဝေးတစ်ခုမှ ကြည့်ပါက အစစ်အမှန်ဂြိုဟ်တစ်လုံးနှင့် ခြားနားခြင်း မရှိတော့ပေ။

သို့သော်လည်း မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများသည် ထိုအရာက ဂြိုဟ်တစ်ခုမဟုတ်မှန်း၊သွားရောက်ရန်စလို့ မရမှန်း သိနေကြ၏။သူတို့က ၎င်းအနားသို့ မကပ်ဘဲ သွားရောက်စရာ ရှိလျှင် ဝေးဝေးကသာ ပတ်၍ သွားကြသည်။

သိပ်သည်းသော အနက်ရောင်မြူထုတစ်ခုက ၎င်းဂြိုဟ်အား တဖြည်းဖြည်း ဝန်းရံလာခဲ့ပြီး အေးစက်စက်အော်ရာကို ပေးစွမ်းနေ၏။လွန်ခဲ့သောနှစ်များကတည်းက သည်နေရာသည် မြောက်ပိုင်းနယ်မြေ၏ တားမြစ်ဇုံတစ်ခု ဖြစ်လာခဲ့ပေသည်။

၎င်းဂြိုဟ်သည် အတိတ်တုန်းက ဝမ်လင်းကြုံတွေ့ခဲ့ရသော လမြွေနဂါးသက်ရှိကြီး ဖြစ်လေတော့၏။

သည်နေ့တွင် ဝမ်လင်း၏ပုံရိပ်က လမြွေနဂါးကနေ အသွင်ပြောင်း ဖြစ်ပေါ်နေသည့် ၎င်းဂြိုဟ်အပြင်ဘက်တွင် ပေါ်လာလေ၏။သူက လမြွေနဂါးကြီးကို သတိထားကာ ကြည့်နေသည်။သို့သော် သူက ၎င်းအား ဝန်းရံထားသည့် မြူများထဲသို့ တိုးဝင်သွားရန် တုံ့ဆိုင်းမနေခဲ့ပေ။

သူက လမြွေနဂါးပတ်လည်ရှိ မြူထုထဲသို့ ဝင်ရောက်သွားသည့်အခါ၌ ယောင်ပင်ယွမ်သည် ပေါ်လာသည်။သူမက ထိုမြူထုကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

“သူက တစ်လမ်းလုံး လူတိုင်းကို ဒီနေရာအထိ သွေးဆောင်လာခဲ့တယ်။ဒါ့ကြောင့် သူက ဒီနေရာမှာ တစ်ခုခု ကြံစည်ထားတာ သေချာတယ်…”

ယောင်ပင်ယွမ်၏မျက်လုံးက မြူထုထဲသို့ ထွင်းဖောက်ကာ အတွင်းသို့ ကြည့်နေရင်း တလက်လက် ဖြစ်နေ၏။

သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ အလင်းတန်းများ ရောက်လာကြသည်။ထိုသူများက ဝမ်လင်းနောက်သို့ လိုက်သတ်နေကြသော သူများပင်။မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများအဖို့‌တော့ မကောင်းသောခံစားချက်ကို ရနေသည်။သူတို့က လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသည့် ဂြိုဟ်ကို တွေ့မြင်လိုက်သည့်အခါ သူတို့၏အသွင်သည် သုန်မှုန်သွားကြလေ၏။

“ဒါက ကျင့်ကြံခြင်းဂြိုဟ်တစ်ခု မဟုတ်ဘူး။ဒါပေမဲ့ ဆန်းကြယ်တဲ့ သားရဲတစ်ကောင် ဖြစ်နေတယ်။ငါက သားရဲတစ်ကောင်ဟာ အခုလို ဂြိုဟ်တစ်ခုအသွင် ပြောင်းတာကို ကိုယ်တိုင် မြင်ခဲ့ရပြီ….”

“ဒီဟာက ရန်လိုတဲ့သဘော ရှိမနေပေမဲ့လည်း ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ဒီရှုမူက ငါတို့ကို ဒီနေရာကို ခေါ်လာတာဟာ ဒီဂြိုဟ်ကို အသုံးပြုပြီး ငါတို့ကို သတ်ပစ်ဖို့ ကြံစည်နေတာများလား…”

ယောင်ပင်ယွမ်က အလျင်စလို မပြုမူပေ။သူမက သတိထား၍ လေ့လာနေ၏။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် မြူနက်ထုထဲသို့ ထွင်းဖောက်လာနေရင်း လမြွေနဂါး၏အပေါ်သို့ ရောက်ရှိလာသည်။မြေပြင်သည် အက်ကွဲနေကာ လက်တံများက ဟိုဒီလှုပ်ရမ်းနေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။သူက လမြွေနဂါး၏ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး တိုးဝင်သွားသည်။သည့်နောက် သူ အရင်တုန်းက သွားခဲ့သည့် လမ်းကြောင်းအတိုင်း သွားနေသည်။သူက လမြွေနဂါး၏အရိုး ရှိနေသော နေရာသို့ ဦးတည်သွားနေခြင်းပင်။

“လာ ငါ့ကို တိုက်ကြချေ…။မင်းတို့အားလုံးက လမြွေနဂါးကို ဒေါသထွက်စေတာနဲ့ အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်…”

ဝမ်လင်း၏ မျက်လုံးထဲ၌ ညစ်ကျယ်ကျယ်အလင်းတစ်ခု ပေါ်ထွက်နေချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset