အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကြယ်များကြားတွင် လှိုင်းတွန့်များသည် တောက်ပစွာ ပေါ်လာ၏။ဝမ်လင်းသည် ၎င်းလှိုင်းတွန့်များထဲကနေ လှမ်းထွက်လာသည်။သူ့မျက်နှာက ဖြူရောနေ၏။ယောင်ချန်တန်နှင့် တိုက်ပွဲသည် အလွန်အန္တရာယ်များခဲ့၏။အခန့်မသင့်ဘဲ အနည်းငယ် ပေါ့စမိသည်နှင့် သူပင် သေဆုံးသွားနိုင်သည်။
“ယောင်ချန်တန်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ။ငါတို့နှစ်ယောက်ရဲ့ကြားက ကွာခြားချက် တကယ်ကို ကြီးမားတာပဲ။ဒါပေမဲ့ ငါသာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်မှာ ဆိုရင် သူ့ကို သတ်ပစ်ဖို့ အဲ့လောက် ခက်ခဲတော့မှာ မဟုတ်ဘူး…”
ဝမ်လင်း၏မျက်လုံးတို့က ကြမ်းကြုတ်ဟန် ဖြစ်ပေါ်နေ၏။သူက လောကနှင့် တစ်သားတည်း အချိန်အကြာကြီး ပေါင်းစပ်နေနိုင်ခြင်း မရှိပေ။သူက ပေါ်လာသည်နှင့် မြန်ဆန်စွာ ပျံသန်းသွားတော့သည်။အသက်ရှုချိန် အနည်းငယ်ခန့် ကြာမြင့်ပြီးမှ သူက လောကနှင့် တစ်သားတည်းပြန်ပေါင်းစပ်လိုက်၏။
“ခုချိန်မှာ ငါက ပြန်ကုစားဖို့ နေရာတစ်နေရာ ရှာဖို့ လိုနေပြီ။ငါ ပြန်ကောင်းလာတာနဲ့ ငါက ယောင်မိသားစုကို ပိုပြီး ပြဿနာ ရှိရမယ်…”
ဝမ်လင်း၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ထိုနေရာ၌ လှိုင်းတွန့်များ ပေါ်လာကာ အေးစက်စက်အလှပဂေးတစ်ယောက် လှမ်းထွက်လာ၏။သူမက ပေါ်လာသည်နှင့် ဝမ်လင်းပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။သူမက တိုးညင်းစွာ ဆိုသည်။ “ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို တစ်ခါတည်း နှစ်ကြိမ်အသုံးပြုတာပါ။ ဒီရှုမူက လောကရဲ့မူလစွမ်းအင်အပေါ် ဖမ်းဆုပ်နိုင်မှုမှ အတော်လေး အားကောင်းနေပြီပေါ့…”
ယောင်မိသားစုနှင့် ရင်းနှီးသော တစ်စုံတစ်ယောက်သာ သည်နေရာတွင် ရှိပါက သူတို့သည် သူမကို သိရှိပေလိမ့်မည်။သူမ၏ အမည်က ယောင်ပင်ယွမ်တည်း။အရှေ့ပိုင်းနယ်မြေတစ်ခုလုံး၏ ဖီးနစ်မယ်သုံးယောက်ထဲမှ တစ်ယောက်အပါအဝင်လည်း ဖြစ်သည်။
ရေခဲဖီးနစ်ယောင်ပင်ယွမ်…။သူမကို ယောင်မိသားစု၏ တတိယမျိုးဆက်များကြား ထိပ်ဆုံးသုံးယောက်တွင် ပါဝင်သူဟု သတ်မှတ်နိုင်၏။သူမ၏အသွင်က အမြဲအေးဆက်နေကာ သူမမိသားစုဝင်များနှင့် တွေ့သည့်အချိန်မှာပင် မထူးခြားနားစွာ ပြောဆိုတက်သူ ဖြစ်သည်။
သူမ၏ ပါရမီက ယောင်မိသားစုအတွင်း၌ ကြီးကျယ်လှသည်မဟုတ်။သို့သော သူမ၏တာအိုအပေါ် စူးနစ်မှုက စိတ်ကူးနိုင်သည်ထက် ပိုနေ၏။သူမ၏ တာအိုနောက်ကို လိုက်လံရန် သူမသည် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိပြီးသည့်နောက် ကောင်းကင်ဘုံမန္တာန် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းကို စတင် ကျင့်ကြံခဲ့သည်။
ထိုမန္တာန်က မူလစိတ်ဝိညာဉ်၏အာရုံများကို ချိပ်ပိတ်ထားရ၏။ဆိုလိုသည်က သင့်မျက်လုံးသည် မမြင်နိုင်၊နားသည် မကြားရ၊နှာခေါင်းသည် အနံ့မရ ဖြစ်ပေမည်။၎င်းမန္တာန်သည် ယောင်မိသားစု၏ တားမြစ်မဟာမန္တာန်သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ယူဆနိုင်၏။အလွန့်အလွန်နည်းပါးသော သူများသည် ၎င်းမန္တာန်ကို ကျင့်ကြံရာ၌ တည်တည်ငြိမ်ငြိမ် ရှိနိုင်ပေလိမ့်မည်။အကြောင်းမူကာ သင်သည် ထိုမန္တာန်ကို ကျင့်ကြံစဉ်အတွင်း အနည်းငယ် သတိမမူမိသည်နှင့် ချိပ်ပိတ်မှုထဲ၌ ပိတ်လှောင်မိကာ သေဆုံးရမည် ဖြစ်သောကြောင့်တည်း။
ခေတ်များ ကုန်ဆုံးလာသည်နှင့်အမျှ ယောင်မိသားစုဝင်များသည် ထိုမန္တာန်ကို ကျင့်ကြံရာ၌ သေဆုံးခဲ့ကြရ၏။ထို့ကြောင့် တဖြည်းဖြည်းဖြင့် ၎င်းမန္တာန်ကို ကျင့်ကြံသည့်သူ နည်းပါးလာခဲ့သည်။
ယောင်ပင်ယွမ်ကမူ သည်အခြေအနေကို သိသော်လည်း ယောင်မိသားစု၏ ရေခဲဂြိုဟ်ပေါ်တွင် နှစ်ပေါင်းငါးရာ တံခါးပိတ်ကာ အနှီမန္တာန်ကို ကျင့်ကြံခဲ့ပေသည်။
သူမ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူမသည် ပိုမို၍ပင် အေးစက်လာခဲ့သည်။သူမသွားသည့်နေရာတိုင်း၌ အေးစိမ့်မှု ရှိနေ၏။သူမ၏ဘဝသည် တာအိုအပေါ်သာ ရူးမူးကာ သူမ၏ ပြတ်သားမှုကလည်း အံ့မခန်းပေ။
ယောင်မိသားစု၏ တတိယမျိုးဆက်များကြားတွင် လူနှစ်ယောက်သာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ဖမ်းဆုပ်နိုင်ခဲ့သည်။ယောင်ပင်ယွမ်က တစ်ယောက်အပါအဝင် ဖြစ်လေ၏။သူမသည် အခြားတစ်ယောက်ထက်ပင် ပို၍ နက်ရှိုင်းသောနားလည်မှု ရှိနေသေးသည်။
သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် သူမသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အေးစက်စက်အသွင်နှင့် ဝမ်လင်းနောက်သို့ ဆက်လိုက်လာသည်။
ထိုလိုက်လံမှုက ဆယ်ရက်တာ ကြာမြင့်၏။ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် တစ်ခုခုမှားနေသည်ကို သဘောပေါက်လာကာ ပို၍လည်း သတိထားလာသည်။
သည်ဆယ်ရက်အတွင်း ယောင်ပင်ယွမ်က သူ့နောက်သို့ နီးကပ်စွာ လိုက်လာနေ၏။ပုံမှန်အားဖြင့် သူမ၏ စိတ်နေစိတ်ထားအရ သူမသည် သည်မိသားစုကိစ္စတွင် ပါဝင်လိမ့်မည် မဟုတ်ချေ။သူမက အချိန်ရသရွှေ့ တံခါးပိတ်ကျင့်ကြံကာ ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်ရန်သာ ကုန်ဆုံးတက်သည်။
သို့သော်လည်း ယောင်မိသားစု၏ဘိုးဘေး သွေးနတ်ဘုရားက ကောင်းကင်အမိန့်ကို ထုတ်ပြန်သည့်အခါ၌ တစ်စုံတစ်ခုကိုပါ ထည့်ပြောခဲ့ပေသည်။ရှုမူကို ကိုယ်တိုင်သတ်နိုင်သည့် မည်သူမဆို ယောင်မိသားစုက အင်အားအပြည့်သုံး၍ ကိစ္စတစ်ခုကို ဖြည့်ဆည်းပေးမည် ဟူ၍ ဖြစ်လေသည်။
ထို့ကြောင့်လည်း ယောင်ပင်ယွမ်က သည်ကိစ္စတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့၏။
“အစ်မ…ငါ နင့်ကို ကယ်တင်နိုင်ရမယ်…” ယောင်ပင်ယွမ်က အောက်နှုတ်ခမ်းကို ကိုက်ကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်၍ ဝမ်လင်းနောက်သို့ ဆက်လိုက်လာပြန်၏။
သည်ဆယ်ရက်တာအတွင်း ရှုမူ၏သတင်းက အလျင်အမြန် ပျံ့နှံသွားပြီး ဖြစ်သည်။အထူးသဖြင့် မိသားစုတော်တော်များများက သူ့ကို သတ်နိုင်ရန် (၂၈)ယောက်ပါ အဖွဲ့တစ်ခု ဖွဲ့ခဲ့ခြင်းပင်။အဆုံးသပ်၌ ရှုမူကသာ ထိုအုပ်စုထဲမှ (၂၆) ယောက်ကို သတ်ပစ်ခဲ့ပြီး နှစ်ယောက်သာ လွတ်မြောက်ခဲ့သည်ဟူ၍ပင်။
ထိုအခါ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ရှုမူနှင့် ပတ်သတ်သော သတင်းများကို မေ့နေ့သူအချို့သည် ပြန်အမှတ်ရလာတော့၏။
လူတိုင်းကို ပို၍ တုန်လှုပ်စေသည်က ထို(၂၈)ယောက်ထဲတွင် အထည်ဒြပ်ယန်အဆင့်သုံးယောက်၊ပုံရိပ်ယောင်ယင်အဆင့် ကိုးယောက်နှင့် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ဆယ့်ခြောက်ယောက် ပါဝင်နေခြင်း ဖြစ်၏။ထိုသို့သော အုပ်စုကိုပင် ရှုမူက လွတ်ကူစွာ သတ်ပစ်နိုင်ခဲ့သည်။လွတ်မြောက်လာသည့် နှစ်ယောက်ထဲမှ တစ်ယောက်သည် သူ့နေရာသို့ ပြန်ရောက်သည်နှင့် သူ့မိသားစုနှင့်ဂြိုဟ်သည် ရှုမူနှင့်ယောင်မိသားစုတို့ကြား ကိစ္စတွင် မပါတော့ဟုပါ ကြေငြာခဲ့ပေ၏။
ရှုမူထံမှ လွတ်လာသည့် အခြားတစ်ယောက်က အထည်ဒြပ်ယန်အဆင့် ဖြစ်၏။သူက ပို၍ပင် အခြေအနေဆိုးကာ သူ့မူလစိတ်ဝိညာည်ပင် ဒဏ်ရာရခဲ့သည်။သူက ပြန်ရောက်လာသည်နှင့် တံခါးပိတ်ကျင့်ကြံခဲ့ရကာ သည်ကိစ္စတွင် မပါဝင်တော့ဟု ကြေငြာခဲ့ပြန်၏။
သည်သတင်းများက ရှုမူနှင့်ပတ်သတ်သည့် အကြောင်းများကို လုံးဝ ပြန်အမှတ်ရသွားစေခဲ့သည်။
တစ်ချိန်တည်းလိုလိုမှာပင် ယောင်မိသားစု၏ တတိယမျိုးဆက် ယောင်ချန်တန်သည် ရှုမူသတ်တာ ခံလိုက်ရသည့် သတင်းသည်လည်း ပျံ့နှံ့လာခဲ့၏။ထိုသတင်းသည် အလုံးစုံကြယ်အဖွဲ့အစည်းအနှံ့ မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်စေသည်။
ယောင်မိသားစု၏ ကောင်းကင်အမိန့်အောက်၌ သတ်ဖြတ်ရန် စေလွှတ်ခဲ့သူတို့သည်သာ အသတ်ခံခဲ့ရလေ၏။ထိုအခါ ရှုမူ ဆိုသည့် နာမည်ကို ကျင့်ကြံသူများ ပို၍ မှတ်မိလာကြတော့သည်။
ယောင်မိသားစုသည်လည်း မြန်ဆန်စွာ တုံ့ပြန်ခဲ့သည်သာ ဖြစ်သည်။မိသားစုဝင်များနှင့် ချိတ်ဆက်မှုရှိသော အခြား ကျင့်ကြံခြင်းမိသားစုများသည် အနောက်ပိုင်းနယ်မြေသို့ အတူ စုဝေးလာကြတော့၏။
သည်အချိန်မှာပင် ဝမ်လင်းက လောကနှင်တစ်သားတည်း ဆက်လက် ပေါင်းစပ်နေရင်း အတော် သတိထားနေ၏။
သူက သူ့နောက်က လိုက်နေသည့်သူကို မမြင်တွေ့ရသော်လည်း နောက်ယောင်ခံလိုက်ခြင်း ခံနေရသည့် ခံစားမှုက အားကောင်းနေသည်။ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ပြီး ပြန်မထွက်ပေါ်ရန် ဆုံးဖြတ်လိုက်၏။သူက ဦးတည်ရာလမ်းကြောင်းများကိုလည်း ဆက်တိုက် ပြောင်းနေသည်။
ထို့အတွက်ကြောင့် ဝမ်လင်းနှင့်ယောင်ပင်ယွမ်တို့နှစ်ယောက်သည် နားလည်မှုခြင်း ယှဉ်ပြိုင်ရသည့် သဘောမျိုး ဖြစ်လာခဲ့၏။ပို၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိသူက လောကနှင့်တစ်သားတည်းပိုကြာကြာ ပေါင်းစပ်နိုင်ပေမည်။
အခြားတစ်ယောက်ကသာ အရင်ပေါ်လာခဲ့ပါက ဝမ်လင်းသည် လက်ဦးမှု ရယူပေလိမ့်မည်။သူက သူတို့ကို သူ့တည်နေရာအား သိရှိရန် ခွင့်ပြုမည် မဟုတ်ပေ။
ဝမ်လင်းသည် အရှင်မီးတောက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ခဲ့စဉ်က အချိန်အတန်ကြာ လောကနှင့် ပေါင်းစပ်ခြင်း၌ အတွေ့အကြုံ ရှိခဲ့ဖူး၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ယောင်ပင်ယွမ်၏နားလည်မှုက လေးနက်သော်လည်း ဝမ်လင်းနှင့်အတွေ့အကြုံခြင်း မယှဉ်နိုင်ချေ။ဆယ့်ခြောက်ရက်မြောက်နေ့၌ သူမက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဟင်းလင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့၏။
သူမက ပေါ်လာသည်နှင့် လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားချိန် ဝမ်လင်းအပေါ် ချမှတ်ထားသည့် သူမ၏ နတ်ဘုရားအာရုံကပါ ပျောက်ကွယ်သွားရသည်။
ယောင်ပင်ယွမ်၏အသွင်က တည်တည်ငြိမ်ငြိမ်ပင်။သူမက သိုလှောင်အိတ်ထဲမှ ကြေးမုံငယ်တစ်ခုကို ထုတ်ယူလိုက်၏။သူမက ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းသကဲ့သို့ ပြုမူ၏။ခဏအကြာတွင် သူမက နောက်တစ်ဖန် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားပြန်သည်။
ဝမ်လင်း၏ပုံရိပ်က အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေ နယ်စပ် စွန့်ပစ်ဂြိုဟ်တစ်ခု ဘေး၌ ပေါ်လာ၏။သူက ပြန်ပေါ်လာသည့်အခါ သူ့မျက်နှာ၌ သွေးရောင်ပင် မရှိတော့ချေ။တကယ်တော့ သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးဖြစ်သည့်အပြင် အချိန်အတန်ကြာ အားစိုက်ထုတ်၍ ပြေးနေခဲ့ရသည် မဟုတ်လား။ထို့ကြောင့် သူ့ဒဏ်ရာများက ပို၍ ဆိုးလာခဲ့သည်။သည်အခိုက်အတန့်၌ သူ့နောက်သို့လိုက်လာသည့်လူကို လုံးဝ နောက်ချန်ရစ်ခဲ့ပြီးမှ သူက စိတ်သက်သာရာ ရတော့၏။
“ယောင်မိသားစုဟာ သူတို့ရဲ့အစီအစဉ်ကို ကြိုချမှတ်ပြီး ဖြစ်တယ်။ဒါ့ကြောင့် အခုကစပြီး ငါ့အတွက် ခြေလှမ်းတိုင်းဟာ ခက်ခဲတော့မယ်…”
ဝမ်လင်းသည် ထိုစွန့်ပစ်ဂြိုဟ် ရှိရာသို့ ပျံသန်းသွားတော့၏။
ထိုဂြိုဟ်တွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေပေ။နေရာတိုင်းက ပျက်စီးနေ၏။
ဝမ်လင်းက ထိုဂြိုဟ်ပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုကို ရှာတွေ့သွားသည်။သူက ထိုင်ချလိုက်ပြီးနောက် သူ့ သိုလှောင်အိတ်ကို ထိလိုက်၏။ထိုအခါ စိတ်ဝိညာဉ်အလံသည် ပျံသန်းထွက်လာကာ သည်ဧရိယာကို အနက်ရောင်မြူများနှင့် ပြည့်နှက်သွားစေသည်။အတားအဆီးများစွာကို ချမှတ်ပြီးနောက် သူက မျက်လုံးမှိတ်လိုက်၏။သူ့နောက်တွင် ထာရှန်က သူ့အရိပ်ထဲကနေ လှမ်းထွက်လာကာ သူ့ဘေး၌ ထိုင်ချသည်။ထာရှန်၏ ညာလက်က ပျက်စီးသွားခဲ့ကာ သူ့ခန္ဓာကိုယ်၌လည်း ဒဏ်ရာများနှင့် ပြည့်နေသည်။
ဝမ်လင်းက သူ့တွင် အချိန်မရှိကြောင်း သိနေ၏။သူက သူ့ဒဏ်ရာများကို အမြန်ပြန်ကုနိုင်မှ သူ့အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ပေမည်။ထိုမှသာ သူက ရှင်သန်နိုင်မည် မဟုတ်လား။
ကျင့်ကြံနေရင်းဖြင့် ဝမ်လင်းသည် သူ့ညာလက်ကို မြှောက်ကာ အနက်ရောင်မြူထုထံသို့ ဆန့်တန်းကာ ပုံရိပ်ယောင်ယင်အဆင့်မူလစိတ်ဝိညာဉ်တစ်ခုကို ချက်ခြင်း ဖမ်းယူသည်။၎င်းစိတ်ဝိညာဉ်က အသနားခံတောင်းဆိုခြင်း မပြုခင်မှာပင် ဝမ်လင်းက ၎င်းကို ဖျက်စီးကာ မူလစွမ်းအင်များကို ဝါးမြိုပစ်လိုက်၏။
ခဏအကြာတွင် ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာ၏။သူက နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခုကို ဖမ်းယူကာ ဝါးမြိုလိုက်ပြန်သည်။
သူက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ချိန်ညှိနေရင်း မူလစိတ်ဝိညာဉ်ထံမှ မူလစွမ်းအင်တို့ကို ဆက်လက် စုပ်ယူနေသည်။ခြောက်နာရီခန့်အကြာ မူလစိတ်ဝိညာဉ်လေးခုကို ဝါးမြိုပြီးသည့်နောက် အားကောင်းသော မူလစွမ်းအင်လှိုင်းတစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာတော့သည်။သူက မျက်လုံးပြန်ဖွင့်လာ၏။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသည်။ထို့နောက် သူက လက်ဆန့်ထုတ်လိုက်ရာ သိုလှောင်အိတ်များစွာ ပေါ်လာသည်။
ထိုသိုလှောင်အိတ်များက သူသတ်ခဲ့သောလူများ ပိုင်ဆိုင်ခဲ့သည့်အရာများပင်။အများကြီးတွေးမနေဘဲ ဝမ်လင်းသည် ၎င်းတို့ပေါ်ရှိ နတ်ဘုရားအာရုံများကို ပယ်ဖျက်ကာ ရတနာများအားလုံးကို ထုတ်ယူလိုက်၏။သူက ၎င်းတို့ကို ချေမွပြီး အရည်အဖြစ်သို့ ပြောင်းကာ ထာရှန်ကိုယ်ထဲသို့ ပျော်ဝင်စေသည်။
သူက ထာရှန်၏ခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးနိုင်ရန် ထိုရတနာများအားလုံးကို ဖျက်စီးခဲ့ပေသည်။
နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ထာရှန်၏အရိုးများသည် ပြန်ကောင်းမွန်လာခဲ့လေပြီ။သူက အနည်းငယ်အားနည်းနေသေးသော်လည်း အလေးအနက်ထားစရာလိုလောက်အောင် အားမနည်းတော့ပေ။
ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ဖြတ်ပြေးသွားကာ သူက လေထဲသို့ ပျံတက်လိုက်၏။ထာရှန်ကလည်း သူနောက်သို့ အမြန်လိုက်လာကာ ဝမ်လင်း၏အရိပ်နှင့် ပေါင်းစပ်လိုက်၏။
ဝမ်လင်းက လေထဲသို့ ပျံတက်လိုက်သည့်အခိုက်တွင် သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ထိုအခါ အနက်ရောင်မြူထုသည် ပြန်စုဝေးကာ သူ့လက်ထဲ၌ အလံတစ်ခု ပေါ်လာ၏။ထို့နောက် သူက ၎င်းအလံကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက်သည်။
သည်အခိုက်အတန့်၌ ယောင်ပင်ယွမ်၏စွဲမက်ဖွယ်ပုံရိပ်သည် ဝမ်လင်း ဒဏ်ရာကုနေသော ဂြိုဟ်အပြင်ဘက်၌ ပေါ်လာခဲ့သည်။သူမ၏ မျက်နှာက အေးစက်နေကာ သူမက ကြေးမုံငယ်ကို ထုတ်၍ ကြည့်သည်။ထိုကြေးမုံထဲ၌ ဝမ်လင်းသည် ကောင်းကင်ထက်သို့ ပျံတက်လာသည်ကို တွေ့မြင်နေရသည်။
သူမ၏အသွင်က အေးစက်နေသည်။သူမက ဘယ်လက်ကိုမြှောက်ကာ ကြေးမုံထက်သို့ လက်ချောင်းဖြင့် ဖိချ၏။ကြေးမုံသည် သူမလက်ချောင်းဖြင့် မထိခင်ကတည်းကပင် တစစီ ဖြစ်သွားတော့သည်။
ဝမ်လင်းသည် သတ်ဖြတ်ချင်စိတ်အပြည့်နှင့် ဂြိုဟ်ထံကနေ ထိုးထွက်လာ၏။သူ့ပတ်လည်၌လည်း ခရမ်းရောင်မိုးကြိုးလုံးတို့ ဝန်းရံနေသည်။ထိုအရာက သူ့ကို ပို၍ မြန်ဆန်စေသည်။
မျက်စိတစ်မှိတ်အတွင်း သူက ဂြိုဟ်ထံကနေ ထွက်လာကာ ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
ယောင်ပင်ယွမ်၏အသွင်က တည်ငြိမ်နေလျက်သာ။သူမက သူ့ထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူမက လက်မြှောက်ကာ ညွှန်သည်။ထိုအခါ သူမ၏လက်ချောင်းထိပ်၌ အပြာရောင်ရေခဲသလင်းများ သိပ်သည်းလာသည်။
ယောင်ပင်ယွမ်က တိုးညင်းစွာ ဆို၏။ “ရေခဲ ဖျက်စီးခြင်း…”
လက်ညွှိုးတစ်ချက်ဖြင့်ပင် အေးစက်သောအော်ရာတစ်ခုသည် အရူးအမူး ပျံ့လာသည်။ယောင်ပင်ယွမ်၏ လက်ချောင်းထိပ်ကနေစ၍ ဟင်းလင်းပြင်ပင် စတင်အေးခဲလာသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သို့သော် သူက နောက်မဆုတ်ပေ။သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများအားလုံးသည် ပျံ့နှံ့ထွက်လာကာ ချဉ်းကပ်လာသော ရေခဲနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
***