ဘုန်း…ဘုန်း…ဘုန်း…သည်ဧရိယာ၌ အက်ကွဲဆူညံသံများ ဆက်တိုက် ပဲ့တင်ထပ်ကုန်သည်။ဝမ်လင်း၏ မိုးကြိုးလုံးများအားလုံးသည် ပျက်စီးသွား၏။သူ့ထံသို့ ချဉ်းကပ်လာသော ရေခဲသည်လည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏အရိပ်ထဲကနေ ထာရှန်သည် လှမ်းထွက်လာသည်။သူက ဒဏ်ရာမရထားသော သူ့ဘယ်လက်သီးကိုပင့်ကာ ရေခဲထုကို ချက်ခြင်း ထိုးချလာသည်။
တစ်ချိန်တည်းမှာလည်း ဝမ်လင်းက သူ့ညာလက်ကိုမြှောက်လိုက်ရာ လေဆင့်ခေါ်ခြင်းသည် မြန်ဆန်စွာ ပေါ်လာသည်။အနက်ရောင်လေပြင်းသည် ယောင်ပင်ယွမ်ထံသို့ ဝင်ရောက်သွားသည်။
ဝမ်လင်းသည် သူ့ရန်သူနှင့် ပတ်သတ်လာလျှင် မိန်းမဖြစ်စေ၊ယောက်ျားဖြစ်စေ အမြဲရက်စက် ပေသည်။
အနက်ရောင်လေပြင်းက သည်ဧရိယာကို ဖြတ်သန်းသွားသည့်အခါ ရေခဲသည် ချက်ခြင်းလွင့်ပါးသွားရ၏။ထာရှန်၏လက်သီးချက်သည်လည်း ရေခဲထုပြိုလဲသွားသည်နှင့် ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ယောင်ပင်ယွင်၏အသွင်က ပြောင်းလဲခြင်းမရှိ အေးစက်နေဆဲသာ။ထာရှန် နီးကပ်လာသည့်အခါ သူမက ပါးစဟ၍ တိတ်ဆိတ်စွာ ဆိုသည်။ “သွေး ပျက်စီးခြင်း…”
ထာရှန်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။သူ့ခန္ဓာကိုယ်ကနေ သွေးများစွာ ထွက်လာကာ သွေးမြူအဖြစ်သို့ ပြောင်းလဲကုန်၏။သူက ဆက်လက်၍ လက်သီးဖြင့် မတိုက်ခိုက်နိုင်ခင်မှာပင် နောက်သို့ လွင့်စင်သွားရ၏။သူက အလျင်အမြန် ဝမ်လင်း၏အရိပ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
ဤအခိုက်မှာပင် ဝမ်လင်းသည်လည်း အရပ်မျက်နှာအနှံ့မှ ထူးဆန်းသောအားတစ်ခု သိပ်သည်းလာသည်ဟု ခံစားရ၏။ထိုအားက သူ့ခန္ဓာကိုယ်ထဲရှိသွေးတို့ကို မြန်ဆန်စွာ စီးဆင်းလာစေသည်။သူ့သွေးများက ဆူပွက်လာကာ ခန္ဓာကိုယ်ထဲကနေ စိမ့်ထွက်လိုသည့်အလား။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။သူက သူ့ညာလက်ကို ခပ်တင်းတင်းဆုပ်၏။ထိုအခါ အနက်ရောင်လေပြင်းသည် အနက်ရောင်နဂါးအဖြစ်သို့ သိပ်သည်းသွားသည်။ထိုအနက်ရောင်နဂါးက အေးစက်စက်လေများကို ယောင်ပင်ယွမ်ထံသို့ မှုတ်ထုတ်လာသည်။
ပထမဆုံးအကြိမ်အဖြစ် ယောင်ပင်ယွမ်၏အသွင်က ပြောင်းလဲသွားသည်။သူမက အနက်ရောင်နဂါးထံမှ ထွက်ပေါ်လာသည့် လေအေးများကို စူးစိုက်ကြည့်နေကာ ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်စေသည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်ပြီ ဖြစ်သည်။သူ့ရန်သူကလည်း လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်စွမ်း ရှိနေသည်။ထို့ကြောင့် သူအရင်က အသုံးပြုခဲ့သည့် တိုက်ပွဲနည်းနာသည် သည်အမျိုးသမီးပေါ်၌ သက်ရောက်မှု မရှိတော့ပေ။
ဝမ်လင်းက ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။သူက သူမကို အနိုင်မယူနိုင်ပေ။ထို့ကြောင့် အမြန် ရှောင်ရှားရန်သာ ဆုံးဖြတ်လိုက်၏။
ဝမ်လင်းက နောက်သို့ ခြေလှမ်းလိုက်ပြီးနောက် သူသည် ပျောက်ကွယ်သွားတော့သည်။ယောင်ပင်ယွမ်က နောက်က လိုက်လို၏။သို့သော အနက်ရောင်နဂါးမှုတ်ထုတ်လိုက်သည့် လေအေးများက သူမ မျှော်လင့်သည်ထက် ပိုနေ၏။သူမက လောကနှင့် တစ်သားတည်း ပေါင်းစပ်လိုက်သည့်အခါမှာပင် ၎င်းလေအေးများကို ရှောင်နိုင်စွမ်း မရှိပေ။
ယောင်ပင်ယွမ်၏မျက်နှာ၌ အေးစက်မှုတို့ ပြည့်လာ၏။သူမက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုအခါ သူမရှေ့၌ အပြာရောင်အမြုတေတစ်ခု ပေါ်လာသည်။ထိုအမြုတေသည် အလွန်တောက်ပ၏။၎င်းပေါ်လာသည်နှင့် အေးစက်စက်လေနှင့် တွေ့ဆုံသွားသည်။အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် လေအေးက ပျောက်ကွယ်သွားသည်။အပြာရောင်အမြုတေသည်လည်း မှိန်ဖျော့သွားရ၏။
ယောင်ပင်ယွမ်၏အသွင်သည် သုန်မှုန်လာသည်။သူမက အပြာရောင်အမြုတေကို ဆွဲယူလိုက်၏။ထို့နောက် သူမသည် ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ စူးစိုက်ကြည့်ကာ နောက်ကနေ ဆက်၍ လိုက်သွားသည်။
သူမ စတင်ကျင့်ကြံခဲ့ကတည်းက အခုလိုမျိုး ရင်ဆိုင်ရန် ခက်ခဲသည့်လူမျိုး လုံးဝ မတွေ့ခဲ့ဖူးပေ။သူမ၏ နောက်ယောင်ခံမှုဖြင့်ပင် သူမသည် အခြားလူ၏ လွတ်မြောက်မှုကို မတားဆီးနိုင် ဖြစ်ရသည်။သူမက လောကနှင့် တစ်သားတည်း ပေါင်းစပ်လိုက်စဉ် တုန်ခါမှုလှိုင်းကို ရှာနိုင်ရန်အတွက် သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် မြောက်ပိုင်းနယ်မြေသို့ ဦးတည်ပျံသန်းသွားသည်။သူ့တွင် အစီအစဉ်ကြီး တစ်ခု ရှိနေ၏။
အနောက်ပိုင်းနှင်မြောက်ပိုင်းနယ်မြေကြားတွင် ကြယ်များ တန်းစီစွာ ရှိနေသည်။သင်က ထိုဧရိယာကို ဖြတ်ကျော်သွားပါက မြောက်ပိုင်းနယ်မြေထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။သို့သော်လည်း မရေမတွက်နိုင်သောကျင့်ကြံသူများက အနောက်ပိုင်းနယ်မြေ၏အစပ်တွင် ရှိနေကြသည်။သည်အခိုက်အတန့်၌ အနောက်ပိုင်းနယ်မြေတွင် ကျင့်ကြံသူများစွာသည် စုဝေးနေကြ၏။ယောင်မိသားစုဝင်များအပြင် ယောင်မိသားစုမှ ခေါ်ဆောင်လာသည့်လူများစွာလည်း ရှိနေ၏။
ထိုလူများသည် ဝမ်လင်းကို သံသယမရှိ သတ်ပစ်ရမည်ဟု ဆုံးဖြတ်ထားကြသူများပင်။ထို့ကြောင့် သူတို့က ဝမ်လင်း၏ လက်တုံ့ပြန်မှုကိုလည်း စိုးရိမ်မနေကြချေ။သူတို့အားလုံးက ယောင်မိသားစု၏ ဆုချီးမြှင့်မှုအတွက် လာရောက်ကြသူများသာ။
မရေမတွက်နိုင်သောလူများက သည်ဧရိယာကို ပိတ်ဆို့ထား၏။ အချို့လူများသည် အခြားလူဖြတ်သန်းမသွားလာနိုင်အောင် သည်ဧရိယာ၏ မူလစွမ်းအင်ကို ဆက်တိုက် နှောက်ယှက်နေကြ၏။
ဝမ်လင်းသည် ကြယ်များနှင့် ကီလိုမီတာငါးထောင်အကွာတွင် ပေါ်လာ၏။သူက သူ့ရှေ့ရှိ မြင်ကွင်းကို သုန်မှုန်စွာ စူးစိုက်ကြည့်နေသည်။သည်အကွာအဝေးကပင် သူသည် အားကောင်းသောလှိုင်းတစ်ခုကို ခံစားမိနေ၏။သည်ဧရိယာ၏ မူလစွမ်းအင်ကို အခုလိုမျိုး နှောက်ယှက်နေပုံဖြင့် သူက လောကနှင့်တစ်သားတည်း ပေါင်းစပ်လျှင်ပင် အန္တရာယ်ကင်းကင်း ဖြတ်သန်းသွားနိုင်မည်က မသေချာ ဖြစ်နေသည်။
သူက တစ်ဝက်တစ်ပျက်တွင် ပေါ်လာသည်နှင့် ကျင့်ကြံသူအားလုံး၏ ဝိုင်းတိုက်ခိုက်ခြင်းကို ခံရကာ သေဆုံးရမည်ကို သိနေ၏။
“ယောင်မိသားစု…” ဝမ်လင်းက အံတင်းတင်းကြိတ်လိုက်၏။ထို့နောက် သူက လှည့်၍ ပျောက်ကွယ်သွားပြန်သည်။
သည်အခိုက်အတန့်၌ နတ်ဘုရားအာရုံအနည်းငယ်က မြန်ဆန်စွာ ရောက်ချလာကာ ၎င်းတို့ထဲမှ တစ်ခုက ပတ်ဝန်းကျင်၏မူလစွမ်းအင်ကို နှောက်ယှက်လိုက်သည်။အကွာအဝေးတစ်ခုကနေ မာန်သွင်းသံများနှင့်အတူ ကျင့်ကြံသူများစွာက တရကြမ်း လာနေကြ၏။
မူလစွမ်းအင် နှောက်ယှက်ခံလိုက်ရခြင်းကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် ပေတစ်ထောင်အကွာတွင် ပေါ်လာ၏။သူ့အသွင်က ပို၍ သုန်မှုန်နေကာ သူက အလျင်အမြန် ပြေးရတော့သည်။
“ရှုမူက ဒီမှာပဲ…”
“ရှုမူ ဒီမှာ..သတ်ကြ…”
“ရှုမူ..သူက ရှုမူပဲ…”
နေရာအနှံ့မှ အော်သံများ ထွက်ပေါ်လာကြသည်။အမျိုးမျိုးသော ကျင့်ကြံသူများက သူ့ထံသို့ တိုးဝင်လာနေကြ၏။ထိုသို့ အဆင်အခြင်မဲ့စွာ လှုပ်ရှားလာသည့် အုပ်ထဲတွင် ယောင်မိသားစုဝင် တစ်ယောက်မှ မပါဝင်ချေ။
ယောင်မိသားစုဝင်များက နောက်ဘက်တွင် ရှိနေကာ အရာရာကို အေးစက်စက် စောင့်ကြည့်နေကြ၏။
ဝမ်လင်းက နောက်သို့ ဆက်ဆုတ်နေရင်း သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များစွာ ပေါ်လာ၏။သူ့အကြည့်က အေးစက်နေကာ နောက်မှ လိုက်လာသော လူအုပ်ထံသို့ ဝှေ့ကြည့်လိုက်သည်။ထိုသူတို့၏ ရုပ်သွင်းများကို သူ့စိတ်ထဲ၌ မှတ်ကျောက်တင်ထားလိုက်တော့သည်။
ကျင့်ကြံသူများ၏ အမျိုးအစားစုံလင်သော မန္တာန်များ၊လက်နက်များသည် နီးကပ်လာနေရင်း ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့၏။သူ့ရှေ့၌ မူလစွမ်းအင်နှောက်ယှက်မှုတို့ ရှိနေသော်လည်း ဝမ်လင်း ရှေ့သို့ဆက်တိုးခြင်း၌ ကြုံနိုင်သည့် နှောက်ယှက်မှုလောက် မများလှပေ။
“ယောင်မိသားစု…ငါက လက်စားမချေနိုင်ရင် ငါ့ကိုယ်ငါ ကောင်းကင်ကိုဖိဆန်တဲ့ ကျင့်ကြံသူလို့ မခေါ်တွင်တော့ဘူး…”
ဝမ်လင်းက နှာခေါင်းရှုံ့ကာ ပျောက်ကွယ်သွားတော့၏။
တဟုန်ထိုးတိုးဝင်လာသည့် ကျင့်ကြံသူများသည် ဝမ်လင်း၏နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည့်အခါ သူတို့၏စိတ်ထဲ၌ အေးစိမ့်မှုကို ခံစားလိုက်ရသည်။သည်လောက် အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဝမ်လင်းသည် သတ်ဖြတ်သူတစ်ယောက်အဖြစ် စတင်တော့မည်ဟု ဖော်ကျူးနေသည် မဟုတ်လား။
“မင်းတို့အားလုံးက ငါ့ကို ပိတ်လှောင်ချင်နေမှတော့…ငါလာခဲ့မယ်…”
ဝမ်လင်းသည် လောကနှင်တစ်သားတည်း ပေါင်းစပ်နေရင်း နောက်သို့ အမြန်ဆုတ်နေသည်။သည်အခိုက်အတန့်၌ ယောင်ပင်ယွမ်၏ အော်ရာ ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာသည်။သူ့အသွင်က အနောက်ပိုင်းနယ်မြေ၌ နောက်တစ်ဖန် ပေါ်လာခဲ့၏။သူ့ရှေ့တွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိနေသည်။
ဝမ်လင်းက ထိုဂြိုဟ်၏အမည်ကို မသိပေ။သို့သော် သူက ပေါ်လာသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့နတ်ဘုရားအာရုံဖြင့် ၎င်းဂြိုဟ်ကို စစ်ဆေးလိုက်သည်။ထိုဂြိုဟ်ပေါ်၌ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ထက် ပိုမြင့်သည့် ကျင့်ကြံသူတစ်ယောက်မှ ရှိမနေပေ။
သူက သက်ပြင်းချမိ၏။သည်ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်အနေအထားအရ သည်ဂြိုဟ်တွင် ပုံရိပ်ယောင်ယင်နှင့်အထက်အဆင့်များ တစ်ယောက်မှ မရှိသည်မှာ မဖြစ်နိုင်ပေ။ထိုအဆင့်အောက်များသည် သူ့ကို အမဲလိုက်ရာ၌ ပါဝင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အမှန်တော့ ဝမ်လင်း၏ခန့်မှန်းမှုက အလွန်တည်ကျ၏။အခုလိုမျိုး သည်ဂြိုဟ်၏ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ပျောက်နေခြင်းက အဖြေတစ်ခုသာ ရှိပေမည်။ထိုအဖြေက သည်ဂြိုဟ်မှ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများသည် သူ့ကို အမဲလိုက်ရာ၌ ပါဝင်နေသည်ဟူ၍ပင်။
ဝမ်လင်းက တဟုန်ထိုး တိုးဝင်လာနေ၏။သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကလည်း အလွန်အမင်း ပြင်းထန်နေသည်။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် ထို့ထက်ပိုသော အဆင့်၌ တွေ့ကြုံပါက လက်ညွှိုးတစ်ချက်ဖြင့်ပင် သက်ပစ်နိုင်သည် မဟုတ်လား။
“မင်းတို့က ငါနဲ့ယောင်မိသားစုကြား ကိစ္စမှာ ပါလာမယ်ဆိုရင် မင်းတို့လည်း ငါ့ရဲ့ လက်တုန့်ပြန်မှုကို ကျိန်းသေပြန်ခံရမယ်။ငါက ဒီမိသားစုတွေကို အတင်း မောင်းမထုတ်ဘူးဆိုရင် သူတို့အများစုက ဒီကိစ္စမှာ ပါဝင်လိမ့်မယ်…”
“ဒီကိစ္စကို ရင်ဆိုင်ဖို့ တစ်ခုတည်း နည်းလမ်းက သူတို့ကို တုန်လှုပ်အောင် လုပ်ဖို့ပဲ။ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းကတော့ သူတို့ရဲ့ဂြိဟ်တွေကို သတ်ဖြတ်ပစ်ရမယ်…”
ဝမ်လင်းသည် ကြင်နာတက်သူတစ်ယောက် မဟုတ်ပေ။အခုချိန်၌ သူက ယောင်မိသားစုဝင်များနှင့်ကျင့်ကြံသူများကြောင့် အနောက်ပိုင်းကုန်းမြေတွင် ပိတ်မိနေသည်မဟုတ်လား။သူသာ သနားသက်ညှာနေပါက သေဖို့စောင့်နေသည်နှင့် တူပေလိမ့်မည်။
ထို့အပြင် ဝမ်လင်းကို ပို၍ စိတ်ပူစေသည်က ယောင်မိသားစုနှင့် အခြားမိသားစုများမှ အစစ်အမှန် ကျွမ်းကျင်သူများကိုပင်။နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ခြေချပြီးသူ ကျင့်ကြံသူတစ်ယောက်ကို ဝမ်လင်းက ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
တန်လင်းဂြိုဟ် ကျော်ကြားရသည့် အကြောင်းရင်းမှာလည်း လူတွေ၏စိတ်ထဲ၌ ၎င်းတို့၏ သတ်ဖြတ်မှုကို ကြောက်ရွှံ့နေသောကြောင့်သာဖြစ်သည်။တန်လင်းဂြိုဟ်၏ မျိုးဆက်များသည် ထွက်ပေါ်လာသည်နှင့် ၎င်းတို့ကို စော်ကားသည် မည်သူ့ကို မဆို ထိုသူတို့၏ ဂြိုဟ်တွေကိုပါ သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်လား။
သွေးဖြင့် ပြန်လည် ပေးဆပ်စေခြင်းကသာ သူတို့အားလုံး အမှတ်ရနေမည့် နည်းလမ်းပင်။
ဝမ်လင်းသည် မူလတုန်းက ထိုသို့ မလုပ်ချင်ခဲ့ပေ။သို့သော် ခုချိန်၌ သူက ထိုသို့လုပ်ဆောင်ရန် ဖြစ်လာ၏။ထိုသို့ သတ်ဖြတ်ပစ်မှသာ သည်ကိစ္စတွင် ပါဝင်မည့် ကျင့်ကြံခြင်းမိသားစုများသည် နောက်ဆုတ်သွားနိုင်မည် ဖြစ်၏။
ဝမ်လင်းသည် ဂြိုဟ်အနှံ့ လေပွေရိုင်းတစ်ခုကဲ့သို့ ဖြတ်သန်းနေရင်း အသက်များကို ယူဆောင်ပစ်နေ၏။အမွှေးတိုင်တစ်တိုင်ဝက်စာခန့် ကြာမြင့်ပြီးနောက် သူက လောကနှင့်တစ်သားတည်း ပြန်ပေါင်းစပ်ကာ ပျောက်ကွယ်သွားပြန်၏။
သူက သည်ဂြိုဟ်ကို သွေးချောင်းစီးစေခဲ့ကာ စိတ်ဝိညာည်အသွင်ပြောင်းခြင်းအထက်ရှိ ကျင့်ကြံသူတစ်ဦးတစ်လေကိုမျှ ချမ်းသာ မပေးခဲ့ချေ။သေမျိုးများကိုမူ သူက တစ်ယောက်တောင် မနာကျင်စေခဲ့ပေ။ဝမ်လင်းသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက်ရှိ လူများသည် သည်ကိစ္စတွင် မပါဝင်နိုင်ကြောင်း သိထားပေ၏။ထို့ကြောင့်သူက ၎င်းတို့ကို မသတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
သူ မထွက်ခွာခင် ဝမ်လင်းသည် လက်မြှောက်ကာ မြေပြင်ထက်သို့ ဖိချလိုက်၏။တုန်ဟီးမြည်သံတစ်ခု ဖြစ်ပေါ်သွားပြီးနောက် မြေပြင်ထက်မှ စာလုံးကြီးနှစ်လုံး ပေါ်လာခဲ့သည်။
“ရှုမူ…”
ဝမ်လင်းသည် ထွက်ခွာသွားပြီးနောက် လှိုင်းတွန့်များ ပေါ်လာကာ ယောင်ပင်ယွမ်သည် လှမ်းထွက်လာ၏။သူမက ကျင့်ကြံခြင်းဂြိုဟ်ကို တွေ့မြင်သည့်အခါ သူမ၏အသွင်သည် အလွန်အမင်း သုန်မှုန်သွားတော့၏။ထို့နောက် သူမ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒ ဖြတ်ပြေးသွားသည်။ထို့နောက် သူမက ဆက်လက်၍ လိုက်လံ၏။
ဝမ်လင်း၏မျက်လုံးများက နီရဲနေ၏။သူက အနောက်ပိုင်းနယ်မြေ၏ မတူညီသောနေရာများတွင် ပေါ်လာနေသည်။သူ ပေါ်လာတိုင်း သူ့အနီးအနား၌ ဂြိုဟ်တစ်လုံး ရှိနေ၏။ထိုဂြိုဟ်ပေါ်တွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ရှိနေပါက သူက နောက်ပြန်လှည့်သွားသည်။
သို့သော်လည်း ဂြိုဟ်ပေါ်တွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ မရှိနေပါက ၎င်းတို့သည် သူ့နောက်သို့ လိုက်လံသည့် ကိစ္စတွင် ပါဝင်နေသည်ဟု ဆိုလိုနေသည်။ထို့ကြောင့် သူက ထိုကဲ့သို့သော ဂြိုဟ်ကို သွေးချောင်းစီးစေခဲ့သည်။
“မင်းတို့အားလုံးက ငါ့ကို တွန်းအားပေးနေတာပဲ။မင်းတို့က ငါ့နောက်ကို ယောင်မိသားစုရဲ့ ဆုလဒ်ကလွဲလို့ ဘာအကြောင်းမှ မရှိဘဲ လိုက်သတ်နေတာက ကံကြမ္မာအကြောင်းရင်း မင်းတို့ရဲ့ ဂြိုဟ်ကို ငါ သတ်ဖြတ်ပစ်တာကတော့ ကံကြမ္မာအကျိုးဆက် ဖြစ်တယ်…”
ဝမ်လင်းက အခုလိုမျိုး သတ်ဖြတ်ရသည်ကို မနှစ်သက်ချေ။သို့သော် သူက အခုအခြေအနေသို့ ရောက်နေရကာ သူ့အတွက် ရွေးစရာ မရှိတော့ပေ။
ရက်သုံးဆယ်ခန့် ကုန်ဆုံးပြီးသည့်နောက် သွေးလွှမ်းသောမုန်တိုင်းတစ်ခုသည် အနောက်ပိုင်းနယ်မြေတွင် ရိုက်ခတ်သွားခဲ့လေပြီ။ထိုသတင်းက ကျင့်ကြံသူအားလုံးကို ဒေါသထွက်စေ၏။တစ်ချိန်တည်းမှာလည်း သူတို့အား ကြောက်လန့်စေသည်။
ဒါဇင်နှင့်ချီသော ကျင့်ကြံခြင်းဂြိုဟ်များရှိ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနှင့်အထက်အဆင့် ကျင့်ကြံသူများအားလုံးသည် သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။ထိုဂြိုဟ်များပေါ်တွင် ကျန်နေခဲ့သည့် စာလုံးနှစ်လုံးသည် ရှုမူ ဟူ၍ပင်။
ထိုအရာက ပြောင်ပြောင်တင်းတင်း ကလဲ့စားပြန်ချေခြင်းပင်။သည်လိုအပြုအမူမျိုးက နတ်ဆိုးလမ်းကြောင်းပေါ်တွင် ရှိနေ၏။ “နတ်ဆိုး” မည်သူက စပြောလိုက်မှန်း မသိသည့် နတ်ဆိုး ဆိုသည့် အမည်နာမသည် ဝမ်လင်းအပေါ်သို့ ရောက်လာခဲ့တော့၏။
“ငါနဲ့ယောင်မိသားစုကြားမှ ပါဝင်မယ်ဆိုရင် ဒီအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်…”
***