Switch Mode

အပိုင်း(၈၇၂):

ရှုမူ

ဝမ်လင်းအသွင်က တည်တည်ငြိမ်ငြိမ်ပင်။သူက တည်ငြိမ်စွာ ဆိုလိုက်၏။ “ငါ လမ်းပျောက်နေလို့ပါ။ ဒါက အလုံးစုံကြယ်အဖွဲ့အစည်းရဲ့ ဘယ်နေမြေလဲ ငါ သိချင်မိတယ်။ ဒီ ဂြိုဟ်ရဲ့ နာမည်ကရော…”

သက်လတ်ပိုင်းလူကြီးသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ စဉ်းစား၍ ပြောလာ၏။ “ဒါက အနောက်ပိုင်းနယ်မြေ ဖြစ်ပြီး ဒီဂြိုဟ်ကတော့ မြေနက်ဂြိုဟ် ဖြစ်တယ်။ သင့်နာမည်ကရော…”

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို ကြည့်ရုံသာကြည့်၍ သူ့မေးခွန်းကို မဖြေပေ။သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။သူက သည်ဂြိုဟ်သည် မြေနက်ဂြိုဟ်ဖြစ်ကြောင်း သေချာသိသွားပြီး သူ့ခုလက်ရှိနေရာကိုလည်း ဆုံးဖြတ်နိုင်သွားသည်။

သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ထို့နောက် သူ့ညာလက်ဖြင့် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။သူက ၎င်းကျောက်စိမ်းပြားကို အာရုံစိုက်၍ စစ်ကြည့်လိုက်၏။

ယောင်မိသားစုသည် ကောင်းကင်အမိန့်ကို ထုတ်ပြန်သည့်အချိန်က ယောင်မိသားစုဝင်များသည် ရှုမူ၏ အသွင်ဟန်ပန်ကို ကျောက်စိမ်းပြားများပေါ်တွင် ရေးထွင်းကာ မိသားစုများစွာထံသို့ ပေးပို့ခဲ့ပေသည်။

တစ်စုံတစ်ယောက်က ကောင်းကင်အမိန့်နှင့် ပတ်သတ်၍ သဲလွန်စ တစ်ခုခုရပါက ထိုသူသည် ဆုများစွာ ချီးမြင့်ခံရမည် ဖြစ်သည်။

သက်လတ်ပိုင်းလူကြီး၏ နှလုံးက ကျောက်စိမ်းပြားကို ကြည့်နေရင်း ခုန်ပေါက်သွားသည်။ ထိုကျောက်စိမ်းပြားထဲရှိ လူ၏ပုံပန်းအသွင်နှင့် သူ့ရှေ့ကလူသည် ချွတ်ဆွတ်တူနေသည် မဟုတ်လား။

“ရှုမူ…သူက ရှုမူပဲ…” သက်လတ်ပိုင်းလူသည် စိတ်လှုပ်ရှားနေသည်။သို့သော် သူက ၎င်းစိတ်လှုပ်ရှားမှုကို အရိပ်အမြွက်ပင် မပေါ်ထွက်စေချေ။

သက်လတ်ပိုင်းလူက ပုံမှန်အတိုင်း ပြုံး၍ ဆိုလာ၏။ “ရောင်းရင်းကျင့်ကြံသူက တလမ်းလုံး အလောတကြီး လာခဲ့ရတာ။ ဒါ့ကြောင့် ဒီနေရာမှာ ရက်အနည်းငယ် အနားယူပြီးမှ ခရီးထပ်ဆက်ပါလား…”

ဝမ်လင်းက သက်လတ်ပိုင်းလူကို ကြည့်လိုက်၏။အထူးသဖြင့် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကိုပင်။ သူက တည်ငြိမ်စွာ ဆိုလိုက်သည်။ “မလိုတော့ပါဘူး…”

ထိုသို့ ပြောပြီးနောက် သူက အကွာအဝေးတစ်ခုထံသို့ ဦးတည်ထွက်သွားလေ၏။

သူ့နောက်ကနေ ရွေးချယ်ခံကလန်ဝင်များသည် မလှုပ်မယှက် လိုက်ပါလာကြသည်။အလင်းတန်းမြောက်များစွာသည် အကွာအဝေးတစ်ခုထံသို့ မြန်ဆန်စွာ ပျံသန်း ပျောက်ကွယ်သွားလေ၏။

အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဝမ်လင်းတို့အုပ်စု ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စကားဆိုလာ၏။ “အစ်ကို ချူယောင်…ဒီလူတွေရဲ့ နောက်ခံကို မသိရဘူး။ဘာကြောင့် သူတို့ကို ငါတို့ ဂြိုဟ်ရှိ ဖိတ်ခေါ်ရတာလဲ။ခုချိန်မှာ ငါတို့က တံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်ဦးစီးနေရာတစ်ခုကို ယူဖို့အတွက် ပြင်ဆင်နေရမှာလေ…”

“အစ်ကိုချန်…ဒီလူကို သိနေတယ်လို့ မထင်ဘူးမိဘူးလား…” သက်လတ်ပိုင်းလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားရင်း သူက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။

အဘိုးအိုနှစ်ယောက်သည် မှင်သက်သွားကြ၏။ကျောက်စိမ်းပြားကို သေချာကြည်ပြီးနောက် သူတို့၏အသွင်က ကြီးစွာ ပြောင်းလဲသွားကြသည်။

“ဒါက အမှန်တကယ် သူ ဖြစ်နေတာပဲ…”

“ပြောကြတာက ဒီလူ ပျောက်ကွယ်နေတာ အချိန်အတော်ကြာနေပြီ။ သူက မမျှော်လင့်ဘဲ ဒီနေရာမှာ ပြန်ပေါ်လာပါလား…”

“ယောင်မိသားစုက ဒီလူနဲ့ ပတ်သတ်လို့ သဲလွန်စပေးနိုင်ရင် ဆုလဒ်ချီးမြှင့်မယ်လို့ ဆိုထားတယ်။ဒါသာ အလုပ်ဖြစ်ရင် ကောင်းကင်ဦးစီးနေရာကို ရဖို့ အတော်လေး ပိုလွယ်သွားလိမ့်မယ်…”

သက်လတ်ပိုင်းလူက နှုတ်ခမ်းသပ်လိုက်၏။သူ့မျက်လုံးထဲ၌လည်း လောဘနှင့် ပြည့်လာခဲ့သည်။

အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ ချီတုံ့ချတုံနှင့် ပြောလာ၏။ “ဒါပေမဲ့လည်း ဒီရှုမူက အညတရ တစ်ယောက် မဟုတ်ဘူးနော်။ငါတို့သာ သူ့နေရာကို ဖော်ထုတ်လိုက်ရင် သူက လက်စားချေဖို့ ရောက်လာလိမ့်မယ်…”

“စိတ်ပူစရာမရှိဘူး။ သူက ယောင်မိသားစုရဲ့ သတ်တာ ခံရပြီးမှတော့ ငါတို့ကို ဘာလုပ်နိုင်ဦးမှာလဲ…” သက်လတ်ပိုင်းလူက နှုတ်ခေါင်းရှုံ့ကာ ကျောက်စိမ်းပြားကို ပြန်ယူလိုက်၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ထိုကျောက်စိမ်းပြားကို ချေမွလိုက်သည်။ထိုအခါ ၎င်းကျောက်စိမ်းပြားသည် မြူအဖြစ်သို့ ပြောင်းလဲသွား၏။

ထိုမြူသည် ရွှေ့လျားသွားပြီးနောက် ပုံရိပ်ယောင်တစ်ခုအဖြစ် သိပ်သည်းသွားသည်။ထိုပုံရိပ်သည် လူငယ်တစ်ယောက် ဖြစ်နေ၏။သူ့အသွ်က အလွန်အမင်း မောက်မာမည့်ဟန် ဖြစ်ပေါ်နေသည်။

“မြေနက်ဂြိုဟ်ရဲ့ ချူယောင်ချန်က ယောင်မိသားစုရဲ့ ကောင်းကင်တမန်တော်ကို နှုတ်ဆက်ပါတယ်။ ငါက ရှုမူရဲ့ သဲလွန်စကို ခုလေးတင် ရှာတွေ့ခဲ့ပါတယ်…”

ဝမ်လင်းသည် ကြယ်များကြား၌ မြန်ဆန်စွာ သွားနေ၏။သူ့နောက်တွင်လည်း အလင်းတန်းရာချီ လိုက်ပါလာကာ သူတို့က အကွာအဝေးတစ်ခုထံသို့ ခရီးနှင်နေကြသည်။

ပျံသန်းနေရင်း ဝမ်လင်းသည် စဉ်းစားနေသည်။

“ဒီသက်လတ်ပိုင်းလူက နည်းနည်း ထူးဆန်းနေတယ်။ ဒါပေမဲ့လည်း ငါက သူနဲ့ လည်း မတွေ့ဖူးသလို ပတ်သတ်ဖူးတာလည်း မရှိခဲ့ဖူးဘူး။ငါဘဲ သံသယ များနေတာလား…”

ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက အေးစက်သွား၏။သူက ရပ်တန့်လိုက်သည်။

ရွေးချယ်ခံမသေမျိုးကလန်ဝင်များအားလုံးလည်း ရပ်တန့်ကာ ဝမ်လင်းကို ကြည့်နေကြသည်။

ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ မြေပုံကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။အမှတ်အသားတစ်ခု မြေပုံပေါ်တွင် ပြုလုပ်ပြီးနောက် သူက ၎င်းကို ရွေးချယ်ခံကလန်၏ ဘိုးဘေးထံသို့ ပစ်ပေးလိုက်သည်။ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလာ၏။ “ငါ ချင်လင်းဂြိုဟ်ရဲ့ တည်နေရာကို အမှတ်အသား လုပ်ပေးထားတယ်။သင်က ဦးဆောင်သွားပါ။ နောက်ကြရင် ငါ လိုက်လာခဲ့မယ်…”

အဘိုးအိုက ကျောက်စိမ်းပြားကို ယူလိုက်၏။သူက ၎င်းကို စစ်ဆေးပြီးသည့်နောက် ဝမ်လင်းကို ကြည့်ကာ လေးစားစွာ ပြောလိုက်သည်။ “ဒီလိုဆိုတော့လည်း ငါတို့ဘဲ အရင်ဆုံး သွားတော့မယ်…။ကျေးဇူးရှင်…ငါတို့ ချင်လင်းဂြိုဟ်ပေါ်မှာ တွေ့ကြစို့…”

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားသည့် ကလန်ဝင်များကို စောင့်ကြည့်နေ၏။သူတို့ ထွက်သွားပြီးနောက် ဝမ်လင်းသည် နောက်ပြန်လှည့်ကာ မြေနက်ဂြိုဟ်ရှိရာသို့ ခြေတစ်လှမ်းလှမ်းလိုက်တော့သည်။

“ဒီမြေနက်ဂြိုဟ်ပေါ်က သုံးယောက်ဟာ ထူးဆန်းနေတယ်။ ဒါနဲ့ ပတ်သတ်လို့ ပြဿနာတစ်ခုခု ရှိနေလောက်တယ်။ သတိထားတာက ပိုကောင်းပါတယ်လေ…”

လှိုင်းတွန့်များက ဝမ်လင်း ခြေဖဝါးအောက်တွင် ပေါ်လာသည်။ခြေတစ်လှမ်းပြီးနောက် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းပြန်၏။ထို့နောက် သူက လောကနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်နောက် သူက လုံးဝ ပျောက်ကွယ်သွားတော့သည်။

မြေနက်ဂြိုဟ်၏ အပြင်ဘက်တွင် သက်လတ်ပိုင်းလူသည် စကားပြောပြီးရုံ ရှိသေး၏။မြူနှင့် ဖွဲ့စည်းထားသည့် လူငယ်၏ မျက်လုံးသည် တောက်ပလာသည်။သူ့မျက်နှာပေါ်၌လည်း စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေ၏။ သူက ပြောလာသည်။ “သိပ်ကောင်းတယ်…။မင်းတို့သုံးယောက်က သဲလွန်စ ပေးတယ်လို့ ငါ့ မိသားစုရှိ တင်ပြပေးမယ်။ဒါသာ အမှန်ဆိုရင် မင်းတို့သုံးယောက်ရမယ့် အကျိုးအမြတ်က နည်းပါးမှာ မဟုတ်ဘူး…”

သူက ထိုသို့ ပြောပြီးသည့်နောက် မြူသည်လည်း ပြန်ပျောက်ကွယ်သွားသည်။

သက်လတ်ပိုင်းလူ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်နေသည်။သူက သူ့မိတ်ဆွေနှစ်ယောက်ကို လှည့်ကြည့်ပြီးနောက် ရယ်မောလိုက်၏။ “ဒါက ရိုးရိုးလေးပဲ။ငါတို့က သဲလွန်စကို ပြောရုံပဲ။ဒီရှုမူက သံသယမရှိ သေရလိမ့်မယ်။ငါတို့က ဒီအကျိုးအမြတ်ကို ဘာကြောင့် မယူရမှာလဲ…ဟား ဟား…”

အဘိုးအိုနှစ်ယောက်သည် တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူတို့က ပြုံးရုံသာ တက်နိုင်တော့သည်။ သည်ကိစ္စက အခုမှတော့ ပြန်ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။သို့ရာတွင် သူတို့ စိတ်ထဲရှိ စိတ်ပူပန်နေမှုက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

“ရှုမူက ဒဏ္ဌာရီမှာ ပြောနေကြသလို စွမ်းအားမရှိဖို့ဘဲ ငါ မျှော်လင့်ရတော့မှာပေါ့။သူ့ကို ယောင်မိသားစုက သတ်နိုင်မှ ဖြစ်မှာ။ မဟုတ်ရင် သူက ငါတို့ကြောင့် သူ့သတင်း ပေါက်သွားတာ သိသွားမှာ ငါ ကြောက်မိတယ်…”

အဘိုးအိုက ထိုသို့ ပြောလိုက်ပြီးပြီးချင်း သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူက သက်လတ်ပိုင်းလူနောက်သို့ ကြည့်ကာ သူ့မျက်နှာသည် ချက်ခြင်း သွေးမရှိသလို ဖြူလျောသွားတော့သည်။

အခြားအဘိုးအိုတစ်ယောက်၏ ခန္ဓာကိုယ်သည်လည်း တုန်ရီသွားလေ၏။သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေကာ သူက အလန့်တကြား ဆိုလာသည်။ “ရှု…ရှုမူ…”

သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်အားလုံးသည် ထောင်မတ်သွားကြသည်။သူက စိတ်ထဲကနေ စိမ့်၍ ကြောက်သွားမိ၏။

သက်လတ်ပိုင်းလူနောက်ကနေ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာ၏။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။

“မင်းတို့ သုံးယောက်က သိပ်သတ္တိ ရှိနေတယ်ပေါ့…” ဝမ်လင်းပေါ်လာသည့်အခါ သူက သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေလိုက်သည်။ခြေတစ်လှမ်းဖြင့်ပင် သူက သက်လတ်ပိုင်းလူ၏ ခေါင်းနောက်ဘက်ကို တိုက်ရိုက် ဖိနှိပ်လာတော့၏။

သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ထဲမှ တစီစီအသံများ ထွက်ပေါ်လာသည်။သည့်နောက် သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။သူ့ ခန္ဓာကိုယ်သည် ပျက်စီးသွားပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် လွတ်မြောက်ရန် ကြိုးစားလာသည်။သို့သော် သူ့မူလစိတ်ဝိညာဉ်သည်လည်း ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်သာ။

ထိုမြင်ကွင်းသည် အဘိုးအိုနှစ်ယောက်၏ ရင်ဘက်ပေါ်သို့ ဧရာမတူဖြင့် ထုနှက်ခံလိုက်ရသလို ဖြစ်စေသည်။ထိုမြင်ကွင်းသည် သူတို့ကို ကြောက်ရွှံ့မှုနှင့် ပြည့်စေသည်။

သူတို့နှစ်ယောက်သည် ချက်ခြင်းပင် အထိတ်တလန့်အော်ဟစ်ကာ နောက်သို့ အမြန် ဆုတ်တော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset