Switch Mode

အပိုင်း(၈၇၄):

ယောင်ချန်တန်

သည်ဆန်းကျယ်သော သတ်ဖြတ်ခြင်းနည်းလမ်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြီးစွာ တုန်လှုပ်သွားစေသည်။အထည်ဒြပ်ယန်အဆင့်တွင် ရှိနေသော အဘိုးအို၏ သွင်ပြင်ပင် အလွန်သုန်မှုန်နေသည်။သူက ရန်သူ၏ ကျင့်ကြံမှုအဆင့်သည် သူနှင့် အတူတူသာ ဖြစ်ကြောင်း ခံစားမိပေ၏။

သို့ရာတွင် ထိုရန်သူ၏ ထူးဆန်းလှသော မန္တာန်က သူ့ကိုပင် အတော်လေး ထိတ်လန့်စေသည်။

“ဒါက တည်နေရာရွှေ့ပြောင်းခြင်း ဒါမှမဟုတ် မဟာတည်နေရာရွှေ့ပြောင်းခြင်း လုံးဝ မဟုတ်ဘူး…” အဘိုးအို၏အသွင်သည် သုန်မှုန်နေကာ သူသည် သိုလှောင်အိတ်ထဲမှ ငွေရောင်ခေါင်းလောင်းတစ်ခုကို ထုတ်ယူလိုက်တော့၏။

သူသည် ချက်ခြင်း ထိုခေါင်းလောင်းကို လှုပ်ခါလိုက်သည်။ခေါင်းလောင်းသံက လှိုင်းများအဖြစ် ပျံ့နှံ့သွား၏။ထိုလှိုင်းတို့သည် သည်နေရာပတ်လည်ရှိ မူလစွမ်းအင်တို့နှင့် ရောက်စွက်သွားသည်။

“နှစ်ဆယ့်နှစ်ယောက် ကျန်နေသေးတယ်…” ဝမ်လင်း၏ခန္ဓာကိုယ်က လှစ်ခနဲ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ နောက်တွင် ပေါ်လာပြန်သည်။ထိုကျင့်ကြံသူ၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားတော့၏။ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြုသည်။မည်သည့်ဓားစွမ်းအင်မှ ပေါ်ထွက်မလာပေ။သို့သော် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲထွက်သွားရ၏။

သူ့မူလစိတ်ဝိညာဉ်သည် ဝမ်လင်းအမြင်ကို ဖမ်းစားနိုင်လောက်သည့် အထိ သန်မာလှခြင်း မရှိပေ။သို့သော် သူက ၎င်းကိုလည်း စိတ်ဝိညာဉ်အလံနှင့် ဖမ်းယူသွားသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ခေါင်းလောင်းတီးနေသော အဘိုးအိုကို သုန်မှုန်စွာ ကြည့်လိုက်၏။ထိုရတနာက အနည်းငယ် ထူးဆန်းနေသည်။၎င်းက ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကိုပါ နှောက်ယှက်နိုင်စွမ်း ရှိနေသည်။၎င်းက ဝမ်လင်းအပေါ် များစွာ သက်ရောက်နိုင်ခြင်း မရှိသော်လည်း ဆက်ကာ ဆက်ကာ ဖြစ်နေပါက သူ့အရှိန်ကို နှေးသွားစေနိုင်၏။

အေးစက်စက်နှာခေါင်းရှုံ့လိုက်ခြင်းနှင့်အတူ ထာရှန်က ဝမ်လင်းနောက်မှ လှစ်ခနဲ ထွက်ပေါ်လာချေ၏။ထာရှန်သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို လစ်လျူရှုကာ အဘိုးအိုထံသို့သာ တန်းမတ်စွာ ဦးတည်သွားလေသည်။

ထာရှန်က ပျံသန်းလာရင်း သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ လက်သီးတစ်ချက် ပစ်သွင်းလာ၏။သူ့လက်သီးချက်သည် လေထုကို ဖြတ်၍ အဘိုးအိုထံသို့ တရကြမ်း ဝင်ရောက်သွားလေသည်။

ထိုနှစ်ယောက်၏ တိုက်ပွဲသည် အလွန်ကြမ်းတမ်းလှကာ ပေါက်ကွဲသံများ နေရာအနှံ့ ဖြစ်ပေါ်ကုန်၏။အဘိုးအိုသည် မန္တာန်မျိုးစုံကို အသုံးပြုရင်း နောက်သို့ ဆက်ဆုတ်နေ၏။သူ့အသွင်ဟန်ပန်က အလွန်အမင်း သုန်မှုန်နေသည်။

ထာရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော မည်သည့်မန္တာန်၊ရတနာကမျှ သူ့အပေါ်တွင် သက်ရောက်ခြင်း မရှိဘဲ ဖြစ်နေသည်။သူက တရစပ်သာ ဆက်၍ တိုက်ခိုက်နေလေ၏။

ထာရှန် ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက ခြေလှမ်းထွက်၏။သည်တစ်ကြိမ်၌ သူက လောကနှင့် တစ်သားတည်း မပေါင်းစပ်တော့ဘဲ သူ့ပါးစပ်ကို ဟကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပျံသန်းထွက်လာစေသည်။၎င်းက ပေတစ်ရာအထိ ကျယ်ပြန့်လာပြီးနောက် ကြမ်းတမ်းစွာ ထိုးစိုက်ချလာသည်။

၎င်းတံဆိပ်တုံးအောက်ရှိ ကျင့်ကြံသူနှစ်ယောက်၏ အမူအရာသည် ပြောင်းလဲသွားကာ သူတို့က ထွက်ပြေးရန် ပြင်၏။သို့ရာတွင် ဝမ်လင်းက ချက်ခြင်း အော်ပြောလိုက်၏။ “ချိပ်ပိတ်ခြင်း…” ထိုအခါ ထိုကျင့်ကြံသူနှစ်ယောက်၏ လွတ်မြောက်နိုင်မည့် နည်းလမ်းမှန်သမျှသည် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် တံဆိပ်တုံး သက်ဆင်းလာသည့်အခါ သူတို့၏ခန္ဓာကိုယ်များသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း ခံလိုက်ရ၏။သူတို့၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။သို့သော် ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။ထို့နောက် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးက ထိုသူတို့၏ မူလစိတ်ဝိညာဉ်ကို သိမ်းဆည်း ယူဆောင်သွားတော့သည်။

ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ပေါ်ရှိ ထောင်သောင်းချီသော ရွှေရောင်စာလုံးများကြားတွင် နှစ်ခုသည် ပို၍ တောက်ပလာခဲ့တော့သည်။

ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွား၏။သူက တံဆိပ်တုံးသည် ထိုသို့သော ထူးဆန်းသည့် လုပ်ဆောင်မှု ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။သို့သော် အခုက သည်အရာကို တွေးနေရမည့် အချိန်မဟုတ်ပေ။ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြန်၏။ထိုအခါ သူ့အပေါ် တိုက်ခိုက်မှုအားလုံးသည် လွဲချောသွားရ ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် စိတ်နှလုံးထဲကနေ အေးစက်စက် ခံစားနေရာ၏။

ထာရှန်နှင့် တိုက်ပွဲဝင်နေသော အဘိုးအိုအပြင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှိနေသေး၏။သည်အခိုက်အတန့်၌ သူတို့သည် အမှန်တကယ် ထိတ်လန့်နေပြီ ဖြစ်သည်။ရှုမူ၏ဂုဏ်သတင်းသည် သူတို့၏ စိတ်ထဲ၌ ပြည့်နှက်လာကြသည်။

ရှုမူနှင့်ပတ်သတ်သည့် သတင်းစကားများသည်လည်း သူတို့ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ သူတို့က နောက်ဆုတ်ကာ တည်နေရာရွှေ့ပြောင်းကြ၏။သူတို့က အတော်လေး နောင်တ ရနေမိသည်။သူတို့သည် ရှုမူကို သတ်ရမည်ဟူသော ယောင်မိသားစု၏ အမိန့်ကို နားမထောင်ခဲ့သင့်ပေ။

“မင်းတို့ မလွတ်နိုင်ပါဘူး…” ဝမ်လင်း၏ နတ်ဘုရားအာရုံသည် လေဟာနယ်အနှံ့ ပျံ့နှံ့သွား၏။တစ်ချိန်တည်းမှာပင် သည်ဧရိယာအတွင်းရှိ မူလစွမ်းအင်သည် စတင်၍ တွန့်လွန်သွားသည်။

ထိုခုနစ်ယောက်သည် တည်နေရာရွှေ့ပြောင်းရာကနေ အတင်းအကန် ပြန်လွင့်စင်လာရ၏။ဝမ်လင်း၏ပုံရိပ်သည် အလင်းတန်းအလား ထိုခုနစ်ယောက်ထံသို့ ဖျပ်ခနဲ ရောက်ရှိလာတော့၏။

ဝမ်လင်း လှုပ်ရှားလိုက်တိုင်း သွေးများ ပန်းထွက်ကုန်ကြသည်။ထိုခုနစ်ယောက်သည် ဝမ်လင်းလက်ချက်ဖြင့် သေဆုံးသွားကြရချေပြီ။

ဝမ်လင်းသည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နေကာ သွေးဆာသောနတ်ဆိုးတစ်ပါးအလား ဖြစ်နေ၏။သူက သိပ်မဝေးသောနေရာရှိ ကျင့်ကြံသူများကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဆယ့်သုံးယောက် ကျန်သေးတယ်…”

ထိုကျင့်ကြံသူဆယ့်သုံးယောက်၏အသွင်သည် ဖြူရောကာ သုန်မှုန်ကုန်၏။သူတို့အားလုံးသည် ဝမ်လင်းကို ကြည့်နေ၏။သူတို့အမြင်၌ ဝမ်လင်းသည် ဝံပုလွေတစ်ကောင်အလား။

ရှုမူ၏ ကျော်ကြားမှုသည် သူတို့၏ စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်သည် အံတင်းတင်းကြိတ်ကာ ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် လှည့်ပတ်လာရင်း အဖြူရောင်အလင်းတစ်ခုသည် သူ့ရှေ့၌ ပေါ်လာ၏။ထိုအဖြူရောင်အလင်းသည် ဓားကြီးတစ်လက်အသွင်သို့ ပြောင်းသွားပြီးနောက် သူက သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်ပြန်သည်။ထိုဓားက လေဟာနယ်ကိုပါ ခွင်းမည့်အလား ကြမ်းတမ်းလာချေသည်။

သူ့ပတ်လည်ရှိ ကျင့်ကြံသူအများကလည်း မာန်သွင်းအော်ဟစ်လိုက်ကြ၏။အထူးသဖြင့် အထည်ဒြပ်ယန်အဆင့်ရှိ ကျင့်ကြံသူသည် သူ့သိုလှောင်အိတ်ထဲကို ထိလိုက်ရာ မရေမတွက်နိုင်သော အနက်ရောင်အပ်များ ပေါ်ထွက်လာတော့သည်။သူက ဝမ်လင်းထံသို့ လက်ညွှန်လိုက်ရာ အပ်အားလုံးသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာကြတော့၏။

ကျန်ကျင့်ကြံသူများကလည်း သူတို့၏မန္တာန်များကို ချက်ခြင်း အသုံးပြုကာ တဟုန်ထိုး တိုးထွက်လာ၏။

သူတို့က အလွန်မြန်လှရာ ချက်ခြင်းလိုလိုပင် နီးကပ်လာခဲ့သည်။ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်၏။

သူ ပျောက်ကွယ်သွားသည်နှင့် အထည်ဒြပ်ယန်ကျင့်ကြံသူက ချက်ခြင်း လက်ဖြန့်ကားကာ အော်လိုက်သည်။ “တည်နေရာရွှေ့ပြောင်း ဒီဧရိယာရဲ့သဘာဝအားကို စွက်ဖက်လော…”

သူက ထိုသို့ အော်ဟစ်လိုက်သည်နှင့် ကျင့်ကြံသူအားလုံးသည် တည်နေရာရွှေ့ပြောင်းသွားကြသည်။တစ်ချိန်တည်းမှာပင် ပြင်းထန်သောလှိုင်းတွန့်တစ်ခုသည် ပေတစ်ရာကျော်အထိ ပျံ့နှံ့ရင်း သည်ဧရိယာပတ်လည်ရှိ လေဟာနယ်သည် စတင်၍ တွန့်လိန်လာသည်။

“တော်ပေတယ်…ဒါပေမဲ့ မလုံလောက်သေးဘူး…” ဝမ်လင်းက ခြေတစ်လှမ်း လှမ်းလိုက်သည်။လှိုင်းတွန့်က သူ့အပေါ်တွင် သက်ရောက်ခြင်း မရှိသည့်အလားပင်။သူက ပြန်ပေါ်လာသည်နှင့် သူ့လက်ချောင်းသည် သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်သည် ချက်ခြင်း သွေးများစွာ ပန်းထွက်ကုန်သည်။သူ့မူလစိတ်ဝိညာဉ်ကမူ ပေတစ်ထောင်အကွာသို့ ရောက်နှင့်သွားခဲ့ပြီး ဖြစ်၏။

မူလစိတ်ဝိညာဉ်က ထွက်ပြေးရင်း လှမ်းအော်၏။ ရောင်းရင်းကျင့်ကြံသူ “ရှုမူ…ခုချိန်ကစပြီး လင်းမင်ဂြိုဟ်ပေါ်က ဘယ်ကျင့်ကြံသူကမှ သင်နဲ့ ယောင်မိသားစုကြား ပြဿနာမှာ မပါဝင်တော့ဘူး။ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။သူက နောက်သို့ လိုက်ပါခြင်း မရှိပေ။သည်အခိုက်အတန့်မှာပင် အထည်ဒြပ်ယန်ကျင့်ကြံသူက မာန်သွင်းလိုက်ရာ အနက်ရောင်အပ်များသည် တောက်ပလာ၏။၎င်းတို့သည် ဝမ်လင်းထံသို့ မိုးသီးမိုးပေါက်များကဲ့သို့ ထိုးစိုက်လာကြသည်။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ခြောက်သွေ့တာအိုတစ်စုံ သည် ပေါ်ထွက်လာတော့၏။မကောင်းဆိုးဝါးအော်ရာသည် လေထုထဲ၌ ပြည့်လာကာ မီးခိုးရောင်အလင်းက အနက်ရောင်အပ်များအပေါ်တွင် ပေါ်လာလေ၏။ချက်ခြင်းပင် ထိုအပ်များသည် ကျောက်အဖြစ်သို့ ပြောင်းလဲသွားရသည်။

တစ်ချိန်တည်းမှာပင် မီးခိုးရောင်အလင်းသည် အထည်ဒြပ်ယန်ကျင့်ကြံသူအပါအဝင် လူသုံးယောက်၏ ခြေထောက်အောက်၌ ပေါ်လာပြန်၏။ဝမ်လင်းသည် ရှေ့သို့ တိုးကာ ထိုသူတို့၏ နှဖူးကို လက်ညွှန်သည်။သူတို့၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်ကာ သေဆုံးသွားရတော့၏။

“ကိုးယောက် ကျန်သေးတယ်…” ဝမ်လင်း၏အသံက အေးစက်မှုနှင့် ပြည့်နေ၏။ကျင့်ကြံသူများက ထိတ်လန့်နေစဉ်မှာပင် ဝမ်လင်းသည် နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

