Switch Mode

အပိုင်း(၈၈၀):

သေခြင်းကိုးခုပျက်စီးခြင်းအစီအရင်

သည်လို ပြောင်ပြောင်တင်းတင်းလက်စားချေခြင်းက မြန်ဆန်စွာ အရှိန်မြင့်လာ၏။ထိုအဖြစ်က ဝမ်လင်းနောက်သို့ အမဲလိုက်နေသော ကျင့်ကြံသူများအဖို့ သူတို့၏ စိတ်ကို မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားစေသည်။

ဝမ်လင်းက စိတ်ဝိညာည်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများကို မသတ်ခြင်းသည် သူ့တို့အတွက် ထွက်လမ်းတစ်ခု ချန်ထားပေးခြင်းပင်။

“သူတို့ကသာ ဒီကိစ္စတွင် ဆက်လက် ပါဝင်နေပါက စိတ်ဝိညာည်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများပါ အသက်ခံလာရနိုင်တယ် မဟုတ်လား…”

ဒေါသမုန်တိုင်းများက ချက်ခြင်း ပေါက်ကွဲထွက်လာ၏။မိသားစုများ အသတ်ခံရခြင်းက ထိုမိသားစုများ၏ ကျင့်ကြံသူများကို ရူးသွပ်သွားစေသည့်အလားပင်။သူတို့က နောက်သို့မဆုတ်တော့ပေ။ထိုအစား ဝမ်လင်းကို လက်စားချေရန်သာ အသည်းအသန် အာရုံစိုက်လာတော့၏။

သို့သော်လည်း ကျင့်ကြံခြင်းမိသားစုအတော်များများကတော့ အထူးသဖြင့် အနောက်ပိုင်းနယ်မြေ၏ ကျင့်ကြံခြင်းမိသားစုများသည် တုံ့ဆိုင်း တွေဝေလာကြ၏။မည်သူက စလိုက်မှန်းမသိသော်လည်း သူတို့အားလုံးသည် သူတို့၏ ဆိုရာ ကျင့်ကြံခြင်းဂြိုဟ်များသို့ ပြန်သွားကြတော့၏။ရုတ်တရက် အနောက်ပိုင်းနယ်မြေကို ပိတ်ဆို့ထားသည့် အတားအဆီးသည် တော်တော်လေး လျော့ပါးသွားတော့သည်။

တကယ်တော့ ယောင်မိသားစုမှ ရမည့်အကျိုးအမြတ်အထက် သူတို့၏ ဂျူနီယာများ သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းသည် ပိုဆိုးသည် မဟုတ်လား။ပို၍ အရေးကြီးသည်က ဝမ်လင်း၏လုပ်ဆောင်မှုများသည် သူတို့၏ စိတ်နှလုံးကိုပါ ကျောစိမ့်စေသည်။

သူတို့က ဝမ်လင်း၏ရူးသွပ်မှုကို ခံစားမိကြသည်။သူတို့သာ ဆက်လက်၍ ပါဝင်နေပါက ဝမ်လင်း ဘာဆက်လုပ်မည်ကို သေချာမသိနိုင်ကြပေ။

အနောက်ပိုင်းနယ်မြေ၏ မိသားစုများအပြင် အခြားနယ်မြေများမှ မိသားစုများသည်လည်း စတင် တုံ့ဆိုင်းတွေဝေလာကြသည်။သို့သော် သူတို့ကတော့ အများကြီး ပြန်ထွက်ခွာကြခြင်း မရှိပေ။တကယ်တော့ သူတို့၏ မိသားစုများက အနောက်ပိုင်းနယ်မြေတွင် ရှိမနေခြင်းကြောင့် ဖြစ်သည်။သူတို့အတွက်တော့ သည်ရှုမူသည် ကျိန်းသေ သေဆုံးရမည် ဖြစ်ကာ မသေချင် သွေးရူးသွေးတမ်း ရုန်းကန်နေခြင်းဟု ထင်မြင်နေခဲ့သည်။

သူက မည်မျှရုန်းကန်နေပါစေ အနောက်ပိုင်းနယ်မြေအတွင်း၌သာ ရှိနေသေး၏။သူက သည်နေရာကနေ မထွက်ခွာနိုင်ပါက လက်စားပြန်ချေရန်အတွက် ပြောနေစရာပင် မလိုတော့ပေ။

သည်လို ဖြစ်နေသေးသော်လည်း ဝမ်လင်းသည် အနောက်ပိုင်းနယ်မြေ၌ သူ့အား ပိတ်ဆို့ထားမှု ဖိအားသည် လျော့နည်းသွားသည်ကို ခံစားမိပေ၏။သို့သော်လည်း သည်အချိန်အတွင်း သူ့နောက်သို့ လိုက်လာသည့် အမျိုးသမီးသည် သူနှင့် ပို၍ နီးကပ်လာနေသည်ဟုလည်း ခံစားနေရသည်။တစ်ခါတစ်လေ ထိုအမျိုးသမီးက သူ့အား ဖမ်းမိလုနီးပါးပင် ဖြစ်သွားစေ၏။

ဝမ်လင်းက မျက်မှောင်ခပ်တင်းတင်းကြုတ်နေ၏။ ရန်သူ၏ နောက်ယောင်ခံလိုက်မှုက ပို၍ နီးကပ်လာနေ၏။ အနောက်ပိုင်းနယ်မြေ၌ သူ လှုပ်ရှားနိုင်သည့် နေရာကလည်း မြန်ဆန်စွာ ကျဉ်းမြောင်းလာနေသည်။သူကသာ သည်နယ်မြေမှ ထွက်ခွာဖို့ နည်းလမ်းတစ်ခု မရှာနိုင်ပါက အလွန့်အလွန် အန္တရာယ်များပေတော့မည်။

ဝမ်လင်း၏ပုံရိပ်က ကြယ်များကြား၌ ပေါ်လာ၏။သူက မျက်မှောင်ကြုတ်နေသည်။သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒသည်လည်း သိပ်သည်း၍ အလွန်အားကောင်းနေ၏။

“ငါ့နောက်ကို လိုက်လာတဲ့ အမျိုးသမီးက အနည်းဆုံး နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်လောက် ရှိလိမ့်မယ်။ငါက သူမကို ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ သတ်ပစ်နိုင်မှာ မဟုတ်ဘူးဒါ့ကြောင့် ဒီဟာက အတော်လေး ပြဿနာတက်နိုင်တယ်…”

ဝမ်လင်းမျက်လုံးသည် လက်ခနဲ ဖြစ်သွားရင်း သူက ပျောက်ကွယ်သွားပြန်၏။

သူ ပျောက်ကွယ်သွားချင်းမှာပင် ယောင်ပင်ယွမ်က လေဟာနယ်ထဲကနေ လှမ်းထွက်လာသည်။သူမ၏ မျက်နှာထက်၌လည်း လူသတ်လိုစိတ်ပြည့်နေသည်။အကွာအဝေးတစ်ခုကို လှမ်းကြည့်လိုက်ပြီးနောက် သူမက အေးစက်စွာ ဆိုလာသည်။ “နင် ထွက်မပြေးနိုင်တော့ပါဘူး…”

သူမက ခြေတစ်လှမ်းလှမ်းကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်ပြီး ဝမ်လင်းနောက်သို့ ဆက်လိုက်၏။

ဝမ်လင်းသည် ယောင်ပင်ယွမ် နောက်ယောင်မခံနိုင်ရန် လောကနှင့် တစ်သားတည်း ပေါင်းစပ်နေ၏။သူမသာ သူ့နောက်သို့ မျက်ခြေမပြတ်လိုက်နေပါက သူ ထွက်ခွာနိုင်လိမ့်မည် မဟုတ်တော့ပေ။

နောက်ဆုံးတွင် ဝမ်လင်းက ယောင်ပင်ယွမ် သူ့နောက်သို့ ခြေရာမခံနိုင်အောင် လုပ်လုပ်နိုင်၏။သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင်ရန် သုံးရက်တာ ကြာမြင့်ခဲ့သည်။

ထိုသုံးရက်တာအတွင်း ကျင့်ကြံသူများ၏ ပိတ်ဆို့မှုကလည်း ပို၍ နီးကပ် ကျဉ်းမြောင်းလာသည်။ဆိုလိုက်သည်က စက်ဝိုင်းတစ်ခုသည် တဖြည်းဖြည်း ကျုံ့လာသကဲ့သို့ပင်။

ထိုပိတ်ဆို့မှုအတွင်းကနေ ပြင်းထန်သောသတ်ဖြတ်လိုစိတ်တစ်ခု စုစည်းနေ၏။

ယောင်ပင်ယွမ်၏ နောက်ယောင်ခံမှုကနေ ယာယီ တိမ်းရှောင်ပြီးသည့်နောက် ဝမ်လင်းက အသက်ဓာတ်လုံးဝ မရှိသော အပျက်အစီးဂြိုဟ်တစ်လုံးကို ဘေးနားတွင် ပေါ်လာ၏။

ထိုဂြိုဟ်ကို အနီးကပ်ကြည့်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ ဒီတစ်ခုကို အသုံးပြုရမယ်…”

ဝမ်လင်းသည် သူ့တွင် အလျင်လိုနေသည်ကို ကောင်းကောင်းသိ၏။လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်ခြင်းအပြင် သူ့နောက်သို့လိုက်နေသော မိန်းမက သူ့တည်နေရာကို ခန့်မှန်းနိုင်သည့် နည်းလမ်းတစ်ခုကိုပါ အသုံးပြုနိုင်စွမ်း ရှိနေသည်။

ထို့အတွက်ကြောင့် သူက လုပ်စရာရှိတာကို မြန်နိုင်သမျှ မြန်အောင် လုပ်ဆောင်ရပေမည်။ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေသည်။ထိုအခါ မရေမတွက်နိုင်သောအတားအဆီးများသည် အပျက်အစီးဂြိုဟ်ထံသို့ ပျံသန်းသွားသည်။

ထိုအတားအဆီးများသည် ၎င်းဂြိုဟ်ပေါ်သို့ ကျရောက်သွားသည့်အခါ ချက်ခြင်း ပျောက်ကွယ်သွားသည်။ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ထိုဂြိုဟ်ကို ဆက်လက်လှည့်ပတ်နေရင်း အတားအဆီးများစွာကို ချမှတ်သည်။

တစ်နာရီကြာမြင့်ပြီးနောက် သူ့အသွင်က အနည်းငယ် ဖြူရောလာသည်။ခြေလှမ်းတစ်လှမ်းဖြင့်ပင် သူက ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာသည်။၎င်းက အပျက်အစီးများနှင့် ပြည့်နေကာ မြေပြင်ကလည်း အက်ကွဲနေ၏။ပင်လယ်များသည်လည်း ခြောက်ခမ်းနေသည်။

ဝမ်လင်းက ခြေချလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။တစ်ချက်လှုပ်ခါလိုက်ရာ ထိုစိတ်ဝိညာဉ်အလံသည် အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းကာ ဂြိုဟ်အား ဖြန့်ကျက်သွား၏။ထိုမြူထုအတွင်း၌ သွေးဘိုးဘေးသည် မျက်စိမှိတ်လျက် ရှိနေသည်။သူ့ပတ်လည်၌လည်း မရေမတွက်နိုင်သောချိပ်ပိတ်မှုများ ရှိနေ၏။ထို့အတူ စိတ်ဝိညာဉ်အလံထဲရှိ မရေမတွက်နိုင်သော စိတ်ဝိညာည်များသည် သူ့အား ဝန်းရံထားသည်။

ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ သူ့လက်ကို ဆန့်ထုတ်ကာ ပုံရိပ်ယောင်ယင်မူလစိတ်ဝိညာဉ်တစ်ခုကို ယူဆောင်သည်။၎င်းကို ချေမွပြီးသည့်နောက် သူ့ဘယ်လက်ဖြင့် အတားအဆီးတစ်ခုကို ဖန်တီး၏။

ပုံရိပ်ယောင်ယင်မူလစိတ်ဝိညာည်သည် တုန်ယင်လာ၏။ဝမ်လင်းက ၎င်းမူလစိတ်ဝိညာဉ်ကို ပစ်လွှတ်လိုက်ရာ ဂြိုဟ်ထဲ၌ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းက ခက်ခက်ခဲခဲ အသက်ရှူနေရ၏။လီယွမ်မထွက်ခင်က သူသည် ဝမ်လင်းကို ပျက်သုဉ်းခြင်းအတားအဆီးများ အားလုံးကို သင်ကြားပေးခဲ့၏။ဝမ်လင်းက အတားအဆီးအမွေအနှစ်ကို မရရှိခဲ့သော်လည်း အချို့ကိုတော့ အသုံးပြုနိုင်သေးသည်။

သေခြင်းကိုးခုပျက်စီးခြင်းအစီအရင်က ၎င်းအတားအဆီးများထဲမှ တစ်ခု ဖြစ်၏။၎င်းအစီအရင်ကို လီယွမ် သင်ကြားပေးခဲ့သည့် တားမြစ်ထားသော မဟာအတားအဆီးသုံးခုထဲမှ တစ်ခုဟုလည်း ခေါ်တွင်နိုင်သည်။

ထိုအစီအရင်က အတားအဆီးနှလုံးသား မလိုအပ်ချေ။၎င်းက မူလစိတ်ဝိညာည်များစွာသာ လိုအပ်၏။လီယွမ်က သည်အစီအရင်ကို အသုံးပြုနိုင်စွမ်း ရှိသော်လည်း လိုအပ်ချက်သည် အကန့်အသတ် ရှိနေ၏။ထို့ကြောင့် သူက ၎င်းကို အရင်တုန်းက အမှန်တကယ် တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။

ဝမ်လင်း၏အသွင်က ဖြူရောနေ၏။သို့သော် သူက ရပ်တန့်ခြင်း မပြုပေ။သူက မူလစိတ်ဝိညာဉ်များကို ဆက်လက်၍ ဆုပ်ကိုင်နေ၏။သူက ပုံရိပ်ယောင်ယင်မူလစိတ်ဝိညာဉ်များစွာ ရှိမနေပေ။၎င်းတို့ထဲမှ အများစုကိုလည်း သူက ဝါးမြိုခဲ့ပြီး ဖြစ်သည်။သူက အာဏာတက်ခြင်းအဆင့်မူလစိတ်ဝိညာဉ်များကို အစားထိုး အသုံးပြုရန် ဆုံးဖြတ်လိုက်၏။သူက ၎င်းတို့အပေါ်၌ အတားအဆီးများ ချမှတ်ကာ ဂြိုဟ်ထံသို့ ပစ်သွင်းလိုက်၏။

နာရီအတော်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မျက်နှာက ပို၍ပင် ဖြူရောလာ၏။သူက သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူ့မျက်လုံးထဲ၌ ပြတ်သားသောဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေါ်လာသည်။သူက သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ကို လှမ်းဆွဲယူကာ သူ့မျက်ခုံးနှစ်ခုကား၌ အတားအဆီးတစ်ခု ချမှတ်လိုက်သည်။သို့ရာတွင် သူက ၎င်းကို ဂြိုဟ်ထံသို့ ပစ်လွှတ်လိုက်ခြင်း မရှိဘဲ အနက်ရောင်မြူထုအတွင်း၌သာ ထားရှိသည်။

အသက်ဝဝရှူသွင်းပြီးနောက် ဝမ်လင်းက ဂြိုဟ်၏အနက်ပိုင်းသို တိုက်ရိုက် တိုးဝင်သွား၏။သူ့အော်ရာအားလုံးကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။သူက သူ့ကိုယ်သူ ဖုံးကွယ်နိုင်ရန် လီယွမ်သင်ပေးခဲ့သော အတားအဆီးကိုပါ အသုံးပြုလိုက်သေး၏။

ထိုပုန်းကွယ်မှုအတားအဆီးက အလွန်ဆန်းကြယ်သည်။လီယွမ်က ၎င်းကို အသုံးပြုသည့်အခါ၌ ဝမ်လင်းသည် သူ့အား ထောက်လှမ်းနိုင်စွမ်း မရှိတော့ပေ။သို့သော်လည်း လူတစ်ယောက်သည် ၎င်းအတားအဆီးပညာရပ်ကို အတားအဆီးနှလုံးသား မရှိဘဲ ပြီးပြည့်စုံအောင် အသုံးမပြုနိုင်ပေ။အခြားလူများ ထောက်လှမ်းနိုင်သည့် အခွင့်ရေးတစ်ခု ရသွားနိုင်၏။

ထို့အတွက်ကြောင့်လည်း သူ အဝိုင်းခံရချိန်၌ ဝမ်လင်းသည် ထိုပညာရပ်ကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။

သူက ဂြိုဟ်အနက်ပိုင်းတွင် ထိုင်ချလိုက်၏။သူ့မျက်လုံးထဲ၌လည်း သတ်ချင်ဖြတ်ချင်စိတ်တို့ ပြည့်လျှံ့နေသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ယောင်မိသားစုနဲ့ ဒီကျင့်ကြံခြင်းမိသားစုတွေဟာ ငါ့နောက်ကို လိုက်ဖမ်းပြီးမှတော့ ငါလည်း သူတို့အားလုံးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားရတာပေါ…။ဒါဟာပမာဏပဲ ရှိသေးတယ်…”

သူက နှာခေါင်းရှုံ့လိုက်ရင်း မျက်လုံးမှိတ်လိုက်သည်။သူက သူ့အော်ရာ တစ်စွန်းတစ်စကိုမှ ဖော်ပြခြင်း မပြုတော့ချေ။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။သုံးရက်တာကြာမြင့်ပြီးနောက် အနောက်ပိုင်းနယ်မြေ၏ ပိတ်ဆို့မှု ဆက်လက်၍ ကျုံ့လာ၏။သည်နေ့တွင် ကျင့်ကြံသူများ၏ ပထမတစ်သုတ်က ဝမ်လင်းပုန်းအောင်းနေသော ဂြိုဟ်နားသို့ ရောက်ရှိလာကြသည်။

ထိုကျင့်ကြံသူများ၏ ရှေ့၌ အမျိုးသမီးတစ်ယောက် ရှိနေသည်။သူမက ယောင်ပင်ယွမ်ပင်။သူမက တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းမိသည့်အလား ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်၏။သူမ၏ အေးစက်စက်အကြည့်က ဝမ်လင်းပုန်းနေသော ဂြိုဟ်ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် သူမ၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အေးစက်စက်ဆိုသည်။ “ရှုမူက ဒီမှာပဲ…”

ယောင်ပင်ယွမ်နောက်၌ ယောင်မိသားစုဝင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီး တစ်ယောက်လည်း ရှိနေ၏။အမျိုးသားဖြစ်သူက ပြုံး၍ ဆိုလာ၏။ “ဒီလူက သူ ဆက်ပြီး မပုန်းအောင်းနိုင်တော့တာကို သဘောပေါက်သွားတာ ဖြစ်ရမယ်။ဒါ့ကြောင့် သူက ဒီနေရာမှာ အတားအဆီးအချို့ ချမှတ်ထားတယ်…”

ထိုအမျိုးသားက စကား ပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဂြိုဟ်ထံသို့ ဦးတည်သွားသည်။ယောင်ပင်ယွမ်က အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ့နောက်ကနေ လိုက်သွား၏။ကျင့်ကြံခြင်းမိသားစုများ သူတို့နှစ်ယောက်ကနေ ဆက်၍ လိုက်လာသည်။

သို့ရာတွင် လူတိုင်းက ဂြိုဟ်အပြင်ဘက်၌သာ ရပ်နေကြသည်။မည်သူကမျှ ဂြိုဟ်ထဲသို့ ခြေချခြင်း မရှိသေးပေ။

လူငယ်က ပြုံး၍ ကျယ်လောင်စွာ ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူတို့….ဒီဂြိုဟ်ကို ဖျက်စီးဖို့အတွက် ငါတို့ ယောင်မိသားစုကို ကျေးဇူးပြုပြီး ကူညီပါ။ ဒါဆိုရင် ဒီဂြိုဟ်အတွင်းထဲမှာ ရှိနေတဲ့ ရှုမူလည်း ဂြိုဟ်နဲ့အတူ ပျက်စီးသွားလိမ့်မယ်…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက သဘောတူသည်။အချိန်မဆွဲတော့ဘဲ သူတို့သည် ဂြိုဟ်အား စတင် တိုက်ခိုက်လာကြ၏။

ချက်ခြင်းလိုလိုပင် မူလစွမ်းအင်မန္တာန်များစွာသည် သည်ဂြိုဟ်ပေါ်သို့ ကျရောက်လာကြ၏။ကျယ်လောင်သော မြည်ဟီးသံများက ကြယ်များကြားတွင် ပျံ့နှံ့နေကာ ဂြိုဟ်၏အစိတ်အပိုင်းများ ပဲ့ကျလာတော့၏။၎င်းဂြိုဟ်က အချိန်မရွေးပြိုကျတော့မည် ကဲ့သို့ ဖြစ်နေသည်။

ယောင်ပင်ယွမ်က မျက်မှောင်ကြုတ်နေ၏။သူမက ဝမ်လင်းနောက်သို့ အချိန်အတန်ကြာ လိုက်ဖမ်းခဲ့ပြီးသည့်အတွက် ဝမ်လင်းသည် မည်မျှလျင်ကြောင်း သိနေ၏။သူက အခုလိုမျိုး လွယ်လင့်တကူ အဖမ်းခံ၊အဖျက်စီးခံလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူများစွာ တိုက်ခိုက်နေကြသည့်အခါ ဂြိုဟ်ထံမှ သဲကျောက်အပဲ့အစများစွာသည် စတင်ပျံ့နှံ့လာ၏။ဂြိုဟ်ပေါ်တွင်လည်း ကြီးမားသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကြသည်။ယောင်မိသားစုမှ လူငယ်က ကောင်းကင်ဘုံမန္တာန်များကို စတင်အသုံးပြုသည့်အခါ ထိုဂြိုဟ်၏ ပျက်စီးမှုသည် ပိုပြင်းထန်လာသည်။

သိပ်သည်းသောတုန်ခါလှိုင်းများသည် ပျံ့နှံ့လာသည်။တဖြည်းဖြည်းဖြင့် အကွာအဝေးတစ်ခုကနေ ဓားစွမ်းအင်တန်းများ တိုးဝင်လာနေကာ နောက်ထပ်ကျင့်ကြံသူများပါ ထပ်ရောက်လာသည်။သူတို့က ဖြစ်ပျက်သမျှကို တွေ့မြင်သွားသည့်အခါ မေးမြန်းမနေဘဲ ၎င်းဂြိုဟ်ကို ထပ်မံ၍ တိုက်ခိုက်လာကြ၏။

ယောင်ပင်ယွမ်က မျက်မှောင်ခပ်တင်းတင်း ကြုတ်မိနေ၏။သူမက တစ်ခုခုမှားနေသည်ဟု ခံစားနေရ၏။သိုသော် အကြောင်းအမည် ရှာမရ ဖြစ်နေသည်။

မရေမတွက်နိုင်သောမန္တာန်များသည် ဂြိုဟ်ကို ဆက်လက်၍ ဖျက်စီးနေရင်း ကျောက်စကျောက်နများသည်လည်း ပျံ့လွင့်စင်လာသည်။ထိုအဖြစ်က ပတ်ဝန်းကျင်တစ်ခုလုံးကို ကျောက်စကျောက်နများဖြင့် ဝန်းရံလုနီးပါး ဖြစ်လာစေ၏။

နောက်ဆုံးတွင် အလွန်ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ဂြိုဟ်တစ်ခုလုံးသည် လုံးဝ ပြိုကျပျက်စီးသွားတော့၏။

ထိုပျက်စီးမှု၌ ပါဝင်နေသည့်အဖျက်အစီးအားက ဂြိုဟ်အတွင်းရှိ အရာအားလုံးကို သေသွားစေဖို့ လုံလောက်နေသည်။

ထိုဂြိုဟ်ပျက်စီးမှုကနေ ကျောက်စကျောက်နများစွာ ပျံ့နှံ့လာရင်း ပတ်ဝန်းကျင်၏မူလစွမ်းအင်သည် တွန့်လိန်လာ၏။

သည်အခိုက်မှာပင် အကွာအဝေးတစ်ခုကနေ နောက်ထပ်အလင်းတန်းများ ထပ်မံ ပျံသန်းလာ၏။နောက်ထပ် ကျင့်ကြံသူအုပ်စုတစ်ခု ထပ်၍ ရောက်လာပြန်လေပြီ။

ယောင်ပင်ယွမ်၏ စိတ်နှလုံးထဲရှိ မသက်မသာဖြစ်မှုက ပို၍ အားကောင်းလာသည်။သူမသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပေတစ်သိန်းအတွင်းရှိ ကျောက်အပိုင်းအစများသည် ပျံ့နှံ့ကာ ကျင့်ကြံသူများကို ဝန်းရံထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“တစ်ခုခုတော့ မှားနေပြီ…”

ဤအခိုက်အတန့်မှာပင် ခရမ်းရောင်အလင်းတန်းသည် အဝေးဆုံးကျောက်အမှုန့်ပေါ်တွင် ရုတ်တရက် ပေါ်လာ၏။၎င်းက ပေါ်လာသည်နှင့် အခြား ကျောက်အပိုင်းအစများနှင့်ပါ မြန်ဆန်စွာ ချိတ်ဆက်သွားသည်။

ထိုမျှနှင့် အဆုံးမသပ်သေးပေ။ချက်ခြင်းပင် ကျောက်စများကနေ အလင်းများ တလက်လက်၊တဖျပ်ဖျပ် တောက်ပလာ၏။ပေတစ်သိန်းအတွင်းရှိ ကျောက်စများအားလုံးသည် လျှပ်စီးအလင်းတန်းတစ်ခုအလား ချိတ်ဆက်သွားကြသည်။

အက်ကွဲသံများ ပဲ့တင်ထပ်လာကာ ပေတစ်သိန်းဧရိယာသည် လှောင့်ချိုင့်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။

ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းသာ။ကျင့်ကြံသူများက ၎င်းအခြင်းအရာကို သဘောပေါက်သွားချိန်၌ ၎င်းလှောင့်ချိုင့်က ဖြစ်တည်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာလည်း အစိတ်အပိုင်းများထဲမှ တစ်ခုသည် ပုံရိပ်ယောင်ကျင့်ကြံသူတစ်ယောက်၏ လှိုင်းကို ပေးစွမ်းလာပြီးနောက် ၎င်းသည် ရုတ်တရက် ပျက်စီးသွားသည်။

၎င်းက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ ပေါက်ကွဲမှု ပြင်းအားပင်။ထိုဖိသိပ်အားက ပုံရိပ်ယောင်ယင်အဆင့်အောက်ရှိ လူတိုင်းကို အပြင်းအထန် ဒဏ်ရာ ရသွားစေသည်။

ထိုအပိုင်းအစ၏ ပေါက်ကွဲမှုက အချက်ပြလိုက်သကဲ့သို့ပင်။ အခြားအပိုင်းအစများသည်လည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်၏။အဆုံးသပ်၌ အပိုင်းအစများအားလုံး၏စွမ်းအားသည် ဧရိယာအတွင်းတွင် ဝရုန်းသုန်းကား ပေါက်ကွဲထွက်ကုန်၏။

ဤဧရိယာအတွင်း၌ ဒေါသတကြီးအော်ဟစ် ကြိမ်းဝါးသံများ ပဲ့တင်ထပ်ကုန်သည်။သည်နေရာတွင် ပိတ်မိနေသော ကျင့်ကြံသူများသည် ပေါက်ကွဲမှုမုန်တိုင်းကို မန္တာန်မျိုးစုံသုံး၍ ခုခံကာ ထွက်ခွာနိုင်ရန် ကြိုးစားကြသည်။

သို့သော်လည်း ပေါက်ကွဲမှုအားများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပုံရကာ အလွန်အမင်း ပြင်းထန်အားကောင်းလာ၏။၎င်းက ပျံ့နှံ့သည်နှင့် ကျင့်ကြံသူတစ်ယောက် သေဆုံးရကာ ထိုသူတို့၏မူလစိတ်ဝိညာည်ပင် မလွတ်မြောက်နိုင် ဖြစ်ရသည်။

သို့သော်လည်း ဝမ်လင်းနောက်သို့လိုက်သတ်သည့် လူများထဲ၌ ပုံရိပ်ယောင်ယင်အဆင့်နှင့်အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများစွာ ရှိနေ၏။၎င်းတို့က ချက်ခြင်း စုပေါင်းကာ အတူ အုပ်စုဖွဲ့လိုက်ကြ၏။ သည့်နောက် ပေါက်ကွဲမှုအားကို မယုံကြည်နိုင်လောက်အောင် တန်ပြန် တိုက်စစ်ဆင်ကြသည်။

ယောင်ပင်ယွမ်က ရှေ့က ဦးဆောင်ကာ ၎င်းပေါက်ကွဲမှုအားကို တိုက်ထုတ်၏။ကျင့်ကြံသူများ၏ စုပေါင်းအားကြောင့် ၎င်းအားသည် သူတို့နားကနေ လွင့်လွင့်သွားရသည်။

သည်ဧရိယာအတွင်း၌ တဝုန်းဝုန်း၊တဒိုင်းဒိုင်း မြည်ဟီးသံများ ပြည့်နေသည်။သည်အခိုက်အတန့်၌ အနက်ရောင်မြူလွှာတစ်ခုသည် ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် ၎င်းမြူအတွင်း၌ တဖြည်းဖြည်း သိပ်သည်းလာသည်။

သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ပေါ်လာသည့်အခိုက်တွင် အလွန်အေးစက်စက်အသံ တစ်ခု ထွက်ပေါ်လာသည်။ “ပေါက်ကွဲစမ်း…”

ထိုအသံသည် ပျက်စီးခြင်းမရှိသေးသည့် ကျောက်စထံကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ထိုအသံ ထွက်ပေါ်လာသည့်အခါတွင် သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် ပြင်းထန်သောသွေးရောင်တစ်ချက် ထုတ်လွှတ်ပြီးနောက် ပျက်စီးသွားသည်။ထိုမူလစိတ်ဝိညာဉ် ပျက်စီးသွားပြီးနောက် လှိုင်းတစ်ခုသည် အရူးအမူး ပျံ့နှံ့လာသည်။

ထိုလှိုင်းနှင့် ထိတွေ့မိသည့် ကျင့်ကြံသူတိုင်းသည် သူတို့၏ ကျင့်ကြံမှုက မည်မျှ ဖြစ်ပါစေ ‌အသတ်ခံလိုက်ရသည်သာ ဖြစ်သည်။

မြောက်ပိုင်းနယ်မြေမှ ပုံရိပ်ယောင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။သူက သွေးဘိုးဘေးမူလစိတ်ဝိညာဉ်နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေခဲ့သည် မဟုတ်လား။ထို့ကြောင့် ၎င်းမူလစိတ်ဝိညာဉ်သည် ပျက်စီးသွားသည်နှင့် လှိုင်းများသည် သူ့အား ထိမှန်ကြသည်။ထိုအခါ သူ့ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားရသည်။သူ့မူလစိတ်ဝိညာဉ်ပင် မလွတ်မြောက်နိုင်ဘဲ ပျောက်ကွယ်သွားရ၏။

တောင်ပိုင်းနယ်မြေမှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်သည်လည်း အလျင်စလို ထွက်ပြေးဟန် ပြင်သည်။သို့သော် သူ့ခန္ဓာကိုယ်သည်လည်း လှိုင်းနှင့် ထိတွေ့သွားရာ ချက်ခြင်း တောင့်တင်းသွား၏။သည့်နောက် သူ့ခန္ဓာကိုယ်သည် သွေးများ ပန်းထွက်ကာ ပေါက်ကွဲသွားသည်။

ချက်ခြင်းလိုလိုပင် ပေတစ်သိန်းအတွင်း၌ မရေမတွက်နိုင်သော သေကြေဒဏ်ရာရသူများ ရှိကုန်ကြသည်။ဝမ်လင်း၏ပုံရိပ်က ပေတစ်သိန်းဧရိယာ၏ ပြင်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် အနက်ရောင်မြူများကို စိတ်ဝိညာဉ်အလံထဲသို့ ပြန်သိမ်းဆည်းလိုက်သည်။ထို့နောက် ၎င်းအလံကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ထားလိုက်၏။

သည့်နောက်တွင် သူ့ပုံရိပ်က ဖျပ်ခနဲ ရှေ့သို့ ဦးတည်ထွက်သွား၏။သူက ပျောက်ကွယ်လုနီး ဖြစ်သွားခါနီး၌ ယောင်ပင်ယွမ်က ရုတ်တရက် သူနားသို့ ရောက်လာခဲ့သည်။သူမက လက်နှစ်ချောင်းဖြင့် ကြမ်းကြုတ်စွာ ဝမ်လင်းထံသို ဖိနှိပ် တိုက်ခိုက်လိုက်၏။

သူမ၏ဖီးနစ်မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ပြည့်နှက်နေသည်။သူမက သည်လို တိုက်ခိုက်နိုင်ဖို့အတွက် အချိန်အတန်ကြာကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကာ ဝမ်လင်း ထွက်ပေါ်လာမည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ပေသည်။

သူမက သည်လက်ချောင်းတိုက်ခိုက်မှုသည် ဝမ်လင်း၏အသက်ကို လုံးဝ နှုတ်ယူနိုင်မည်ဟု ယုံကြည်နေ၏။သည်တိုက်ခိုက်မှုထဲ၌ စိတ်ဝိညာဉ်ပျက်စီးမှုချိပ်ပိတ်ခြင်း မန္တာန်၏ စွမ်းအား ပါဝင်နေပေသည်။၎င်းမန္တာန်က မူလစိတ်ဝိညာဉ်ကို အန္တရာယ်ပေးနိုင်ဖို့ အသားပေးထားခြင်း မဟုတ်လော။

“အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဒီလို မန္တာန်နဲ့ တိုက်ခိုက်မှုမှာ ရှင်သန်ဖို့ ဘာအခွင့်အရေးမှ ရှိမနေဘူး…”

ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက နောက်ဘက် ပေတစ်ထောင်အထိ လွင့်စင်သွားသည်။သူက သွေးအပြည့်အန်ထုတ်လိုက်ရပြီး သူ့မျက်နှာကလည်း သေလောက်အောင် ဖြူရောသွားသည်။သို့သော်လည်း သူက ရပ်တန့်ခြင်း မပြုပေ။ လေဟာနယ်ထဲသို့ ခြေချကာ အဝေးသို့ ဆက်လက် ပျံသန်းသွား၏။

“သူ မသေဘူးလား…” ယောင်ပင်ယွမ်က မှင်သက်သွား၏။သူမ၏ မျက်လုံးက တောက်ပလာသည်။သူမက ရှေ့သို့ တရကြမ်း တိုးကာ ဝမ်လင်းနောက်သို့ လိုက်လံတော့၏။

သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ် ပျက်စီးသွားမှုက ဝမ်လင်းနောက်သို့ လိုက်လံနေသော ကျင့်ကြံသူများစွာကို သေဆုံးသွားစေခဲ့သည်။မည်သူကမျှ ရှုမူထံ၌ သည်လို ဝှက်ဖဲ ရှိနေလိမ့်မည်ဟု မျှော်လင့်ထားကြခြင်း မရှိခဲ့ပေ။

ပေတစ်သိန်းဧရိယာအတွင်း၌ ယောင်မိသားစုဝင်များစွာလည်း ရှိနေခဲ့သည်သာ ဖြစ်သည်။သူတို့သည်လည်း သည်ပေါက်ကွဲမှုအတွင်း သေဆုံးခြင်းကနေ မလွတ်မြောက်နိုင်ခဲ့ကြပေ။

လှိုင်းတွန့်များ ပျောက်ကွယ်သွားသည့်အခါ ပေတစ်သိန်းဧရိယာသည် သွေးတို့နှင့် ပြည့်နေတော့သည်။သည်တစ်ကြိမ်၌ လူအမြောက်အများသည် ရိုးရှင်းစွာ သေဆုံးသွားခဲ့ရချေသည်။သို့သော်လည်း ထိုလူအုပ်က ဝမ်လင်းနောက်သို့ လိုက်လံနေသော လူများ၏ အစိတ်အပိုင်းငယ်တစ်ခုသာ ရှိသေးသည်။အကွာအဝေးတစ်ခုမှ ရောက်လာကြသော ကျင့်ကြံသူများအားလုံးသည် ဝမ်လင်းရှိနှင့်ခဲ့သော နေရာသို့ တဖြည်းဖြည်း ထပ်၍ ရောက်ရှိလာကြ၏။ သည်နေရာရှိ သတ်ဖြတ်မှုကြီးက သူတို့၏ စိတ်ကို တုန်ယင်စေခဲ့ပေသည်။သို့သော်လည်း သူတို့၏ ဝမ်လင်းအပေါ် သတ်ဖြတ်လိုမှုကလည်း ပို၍ အားကောင်းလာတော့၏။

“ငါတို့ ဒီရှုမူကို လွတ်မြောက် စေလို့ မရဘူး။ မဟုတ်ရင် သူသာ အခွင့်ရလာခဲ့ရင် ငါတို့အတွက် ကပ်ဘေးတစ်ခု ရောက်လာလိမ့်မယ်…”

“ခုချိန်မှာ ဒီအရာဟာ ရှုမူနဲ့ယောင်မိသားစုကြား တိုက်ပွဲတစ်ခုသာ မကတော့ဘူး။ငါတို့ ဒီနတ်ဆိုးကို အမြစ်ဖျက်ရမယ့် တိုက်ပွဲအသွင် ဖြစ်လာခဲ့ပြီ။ ဒီနတ်ဆိုးရှုမူကို သတ်နိုင်မှ ငါတို့ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မယ်…”

“သူ့နောက် လိုက်ကြ…”

ထို့နောက် သည်ကျင့်ကြံသူများသည် ဝမ်လင်းနောက်သို့ ဆက်၍ လိုက်လံလာကြတော့၏။ဝမ်လင်းနောက်သို့ လိုက်လံနေသော ယောင်မိသားစုဝင်များ၏ မျက်လုံးတို့သည် နီရဲနေခဲ့သည်။

သည်ကြီးမားလှသည့် ပေတစ်သိန်းအစီအရင်ထဲ၌ ကျင့်ကြံသူမြောက်များစွာ သေဆုံးခဲ့ရပေသည်။ထို့ကြောင့် ရှုမူ၏ နာမည်သည်လည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲ၌ တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။အချို့သော မွန်းစတားအိုကြီးများပင် ယောင်မိသားစုနှင့်ရှုမူတို့ကြား အငြင်းပွားမှုအပေါ်၌ အာရုံစိုက်မိလာကြ၏။

မရေမတွက်နိုင်သော ကျင့်ကြံခြင်းမိသားစုများသာမက ယောင်မိသားစု၏ ခွန်အားတို့ကိုပါ ပူးပေါင်းခဲ့သော်လည်း သည်ရှုမူသည် မသေဆုံးခဲ့သည့်အပြင် လူများစွာကိုပါ သတ်ဖြတ်ခဲ့ကာ နတ်ဆိုးဟူ၍ အမည်နာမကို ရရှိလာခဲ့တော့သည်။

ထို့ကြောင့် ရှုမူ ဆိုသည့် နာမည်က အလုံးစုံကြယ်အဖွဲ့အစည်းထဲ၌ ကြယ်ပွင့်အသစ်တစ်ခု ဖြစ်လာခဲ့တော့၏။

ရှုမူဟူသည့် နာမည်သည် အရင်ထက်ပင် ပို၍ ကျော်ကြားလာခဲ့ပေသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တိမ်စေတီထိပ်၌ ချင်းရွှေသည် မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။သူက မျက်လုံးဖွင့်လာကာ အကွာအဝေးတစ်ခုထံသို့ ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီကလေးက ငါ ငယ်ငယ်တုန်းက ပုံစံနဲ့ တူတယ်…သိပ်ကောင်းတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset