ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ အောက်ဘက်မှ ဒေါမာန်တကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်သည့်အော်ရာသည် ရုတ်တရက် အရူးအမူး ပျံ့နှံ့လာသည်။
တံဆိပ်တုံး ကျဆင်းလာသည့်အခိုက်၌ ၎င်းသည် ထိုအားကြောင့် ပြန်ကန်ထွက်သွားရသည်။ မရေမတွက်နိုင်သော ရွှေရောင်စာလုံးများသည်လည်း ထိုအားကြောင့် ဆက်တိုက် နောက်သို့ လွင့်စင်သွားရ၏။
ထာရှန်၏လက်သီးထံမှလည်း တစီစီအသံများ ထွက်ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်တစ်ဝက်ပင် ထိုအင်အားလှိုင်း၏ သက်ရောက်ခြင်း ခံလိုက်ရကာ သူက အဝေးသို့ လွင့်စင်သွားရသည်။
ဤအခိုက်အတန့်၌ ဂုဏ်ယူဝင့်ကြွားဖွယ် ယောင်ချန်တန်၏သွင်ပြင်သည် ပျောက်ကွယ်သွားခဲ့လေပြီ။သူ့ဆံပင်များက ရှုပ်ပွကာ အဝတ်အစားသည်လည်း ပေါက်ပြဲကုန်၏။သူ့မျက်လုံးထဲ၌လည်း ဒေါသနှင့် ပြည့်နေသည်။
သူ့ရှေ့တွင် လက်သီးလုံးခန့် ပုတီးစေ့တစ်ခု ရှိနေသည်။၎င်းကို ပုတီးစေ့ဟု ခေါ်ရခြင်းပင် သိပ်မသင့်တော်လှဘဲ ကျင့်ကြံသူတစ်ယောက်၏ အမြုတေနှင့်ပင် ပို၍ တူနေသေးသည်။
ထိုအမြုတေသည် အစောပိုင်းတိုက်ခိုက်မှုအားလုံးကို စုပ်ယူခဲ့ကာ ယောင်ချန်တန်ကို အခုလို သနားစဖွယ်အခြေအနေသို့ ဆိုက်ရောက်သွားစေခဲ့ခြင်းပင်။သို့သော် သူက ဒဏ်ရာစိုးစဉ်းမှ မရခဲ့ချေ။
“မင်းက ဘိုးဘေးငါ့ကို ပေးခဲ့တဲ့ ကောင်းကင်ဘုံဆေးလုံးကို အတင်း ထုတ်သုံးရစေတဲ့ ဒုတိယမြောက်လူပဲ…” ယောင်ချန်တန်က အံတင်းတင်းကြိတ်ထား၏။ဝမ်လင်းကို သတ်ချင်စိတ်သည်လည်း သူ့ စိတ်နှလုံးထဲကနေကို ထွက်ပေါ်နေသည်။
သူက သူ့ဘဝတစ်လျှောက်လုံးတွင် အခုလိုမျိုး အကျိုးမရှိသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်း မရှိပေ။ဝမ်လင်း၏ ဆန်းကြယ်လှသော မန္တာန်ကြောင့် ယောင်ချန်တန်သည် အခုလိုအန္တရာယ် အခြေအနေသို့ ကျရောက်ခဲ့ရပေ၏။
ဝမ်လင်း၏အသွင်ကလည်း သုန်မှုန်နေ၏။သူက နောက်သို့ ဆုတ်လိုက်ရင်း သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။ထို့နောက် သူက ချက်ခြင်း အလံထဲမှ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ မူလစိတ်ဝိညာဉ်နှစ်ခုကို ထုတ်ယူကာ ဝါးမြိုသည်။သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်တို့ ပြည့်နှက်လာကာ သူက ယောင်ချန်တန်ရှေ့ရှိ အမြုတေကို စူးစိုက်ကြည့်သည်။သူ့မျက်လုံးက အေးစက်နေသည်။
ဝမ်လင်းက အစောပိုင်းတုန်းက အသာစီးရမှုကို ဆက်ထိန်းသိမ်းထားသည်။သူက ယောင်ချန်တန် လက်ဦးမှု ရယူရန် ခွင့်မပြုနိုင်ပေ။
ဝမ်လင်းက အထည်ဒြပ်ယန်အဆင့်နှင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကြား ကွာခြားမှုကို အခုမှ ရှင်းရှင်းလင်းလင်း နားလည်သွားသည်။ဝမ်လင်းသည် သူ့စုပေါင်းတိုက်ခိုက်မှုသည် မည်သည့်အထည်ဒြပ်ယန်အဆင့်ကျင်ကြံသူကိုမဆို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ပေ၏။သို့သော် ယောင်ချန်တန်ကိုမူ ဒဏ်ရာပင် မရရှိစေခဲ့ပေ။
အမြုတေက သည်နေရာတွင် အရေးပါခဲ့သော်လည်း ၎င်းအမြုတေမရှိလျှင်ပင် ယောင်ချန်တန်တွင် အခြားမန္တာန်များ မုချ ရှိနေဦးမည်သာ ဖြစ်သည်။
“ကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ် ဆက်ခံထားရတဲ့ မိသားစုတစ်စုအဖို့ ကောင်းကင်ဘုံမန္တာန်များစွာ ရှိနေမှာပဲ…”
ယောင်ချန်တန်၏ အကြည့်က ကြမ်းကြုတ်နေ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အမြုတေသည် သူ့အား လှည့်ပတ်လာ၏။တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ဟစ်လိုက်၏။ “ကောင်းကင်ဘုံမန္တာန်…လေဟာနယ်ပျက်စီးခြင်း…”
ဝမ်လင်းက နောက်ဆုတ်ရန် တုံ့ဆိုင်းမနေပေ။သူက နောက်ဆုတ်နေရင်း သူ ရှိနေခဲ့သည့် ဟင်းလင်းပြင်သည် ပျက်စီးသွားကာ ပြင်းထန်သောဖိသိပ်အားကို ဖြစ်သွားစေ၏။
ထိုမြင်ကွင်းက ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကိုပင် ကျုံ့သွားစေသည်။
“ကောင်းကင်ဘုံမန္တာန်…စိတ်ကူးပျက်စီးခြင်း…” ယောင်ချန်တန်၏အသွင်က ရက်စက်မည့်ဟန် ဖြစ်ပေါ်နေ၏။
ပြင်းထန်သော ပျက်စီးမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာကာ ဝမ်လင်းသည် ရပ်တန့်လို့ မရအောင်ပင် နောက်သို့ ဆုတ်နေရ၏။ထိုပျက်စီးမှုသည် သူ့နောက်သို့ နီးနီးကပ်ကပ် လိုက်ပါနေသည်။
ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။သို့သော် သူက တည်ငြိမ်လျက်ပင်။သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာကာ သူက သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်သည်။ချက်ခြင်းပင် သူက ယောင်ချန်တန်နောက်ဘက် ပေတစ်ရာအကွာတွင် ပြန်ပေါ်လာကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို စေလွှတ်သည်။
သို့သော်လည်း ထိုဓားချက်က ယောင်ချန်တန်နားသို့ ရောက်သွားသည်နှင့် အမြုတေသည် ရုတ်တရက် ပေါ်လာကာ ၎င်းဓားချက်နှင့် ထိပ်တိုက်တွေ့၏။၎င်းက ဓားချက်ကို ထိသည်နှင့် ဓားချက်၏စွမ်းအားကို စုပ်ယူပစ်သည်။
“ကောင်းကင်ဘုံမန္တာန်…ဝိညာဉ်ဆယ့်ကိုးခု…” ယောင်ချန်တန်က ဆက်ခနဲ လှည့်လာ၏။သူက ညစ်ပြုံးပြုံးကာ အဖြူရောင်မြူထုကို ပါးစပ်ထဲကနေ ထွေးထုတ်သည်။ဆိုးဆိုးဝါးဝါးအော်သံများက ထိုမြူထဲကနေ ပေါက်ကွဲထွက်လာ၏။ထိုမြူထဲ၌ ကလေးငယ် ဆယ့်ကိုးဦး၏ ခန္ဓာကိုယ် ရှိနေ၏။ထိုကလေးငယ်များသည် တစ်ကိုယ်လုံး မဲနက်နေ၏။၎င်းတို့သည် မြူနှင့်အတူ ဝမ်လင်းထံသို့ မွန်းစတားများအလား တဟုန်ထိုး တိုးဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက နောက်သို့ ခြေလှမ်းကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်သည်။
ဝိညာဉ်ဆယ့်ကိုးခုက လွဲချော်သွား၏။ထို့နောက် ၎င်းတို့သည် ယောင်ချန်တန်ထံသို့ ပြန်လာကာ သူ့ပတ်လည်၌ လှည့်ပတ်နေတော့သည်။
ယောင်ချန်တန်က တုံ့ဆိုင်းမနေဘဲ အမြုတေကို ရှေ့သို့ တွန်းထုတ်ကာ အော်ပြောလိုက်သည်။ “ငါက မင်းရဲ့ မန္တာန်ကို ချိုးဖျက်နိုင်ဖို့အတွက် ဒီအမြုတေကို အဆုံးခံ၊ဘိုးဘေးရဲ့ အပြစ်ပေးတာကို ခံယူဖို့ ဆန္ဒရှိနေပြီ…”
သူက ထိုသို့ ပြောရင်း အမြုတေကို ခွဲချေ၏။အဖျက်အစီးအော်ရာသည် အမြုတေထံမှ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့လာသည်။
ထိုအားသည် အလွန်အမင်း ပြင်းထန်လှသည်။၎င်းက ပျံ့နှံ့လာသည်နှင့် ပေတစ်သိန်းအတွင်းရှိ မူလစွမ်းအင်များသည် တွန့်ကြေစုတ်ပြဲကုန်ကြ၏။လောက၏မူလစွမ်းအင်သည် ညီမျှမှု မရှိတော့ပေ။လောကနှင့် တစ်သားတည်း ပေါင်းစပ်နေသည့် မည်သူမဆို ချက်ခြင်း ပြန်ထွက်ခွာရမည်သာ။
ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပြင်းထန်နေသည်။သူက သူ့ညာလက်ကိုပင့်ကာ လေဟာနယ်ထဲသို့ လက်ညွှန်၏။ခြောက်သွေ့တာအိုတစ်စုံသည် ချက်ခြင်း ပေါ်လာသည်။ထိုကြမ်းကြုတ်လှသည့် သားရဲ၏ အရိုးက တစ္ဆေအလင်းကို ပေးစွမ်းလာ၏။အားကောင်းသော မကောင်းဆိုးဝါးအော်ရာသည် ကမ္ဘာလောက၌ ပြည့်နှက်လာသည်။
ယောင်ချန်တန်၏အသွင်က အနည်းငယ် ပြောင်းသွား၏။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုအခါ ကလေးခန္ဓာကိုယ်ဆယ့်ကိုးခုသည် သူ့ပတ်လည်၌ မြန်ဆန်စွာ လှည့်ပတ်၍ ပုံရိပ်ယောင်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုပုံရိပ်ယောင်က ကြီးမားသည့်ကလေးတစ်ယောက်၏ ပုံရိပ်ယောင် ဖြစ်နေသည်။
၎င်းက ပေါ်လာသည်နှင့် မာန်ဖီလာ၏။သို့သော်လည်း သူ့အသံ မဆုံးခင်မှာပင် မီးခိုးရောင်အလင်းသည် ၎င်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားကာ ချက်ခြင်း ကျောက်တုံးအဖြစ်သို့ ပြောင်းသွားရသည်။
ဝမ်လင်းသည် ထိုအခွင့်အရေးကို အသုံးချကာ နောက်သို့ ဆုတ်၏။သူက ချက်ခြင်းပင် ညာလက်ကို ပင့်မြှောက်ကာ အော်ဟစ်လိုက်၏။ “လေဆင့်ခေါ်ခြင်း…”
အနက်ရောင်လေပြင်းသည် မည်ဟီးလာကာ သူ့ညာလက်တွင် စုဝေးလာ၏။၎င်းသည် ချက်ခြင်းပင် ချဲ့ထွက်ကာ သိပ်သည်းလာ၏။ အနက်ရောင်လေပြင်းသည် ဝမ်လင်းပတ်လည်တွင် ပေါ်လာခဲ့သည်။
သည်အခိုက်အတန့်တွင် ကျောက်ဖြစ်သွားသောခန္ဓာကိုယ်ကို ပျက်စီးသွားစေ၏။ယောက်ချန်တန်ကတော့ မည်သည့်ဒဏ်ရာမှမရဘဲ လှမ်းထွက်လာသည်။
သူက ဝမ်လင်းပတ်လည်ရှိ အနက်ရောင်လေပြင်းကို စူးစိုက်ကြည့်ကာ နှာခေါင်းရှုံ့သည်။ “ဒီလောက်စွမ်းအားလေးနဲ့…။ဒီနေ့မင်း သံသယမရှိ သေရမယ်…”
သူက ထိုသို့ ပြောပြီးရုံရှိသေး ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်လေပြင်းသည် ထိုးထွက်သွား၏။လေပြင်းသည် ကြယ်များကြား သိမ်းကြုံးတိုက်ခိုက်ကာ အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက သူ့ပါးစပ်ကိုဟကာ အေးစက်စက်လေများကို မှုတ်ထုတ်၏။
အစောပိုင်းက ယောင်ချန်တန်သည် ထိုလေပြင်းသည် သူ့ကို မချိန်းခြောက်နိုင်ဟု ယူဆထားသည်။သို့သော် သူ့ခန္ဓာကိုယ်သည် ထိုလေအေးကို ခံစားမိသည်နှင့် သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးလုမတက် ဖြစ်သလို ခံစားလိုက်ရတော့သည်။သူက တုန်လှုပ်စွာ နောက်သို့ ချက်ခြင်း ဆုတ်၏။သို့သော် အနက်ရောင်လေပြင်းသည် သူ့နောက်သို့ နီးကပ်စွာ ကပ်ပါလာသည်။
ထိုအနက်ရောင် အေးစက်စက်လေသည် သူ့အား ဝန်းရံတော့မည်ကို တွေ့မြင်သည့်အခါ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်ကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံမန္တာန်…တိမ်တည်ငြိမ်ခြင်း…”
ထိုအခါ မိုးခြိမ်းသံများ တဝုန်းဝုန်းထွက်ပေါ်လာကာ တိမ်များသည် ယောင်ချန်တန်အား ဝန်းရံပေးသွား၏။
သို့သော် အနက်ရောင်နဂါးမှုတ်ထုတ်လိုက်သည့် လေပြင်းအောက်၌ ၎င်းတိမ်တို့သည် လွင့်ပါးသွားရသည်။ယောင်ချန်ထန်၏ အထိတ်တလန့်အသွင် ထွက်ပေါ်လာခဲ့သည်။
“ဒါ..ဒါက ဘယ်လိုကောင်းကင်ဘုံမန္တာန်မျိုးလဲ…” ယောင်ချန်တန်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူက အံတင်းတင်းကြိတ်၍ မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်သည်။သူက ညာလက်ကို ပင့်မြှောက်ကာ အော်ဟစ်ပြန်၏။ “သွေးစိတ်ဝိညာဉ်…စက်ဝိုင်းခြောက်ခု…”
ထိုမန္တာန်ကိုအသုံးပြုပြီးနောက် ယောင်ချန်တန်၏အသွင်သည် ဖြူရောသွားသည်။ထိုသွေးစိတ်ဝိညာဉ်ကောင်းကင်ဘုံမန္တာန်ကို ဘိုးဘေး သွေးနတ်ဘုရားက ဖန်တီးပေးထားခြင်းပင်။၎င်းမန္တာန်သည် သူတို့ယောင်မိသားစုဘိုးဘေး၏ အကောင်းဆုံးမန္တာန်များထဲမှ တစ်ခုအပါအဝင်ဟု ပြောနိုင်ပေ၏။
၎င်းမန္တာန်၏ အထွတ်အထိပ်စွမ်းအားသည် စက်ဝိုင်းဆယ့်ကိုးခု ဖြစ်သည်။သို့သော် ယောင်ချန်တန်၏လက်ရှိ ကျင့်ကြံမှုအဆင့်အရ သူက စက်ဝိုင်းခြောက်ခုကိုသာ ထုတ်ဖော်နိုင်သည်။ထိုမျှနှင့်ပင် သူ့မူလစွမ်းအင်များစွာကို ကုန်ဆုံးစေနေ၏။
သွေးများက မြန်ဆန်စွာ စတင်ရွှေ့လျားကာ ဝဲကတော့တစ်ခုအဖြစ် ဖြစ်တည်လာသည်။၎င်းက ပြင်းထန်သောအားတစ်ခုကို ဖြစ်စေကာ လေပြင်းနှင့် ထိတိုက်သွား၏။ထိုအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု မြန်ဆန်စွာ ချေဖျက်နေကြသည်။
ယောင်ချန်တန်သည် ဝမ်လင်းကို စူးစိုက်ကြည့်လိုက်၏။သူက အံတင်းတင်းကြိတ်ကာ သူ့သိုလှောင်အိတ်ထဲမှ အဆောင်ကို ထုတ်ယူလိုက်၏။
“ဘိုးဘေး ငါ့ကို ပေးထားတဲ့ ဒီအဆောင်နဲ့ဆိုရင် မင်းမှာ မန္တာန်တွေ ဘယ်လောက်ရှိရှိ သေချာပေါက် သေဆုံးစေရမယ်…”
သူက သူ့လက်ကို ပင့်မြှောက်လိုက်ရာ အဆောင်သည် ချက်ခြင်း ပျံသန်းထွက်သွား၏။ထိုအဆောင်ပေါ်၌ မင်နီနှင့် ရေးဆွဲထားသော ရှုပ်ထွေးသည့် စာလုံးတစ်လုံး ရှိနေသည်။ယောင်ချန်တန်က သူ့လျှာကို အနည်းငယ်ကိုက်ကာ ၎င်းအဆောင်ပေါ်သို့ သွေးအနည်းငယ် ထွေးထုတ်လိုက်သည်။
ချက်ခြင်းပင် အဆောင်သည် သွေးစွန်းသွားကာ စာလုံးသည် အသက်ဝင်လာသလို ထင်မှတ်ရသည်။အဆောင်ထံကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ထိုထူးဆန်းသော အစိမ်းရောင်မီးတောက်က အဆောင်၏ထောင့်ကို စတင် လောင်ကျွမ်းလာသည်။
“ကောင်းကင်ဘုံအင်ပါယာအဆောင်…ဒီလူ့ကို သတ်…” ယောင်ချန်တန်က ဝမ်လင်းထံသို့ လက်ညွှန်၏။သူ့အသံသည် ကြမ်းကြုတ်နေသည်။
အဆောင်သည် တလက်လက် ထိုးထွက်သွား၏။၎င်းက သွေးစိတ်ဝိညာဉ်ဝဲကတော့နှင့် လေပြင်းကို ထွင်းဖောက်ကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ၎င်းအဆောင်နှင့် အတော်လေး ရင်းနှီးနေသည်။သူ့ထံ၌လည်း ထိုသို့ပုံစံတူအဆောင်နှစ်ခု ရှိနေခဲ့၏။သည်အခိုက်အတန့်၌ အဆောင်ထံမှ ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေသောအော်ရာတစ်ခု ထွက်ပေါ်လာချေသည်။
ထိုအော်ရာသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေသည်။
“ငါ မခုခံနိုင်ဘူး…” သူက သေရေးရှင်ရေးကို ခံစားမိ၏။ဝမ်လင်းက နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်၏။သို့သော် အဆောင်က ပို၍ပင် မြန်ဆန်လာနေသည်။
သည်လိုအခြေအနေအောက်၌ ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ပျံသန်းထွက်စေလိုက်၏။သူက ယောင်ချန်တန်ထံသို့ လက်ညွှန်လိုက်သည်။ထို့နောက် ဝမ်လင်းသည် အဆောင်တစ်ခုကိုလည်း ထုတ်ယူကာ ယောင်ချန်တန်ကို တုပကာ သူ့လျှာသူကိုက်၍ သွေးအဆီအနှစ်ကို ထိုအဆောင်ပေါ်သို့ ထွေးထုတ်လိုက်သည်။
သွေးအဆီအနှစ်သည် ထိုအဆောင်ကို တောက်ပသွားစေ၏။၎င်းက ယောင်ချန်တန်ပစ်လွှတ်လိုက်သော အဆောင်နှင့် ထိပ်တိုက်တွေ့သည်။ဝမ်လင်း၏ အဆောင်က ချက်ခြင်း ပျက်စီးသွားကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရ၏။
သို့သော်လည်း ယောင်ချန်တန်၏အဆောင်ကမူ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။လက်သည်းခွံအရွယ်စားလောက် ကျန်နေသေး၏။၎င်းက မခန့်မှန်းနိုင်လောက်သော အမြန်နှုန်းနှင့် ရွှေ့လျားလာကာ ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားတော့သည်။
ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက သူ့မျက်ခုံးနှစ်ခုကြားမှ ပူလောင်မှုကို ခံစားလိုက်ရသည်။အံ့မခန်း ချိပ်ပိတ်မှုစွမ်းအားက သူ့ခန္ဓာကိုယ်ထဲ၌ အရူးအမူး ပျံ့နှံ့လာ၏။မျက်စိတစ်မှိတ်အတွင်း သူ့မူလစွမ်းအင်နှင့်မူလစိတ်ဝိညာဉ်တို့သည် လုံးဝ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
“ဒါ… ဒါက ရွေးချယ်ခံမသေမျိုးကလန်ရဲ့ တက်တူးစွမ်းအားပဲ။ဒါပေမဲ့လည်း ဒီကလန်ရဲ့ တက်တူးက ဘာကြောင့် အခုလောက် စွမ်းအားကောင်းနေရတာလဲ…”
ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိ၏။သူ့မျက်လုံးထဲ၌လည်း အထိတ်တလန့် ဖြစ်လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးသည် ရုတ်တရက် ချိပ်ပိတ်ခြင်း ခံလိုက်ရပြီ မဟုတ်လော။သူက အခုဆို သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေချေပြီ။
သူ့ခန္ဓာကိုယ်ကလည်း ချက်ခြင်း အလွန်အားနည်းသွားသည်။ထာရှန်ကသာ သူ့လက်နှင့် ပွေ့ထားပေးခြင်း မရှိပါက ဝမ်လင်းသည် ချက်ခြင်း အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ လွင့်စင် ပြုတ်ကျသွား ပေလိမ့်မည်။
သူ့ဘေးရှိ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက တောင်ပံခတ်နေကာ အန္တရာယ်လုံးဝ မရှိသည့်ပုံ ပေါ်နေ၏။
ယောင်ချန်တန်က ရယ်မောလိုက်၏။မူလစွမ်းအင်မရှိပါက ဝမ်လင်း၏ရတနာများ၊မန္တာန်များသည် အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။လေဆင့်ခေါ်ခြင်း မန္တာန်သည်လည်း ပျောက်ကွယ်သွားရလေပြီ။ယောင်ချန်ထန်က သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက်အသွင်သို့ ပြောင်း၍ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာချေသည်။
“အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ ငါနဲ့ တိုက်ခိုက်ချင်နေတာလား…။ရှုမူ…မင်း သေရမယ်…”
ယောင်ချန်တန်က ရယ်မောနေရင်း သူ့အမြန်နှုန်းကလည်း တုန်လှုပ်ဖွယ်ပင်။သူက ဝမ်လင်းရှိရာသို့ မြန်ဆန်စွာ လာနေသည်။သူ့လက်ချောင်းထဲ၌လည်း မူလစွမ်းအင်နှင့် ပြည့်နေ၏။၎င်းတို့သာ ဝမ်လင်းပေါ်သို့ ကျရောက်လာပါက ဝမ်လင်း၏ခန္ဓာကိုယ်သာ ပျက်စီးမည် မဟုတ် သူ့မူလစိတ်ဝိညာဉ်သည်လည်း ဖျက်စီးခံလိုက်ရမည်သာ ဖြစ်သည်။
ယောင်ချန်တန် နီးကပ်လာသည်နှင့် လိပ်ပြာက သူ့တောင်ပံကို ညင်သာစွာ ခတ်လိုက်၏။၎င်းက ဝမ်လင်းတွင် မူလစွမ်းအင် မရှိတော့သော်လည်း အခြားရတနာများနှင့် ခြားနားနေသည်မှာ သိသာပေသည်။၎င်းက တစ်ခါ အသက်သွင်းပြီးသည်နှင့် ၎င်းကိုယ်တိုင် လုပ်ဆောင်နိုင်ပေသည်။
ယောင်ချန်တန်၏ခန္ဓာကိုယ်က တုန့်ဆိုင်းသွား၏။သူက နောက်သို့ လွင့်စင်ထွက်သွားရသည်။သူက ပေတစ်ရာကျော်ပြီးမှ သူ့ကိုယ်သူ ပြန်ရပ်တန့်နိုင်လိုက်သည်။သို့သော် လိပ်ပြာသည် ချက်ခြင်းပင် နောက်ထပ် တောင်ပံခတ်လာပြန်သည်။
ယောင်ချန်တန်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နေတော့သည်။လိပ်ပြာသည် တောင်ပံခတ်လိုက်သည်နှင့် သူက နောက်ထပ်အဆောင်တစ်ခုကို ထပ်ထုတ်ယူသည်။သည်တစ်ကြိမ်၌ သူက ၎င်းကို ပစ်လွှတ်ခြင်း မပြုဘဲ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။
အဆောင်ထံကနေ ပြင်းထန်သော တက်တူးစွမ်းအားလှိုင်းက ထွက်ပေါ်လာခဲ့ကာ ယောင်ချန်တန်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။သိပ်မကြာခင်တွင် ယောင်ချန်တန်၏ ပတ်လည်၌ တက်တူးအမှတ်အသားများစွာ ပေါ်လာသည်။
တစီစီအသံများ ပဲ့တင်ထပ်နေ၏။လိပ်ပြာတောင်ပံခတ်လိုက်တိုင်း တက်တူးအမြောက်အများ ပျက်စီးသွားရသည်။သို့သော်လည်း သူက ဆက်လက်၍ ရှေ့သို့ တရကြမ်း တိုးလာကာ ဝမ်လင်းနားသို့ နောက်တစ်ဖန် နီးကပ်လာပြန်သည်။
“ငါ ရှုမူကို သတ်ပစ်ရမယ်။သူက အခု အထည်ဒြပ်ယန်အဆင့်ပဲ ရှိသေးတာတောင် အတော်လေး စွမ်းအား ကောင်းလွန်းနေပြီ။သူသာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်သွားရင် ငါက သူ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး…”
***