သည်အခိုက်အတန့်၌ ထာရှန်နှင့်တိုက်ခိုက်နေသော အဘိုးအိုကလွဲ၍ ကျန်သည့်ရှစ်ယောက်သည် ချက်ခြင်း လက်လျှော့ဟန် ပြင်၏။ယောင်မိသားစု ကတိပေးထားသော အကျိုးရလဒ်နှင့် ယှဉ်ပါက သူတို့၏အသက်သည် ပို၍ အရေးကြီးသည် မဟုတ်လား။ရှုမူသည် သူတို့ ရင်ဆိုင်နိုင်သည့် လူတစ်ယောက် ဟုတ်မနေပေ။

သည်ဆန်းကြယ်သောမန္တာန်နှင့်ဆိုပါက သူတို့ဘက်တွင် လူမည်မျှ ရှိပါစေ ရှုမူကို မြင်နိုင်ရလိမ့်မည် မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်က အလွန်အကျူး မြင့်မားခြင်း မရှိပါက ရှုမူကို သတ်နိုင်ရန် အတော်လေး ခက်ခဲပေလိမ့်မည်။

ထိုရှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ပေ။သူတို့က နောက်သို့ အမြန်ဆုတ်ကာ မတူညီသော အရပ်ရှစ်မျက်နှာသို့ ထွက်သွားကြတော့၏။

ဝမ်လင်း၏ သတ်ဖြတ်ချင်စိတ်က လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ အားကောင်းလာ၏။သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မူလစွမ်းအင်လှိုင်းများကို စွက်ဖက်လိုက်၏။ ထိုအခါ ထိုရှစ်ယောက်သည် မြန်ဆန်စွာ ထွက်ပြေးနိုင်ရန် တည်နေရာရွှေ့ပြောင်းခြင်း အသုံးမပြုနိုင်ကြတော့ချေ။အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် လူတစ်ယောက်နောက်သို့ လိုက်ပါသွား၏။

ခြောက်သွေ့တာအိုတစ်စုံသည်လည်း နောက်ထပ်တစ်ယောက်ထံသို့ လိုက်ပါသွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူ၏။ရှုလီကောသည် ထွက်ပေါ်လာခဲ့ကာ ဝမ်လင်းအမိန့်မပေးခင်မှာပင် သူက ထူးဆန်းစွာ မြည်ကြွေး၍ ထွက်ပြေးနေသော ကျင့်ကြံသူများထဲမှ တစ်ယောက်နောက်သို့ လိုက်ပါသွား၏။

ရှုလီကောသည် စိတ်ထဲ၌ ကြောက်ရွှံ့မှုအချို့ ရှိနေသည်သာ။သူက ရှေးဟောင်းဓားစိတ်ဆန္ဒ၏ အမွေကို ဆက်ခံထားရသော်လည်း ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တစ်ခါမျှ တိုက်ခိုက်ဖူးခဲ့ခြင်း မရှိသေးပေ။

သည်လက်နက်ရတနာသုံးခုက မတူညီသောလူသုံးယောက်နောက်သို့ လိုက်ပါသွား၏။ဝမ်လင်းသည်လည်း ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်းသည် ထွက်ပြေးနေသော ကျင့်ကြံသူတစ်ယောက်ဘေးတွင် ပေါ်လာ၏။ထိုကျင့်ကြံသူ၏အသွင်သည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်သွားသည်။သူက စကားဆိုဟန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ပြီး ဖြစ်နေတော့၏။

သူက သူ့လက်ချောင်းကို ပြန်သိမ်းဆည်းရင်း နောက်တစ်ဖန် ပျောက်သွားပြန်၏။ခဏအကြာတွင် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးနှင့်ခြောက်သွေ့တာအိုတစ်စုံသည် ပြန်ရောက်လာကြ၏။ရှုလီကောတစ်ကောင်သာ ပြန်မလာသေးပေ။ရှုလီကောက ကောင်းကင်ဘုံဓားကို ထိန်းချုပ် တိုက်ခိုက်ရင်း ဆဲဆိုနေ၏။

ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူသည် အလွန်သုန်မှုန်နေ၏။သူက သည်ဓားစိတ်ဝိညာဉ်နှင့် မရင်ဆိုင်လိုပေ။ထွက်ပြေးနေသည့် သူ့အပေါင်းအပါများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရသည်ကို တွေ့နေရသည့်အခါ သူ့စိတ်ထဲရှိ ကြောက်ရွှံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့တော့သည်။

ဓားစိတ်ဝိညာဉ်၏ ကျိန်ဆဲနေမှုက သူ့ကို ပို၍ စိတ်ရှုပ်စေသည်။သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက်သွင်းကာ ရှုလီကောကို အဝေးသို့ ကန်ထုတ်ပစ်၏။သူက မတိုက်ခိုက်လိုတော့ပေ။သူက ပေတစ်ထောင်အကွာသို့ ပျံသန်းသွားရင်း တည်နေရာရွှေ့ပြောင်းရန် ပြင်၏။

သို့ရာတွင် ထိုအခိုက်မှာပင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ ဝမ်လင်း၏ လက်ချောင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ပြီး ဖြစ်နေ၏။ထိုလူ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရင်း သူ့မူလစိတ်ဝိညာဉ်သည်လည်း အဖမ်းခံလိုက်ရသည်။

ဝမ်လင်းက ရှုလီကောကို အေးစက်စွာ ပြောလိုက်၏။ “ငါ အားနည်းတာ မလိုချင်ဘူး…”

ရှုလီကော၏ နှလုံးသားသည် အေးစက်သွားကာ သူက သူ့ရင်ဘက်ကို ခပ်သွက်သွက် ပုတ်ကာ ဆင်ခြင်ပေးလာ၏။ “သခင်…စိတ်အေးအေးနေပါ…ငါ…”

ရှုလီကော၏ စကားဆုံးအောင် စောင့်မနေဘဲ ဝမ်လင်းသည် ထာရှန်နှင့် တိုက်ခိုက်နေသည့် နေရာသို့ တဟုန်ထိုး သွားရောက်လေ၏။

“မင်းက နောက်ဆုံးတစ်ယောက်ပဲ…” သူ့အသံထဲ၌ သတ်ဖြတ်ချင်စိတ်အပြည့်ပါနေသည်။ထာရှန်နှင့် တိုက်ခိုက်နေသောအဘိုးအို၏အသွင်သည် သုန်မှုန်သွားသည်။

သည်အခိုက်အတန့်မှာပင် ဓားအလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဆုတ်ဖြဲကာ တဟုန်ထိုး ဝင်ရောက်လာ၏။

ထာရှန်နှင့် တိုက်ခိုက်နေသော အဘိုးအိုသည် အနည်းငယ် စိတ်သက်သာရာရသွားကာ သူက တွေးလိုက်၏။ “ယောင်မိသားစုက နောက်ဆုံးတော့ ဒီကို ရောက်လာပြီပေါ့…”

ထိုဓားအလင်းတန်းထဲကနေ လူတစ်ယောက် ထွက်ပေါ်လာ၏။သူက မြေနက်ဂြိုဟ်မှ သက်လတ်ပိုင်းလူ ကျောက်စိမ်းပြားကို ခွဲချေခဲ့စဉ်က ပေါ်ထွက်လာသည်နှင့် လူငယ်နှင့် အတူတူပင်။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်ပြည့်နေသလို စိတ်လှုပ်ရှားမှုကိုလည်း ဖုံးကွယ်ထားသေး၏။

“ရှုမူ…ငါ ယောင်ချန်တန် မင်းနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ငါက ဒီအတွက် အကျိုးကျေးဇူး အများကြီး ရနိုင်တော့မယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset