Switch Mode

အခန်း(၁၃)

ကျွန်တော်တို့နှစ်ယောက်က ကံပါနေတယ်

အခန်း(၁၃) : ကျွန်တော်တို့နှစ်ယောက်က ကံပါနေတယ်

လမ်းကြုံနံပါတ်(၁)က ကြက်သေသေသွားကာ “မင်း ငါ့ကို လာနောက်နေတာလားကွ… ဟေ”

ရှန်ထျန်းကတော့ အင်မတန် အပြစ်ကင်းသလို ခံစားမိသည်။

“ကျွန်တော် ပြောပြီးပြီကော… ကျွန်တော်နဲ့ ကံပါတဲ့သူတွေကိုပဲ ကူညီဖို့ ဒီကို ရောက်လာတာပါဆို။ ခင်ဗျားက အဲ့ဒီသူတွေထဲက တစ်ယောက်မှ မဟုတ်တာကို။ ကျွန်တော်က ခင်ဗျားကို ဘယ်မှာ စနောက်နေလို့လဲ”

ရှန်ထျန်းက လမ်းကြုံနံပါတ်(၁)၏ ခေါင်းပေါ်မှ အဖြူရောင် ရောင်ဝါစက်ဝန်းကို ကြည့်ကာ ခေါင်းခါလိုက်၏။

အတော်ဆိုးပါလား…

မင်းရဲ့ရောင်ဝါစက်ဝန်းပေါ်မှာ အစိမ်းကွက်လေး တစ်ကွက်တစ်လေတောင် မရှိတဲ့အပြင် ကံအပြောင်းအလဲအခွင့်အရေးပြတဲ့ ရုပ်ပုံလည်း တစ်ပုံမှ မရှိပြန်ဘူး။

မင်းမှာ ကံမှပါမလာဘဲ…

ဒါကိုတောင် မင်းက ငါ့ကို မင်းအတွက် သတ္တုရိုင်းတုံးကောင်းကောင်းလေး ရွေးပေးစေချင်တယ် ဟုတ်လား…

ငါက ဘယ်လိုရှာပေးရမှာလဲကွ…

လမ်းကြုံနံပါတ်(၁)က အလွန်စိတ်ဆိုးသွားကာ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။

ရှန်ထျန်းက သူ့ကို သဘောထားကြီးစွာ သတိပေးလိုက်သည် “အစ်ကိုကြီး… အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ရန်မဖြစ်ရတဲ့နော်။ ခင်ဗျား ဒဏ်ကြေး အကောက်ခံနေရလိမ့်မယ်ဗျ”

လမ်းကြုံနံပါတ်(၁)က မဲ့ရွဲ့သွား၏။ နောက်ဆုံး၌ သူက နောက်ဆုတ်ပြန်လှည့်သွားသည်။ သူက ပိုက်ဆံအနည်းငယ်ကို နောက်ဆုံးတွင် စုဆောင်းနိုင်ခဲ့လေရာ ထိုပိုက်ဆံများကို ဒဏ်ကြေးပေးရန် သုံးပစ်ရမည်မှာ အင်မတန်နှမြောစရာကောင်းလှသည်။

“လူလိမ်ငတုံးကောင်… မင်း ဒီမှာ စောင့်နေ… ငါ စည်းကမ်းကိုင်တွေကို သွားခေါ်ပြမယ်” သူက ခြိမ်းခြောက်သတိပေးကာ ထွက်သွားသည်။

ရှန်ထျန်းလည်း သက်ပြင်းချကာ သူ့ဆိုင်ကို တခြားလမ်းသွယ်ဆီသို့ ရွေ့ထားလိုက်သည်။

မင်းနဲ့အတူ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင်တွေကို ခေါ်ပြီး ပြန်လာမယ်ဆိုတာကို သိနေရက်သားနဲ့ မင်းက ငါ့ကို ဒီနားမှာပဲ စောင့်နေစေချင်တယ်ပေါ့လေ ဟုတ်လား…

ငါ့ကို ငတုံးငအများ ထင်နေလား…

…………………

ရှန်ထျန်းက သင်ခန်းစာရသွားပြီ ဖြစ်ကာ လိုအပ်သည်ထက် ပိုမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

လာမေးသည့်သူတွေဆီမှ ရုပ်ပုံများကို မမြင်ရသရွေ့ သူက “စိတ်မကောင်းပါဘူး… ခင်ဗျားမှာ ကံပါမလာဘူး” ဟုသာ ပြောလိုက်သည်။

ဒီနည်းက သူ့အား ပို၍ လျို့ဝှက်ဆန်းကြယ်သွားစေကာ ပိုပြီးတော့လည်း စွမ်းသယောင် ထင်ရစေလေသည်။

နှုတ်ခမ်းမွေးအတုနှင့်ပင် သူက အင်မတန်ချောမောနေသေးကာ တော်ဝင်မျိုးနွယ်ဝင် အရှိန်အဝါတစ်ခုက သူ့ဆီတွင် ရှိနေဆဲ ဖြစ်သည်။

ဖြည်းဖြည်းချင်းနှင့် သူ့ဘေးနားပတ်ပတ်လည်တွင် လူတွေ ပိုပိုပြီး စုဝေးလာလေသည်။ အများဆုံးမှာ အမျိုးသမီးများ ဖြစ်သည်။

“ရှင်က အရမ်းချောတာပဲနော်… နှုတ်ခမ်းမွေးလေးက ရှင့်ကို ပိုပြီး ခန့်သွားစေတယ်ရှင်ရယ်”

“မင်းလေးက ငယ်ငယ်လေးပဲ ရှိသေးတာမလား… ချစ်သူ ရှိလားဟင်… တို့ကို မင်းရဲ့ချစ်သူအဖြစ် မစဉ်းစားပေးချင်ဘူးလား”

“ကျွန်မတို့က ကံမပါဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ရှင်ရယ်… ကျွန်မတို့ရဲ့ ကံကို ကျွန်မတို့တွေ ဖြည်းဖြည်းချင်း တည်ဆောက်သွားမှာပေါ့… နော်လို့”

“အလုပ်တွေ လုပ်ရလို့ မောင်လေး ပင်ပန်းနေမှာပဲနော်… လာလာ…  မမက ချွေးတွေ သုတ်ပေးမယ်ကွဲ့”

…………………

ရှန်ထျန်းက ထိုကဲ့သို့စကားများ ဝိုင်းပြောခံနေရတာကို အင်မတန် စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားမိသည်။

သူ ပြောသလိုပင် သူတို့က သူနှင့် ကံလုံးဝမပါချေ။

ဘာဖြစ်လို့ သူတို့က ငါ့နား ဝိုင်းနေကြသေးတာလဲ… အဲ့လိုဝိုင်းနေတာက တကယ့်လူမှန်တွေကို ရှာဖို့အတွက် ငါ့ရဲ့မြင်ကွင်းကို လာပိတ်နေရုံပဲ ရှိတယ်…

ငါက ဘယ်အလုပ်ကိုများ လုပ်နေရလို့လဲ… ဘယ်မှာလဲ ချွေးတွေက…

လခွမ်း… အော်သာရယ်လိုက်ချင်တော့တယ်…

ငါ့ရဲ့ပထမဆုံးဧည့်သည်တောင် ပေါ်မလာသေးဘူး… ငါ့မျက်နှာက မင်းတို့ကြောင့် စတီးလို ပြောင်လက်လာတော့မယ်ကွ…

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကမူ လေးစားအားကျမှု အပြည့်နှင့် ဘေးဘက်နားတွင် ရပ်ကြည့်နေကြသည်။

မင်းသားလေးကတော့ တကယ့်ကို မင်းသားလေးပါပဲ… သူက သူတို့တွေထက် ပိုပြီး ဉာဏ်ပညာကြွယ်ဝပါပေတယ်…

ကြည့်လိုက်စမ်း…

မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ရအောင် သူမကို ကယ်တင်ဖို့ ဘယ်သူလိုသလဲ…

ငါတို့ လိုလို့လား…

မင်းသားလေးက ဒီနေရာမှာ ဒီတိုင်းလေးသာ ထိုင်နေလိုက်၊ မိန်းမလှတွေ အားလုံးက သူတို့ကိုယ်တိုင် မင်းသားလေးဆီ အရောက်လာကြလိမ့်မည်။

သူတို့ကို ကြည့်ရတာ သိပ်အချောအလှကြီး မဟုတ်သော်လည်း သူတို့က မိန်းမတွေ ဖြစ်နေဆဲပဲလေ…

ဘေးနားက ကြည့်နေသည့် အမျိုးသားတွေ အကုန်လုံးကလည်း ရှန်ထျန်းအား မနာလိုဖြစ်နေကြပြီ။

ကွေ့ကုန်းကုန်းတစ်ယောက်ကတော့ အင်မတန်ပျော်နေမိသည် “မင်းသားလေးက အခုဆို အရွယ်ရောက်နေပြီ။ သခင်မသာ သိရင် အရမ်းပျော်မှာပဲ”

…………………

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုက လမ်းသွယ်အစွန်မှ ထွက်ပေါ်လာသည်။

“ဟေ့… လက်ပူးလက်ကြပ်မိပြီ… မင်းဘယ်ကို ထွက်ပြေးချင်သေးလဲကွ”

ရှန်ထျန်းက အသံလာရာကို ကြည့်လိုက်သောအခါ ထိုအသံမှာ သူစောစောတုန်းက ကြုံခဲ့ရသော ပထမဆုံးလူစိမ်းဖြစ်သည့် လမ်းကြုံနံပါတ်(၁)ဆီမှ လာမှန်းကို တွေ့လိုက်ရသည်။ ထိုသူက တာအိုဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်ခေါ်လာလေသည်။

ထိုကျင့်ကြံသူများ၏ ခေါင်းဆောင်မှာ ချစ်စဖွယ် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမက အသက် (၁၅)နှစ် သို့မဟုတ် (၁၆)နှစ်လောက်သာ ရှိသေးကာ ကလေးမျက်နှာလေးနှင့် ဖြစ်သည်။

သူမ၏ ခေါင်းထိပ်တွင် ဆံပင်လေးတစ်ချောင်းက ထောင်နေကာ ထိုဆံပင်လေးက သူမအား ပိုပြီး ချစ်စရာကောင်းသွားစေသည်။ သူမပုံစံလေးမှာ ငယ်ရွယ်ပုံပေါက်နေသော်လည်း သူမဆီတွင် အင်မတန် အားကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။

ထိုအရှိန်အဝါမှာ ချီသန့်စင်ခြင်းအဆင့်တွင် ရောက်နေသည့်သူတစ်ယောက် ရှိသင့်သည့် အရှိန်အဝါမျိုး မဟုတ်ပေ။ သူမက အနည်းဆုံးတော့ အခြေတည်အဆင့်မှာ ရှိနေလိမ့်မည်။

“အရှင့်သား… သတိထားပါ။ ဒီကောင်မလေးရဲ့ ကျင့်ကြံဆင့်က မြင့်တယ်။ ကျွန်တော်မျိုး သူမကို အနိုင်မတိုက်နိုင်လောက်ဘူး”

ကွေ့ကုန်းကုန်း၏ မျက်နှာပေါ်တွင် လေးနက်မှုတို့ ပေါ်လာသည်။

“ကျွန်တော်မျိုးတို့ရဲ့ သရုပ်အမှန်ကို ဖွင့်ချပြလိုက်ရအောင်”

သူတို့တွေက မီးတိုင်ပြည်ထဲမှာပဲ ရှိနေသေးလေရာ မင်းသားလေး၏ တော်ဝင်အဆင့်အတန်းက အသုံးဝင်သေးသည်။ ရှန်ထျန်း၏ လုပ်ရပ်က နည်းနည်းလွန်သွားသော်လည်း ပြစ်ဒဏ်က အရမ်းတော့ မပြင်းထန်လောက်ပေ။

ရှန်ထျန်းက ပြုံးလိုက်ကာ “ကိစ္စမရှိပါဘူး။ သူတို့တွေ ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး”

မကြာမီ သူတို့က ရှန်ထျန်းအရှေ့သို့ ရောက်လာကြသည်။

လမ်းကြုံနံပါတ်(၁)က ရှန်ထျန်းအား လက်ညိုးထိုးကာ အော်ပြောလိုက်သည်။

“ကြည့်ပါဦး နတ်မိမယ်လီ… အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်က လူတွေအကုန်လုံးကို လိမ်ညာနေတာ ဒီလူပါပဲ”

ကောင်မလေးက ရှန်ထျန်းကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက အရောင်လက်သွားသည်။

သူမက တီးတိုးရေရွတ်လိုက်သည် “သူ့ကို ကြည့်ရတာ လူဆိုးပုံလည်း မပေါက်ပါဘူး… ရှင် တကယ်ကော သေချာလို့လား”

လမ်းကြုံနံပါတ်(၁)က ပြောလိုက်သည် “နတ်မိမယ်လီ… သူ့ရုပ်ကြောင့် အညာမမိပါစေနဲ့… ကျုပ် ကျိန်ပါတယ်ဗျာ… သူက လူလိမ်တစ်ယောက်ဆိုတာကို”

ဒီစကားကို ကြားသောအခါ မိန်းကလေးထုက သိပ်မပျော်ကြပေ။

“ဘာပြောတယ်… ငါ့ချစ်ချစ်လေးက ဒီလောက်ချစ်ဖို့ကောင်းတာ… ဘယ်လိုလုပ် လူလိမ်ဖြစ်နိုင်မှာလဲဟဲ့”

“သူ ပြောပြီးသားလေ… ကံပါတဲ့သူတွေအတွက်ပဲ သတ္တုရိုင်းတုံးတွေ ရှာပေးမယ်လို့။ ကျွန်မတို့က လိုလိုချင်ချင်နဲ့ကို သူ့အလိမ်ခံချင်နေတာ။ ဒါပေမဲ့ သူက ကံမပါဘူးဆိုပြီး ငြင်းခဲ့တာမျိုးရှင့်… ရှင့်ကို ရှင်များ ဘာမှတ်နေလဲ”

“ဟုတ်ပတော်… ဒီလောက် ခန့်တဲ့ ချောတဲ့သူက လူလိမ်တစ်ယောက် လုံးဝ မဖြစ်နိုင်ဘူး”

“သူလုပ်နေတာက ဘယ်လောက်တောင် မွန်မြတ်သလဲဆိုတာ ရှင်သိလို့လား… ဘာဖြစ်လို့ သူ့ကို လာပြီး နာမည်ဖျက်နေရတာလဲ”

“နင်က ငါ့အသဲလေးကို မနာလိုဖြစ်နေတာပဲ… သွားသေလိုက်ပါလား အကောင်ရဲ့”

“သေစမ်း”

“သေလိုက်”

“သေ…”

…………………

အခြေအနေတွေက ထိန်းလို့မရသည့် အနေအထားသို့ ရောက်လာသည်ကို မြင်သောအခါ ကောင်မလေးက ပြောလိုက်သည်။

“ကျေးဇူးပြုပြီး မဆူကြပါနဲ့”

ဘယ်သူကမှ သူမကို ဂရုမစိုက်ချေ။ အခြေအနေမှာ ရှုပ်ထွေးနေဆဲသာ။

ချွင်…

ကောင်မလေးအနောက်မှ စည်းကမ်းကိုင်များက သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။ ကောင်းကင်တစ်ခုလုံး ဓားအလင်းတန်းများနှင့် ပြည့်နှက်သွားကာ သူတို့က ဓားများကို လူထုဆီသို့ ဓားဦးတည်ထားလိုက်သည်။

ချက်ချင်းဆိုသလို အကုန်လုံး ငြိမ်ကျသွားသည်။

အားသုံးခြင်းက လူများကို နာခံလာစေရန် ပိုမြန်ပြီး ပိုစိတ်ချရသည့် နည်းလမ်းဆိုသည်မှာ အမှန်ပါတကား။

ကောင်မလေးက ရှန်ထျန်းဆီသို့ လျှောက်သွားကာ ပြုံးပြလိုက်ပြီး “ကျွန်မက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့တပည့်၊ လီလျန်အာပါ။ ရှင် ဘယ်သူလဲဆိုတာ သိပါရစေ”

ရှန်ထျန်းက ဒီတစ်ကြိမ်တွင် ရှန်အောင်း၏ နာမည်ကို မသုံးခဲ့သည့်အတွက် အင်မတန် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သုံးများသုံးမိလျှင် သူမက ချက်ချင်း သူ့အား အလိမ်ဖော်လိမ့်မည် ဖြစ်သည်။

သူက အသက်ပြင်းပြင်း ရှုပြီးမှ ပြောလိုက်သည် “ကျွန်တော်က နီပွန်းတောင်ပေါ်က အနက်ရောင်ချိုင့်ဝှမ်းက အထွတ်အထိပ်ရှင်ဖူတဲရဲ့ တပည့်ရင်း၊ ရှန်အောင်းထျန်းပါ။ တွေ့ရတာဝမ်းသာပါတယ်ဗျာ”

“နီပွန်းတောင်… အနက်ရောင်ချိုင့်ဝှမ်း… အထွတ်အထိပ်ရှင်ဖူတဲ… ဟုတ်လား”

လီလျန်အာက ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။

“အင်း… ကျွန်မ အဲ့ဒါတွေကို တစ်ခါမှ မကြားဖူးဘူးရှင့်”

လမ်းကြုံနံပါတ်(၁)က မဲ့ရွဲ့ကာ ပြောလိုက်သည် “သူ လျှောက်ရွှီးနေတာဗျ… နတ်မိမယ်လီ… သူ့ကို မယုံနဲ့”

ရှန်ထျန်းက တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။

“ကျွန်တော့်ဆရာက သူများတွေနဲ့ ပတ်သက်ဆက်ဆံရတာကို မကြိုက်ဘူး။ သူက တစ်ယောက်တည်းနေရတာကို သဘောကျတာလေ။ မိန်းကလေး သူ့နာမည်ကို မကြားဖူးတာ ဖြစ်သင့်ပါတယ်”

“အဲ့လိုကိုး…”

အရှေ့ပိုင်းလွင်ပြင်က အင်မတန်ကို ကြီးလွန်း၊ ကျယ်လွန်းသည်ဖြစ်ရာ လီလျန်အာက ထိုစကားကို သံသယမဝင်ပေ။ ချိုင့်ဝှမ်း (၃၆)ခုနှင့် ကောင်းချီးနယ်မြေ (၇၂)ခုတို့အပြင် တစ်ကိုယ်တော်ကျင့်ကြံသူများ တည်ထောင်ထားသည့် တခြားချိုင့်ဝှမ်းများလည်း မရေမတွက်နိုင်အောင် ရှိနေလေသည်။

သို့ဖြစ်ရာ “နီပွန်းတောင်ပေါ်က အနက်ရောင်ချိုင့်ဝှမ်းမှ အထွတ်အထိပ်ရှင် ဖူတဲ” ဆိုသည့် မကြားဖူးသော အမည်ကိုလည်း တကယ်တမ်းတွင် သိပ်မအံ့သြမိချေ။

သူမ အတည်ပြုချင်သည့်အရာမှာ ဒီရှန်ထျန်းဆိုသည့်လူက လူလိမ်လူညာ ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။

လီလျန်အာက ရှန်ထျန်းကို ကြည့်ကာ မေးလိုက်သည် “ရှင်က သတ္တုရိုင်းတုံးတွေကို အကဲဖြတ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာပေးနိုင်တယ်ဆိုတာ တကယ်ပဲလား”

ရှန်ထျန်းက ယုံကြည်ချက်အပြည့်နှင့် ပြန်ဖြေလိုက်သည် “တကယ်ပါဗျ”

“သက်သေပြလေ”

“မိန်းကလေးသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် မင်းအတွက် သတ္တုရိုင်းတုံးကောင်း တစ်တုံး ကူရှာပေးနိုင်ပါတယ်”

လီလျန်အာက ရှန်ထျန်း ခင်းကျင်းထားသည့် စာတန်းများကို ကြည့်ကာ အူကြောင်ကြောင်လေး ဖြစ်သွားသည်။

“ဒါပေမဲ့ ရှင်နဲ့ ကံပါတဲ့သူတွေအတွက်ပဲ ကူညီပေးမယ်လို့ ရှင်ပြောထားတယ်လေ”

ရှန်ထျန်းက လီလျန်အာကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း ပြောလိုက်၏။

“အင်း… ကျွန်တော်တို့နှစ်ယောက်က ကံပါနေတယ်ဗျ”

Comment

  1. ဆောင်းရတီ says:

    up

Leave a Reply

Options

not work with dark mode
Reset