Switch Mode

အပိုင်း(၈၇၅):

သွေးနတ်ဘုရား၏ အတွေး(၁)

ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက သည်လူများကို သတ်ဖြတ်နေသည့်အခါ၌ သူတို့ကြားတွင် ယောင်မိသားစုဝင် တစ်ယောက်မျှ မပါသည်ကို သတိပြုမိခဲ့သည်။

သည်လိုမျိုး လူများကို မည်မျှသပ်သပ် ယောင်မိသားစုသည် နာကျင်ရလိမ့်မည် မဟုတ်ပေ။

သူက ယောင်မိသားစုကို အမှန်တကယ် နာကျင် ထိခိုက်စေလိုပါက ယောင်မိသားစုဝင်များကို သတ်ကိုသတ်ရပေမည်။

“ယောင်မိသားစုက ငါ့ကို သတ်ချင်မှတော့ ငါလည်း သူတို့မိသားစုဝင်တွေကို အရင်ဆုံး မျိုးတုန်းပေးရတာပေါ့…”

သူ့ထံသို့ တိုးဝင်လာနေသည့် ယောင်မိသားစုဝင်သည် ယင်ယန်အဆင့်ကို ချိုးဖျက်ပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိနေသူပင်။

နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်။ ဝမ်လင်းမျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ် ဖြစ်ပေါ်လာ၏။သူက အထည်ဒြပ်ယန်အဆင့်သို့ ရောက်ရှိခဲ့ကတည်းက အစစ်အမှန်နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိုက်ခိုက်ရသေးပေ။သူ့စိတ်ထဲ၌ တိုက်ခိုက်လိုက်သည့် စိတ်ဆန္ဒတို့ ပြည့်လာခဲ့သည်။

ဓားစွမ်းအင် နီးကပ်လာသည်နှင့် ဝမ်လင်းသည် ရှေ့သို့ တဟုန်ထိုး မြန်ဆန်စွာ တိုးလာသည်။သူက အခြားတစ်ယောက် မရောက်ခင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူကို အရင်ဖြေရှင်းရပေမည်။သူတို့နှစ်ယောက်သာ ပေါင်းစည်းသွားပါက သူ့အတွက် အကျိုးမရှိ ဖြစ်သွားနိုင်သည် မဟုတ်လော။

အထည်ဒြပ်ယန်အဆင့်အဘိုးအိုသည် နောက်သို့ ချက်ခြင်း ဆုတ်၏။သူက ထာရှန်နှင့်ဆက်၍ မတိုက်ခိုက်လိုတော့ပေ။သူက သူ့တာဝန်ကို လုပ်ဆောင်ပြီး ဖြစ်သည်။သူက ရှုမူကို တက်နိုင်သလောက် အချိန်ဆွဲထားခဲ့ပြီး မဟုတ်လား။ထိုအတွက် သူက ယောင်မိသားစုထံမှ ဆုလဒ်ကို ရနိုင်ပေမည်။

သူက နောက်ဆုတ်သည်နှင့် ထာရှန်သည် အဘိုးအိုနောက်သို့ လိုက်ပါသွား၏။သူ့လက်သီးက အလွန်တောက်ပလာရင်း အဘိုးအိုထံသို့ ဆက်တိုက် တဘုန်းဘုန်း ထိုးနှက်တော့သည်။

အဘိုးအိုက နောက်သို့ ဆုတ်နေရင်း ထိုလက်သီးချက်များကို မန္တာန်များအသုံးပြု၍ ပိတ်ဆို့သည်။

ဝမ်လင်းမျက်လုံးက နီရဲလာကာ သူက ယောင်မိသားစုဝင်၏ ဓားစွမ်းအင်တန်း ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ယောင်ချန်တန်က ညစ်ကျယ်ကျယ် ပြုံးလိုက်၏။သူ့မျက်နှာပေါ်၌ အထင်သေးသည့် အရိပ်အယောင် ရှိနေသည်။

အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူက ထိုမြင်ကွင်းကို တွေ့မြင်လိုက်သည့်အခါ စိတ်အေးချမ်းသွားရ၏။သို့သော်လည်း သူက ဝမ်လင်း၏ ဆန်းကြယ်သော ရွှေ့လျားမှုနှင့် ပတ်သတ်၍ သတိထားနေဆဲသာ။

“ယောင်မိသားစုဝင် ရောက်လာပြီ ဆိုတော့ ရှုမူမှာ ငါ့ကို တိုက်ခိုက်ဖို့ အချိန်မရှိလောက်တော့ဘူး…” အဘိုးအိုသည် ထာရှန်၏ တိုက်ခိုက်မှုများကနေ နောက်သို့သာ ဆက်၍ ဆုတ်နေသည်။

သူက ဝမ်လင်းနှင့် ပို၍ ဝေးလေလေ ပို၍ စိတ်သက်သာရာ ရလေပင်။သို့သော်လည်း ထိုအခိုက်အတန့်၌ ထာရှန်၏ခန္ဓာကိုယ်သည် အရင်ထက်အဆများစွာ တောက်ပလာ၏။ထိုရွှေရောင်တောက်ပမှုသည် အလွန်အားကောင်းလှသည်။

အဘိုးအိုသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း သူက ထာရှန်နှင့် အလွန်နီးကပ်စွာ ရှိနေသည် မဟုတ်လား။သည်အခိုက်အတန့်၌ အဘိုးအို၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားကာ သူက ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိ ဖြစ်သွားရ၏။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရန် ပြင်လိုက်စဉ် ထာရှန်၏ကြမ်းတမ်းသော တိုက်ခိုက်မှုက ကျရောက်လာရာ သူက ထာရှန်ကို ရင်ဆိုင်ရန် အာရုံစိုက်လိုက်ရ၏။

ထိုအခိုက်အတန့်မှာပင် ယောင်ချန်တန်ထံသို့ သွားနေသော ဝမ်လင်းသည် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်၏။သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာရင်း သူက ပျောက်ကွယ်သွားလေသည်။

သူ ပျောက်ကွယ်သွားသည်ကို အထည်ဒြပ်ယန်ကျင့်ကြံသူအဘိုးအိုက တွေ့မြင်နိုင်ခြင်း မရှိပေ။သူ့စိတ်ကတော့ တုန်လှုပ်သွား၏။

သူက ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက်သွင်းလိုက်ပြီး မူလစွမ်းအင်ဝဲကတော့တစ်ခုကို ဖြစ်စေသည်။

သို့သော်လည်း သူက ခြေတစ်လှမ်နောက်ကျသွားခဲ့သည်သာ။ဝမ်လင်း၏ပုံရိပ်က သူ့နောက်တွင် ပေါ်လာခဲ့ပြီး ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့ပြီး ဖြစ်သည်။

ဝမ်လင်း၏ လက်ချောင်း အဘိုးအို ကျောပေါ်သို့ ကျရောက်ချိန်၌ သူ့မူလစွမ်းအင်ဝဲကတော့သည် အပြည့်အဝ မဖြစ်ပေါ်သေးပေ။အဘိုးအို၏မျက်နှာက ဖြူရောသွားကာ သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။

သည်အခိုက်အတန့်၌ ထာရှန်၏ခန္ဓာကိုယ်သည် အလွန်တောက်ပလာရင်း သူ့နှဖူးထက်ရှိ တက်တူးသည် သူ့ညာလက်သီးထဲသို့ ပျော်ဝင်သွားသည်။အဘိုးအိုသည် ထွက်ပြေးဟန် ပြင်နေရင်းပင် ထာရှန်၏လက်သီးသည် သူ့အပေါ်သို့ ကျရောက်လာတော့၏။ လေထုပေါက်ကွဲသံများပင် ထိုလက်သီးချက်ကြောင့် ဖြစ်ပေါ်ကုန်သည်။

အဘိုးအိုသည် အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ် ဖြစ်၏။သူက အခုလို သေရင်းရှင်ရေး အခိုက်မှာပင် မူလစွမ်းအင်ကို ထွေးထုတ်ကာ ဒိုင်းတစ်ခု ဖန်တီးသွားသည်။ထာရှန်၏ လက်သီးချက်က ဒိုင်းပေါ်သို့ ကျလာသည့်အခါ ၎င်းသည် ကွဲကြေပျက်စီးသွားသည်။အဘိုးအိုသည်လည်း နောက်သို့ လွင့်စင်သွားရ၏။အဘိုးအိုသည် သွေးအန်ထုတ်လိုက်ရသည်။

သို့ရာတွင် သူ့ခန္ဓာကိုယ်သည် သွေးအရိပ်အဖြစ်သို့ ပြောင်းလဲရင်း သူ့ရှေ့ရှိ သွေးများနှင့် ပေါင်းစည်းသွားသည်။သူ့ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ သူသည် ဝမ်လင်းနှင့်ထာရှန်တို့၏ တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် လုပ်သွားနိုင်သည်။

ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။အဘိုးအိုသည် သွေးလွတ်မြောက်ခြင်းကို အသုံးပြုလိုက်သည့်အခါ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဓားအသွင် ခုတ်ပိုင်းချ၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ထိုးထွက်လာရင်း ထိုသွေးအရိပ်ကို နှစ်ခြမ်းခွဲပစ်သည်။

အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့် အဘိုးအိုသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ရ၏။သူ့မူလစိတ်ဝိညာဉ်သည် သွေးအလင်းကို လွှမ်းခြုံရင်း ခန္ဓာကိုယ်ကို စွန့်ကာ ထွက်ပြေးပြန်သည်။

ထိုအရာများအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းသည် သူ့နောက်သို့ လိုက်လံရန် အချိန်မရှိပေ။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ချက်ခြင်း သူ့ရှေ့တွင် ပေါ်လာရင်း ဒိုင်းတစ်ခုအသွင် ဖြစ်စေသည်။

ယောင်ချန်တန်၏ ဓားစွမ်းအင်သည် ရုတ်တရက် ဦးတည်ရာပြောင်းသွားကာ တံဆိပ်တုံးပေါ်သို့သာ ကျရောက်သွား၏။

တံဆိပ်တုံးက ဓားစွမ်းအင်ကို ပိတ်ဆို့လိုက်ချိန်၌ ကမ္ဘာမြေပင်ကွဲအက်စေနိုင်သည့်အသံသည် သည်ဧရိယာတွင် ပဲ့တင်ထပ်သွားတော့သည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်က ဗြောင်းဆန်သွား၏။ထိုဓားစွမ်းအင်၏ ဖိသိပ်မှုအောက်၌ တံဆိပ်တုံးသည် နောက်ပြန်လွင့်လာကာ ဝမ်လင်းထံသို့ လာစောင့်၏။သူက ခြေလှမ်းတစ်ရာလောက် နောက်ဆုတ်ပြီးမှသာ အရှိန်သပ်လိုက်နိုင်သည်။

“ယောင်မိသားစုရဲ့ တတိယမျိုးဆက် ယောင်ချန်တန်…” အလင်းတန်းပျောက်ကွယ်သွားပြီးနောက် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ဝမ်လင်းကို မောကြွားစွာ ကြည့်နေဟန် ထွက်ပေါ်လာသည်။သူ့ခြေထောက်အောက်၌လည်း ပေသုံးဆယ်ခန့် ရှိသည့် ဓားရှည်တစ်လက် ရှိနေသည်။

ဝမ်လင်းက သည်ဓားမျိုးကို တစ်ကြိမ်မှ မမြင်ခဲ့ဖူးပေ။၎င်းက သိပ်သည်းသော ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ လေဟာနယ်ကိုပင် ဆုတ်ဖြဲစေမလားပင်။

“ရှုမူ…မင်း ငါနဲ့တွေ့တာ ကံဆိုးတာပဲ။မင်းသာ ငါ့ယောင်မိသားစုရဲ့ အခြားတစ်ယောက်ယောက်နဲ့ တွေ့ရင်တောင် မင်းက ခွင့်လွှတ်ဖို့အတွက် တောင်းပန်တွန်းထိုး နိုင်ဦးမယ်…။ဒါပေမဲ့လည်း ငါ ယောင်ချန်တန်အတွက်တော့ မင်းရဲ့ တောင်းပန်မှုက အသုံးမဝင်ဘူး…” ယောင်ချန်တန်က အလွန်အမင်း မောက်မာကာ သူက စိတ်ထဲက‌နေ တွေးလိုက်၏။ “ငါက ဒါကို ယောင်ပင်ယွမ် ဒီနေရာကို ရောက်မလာခင် အဆုံးသပ်မှ ရမယ်။ မဟုတ်ရင် ဒီအေးစက်စက်မိန်းမက ငါ့ အကျိုးရလဒ်ကို လုယူသွားလိမ့်မယ်…”

ဝမ်လင်း၏အသွင်က တည်ငြိမ်နေသည်။သူ့မျက်လုံးက အေးစက်နေ၏။သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မာနကြီးသော ကျင့်ကြံသူများကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။

ဝမ်လင်းက ခေါင်းဆတ်ကာ သူ့လက်နှစ်ဖက်ကို ယှက်၍ စကားပြောဟန် ပြင်သည်။သို့ရာတွင် သူ့ပါးစပ်ကနေ မူလစွမ်းအင်အဆီအနှစ် ထွက်ပေါ်လာပြီး ပုံရိပ်ယောင်ဓားတစ်လက်အဖြစ်သို့ ပြောင်း၍ ယောင်ချန်တန်ထံသို့ အလွန်မြန်စွာ တိုးဝင်သွားလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားသည်။

မူလစွမ်းအင်အဆီအနှစ်မှ ဖြစ်ပေါ်သည် ဓား အလွန်မြန်လှရာ ယောင်ချန်တန်ထံသို့ ချက်ခြင်းလိုလို နီးကပ်လာ၏။ယောင်ချန်တန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အေးစက်စက်နှာခေါင်းရှုံ့သည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရင်း ရှေ့သို့ ဆန့်ထုတ်၏။

အစိမ်းရောင်အလင်းတန်းတစ်ခုသည် သူ့လက်ထဲကနေ ထွက်ပေါ်ကာ ဓားကို ဝါးမြိုပစ်မည့် ဦးခေါင်းခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။သူက ညာလက်ကို ပင့်လိုက်သည်နှင့် သူ့နောက်ဘက်မှ လှိုင်းတွန့်တစ်ခု ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာချေ၏။ဝမ်လင်း၏ လက်နှစ်ချောင်းသည် အောက်သို့ ဖိချ၏။သူက ရလဒ်ကို ကြည့်ပင်မကြည့်ဘဲ နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

ယောင်ချန်တန်၏အသွင်က သုန်မှုန်လာ၏။ဝမ်လင်းပေါ်လာသည်နှင့် သူက ရုတ်တရက် လှည့်ကာ သူ့မျက်လုံးထဲမှအလင်းတန်းနှစ်ခုကို ပစ်လွှတ်၏။သို့သော်လည်း ထိုအလင်းတန်းနှစ်ခုသည် ဝမ်လင်းကို ထိမှန်ခြင်းမရှိဘဲ လေဟာနယ်ကိုသာ ဖြတ်ကျော်သွားသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ရုတ်တရက် စတင်လှည့်လည်ကာ ယောင်ချန်တန်ထံသို့ ဖိအားပြင်းပြင်း ရိုက်ချလာ၏။

တံဆိပ်တုံးထံမှ ရွှေရောင်စာလုံး ရာချီသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ထိုရွှေရောင်စာလုံးများက ယောင်ချန်တန်ကို ချိပ်ပိတ်ပစ်ရန် တရကြမ်း တိုးဝင်လာကြ၏။

ယောင်ချန်တန်သည် သုန်မှုန်စွာ အပေါ်သို့ မော့ကြည့်လိုက်ချိန်မှာပင် ဝမ်လင်းက သူ့ဘေးတွင် နောက်တစ်ဖန်ပေါ်လာပြီး ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို စေလွှတ်လာပြန်သည်။သူက လျှင်မြန်စွာ လှည့်၍ ရှောင်၏။

ဝမ်လင်းသည် တံဆိပ်တုံး ကျဆင်းလာသည်နှင့်အတူ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။သူက ယောင်ချန်တန်ဘေးနားသို့ ပေါ်လာလိုက် တစ်ချက်တိုက်ခိုက်ပြီး ပြန်ပျောက်ကွယ်သွားလိုက် ရှိနေ၏။

ထို့အတွက်ကြောင့် ယောင်ချန်တန်၏အသွင်သည် ပိုပို၍ သုန်မှုန်လာလေ၏။ဝမ်လင်း၏ တိုက်ခိုက်မှုများသည် သူ့အတွက် လုံလောက်အောင် သန်မာခြင်း မရှိသော်လည်း သူက အာရုံစိုက်နေရသည်သာ။ ဝမ်လင်းပေါ်လာတိုင်း သူက ချက်ခြင်း တုန့်ပြန်နေရသည် မဟုတ်လော။

သို့သော်လည်း သူက ဝမ်လင်း၏အရိပ်ကိုပင် မထိနိုင်သေးပေ။သည်လို ထူးဆန်းသည့် တိုက်ခိုက်ခြင်း နည်းလမ်းက သူ့ကို အတော်လေး စိတ်ရှုပ်စေ၏။ယောင်ချန်တန်သည် အခုလိုပုံစံမျိုးဖြင့် တစ်ကြိမ်မျှ မတိုက်ခိုက်ဖူးခဲ့ချေ။

ဝမ်လင်းက မူလစွမ်းအင်အဆီအနှစ်နှင့် ထွေးထုတ်တိုက်ခိုက်ပြီးသည်နှင့် သူက သူလက်ကို ပင့်မြှောက်ကာ ထိုတိုက်ခိုက်မှုကို ဖယ်ရှားပြီး ဖြစ်သည်။သူက လက်ဦးမှု ရယူ တိုက်ခိုက်နိုင်ခြင်း မရှိ ဖြစ်နေ၏။သူက သတိထား၍သာ နေနေရကာ လက်ဦးမှု ရယူပြီး မတိုက်ခိုက်နိုင် ဖြစ်နေသည်။

ထိုအခိုက်မှာပင် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် သူ့အထက် ပေတစ်ရာအကွာသို့ ရောက်လာ၏။ထိုအဖြစ်က ယောင်ချန်တန်ကို ပို၍ စိတ်မရှိ ကသိကအောက် ဖြစ်စေသည်။

သည်အခိုက်အတန့်၌ တုန်ဟီးသံများက ပို၍ ကျယ်လောင်လာကာ မရေမတွက်နိုင်သော ရွှေရောင်စာလုံးများသည် သူ့ထံသို့ ပျံသန်းလာကြ၏။ တစ္ဆေဆန်သောပုံရိပ်တစ်ခုကလည်း သူ့ကို တောက်လျှောက် ပေါ်လိုက်ပျောက်လိုက် တိုက်ခိုက်နေသည်။

ယောင်ချန်တန်၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်လာ၏။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေသည်။သူ့အောက်ရှိ ဓားကြီးက အားကောင်းသောဓားစိတ်ဆန္ဒကို ထုတ်လွှတ်လာ၏။ထိုဓားကြီးသည် ပိုသေးငယ်သော ဓားဆယ့်ကိုးလက် အဖြစ်သို့ ပြောင်းလဲကာ ဆန်းကြယ်သောဓားအစီအရင်တစ်ခုအဖြစ် လှည့်လည် ဖြစ်ပေါ်လာသည်။ထို့နောက် ၎င်းဓားအစီအရင်သည် ထိုးထွက်သွား၏။

ဓားဆယ့်ကိုးလက် ထိုးထွက်သွားသည့်အခါ၌ ပို၍ သိပ်သည်းသောမူလစွမ်းအင်သည် ဓားအစီအရင်ထဲကနေ ပျံ့နှံ့လာကာ မုန်တိုင်းတစ်ခုကို ဖန်တီးသည်။ဓားအစီအရင်သည် ယောင်ချန်တန်၏ ပတ်လည်၌ တဝီဝီ လှည့်ပတ်နေသည်။သည်ပတ်ဝန်းကျင်အတွင်းရှိ မူလစွမ်းအင်သည် စတင်၍ တွန့်လိန်လာကာ ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။ဝမ်လင်းက သူ့ရှေ့တည့်တည့်ကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။

“ချိပ်ပိတ်ခြင်း…” ဝမ်လင်းထံမှ အော်သံ ထွက်ပေါ်လာသည်။တစ်ပြိုင်နက်တည်းမှာပင် ပို၍များပြားသော ရွှေရောင်စာလုံးများသည် ဓားအစီအရင်ကြောင့် ဖြစ်ပေါ်နေသည့် ဝဲကတော့ကို ပိုမြန်ဆန်စွာ ဖြတ်သန်းလာလေသည်။

ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ကျယ်လောင်စွာ မြည်ဟီး၍ သက်ဆင်းလာ၏။

ဓားအစီအရင်အတွင်း၌ ယောင်ချန်တန်၏ သွေးကြောများသည် ဖောင်းကြွလာသည်။ရုတ်တရက် သူက ခေါင်းမော့ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ဓားအစီအရင်သည် ပို၍ မြန်ဆန်စွာ လှည့်လည်လာရင်း သူက အထက်သို့ လက်ညွှန်၏။

ဓားအစီအရင်သည် ချက်ခြင်း အထက်သို့ ဆန်တက်ကာ သက်ဆင်းလာသည့် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးဖြင့် တွေ့ဆုံသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားကာ တံဆိပ်တုံးသည် တန့်သွား၏။ယောင်ချန်တန်က ချက်ခြင်း ခြေတစ်လှမ်းလှမ်းကာ တံဆိပ်တုံး၏ အဝန်းအဝိုင်းနေရာကနေ ထွက်ခွာဟန် ပြင်၏။သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့ဘေးတွင် ထာရှန်က ပေါ်ထွက်လာပြီး လက်သီးထိုးချက်များကို ဆက်တိုက် စတင်တော့၏။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ပြီး ကောင်းကင်ဘုံဓားကို ဆုပ်ကိုင်၏။ရှုလီကောသည် ဓားထဲသို့ ပြန်ရောက်နှင့်နေပြီး ဖြစ်သည်။ဝမ်လင်းက ဓားကို ပင့်မြှောက်ကာ မူလစွမ်းအင်အပြည့်ဖြင့် ခုတ်ပိုင်းချလိုက်၏။တစ်ကြိမ်…နှစ်ကြိမ်…သုံးကြိမ်…ဆယ်ကြိမ်…အကြိမ်နှစ်ဆယ်…။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက် အကြိမ်နှစ်ဆယ်သည် ဝမ်လင်း၏မူလစွမ်းအင်ကို များစွာ ကုန်ဆုံးစေသည်။သို့သော်လည်း ၎င်းဓားချက်တို့သည် ကြီးမားသည့်ဓားစွမ်းအင်တန်းတစ်ခုအဖြစ်သို့ သိပ်သည်းကာ ပျံသန်းထွက်သွားသည်။

ဓားစွမ်းအင်တန်းသည် ဥပဒေသကိုပါ ချိုးဖျက်နိုင်သည်ဟု ထင်ရကာ ယောင်ချန်တန်ထံသို့ တိုးဝင်သွား၏။

ယောင်ချန်တန်၏အသွင်က ကြမ်းတမ်းလာကာ သူက ဓားအစီအရင်ကို မြန်ဆန်စွာ လှည်ပတ်စေပြီး ထာရှန်နှင့် ရင်ဆိုင်လိုက်၏။ထာရှန်၏မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။သို့သော် သူကား နောက်မဆုတ်ဘဲ နောက်ထပ် လက်သီးချက်ကို ပစ်သွင်းပြန်၏။

ဤအခိုက်မှာပင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ယောင်ချန်တန်ပတ်လည်ရှိ ဝဲကတော့ပေါ်သို့ ကျရောက်လာ၏။၎င်းက ဝဲကတော့ကို ချိုးဖျက်ကာ ယောင်ချန်တန်ထံသို့ ဦးတည်ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်စာလုံးမြောက်များစွာသည် ဓားချက်ဖွင့်လှစ်သည့် လမ်းကြောင်းကနေ လိုက်ပါတိုးဝင်လာကာ ယောင်ချန်တန်ကို မြန်ဆန်စွာ ချိပ်ပိတ်လာ၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို အသုံးပြုပြီးနောက် ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ထို့နောက် ကောင်းကင်ချိပ်ပိတ်ခြင်း တံဆိပ်တုံးပေါ်တွင် ပြန်ပေါ်လာကာ ၎င်းအပေါ်၌ ထိုင်ချလိုက်၏။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ဘေးဖက်သို့ ဖိနှိပ်ချသည်။

ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ဝမ်လင်း၏မူလစွမ်းအင်တို့နှင့် ပြည့်လာ၏။၎င်းက ယောင်ချန်တန်ထံသို့ တန်းတန်းမတ်မတ် စောင့်ကျလာ၏။

သည်အခိုက်အတိုက်၌ ဓားချက်၊လက်သီးချက်နှင့် တံဆိပ်တုံးတို့သည် ယောင်ချန်တန်ထံသို့ တစ်ချိန်တည်းမှာ တရကြမ်း တိုးဝင်လာသည်။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ကျရောက်လာသည့်အခါ၌ ကြယ်များကြားတွင်ပင် ပေါက်ကွဲသံများ ဖြစ်ကုန်ကြ၏။ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ပျက်စီး ပြိုကျသည့်အလား ကျယ်လောင်လွန်းလှ၏။ကီလိုမီတာ သောင်းချီအကွာကပင် ထို ပေါက်ကွဲသံများကို ကြားရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset