Switch Mode

အပိုင်း(၈၇၃):

အမွှေးတိုင်နှစ်တိုင်စာ ကြာချိန်

သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်ကို ကိုင်ထားရင်း ထွက်ပြေးသွားသော အဘိုးအိုနှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။သူက ကိုယ်တိုင် နောက်ကနေ လိုက်လံခြင်း မဟုတ်ပေ။သို့သော် သူ့နောက်ကနေ အရိပ်တစ်ခု ပေါ်လာ၏။ထာရှန်သည် တဟုန်ထိုး တိုးထွက်ကာ သူ့တို့နောက်သို့ လိုက်ပါသွားသည်။

အထည်ဒြပ်ယန်အဆင့်ရှိသည့် ကောင်းကင်ဘုံသက်တော်စောင့် ထာရှန်အဖို့ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ရန် မခက်ခဲလှချေ။

“စီနီယာ…ကျေးဇူးပြုပြီး သက်ညှာပေးပါ။ဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်က လွယ်လွယ် ရခဲ့တာ မဟုတ်ပါဘူး။ စီနီယာ ခွင့်လွှတ်ပေးပါ…”

သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်သည် ဝမ်လင်း လက်ထဲ၌ အကြောက်အလန့် ဆက်တိုက် တောင်းပန်နေသည်။

ဝမ်လင်းသည် ဘယ်လက်ဖြင့် ထိုလူ၏ မူလစိတ်ဝိညာဉ်ကို ကိုင်ထားရင်း သူ့အသွင်သည် အေးစက်နေသည်။မူလစွမ်းအင်သည် သူ့ဘယ်လက်ထဲကနေ ထွက်ပေါ်နေကာ မူလစိတ်ဝိညာဉ်၏မှတ်ဉာဏ်များကို စတင်ရှာဖွေတော့သည်။

သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်သည် မှင်သက်သွားရင်း စတင် ခြောက်သွေ့နေသည်။သူ့မျက်နှာသည် နာကျင်မှုနှင့် ပြည့်နေသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း အချိန်မရွေးပျက်စီးမလို ဖြစ်နေသည်။

သူက သူ့မူလစိတ်ဝိညာဉ်သည် ဧရာမလက်ကြီးဖြင့် ဆုပ်ချေကာ တစ်စုံတစ်ခုကို ရှာဖွေသကဲ့သို့ ခံစားနေရသည်။ပြင်းထန်သော နာကျင်မှုသည် သူ့ကို ရူးသွပ်စေဖို့အတွက် လုံလောက်နေသည်။

ထိုနာကျင်မှုအောက်၌ သူက နောင်တများစွာ ရနေတော့သည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် နောင်တတရားနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားစေ၏။

တစ်ခါတစ်ရံတွင် နှစ်ထောင်ချီကျင့်ကြံခြင်းသည် အမှားတစ်ခုအတွက် အခုလို အလဟသ ဖြစ်သွားနိုင်ပေသည်။

ဝမ်လင်းသည် သက်လတ်ပိုင်းလူ၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် သူ့မျက်လုံးသည် ပို၍ပင် အေးစက်လာခဲ့သည်။မွန်းစတားဆန်သော သတ်ဖြတ်ချင်စိတ်ကလည်း သူ့ထံကနေ လှိုင်ထွက်နေ၏။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီတော့ ဒါက ဒီလိုပေါ့…”

သည်အချိန်မှာပင် အကွာအဝေးတစ်ခုကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ ထာရှန်၏ လက်တစ်ဖက်စီ၌ မူလစိတ်ဝိဉာဏ်နှင့်သိုလှောင်အိတ်တစ်ခုစီကို ကိုင်ကာ ပြန်လာခြင်းပင်။

ဝမ်လင်းက ထိုနှစ်ယောက်၏ မူလစိတ်ဝိညာဉ်ကိုလည်း စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်အသုံးပြုလိုက်သည်။ ထိုသုံးယောက်၏ မှတ်ဉာဏ်များအရ ဝမ်လင်းသည် သူ ငှက်မွှေးသားရဲခန္ဓာကိုယ်အတွင်း ပိတ်မိနေစဉ်က အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားတော့သည်။

သူက လူသုံးယောက်၏ မူလစိတ်ဝိညာဉ်သုံးခုကို လေဆင့်ခေါ်ခြင်းမန္တာန်အသုံးပြုခြင်းအတွင် အထောက်အပံ့ဖြစ်စေရန် စိတ်ဝိညာဉ်အလံထဲသို့ ပစ်ထည့်ထားလိုက်၏။

သိုလှောင်အိတ်သုံးခုကိုလည်း စစ်ဆေးကြည့်သည့်အခါ လက်နက်ရတနာအချို့ကို တွေ့လိုက်ရသည်။သူက ၎င်းတို့ကို ထုတ်ယူကာ တစ်ခုပြီးတစ်ခု ချေမွပစ်လိုက်သည်။ထို့နောက် သူ့သူ့မူလစွမ်းအင် အဆီအနှစ်ကို ၎င်းတို့ပေါ်သို့ ထွေးထုတ်ကာ အရည်အဖြစ်သို့ ပြောင်းလဲစေပြီး ထာရှန်၏ခန္ဓာကိုပေါ်သို့ ပေါင်းစပ်စေသည်။

ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်စွမ်းအားသည် အချို့ရှားပါး ရတနာများထံမှ အဓိက ရပေ၏။သို့ရာတွင် ထိုသို့သော ကောင်းကင်ရတနာများသည် ရှားပါးလွန်းနေသည်မှာ အချိန်ကြာလှပေပြီ။

ထို့အတွက်ကြောင့် ဝမ်လင်းသည် အမျိုးမျိုးသော ရတနာများထံမှ သတ္တုများကို ထုတ်ယူ၍သာ ကောင်းကင်ဘုံသက်တော်စောင့်ကို ပိုပို၍ သန်မာအောင် လုပ်ပေးနိုင်တော့၏။

အခြားနှစ်ယောက်၏ သိုလှောင်အိတ်ထဲ၌လည်း ကျောက်စိမ်းပြားနှစ်ခု ရှိနေသည်။သူတို့၏ မှတ်ဉာဏ်များအရ သည်ကျောက်စိမ်းပြားများသည် ယောင်မိသားစုကို အကြောင်းကြားရာ၌အသုံးပြုနိုင်သည်ကို တွေ့ရသည်။ ယောင်မိသားစုသည် ဝမ်လင်းနှင့် ပတ်သတ်၍ အတော်လေးအားစိုက်ထုတ်ထားဟု ပြောနိုင်ပေ၏။

ကျောက်စိမ်းပြားနှစ်ခုကို ကိုင်ထားရင်း ဝမ်လင်းအသွင်သည် သုန်မှုန်နေတော့၏။သူက အကွာအဝေးတစ်ခုထံသို့ ကြည့်နေ၏။

“ယောင်မိသားစု…မိသားစုကြီးလေးခုရဲ့ ခေါင်းဆောင်။သူတို့က ဘာကြောင့် ငါ့ကို အမဲ လိုက်ချင် နေရတာလဲ…”

ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေသည်။

သူ့တွင် မိသားစုကြီးလေးခုနှင့် ပတ်သတ်၍ ရန်ငြှိုးတော်တော်များများ ရှိနေပေသည်။အထူးသဖြင့် ယောင်မိသားစုနှင့် ဖြစ်၏။သွေးဘိုးဘေး ကိစ္စသာမက ယောင်မိသားစု၏ လူငယ်သခင်တစ်ယောက်နှင့်လည်း မတော်တဆ ကြုံခဲ့ရသေးသည် မဟုတ်လားသည်။သည့်အပြင် စုဆောင်းခြင်းခန်းမနှင့် ပတ်သတ်သည့် ကိစ္စလည်း ရှိသေးပြန်သည်။

“ဒါက သွေးဘိုးဘေးကြောင့်တော့ မဖြစ်နိုင်ဘူး။သွေးဘိုးဘေးဆိုရင် ငါ့နာမည် အမှန်ကို သိနေတာပဲ။ သွေးဘိုးဘေးကြောင့်ဆိုရင် ကောင်းကင်အမိန့်မှာ ရှုမူအစား ငါ့နာမည်အရင်း ဝမ်လင်းကို အသုံးပြုမှာပေါ့….”

“ဒါပေမဲ့လည်း ငါ့နာမည်အမှန်ကို တစ်ခါမှ အသုံးမပြုတော့ ရှုမူက ပိုပြီး ရင်းနှီးနေတာများလား။ ဒါ့ကြောင့် ယောင်မိသားစုက ကောင်းကင်အမိန့်မှာ ရှုမူလို့ သုံးဖို့ ဆုံးဖြတ်ခဲ့တာလား…”

ဒါ့အပြင် ယောင်မိသားစုရဲ့ လူငယ်သခင်ကလည်း လီယွမ်ကို သတ်ချင်တဲ့အတွက် ငါ့လက်ချက်ကြောင့် သေဆုံးခဲ့ရသေးတယ်။

ဝမ်လင်းသည် စဉ်းစားနေရင်းဖြင့် သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်ပြည့်နှက်လာသည်။

“ကောင်းကင်အမိန့်…” ဝမ်လင်း မျက်လုံးသည် တလက်လက် ဖြစ်နေရင်း သူက ရှေ့သို့ ဆက်ပျံသန်းသွားတော့၏။

“ယောင်မိသားစုက အင်အားကြီးလွန်းတယ်။ဒါ့ကြောင့် အလုံးစုံကြယ်အဖွဲ့အစည်းမှာ ဆိုရင် အန္တရာယ်ကင်းတဲ့နေရာ မရှိနိုင်ဘူး။ ဒါ့အပြင် ဒီမိသားစုရှိမှာ သွေးဘိုးဘေးထက်တောင် ပိုအားကောင်းတဲ့ လူတွေ ရှိနေမှာပဲ…”

ဝမ်လင်းက မျက်မှောင်ကြုတ်နေရင်း သူ့စိတ်ထဲ၌ သုန်မှုန်နေတော့သည်။

သူက ပျံသန်းနေရင်း သူ့ခြေထောက်အောက်ကနေ လှိုင်းတွန့်များ ပေါ်လာခဲ့၏။သူ့ခန္ဓာကိုယ်တစ်ဝက်သည် လောကနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။သို့သော် သူက လေဟာနယ်ကွေးညွတ်ခြင်း အစွမ်းကိုတော့ အသုံးမပြုပေ။သူက သည်အခြေအနေအတိုင်း ရှေ့သို့ ဆက်သွားနေသည်။

သူက သူရှိနေသည့်နေရာကို ယောင်မိသားစုထံသို့ သတင်းပို့ခံရပြီးနောက် သူ့ကို သတ်ရန် ထိုသူများ ရောက်ရန် အချိန်မည်မျှကြာမည်ကို တွက်ချက်နေမိသည်။

သိပ်မကြာခင်တွင် ဝမ်လင်းသည် ရပ်တန့်လိုက်၏။သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။သူက သူ့ထံသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာသည့် ဓားအလင်းတန်းခုနစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုအလင်းတန်းခုနစ်ခုသည် သူ့ထံသို့ ဘက်ပေါင်းစုံကနေ ဝင်လာသည့်ဟန်ပင်။

သူ့ကို အရပ်မျက်နှာအနှံ့ကနေ ပိတ်ဆို့ချင်ပုံရသည်။ဝမ်လင်း၏ မျက်လုံးသည် အေးစက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အခုက အမွှေးတိုင်နှစ်တိုင်စာလောက်ပဲ ကြာမြင့်သေးတယ်။ ကြည့်ရတာ ယောင်မိသားစုဝင်တွေက အလုံးစုံကြယ်အဖွဲ့အစည်းအနှံ့ ရှိနေတဲ့ ပုံပဲ…”

ဝမ်လင်း၏ ခန္ဓာကိုယ်သည် ရွှေ့လျားခြင်း မရှိပေ။သူက အားလုံးကို သိမ်းကြုံးကြည့်လိုက်၏။ သူ့မျက်လုံးက ကျဉ်းမြောင်းကာ သွားသည်။

“မဟုတ်သေးဘူး…။ဒီလူတွေက ယောင်မိသားစုက မဟုတ်ဘူး။ မဟုတ်ရင် ယောင်မိသားစုက ဘာကြောင့် ဒီလောက် လူများနေမလဲ။ ကြည့်ရတာ ယောင်မိသားစုက သူတို့ရဲ့ မိသားစုဝင်တွေကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအနှံ့ စေလွှတ်ထားတဲ့ပုံပဲ။ ပြီးတာနဲ့ ဒီလူတွေက အနီးအနားမှာ ရှိတဲ့ ကျင့်ကြံခြင်းဂြိုဟ်တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ရမယ်။ဒါ့ကြောင့် သူတို့က ငါ့ကို အချိန်တိုအတွင်း ရှာနိုင်သွားတာကို…”

ထိုသို့ ကောက်ချက်ချပြီးနောက် ဝမ်လင်း၏မျက်လုံးသည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာတော့သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါက မသတ်ဖြတ်ရတာ တော်တော်ကြာနေပြီ။ ငါက လူအိုကြီးတွေကို မသတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ရှိက လာတဲ့ လူငယ်တွေကိုတော့ သတ်ပစ်ရမယ်…”

ဝမ်လင်းသည် ကြင်နာတက်သည့် လူစားမျိုး မဟုတ်ပေ။ခုချိန်တွင် သူ့ပတ်လည်၌ ကျင့်ကြံသူ(၂၈) ယောက် ဝန်းရံထား၏။ထိုသူတို့သည် သူ့အား သတ်ဖြတ်လိုသည်မှာ သိသာနေပေသည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဝေ့ကြည့်လိုက်ရာ သည်လူ (၂၈)ယောက်ကို ကောင်းစွာ တွေ့နေရ၏။ဘယ်ဘက်ခြမ်းရှိ ခုနစ်ယောက်သည် အားအနည်းဆုံး ဖြစ်နေကြသည်။

အလင်းတန်းခုနစ်ခုကြား၌ လေးယောက်သည် ပုံရိပ်ယောင်ယင်အဆင့်ဖြစ်ကာ ကျန်သည့်သုံးယောက်မှာ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေကြ၏။ဝမ်လင်းပတ်လည်ကနေ လှိုင်းတွန့်များ ပျံ့နှံ့သွား ရင်း သူက ဘယ်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

ချက်ခြင်းပင် ဝမ်လင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။သူ့အား မပြတ်တမ်းကြည့်နေကြသော ကျင့်ကြံသူများ၏အသွင်သည် ချက်ခြင်း ပြောင်းလဲသွားကြတော့၏။တစ်ချိန်တည်းတည်းလိုလိုမှာပင် အလင်းတန်းခုနစ်ခု၏ ဘေးနား၌ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာသည်။

သူ ပေါ်ထွက်လာသည်နှင့် သူက သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက်အသွင် ပြောင်းကာ ကြမ်းကြုတ်စွာ ခုတ်ပိုင်းချပြီး ဖြစ်နေ၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်သည် ရုတ်တရက် ပေါ်လာကာ မမြင်ရသော ဓားသွားအလား ရှေ့သို့ ထိုးထွက်သွားချေသည်။အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် ချက်ခြင်း ငြီးငြူကာ သေဆုံးသွားရလေ၏။

သွေးများပင် ပန်းထွက်ကုန်၏။ကျန်လေးယောက်၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားကာ သူတို့က ချက်ခြင်း ဖြန့်ကျက်လိုက်သည်။သို့သော်လည်း အထည်ဒြပ်ယန်အဆင့်တွင် ရှိနေသော ဝမ်လင်းအဖို့ ထိုသူတို့သည် နှေးလွန်းနေလေ၏။

သူက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတွေထဲမှ တစ်ယောက်ထံသို့ လိုက်လံသွား၏။ထိုကျင့်ကြံသူက သက်လတ်ပိုင်းအရွယ် ရှိသည်။ဝမ်လင်းကို ရင်ဆိုင်ရချိန်၌ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထိုအခါ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် မြှင့်တက်လို့လာ၏။သူက မူလစွမ်းအင်မန္တာန်ကို အသုံးပြုရန် ရည်ရွယ်လိုက်ခြင်းပင်။

ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ ရှေ့သို့ လက်ညွှန်လိုက်၏။ သက်လတ်ပိုင်းလူသည် ရုတ်တရပ် ရပ်တန့်သွားသည်။ဝမ်လင်းက ရှေ့ရောက်လာ၏။ဝမ်လင်းသည် ခြေထောက်ဖြင့် ထိုလူ၏ နှဖူးထက်ကို နင်းချသွားသည်။

ထိုအရာများအားလုံးသည် မြန်ဆန်စွာ ဖြစ်သွားခြင်းပင်။ဝမ်လင်းသည် လူလေးယောက်ကို သတ်ဖြတ်ပြီး ဖြစ်နေ၏။

သွေးညှီနံ့သည် သည်ဧရိယာတွင် ပြည့်လာ၏။သည်အခိုက်အတန့်၌ အခြားအုပ်စုသုံးခုသည်လည်း ဝမ်လင်းထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာကြသည်။ အော်သံ၊မာန်သွင်းသံများသည် ကောင်းကင်ထက်၌ ပြည့်နေ၏။ထိုကျင့်ကြံသူများ အသုံးပြုလိုက်သော မန္တာန်များနှင့် အမျိုးမျိုးသော လက်နက်ရတနာများသည် ဝမ်လင်းထံသို့ တိုက်ရိုက် ရောက်ရှိလာကြသည်။

အားအပြင်းဆုံး တိုက်ခိုက်မှုသည် လူသုံးယောက်ထံမှ ထွက်ပေါ်လာ၏။ထိုသူများသည် အဘိုးအိုများ ဖြစ်ကာ သူတို့၏ ကျင့်ကြံမှုကလည်း ဝမ်လင်းထက် အားနည်းခြင်း မရှိပေ။သူတို့ထဲက တစ်ယောက်ဆိုလျှင် ဝမ်လင်းထက်ပင် အနည်းငယ်ပိုမြင့်ကာ အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဝမ်လင်းက မည်မျှသန်မာပါစေ ကျင့်ကြံသူနှစ်ဆယ်ကျော်၏ တိုက်ခိုက်မှုများသာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက သူက မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားမည်သာ။သို့သော်လည်း ဝမ်လင်း၏အကြည့်က တည်ငြိမ်လျက်ပင်။သူ့မျက်လုံးထံမှ အေးစက်စက်အကြည့် ထွက်ပေါ်လာရင်း သူ့ခန္ဓာကိုယ်ထံကနေလည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ဆက်တိုက် ကြီးထွားလာနေသည်။

သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။သူက အရင်ထဲက ကြိုတင် မပြင်ဆင်ထားဘဲ နေနေသည် မဟုတ်ပေ။သူက သူ့ခန္ဓာကိုယ်တစ်ဝက်ကို လောကနှင့် ပေါင်းစပ်ထားကာ သည်လိုအခြေအနေ၌ သူသည် လေဟာနယ်ကွေးညွတ်ခြင်းအစွမ်းကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်သည် မဟုတ်လား။

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွား၏။ တိုက်ခိုက်မှုများကလည်း ရုတ်တရက် ပစ်မှတ် ဆုံးရှုံးသွားသည်။ဝမ်လင်း၏ ခန္ဓာကိုယ်သည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာလေ၏။

ဝမ်လင်းက ပေါ်လာသည်နှင့် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြုပြီး ဖြစ်သည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက အလျင်မှီ ပြန်မတုံ့ပြန်လိုက်နိုင်ချေ။ ထိုသူသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိသူ ဖြစ်ရာ သူက မူလစွမ်းအင်ကို အသက်ဝင်စေရင်း ခုခံလိုက်၏။ထိုအခိုက်မှာပင် ဝမ်လင်း၏ လက်ချောင်းသည် သူ့ကျောပေါ်သို့ ဖိနှိပ်ကျလာတော့သည်။

ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားရသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း စိတ်ဝိညာဉ်အလုံ၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ နောက်တစ်ဖန် ပြန်ပျောက်ကွယ်သွားလေ၏။

ထိုအရာအားလုံးသည် မြန်ဆန်လွန်းလှသည်။ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ တုံ့ပြန်လာသည့် အခါ၌ ဝမ်လင်းသည် ပျောက်ကွယ်နှင့်ပြီး ဖြစ်နေသည်။

ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံခြင်း၏ လမ်းကြောင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သလို လေဟာနယ်ကွေးညွတ်ခြင်းကိုလည်း ကျွမ်းကျင်နေသူပင်။သူက အခုလိုမျိုး လုံးဝ ပျောက်ကွယ်နိုင်ကာ တိုက်ပွဲကို ဆင်နွှဲနိုင်နေသည်။

ထိုအရာက ကောင်းကင်ဘုံအရှင် ချင်းရွှေ ကျင့်ကြံသူရာချီနှင့် တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော အစွမ်းနှင့် အလားသဏ္ဌာန်တူပေ၏။ဝမ်လင်းသည် သူ့ထံကနေ နဂိုတည်းက သည်ပညာရပ်ကို သင်ကြားနိုင်ခဲ့ပြီးသူ မဟုတ်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset