Switch Mode

အပိုင်း(၈၇၇):

သွေးနတ်ဘုရား၏အတွေး(၃)

ဝမ်လင်းက ထာရှန်၏လက်မောင်းကို မှီကာ ထိုင်နေသည်။ထာရှန်က ဝမ်လင်းကို တွဲခေါ်ရင်း နောက်သို့ ဆုတ်ကာ ယောင်ချန်တန်နှင့် အကွာအဝေးတစ်ခု ကွာနေရန် ဖန်တီးပေးနေသည်။သို့သော်လည်း ယောင်ချန်တန်က မြန်ဆန်လွန်းလှ၏။သူက ပို၍ နီးကပ်လာခဲ့သည်သာ။

ဝမ်လင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပျောက်ကွယ်သွားကာ တည်ငြိမ်မှုရလာ၏။သူက မျက်လုံးမှိတ်ကာ ခပ်တိုးတိုး ရေရွတ်သည်။ “ငါ့နယ်ပယ်ရဲ့ မူလအစဟာ သေခြင်းရှင်ခြင်း ဖြစ်တယ်။ပြီးတော့ ကံကြမ္မာတာအိုအထိ ဖြစ်လာခဲ့တယ်။ကမ္ဘာလောကထဲမှာ ရှိတဲ့ အရာတွေဟာ သေခြင်းရှင်ခြင်းကနေ လွတ်မြောက်နိုင်ပေမဲ့ ကံကြမ္မာကနေတော့ လွတ်မြောက်နိုင်စွမ်း မရှိကြဘူး…”

ထိုနယ်ပယ်သည် မူလစွမ်းအင်အသုံးပြုစရာ မလိုသော စွမ်းအားပင်။ကျင့်ကြံသူတစ်ယောက်၏ တာအိုသာ ဖြစ်၏။၎င်းကို ယုံကြည်မှုနှင့်နားလည်မှုဉာဏ်အလင်းဟုလည်း ဆိုနိုင်သည်။

နှစ်ပေါင်းထောင်ချီ ကျင့်ကြံပြီးနောက် ဝမ်လင်းရလာသည့် နားလည်မှုဉာဏ်အလင်းသည် သူ့နယ်ပယ်ပင်။

ယခုလို သေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်းသည် အချိန်ကြာမြင့်စွာ အသုံးမပြုတော့သည့် သူ့နယ်ပယ်ကို အသုံးပြုလာခဲ့လေပြီ။

နယ်ပယ်များ၏တိုက်ပွဲသည် တာအိုတိုက်ပွဲပင်။တာအိုတိုက်ပွဲသည် အမြဲပြောင်းလဲမှု ရှိ၏။တာအိုတိုက်ပွဲ၌ အနိုင်၊အရှုံးဟူ၍ မရှိ အသေနှင့်အရှင်သာ ရှိလေသည်။

ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဖြန့်ကာ တည်ငြိမ်စွာ ဆိုသည်။ “ငါ့ဘယ်လက်က လောကရဲ့ ကံကြမ္မာအကြောင်းရင်း၊ ငါ့ညာလက်က လောကရဲ့ ကံကြမ္မာ အကျိုး ဖြစ်တယ်။ဒါက ငါ့ကံကြမ္မာ…”

သူက မျက်လုံး ပြန်ဖွင့်လာ၏။သူ့ဘယ်ဘဲ မျက်လုံးထဲ၌ နေ၊ညာဘက်မျက်လုံးထဲ၌ လ တို့ ဖြစ်ပေါ်၏။သူက ယောင်ချန်တန်ထံသို့ ကြည့်ကာ လက်ညွှတ်လိုက်သည်။

“ကံကြမ္မာအကြောင်းရင်း…ထွက်ပေါ်စမ်း…”

သူ့နယ်ပယ် ပေါ်ထွက်လာသည့်အခါတွင် ကြယ်များသည် ဆက်လက်၍ မတည်ရှိတော့ပေ။အရာအားလုံးသည် ပျောက်ကွယ်သွားသကဲ့သို့။ ယောင်ချန်တန်၏ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

သူက မရပ်တန့်ဘဲ မနေနိုင် ဖြစ်ရ၏။သည်အခိုက်အတန့်၌ ဝမ်လင်း၏ပုံရိပ်သည် အဆုံးမရှိ ကြီးထွားလာ၏။ဝမ်လင်း၏ လက်ထဲ၌ ကျာပွတ်တစ်ခု ရှိနေသည်။ထိုကျာပွတ်၏ အစွန်းနှစ်စသည် စက်ဝိုင်းတစ်ခုကဲ့သို့ ချိတ်ဆက်နေ၏။

ထိုစက်ဝိုင်းသည် ကံကြမ္မာပင်။ယောင်ချန်တန်က ဝမ်လင်း၏နယ်ပယ်ထဲသို့ ပြုတ်ကျနေသည်ဟူသော အားကောင်းစွာ ခံစားနေရ၏။သူက ဝမ်လင်းကို သတ်နိုင်ခဲ့လျှင်ပင် ဤနယ်ပယ်ထဲ၌ ပိတ်လှောင်နေရတော့မည့်ကဲ့သို့ ဖြစ်နေတော့သည်။သူက သည်ကံကြမ္မာစက်ဝန်းထဲတွင် ထာဝရ ပိတ်လှောင်နေမည်ကိုပါ စိုးရွှံ့နေသည်။

တာအိုတိုက်ပွဲသည် တာအိုအချင်းချင်းသာ တိုက်ခိုက်နိုင်၏။သို့ရာတွင် သူတို့၏တာအိုကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့က ဖြစ်တောင့်ဖြစ်ခဲပင်။အလွန့်အလွန် နည်းပါးသောသူ အချို့သာ လုပ်နိုင်စွမ်း ရှိသည်ဟု ပြော၍ရသည်။

ထိုအရာက ကျင့်ကြံခြင်းနှင့် မဆိုင် နားလည်သဘောပေါက်မှုနှင့်သာ သက်ဆိုင်၏။လောကကို နားလည်းခြင်းလည်း မည်သည်။

ယောင်ချန်တန်က သည်ရှုမူသည် သူ့ကိုယ်ပိုင်တာအိုကို အခုလိုမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ခဲ့ဖူးပေ။သူ့အသွင်က သုန်မှုန်နေ၏။သို့သော သူက နောက်မဆုတ်ပေ။ထိုအစား ဝမ်လင်းနှင့် ပေသုံးဆယ်ပင် မဝေးသောနေရာတွင် ထိုင်ချကာ မျက်လုံးမှိတ်ထားလိုက်၏။ ရုတ်တရက် သူ့ဦးခေါင်းထက်ကနေ ရွှေရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။

ထိုရွှေရောင်အရိပ်ထံ၌ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာ ရှိနေ၏။၎င်းက ကောင်းကင်ဘုံသား တစ်ယောက်ဖြစ်မည်မှ သိသာပေသည်။

“မင်း သေရမှာပါပဲ…။ငါ မင်းကို ယောင်မိသားစုရဲ့ တာအို ပြသပေးရမှာပေါ့…။ယောင်မိသားစုဟာ ကောင်းကင်ဘုံသားတွေရဲ့ မျိုးဆက်တွေ ဖြစ်တယ်။ကောင်းကင်ဘုံသားတွေဟာ နယ်ပယ်တွေ မပိုင်ဆိုင်ကြပေမဲ့ ငါ့မိသားစုကတော့ သူတို့ရဲ့ တောက်ပခဲ့မှုကို ငါတို့ရဲ့ နယ်ပယ်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ငါတို့ ကောင်းကင်ဘုံသားဘိုးဘေးတွေရဲ့ တောက်ပခဲ့မှုဟာ ငါတို့ ယောင်မိသားစုရဲ့ တာအို ဖြစ်တယ်…”

ထိုကောင်းကင်ဘုံသား၏ အရိပ်သည် ယောင်ချန်တန်၏အထက်၌ တဖြည်းဖြည်း သိပ်သည်းလာနေ၏။၎င်းက လှမ်းထွက်၍ပင် လာသည်။၎င်းက ဝမ်လင်း၏ နယ်ပယ်စက်ဝန်းထံသို့ ခြေလှမ်းလာသည်။

“ငါ့ မိသားစုဟာ ငါတို့ဘိုးဘေးတွေရဲ့ တောက်ပမှုကို ယုံကြည်တယ်။အခြားနယ်ပယ်တွေအားလုံးဟာ ငါတို့ဘိုးဘေးတွေရဲ့ တောက်ပမှုအောက်မှာ ဖျက်စီးခံရမယ်…”

ယောင်ချန်တန်၏မျက်နှာပေါ်၌ အတိတ်ကို သတိရဟန် ဖြစ်ပေါ်လာသည်။ကောင်းကင်ဘုံသား၏အရိပ်သည်လည်း ပို၍ အကောင်အထည် ပေါ်လာနေ၏။

“ဒါဟာ အတိတ်တုန်းက တောက်ပမှုသာ ဖြစ်တယ်…။အခုကကော…။အရာအားလုံးဟာ ကံကြမ္မာနဲ့ ဆက်နွှယ်နေတာ ဖြစ်တယ်။ ကောင်းကင်ဘုံသားတွေရဲ့ တောက်ပမှုဟာ ကံကြမ္မာရဲ့ တောက်ပမှုသာ ဖြစ်တယ်…”

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက သူ့ဘယ်လက်ကို အောက်နှိမ့်ကာ ညာလက်ကို အပေါ်သို့ ပင့်တင်လိုက်သည်။

“ကံကြမ္မာအကျိုးဆက်က ကောင်းကင်ဘုံနယ်နယ်မြေတစ်ခုလုံးကို ပျက်စီးစေခဲ့တယ်…”

ဝမ်လင်းက သူ့ညာလက်ကို ဆုပ်ကိုင်ကာ ပြောလာ၏။ “မင်းဟာ တောက်ပခဲ့မှုအတွက် ဂုဏ်ယူနိုင်တယ်…။ဒါပေမဲ့ မင်းတာအိုဟာလည်း ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး…”

ဝမ်လင်းရှေ့ရှိ ကံကြမ္မာစက်ဝန်းသည် စတင်လှည့်လည်လာကာ ဝဲကတော့တစ်ခုအဖြစ် ဖန်တီး၏။ဝဲကတော့၏ အပြင်ဘက်၌ ကံကြမ္မာအကြောင်းရင်း အတွင်းထဲ၌ ကံကြမ္မာအကျိုးဆက် ရှိနေသည်။

“ကောင်းကင်ဘုံသားတွေ ပျောက်ကွယ်ခဲ့ရတာဟာ ဘာကြောင့်လဲ…သူတို့ဟာ ကံကြမ္မာကနေ မလွတ်မြောက်နိုင်လို့ပဲ။သူတို့ရဲ့မျိုးဆက်ဟာလည်း မလွတ်မြောက်နိုင်ဘူး။မင်းရဲ့ တာအိုဆိုရင် ပိုပြီးတော့တောင် ပျက်စီးလွယ်ဦးမယ်။ဒီတော့ မင်းတို့မှာ ကောင်းကင်ဘုံမန္တာန်တွေ ဘယ်လောက်ပဲ ရှိနေပါစေ မင်းတို့ဟာ ဘယ်လောက်ရယ်ဖို့ကောင်းလဲ…”

ဝမ်လင်းက ခေါင်းခါလိုက်၏။သူက အခြားလူ၏ တာအိုကို ဖြတ်မြင်ပြီးသည့်အလားပင်။

ကံကြမ္မာစက်ဝန်းသည် ရုတ်တရက် ပျံသန်းထွက်လာကာ ကောင်းကင်ဘုံသားအရိပ်ထံသို့ တိုးဝင်သွား၏။၎င်းက အနီးသို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။

“ကောင်းကင်ဘုံသားတွေက နယ်ပယ်ကို မကျင့်ကြံဘူး။သူတို့ရဲ့ စွမ်းအားကောင်းလှတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးကို ဖွင့်လှစ်တာဟာ အမှား တစ်ခုသာ ဖြစ်တယ်။မဟုတ်ရင် ကောင်းကင်ဘုံနယ်မြေဟာ ဘာကြောင့် ပျက်စီးခဲ့ရမှာလဲ။ဘယ်လောက်ပဲ စွမ်းအားကောင်းလှတဲ့ ကောင်းကင်ဘုံအင်ပါယာ ဖြစ်ပါစေ သူဟာ ကောင်းကင်နဲ့မြေကြီးနဲ့ တိုက်ခိုက်တဲ့အခါမှာ သေဆုံးသွားခဲ့ရတယ် မလား။မင်းတို့ရဲ့ ဘိုးဘေးကကော ကောင်းကင်ဘုံအင်ပါယာနဲ့ နှိုင်းယှဉ်နိုင်လို့လား…”

“မင်းတို့ မိသားစုရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်ဘုံအင်ပါယာကို မနှိုင်းယှဉ်နိုင်ဘူး။ နယ်ပယ်ကို မကျင့်ကြံရုံသာမက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အတင်းအကြပ် ထုတ်ယူခဲ့တာဟာ မင်းတို့ဘိုးဘေးကို ပျောက်ကွယ်စေခဲ့တာပဲ။ဒါဟာ ကံကြမ္မာ ဖြစ်တယ်။ငါ့အမြင်မှာ မင်းတို့ရဲ့ တောက်ပမှုဟာ ဘာမှ မဟုတ်ခဲ့ဘူး…”

“သူတို့ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဖျက်စီးတာ ခံခဲ့ရမှတော့ တောက်ပမှုဟာ ဘယ်နေရာမှာလဲ…။ယောင်ချန်တန်…မင်း ကျင့်ကြံတဲ့ နယ်ပယ်နဲ့တာအိုဟာ ဘာမှ အဖြစ်မရှိဘူး…။မင်းတို့ရဲ့ ကောင်းကင်ဘုံသားဘိုးဘေးဟာ သေဆုံးခဲ့ရတယ်။ ဒါကို ဘာကြောင့်လဲဆိုတာ မရှာဖွေဘဲ မင်းတို့ယောင်မိသားစုဟာ သူတို့ရဲ့တောက်ပမှုကိုသာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒီတော့ မင်းရဲ့ တာအိုဟာ ဘာမှမဟုတ်ဘူး။မင်းတို့ ယောင်မိသားစုရဲ့ အခုဘိုးဘေးရဲ့ တာအိုလည်း ဘာမှ မဟုတ်ဘူး။အဆုံးသပ်မှာ မင်းတို့ ယောင်မိသားစုဟာ ပျောက်ကွယ်သွားရလိမ့်မယ်…”

ယောင်ချန်တန်၏မျက်လုံးထဲ၌ ဒေါသနှင့် ပြည့်နှက်နေသည်။သူ့စိတ်က ဒဏ်ရာရသွားသည့်အတွက် သွေးများစွာ အန်ထုတ်လိုက်ရ၏။ဝမ်လင်း၏စကားများက သူ့နှလုံးသားကို ဓားအစင်းပေါင်းများစွာ မွှန်းနေသည့်အလား ခံစားနေရ၏။ထိုစကားများကို ကြားလိုက်ရပြီးနောက် သူ့စိတ်ထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုပင် ဖြစ်ပေါ်လာရသည်။

ကံကြမ္မာစက်ဝန်း၏အပြင်ဘက်ရှိ ကောင်းကင်ဘုံသားအရိပ်သည် မှုန်ဝါးလာ၏။၎င်းက အချိန်မရွေးပျောက်ကွယ်တော့မည့်အလား ဖြစ်လာသည်။

“မင်းဟာ မင်းတို့ရဲ့ တောက်ပမှုကို ဂုဏ်ယူဝင့်ကြွားခဲ့တယ်။ဒီတောက်ပမှုကိုပဲ မင်းရဲ့ တာအိုအဖြစ် အသုံးပြုခဲ့တယ်။ မင်းရဲ တောက်ပမှုဟာ မင်းအတွက် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်တယ်။မင်းက မင်းဘိုးဘေးတွေရဲ့ တောက်ပခဲ့မှုကို ဘယ်လိုလုပ် အမှန်တကယ် တွေ့မြင်၊ခံစားဖူးပါ့မလဲ။ ဒီတော့ မင်းဖန်တီးထားတဲ့ တာအိုဟာ ဘာမှ မဟုတ်တော့ဘူး…”

“မင်းရဲ့ ကျင့်ကြံမှုအဆင့်ကတော့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်နေတာ ဟုတ်တယ်။ဒါပေမဲ့ မင်းက မင်းရဲ့ ကိုယ်ပိုင်တာအိုကို နည်းနည်းလေးတောင် နားမလည်ခဲ့ဘူးပဲ။ငါ့ရဲ့ တာအိုဟာ ငါ့ဘဝတစ်လျှောက် အတွေ့အကြုံတွေကို ဖြတ်ပြီး များစွာ ပြောင်းလဲခဲ့ပြီး ဖြစ်တယ်။ချစ်ခင်ရတဲ့ ဆွေမျိုးတွေ ဆုံးရှုံးခဲ့ရမှု၊ ချစ်သူရဲ့ သေဆုံးခြင်းအတွက် ခါးသီးစွာခံစားခဲ့ရမှု၊ သေဆုံးသွားတဲ့ ငါ့သားရဲ့ မကျေမချမ်းစိတ်ဝိညာဉ်ကို ဖယ်ရှားရမှု…ဒါတွေ အားလုံးကို ငါဟာ တွေ့ကြုံခဲ့ပြီး ဖြစ်တယ်။ဒါကြောင့်ပဲ ငါဟာ သေခြင်းရှင်ခြင်းနယ်ပယ်ကို သိရှိလာပြီး လောကကို နားလည်လာခဲ့တယ်။ငါက ဘာအရာမှ မတည်မြဲ ပျောက်ကွယ်ရမယ်ဆိုတာ သိနေခဲ့ပေမဲ့လည်း ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တဲ့လမ်းကို ဆက်လျှောက်နေတဲ့လူ ဖြစ်တယ်။ကံကြမ္မာရဲ့ ထိန်းချုပ်မှုကို ငြင်းဆိုမယ့်၊ပုန်ကန်မယ့်လူ ဖြစ်တယ်။ဒါ့ကြောင့်ပဲ ငါ့ရဲ့ သေခြင်းရှင်ခြင်းနယ်ပယ်ဟာ ပြီးပြည့်စုံခဲ့တယ်…”

“အဲ့နောက်မှာတော့ ငါ့နယ်ပယ်ဟာ ပြောင်းလဲသွားခဲ့ပြီး ကံကြမ္မာနယ်ပယ်ကိုပါ နားလည်သွားခဲ့တာ…”

“မင်းရဲ့ နယ်ပယ်ကတော့ အတုအယောင်တောက်ပမှု တစ်ခုသာ ဖြစ်တယ်။ဒီတောက်ပမှုဟာ မင်းရဲ့ဘိုးဘေးနဲ့အတူ၊ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခြင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့တာ အချိန်ကြာမြင့်နေခဲ့ပြီ…။ယောင်ချန်တန် မင်းဟာ အကြီးအကျယ် မှားခဲ့တာပဲ…”

ယောင်ချန်တန်၏ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ယင်လာ၏။သူက နောက်ထပ် သွေးအန်ရပြန်သည်။သူ့မျက်နှာထက်၌ပင် သွေးရောင်မရှိတော့ချေ။သူက သေလူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။

ကံကြမ္မာစက်ဝန်း၏အပြင်ဘက်ရှိ ကောင်းကင်ဘုံသားအရိပ်သည် ပို၍ မှုန်ဝါးလာခဲ့သည်။

ဝမ်လင်း၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာရင်း သူက အော်ပြောလိုက်ပြန်သည်။ “မင်းရဲ့ယောင်မိသားစုဟာ ငါ့ကို သတ်ချင်တာဟာ ကံကြမ္မာအကြောင်းရင်း ဖြစ်တယ်…မင်းရဲ့တာအိုဟာ ငါ့ရဲ့ ကံကြမ္မာနယ်ပယ်ကြောင့် ချိုးဖျက်ခြင်း ခံရတာကတော့ ကံကြမ္မာအကျိုးဆက် ဖြစ်တယ်…။မင်းရဲ့ တောက်ပမှုနယ်ပယ်ဟာ ငါ့ရဲ့ ကံကြမ္မာနယ်ပယ်ကြောင့် ဘာကြောင့် မပျက်စီးရမှာလဲ…”

ယောင်ချန်တန်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။သူ့အထက်ရှိ ကောင်းကင်ဘုံသားအရိပ်သည် လုံးဝ ပျက်စီးသွားလေသည်။၎င်းက ပျက်စီးသွားသည်နှင့် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ကြယ်များသည်လည်း တဖန်ပြန်ထွက်ပေါ်လာခဲ့သည်။ ယောင်ချန်တန်အဖို့တော့ နှစ်ပေါင်းများစွာ ဖြတ်သန်းလိုက်ရသည့်အလားပင်။

ဝမ်လင်း၏ကံကြမ္မာနယ်ပယ်သည်လည်း လွင့်ပြယ်သွား၏။သူ့မျက်ခုံးနှစ်ခုကြားရှိ အကြွင်းအကျန် အဆောင်သည်လည်း တာအိုတိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ပြန်လည် ပြည့်ဝလာခဲ့ကာ သူက ရှေ့သို့ တဟုန်ထိုး တက်လာသည်။

ဤအခိုက်အတန့်၌ သူ့ဘေးရှိ လိပ်ပြာသည် ၎င်း၏တောင်ပံကို ညင်သာစွာ ခတ်လိုက်သည်။ယောင်ချန်တန်၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရတော့သည်။ထိုအဖျက်အစီးစွမ်းအားအောက်၌ သူ့သိုလှောင်အိတ်ပင် ပျက်စီးသွားခဲ့လေသည်။

သူနှင်ပတ်သတ်သည့်အရိပ်ယောင်ဟူသမျှ သည်လောကတွင် မရှိတော့ပေ။

ဝမ်လင်း၏မူလစွမ်းအင်များ ပြန်ရလာသည့်အခါ၌ သူ့မျက်နှာက ဖြူရောကာ သွေးအန်လိုက်ရ၏။တာအို တိုက်ပွဲသည် အလွန်အန္တရာယ်များလှသည်။ထို့ကြောင့် သူက ၎င်းကို နောက်ဆုံးအခြေအနေသို့ မဆိုက်မရောက်မချင်း အသုံးမပြုလိုခဲ့ခြင်း ဖြစ်တော့၏။

လူတစ်ယောက်၏ တာအိုသည် သူ အစောပိုင်းက ပြောခဲ့သလို ကျိုးပဲ့လွယ်၊ပျက်စီးလွယ်ခြင်း မရှိပေ။ယောင်ချန်တန်၏ တာအိုနှလုံးသားက ခိုင်မာခြင်း မရှိခြင်းကြောင့်ဟုသာ ပြောနိုင်၏။ထိုသို့ ဖြစ်ရခြင်းမှာ ယောင်ချန်တန်ထံ၌ လုံလောက်သော ဘဝအတွေ့အကြုံ မရှိခြင်းကြောင့်ပင်။သူက အစစ်အမှန် မိုးဒဏ်၊လေဒဏ်ကို စမ်းသပ်မခံရသေးသည့် ပန်းပွင့်ကဲ့သို့ ဖြစ်နေသည် မဟုတ်လား။

ယောင်ချန်တန်နှင့် နှိုင်းယှဉ်ပါက မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် သူနှင့်အဆင့်တူ ကျင့်ကြံသူများသည် ပိုမို၍ သန်မာပေလိမ့်မည်။တကယ်တော့ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် သင်က သင်ကိုယ်တိုင်ကိုသာ အားကို တည်မှီနိုင်မည် ဖြစ်၏။

မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ဆရာတစ်ယောက်သည်လည်း သင့်ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။သင်ကသာ အနည်းငယ် ဂရုမစိုက်မိပါက သေဆုံးသွားရပေလိမ့်မည်။ထိုနေရာသည် တောရိုင်းဥပဒေကြီးစိုး၏။အားကြီးသူက အားနည်းသူကို အနိုင်ယူစတမ်း နေရာ ဖြစ်နေခဲ့သည်။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အလွန့်အလွန်နည်းပါးသော လူအချို့ကသာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို စိတ်ကူးကြည့်နိုင်ပေလိမ့်မည်။

အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းက သူ့ရတနာများကို ပြန်ရုတ်သိမ်းလိုက်၏။ထာရှန်ကလည်း သူ့အရိပ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ဝမ်လင်း၏မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ်တို့က ပို၍ပို၍ပင် အားကောင်းလာခဲ့သည်။

“ယောင်မိသားစု…သင်တို့က ငါ့ကို သတ်ချင်မှတော့ တန်ဖိုးတစ်ခု ပြန်ပေးကို ပေးရမယ်…”

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

သို့သော်လည်း သူ ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတွင် လှိုင်းတစ်ခု ပေါ်လာခဲ့ကာ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။သူမက အလွန်လှသည်။ပြည့်စုံသည်ဟုပင် ပြောနိုင်၏။သူမ၏ အေးစက်စက်အသွင်က လူအများကို နောက်သို့ ဆုတ်မိစေမည် ဖြစ်သလို သူတို့၏ နှလုံးကိုလည်း အခုန်မြန်စေပေလိမ့်မည်။

သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။သူမကလည်း လောကနှင့် တစ်သားတည်းပေါင်းစပ်ကာ ခြေတစ်လှမ်းလှမ်း ပျောက်ကွယ်သွားရင်း ဝမ်လင်းနောက်သို့ လိုက်လံလေသည်။

အရှေ့ပိုင်းနယ်မြေ၊သွေးနီရောင်ဂြိုဟ်တစ်လုံးပေါ်၌ ယောင် ဟု ရေးထွင်းထားသော ကြီးမားသည့် ဘိုးဘေးဘုရားကျောင်းဆောင် တစ်ခု ရှိလေ၏။

ထိုကျောင်းထဲ၌ အဘိုးအိုတစ်ယောက်သည် ထိုင်လျက်ရှိနေသည်။သူ့မျက်ခုံးမွှေးက ကွေးညွတ်နေကာ ကြက်သွေးရောင် ရှိနေသည်။

သူ့နောက်တွင် တုန်ကင်များ ရှိသည်။၎င်းတို့တစ်ခုစီက မူလစွမ်းအင်အမြောက်အများကို ပေးစွမ်းနေသည်။သည်အခိုက်အတန့်၌ ထိုတုန်ကင်များထဲမှ တစ်ခုသည် နှစ်ပိုင်းကွဲထွက်သွားသည်။

အဘိုးအိုသည် တဖြည်းဖြည်း မျက်လုံးဖွင့်လာသည်။သူက ကွဲကြေသွားသော တုန်ကင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “နောက်ဆုံးတော့ တစ်ယောက် သေသွားခဲ့ပြီ…မဟာမိတ်ကြယ်အဖွဲ့အစည်းက ဝမ်လင်း…ငါက မင်း ဘယ်လောက်များများ သတ်နိုင်မလဲ မြင်ချင်မိတယ်။ဒီအဘိုးအို သွေးနတ်ဘုရားကို မင်း စိတ်မပျက်စေနဲ့…”

ထိုအဖိုးက သူ့ညာလက်ကို ပင့်မြှောက်ကာ လက်ညွှန်လိုက်၏။ထိုအခါ တုန်ကင်ထံမှ အဖြူရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာကာ သူ့အင်္ကျီလက်အိုးထဲသို့ ဝင်ရောက်သွားလေသည်။

“ဆက်ပြီးတော့ သတ်ကြတာပေါ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset