မိုးကြိုးကောင်းကင်ဘုံကျောင်းသည် အလုံးစုံကောင်းကင်အမိန့်တော်ကို အသုံးပြုကာ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးထဲသို့ ဝင်ရောက်ရန် ကျင့်ကြံခြင်းမိသားစုအားလုံးကို ဆင့်ခေါ်ခဲ့လေသည်။
ထိုသတင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ နေရာအနှံ့အပြားသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံသွားသည်။
ကောင်းကင်ဘုံနယ်မြေလေးခု ပျက်စီးပြိုပျက်ပြီး မရေမတွက်နိုင်လောက်အောင် ကြာမြင့်ပြီးသည့်နောက် ကြယ်အဖွဲ့အစည်းကြီးလေးခုအား ချိတ်ဆက်ထားသော လမ်းကြောင်းများသည် ပိတ်ဆို့သွားခဲ့ပြီး ဖြစ်၏။ထိုအဖွဲ့အစည်းကြီးလေးခုသည် တစ်ခုနှင့်တစ်ခု ထိတွေ့ဆက်ဆံခြင်းလည်း မရှိတော့ပေ။အထူးရတနာအချို့ကို အသုံးပြုမှသာ တစ်ယောက်စနှစ်ယောက်စသည် အခြားအဖွဲ့အစည်းကြီးထံသို့ ဝင်ရောက်နိုင်ပေသည်။အခုလိုမျိုး အစုလိုက်အပြုံလိုက် ဝင်ရောက်မည့် အဖြစ်မျိုး လုံးဝ မရှိခဲ့ချေ။
အလုံးစုံကြယ်အဖွဲ့အစည်းကြီး၏ ကျင့်ကြံသူများ၏ အမြင်တွင် မဟာမိတ်ကြယ်အဖွဲ့အစည်းသည် စွန့်ပစ်နေရာတစ်ခုသာ ဖြစ်သည်။သို့သော်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် ပတ်သတ်၍ အမျိုးမျိုးသော ကောလဟလများ ရှိနေသေးသည်။
ပြောကြသည်က မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် မည်သည့်ကျင့်ကြံခြင်းမိသားစုမှ မရှိဘဲ ထိုအစား ကလန်များသာ ရှိသည်ဟု ဆိုသည်။
နောက်ကောလဟာလတစ်ခုက မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် အဆင့်တစ်ကနေ အဆင့်ကိုး ဟူ၍ ကျင့်ကြံခြင်းနိုင်ငံများ ရှိကြသည်ဟု ဆိုသည်။ထိုအခြင်းအရာသည် အလုံးစုံကြယ်အဖွဲ့အစည်းနှင့် တော်တော်လေး ခြားနားပေသည်။
အခြားကောလဟာလ တစ်ခုသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ အစွမ်းထက်ဆုံးသည် မဟာမိတ်ကျင့်ကြံခြင်း အဖွဲ့အစည်းဟူ၍ပင်။
ထို့အပြင် မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ ကျင့်ကြံသူများသည် အလွန်သွေးဆာရက်စက်သူများ ဟူ၍ပင်။
အမျိုးမျိုးသော ကောလဟာလများကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများသည် မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် ပတ်သတ်၍ မတူညီသော အမြင်ပုံရိပ်များ ရှိနေကြသည်။အချို့ကျင့်ကြံခြင်းမိသားစုများသည် မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းကို စိတ်ဝင်စားကာ တိုက်ပွဲဆာလောင်စိတ်တို့ ပြည့်နေကြသည်။
သို့သော်လည်း အချို့ကျင့်ကြံခြင်းမိသားစုများကမူ စစ်ခင်းရန် သဘောမတူကြဘဲ ချီတုံ့ချတုံ ဖြစ်နေကြဆဲပင်။သို့သော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖိအားကြောင့် မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ကျူးကျော်စစ်သည် ကြိုတင် ကောက်ချက်ချ၍ ရပေသည်။
ပို၍ အရေးကြီးသည်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ရှေးဟောင်းကျင့်ကြံခြင်းခေတ်ထဲက တည်ရှိသည့် စွမ်းအားကောင်းလှသော ကျင့်ကြံခြင်း မိသားစုနှစ်စုက ထောက်ပံ့ပေးထားခြင်းပင်။
ထိုရှေးဟောင်းမိသားစုနှစ်စုလုံးသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ထက် အားနည်းခြင်း မရှိပေ။
၎င်းမိသားစုနှစ်ခုထဲမှ တစ်ခုသည် တန်လင်းဂြိုဟ်မှ ရှောင်မိသားစု ဖြစ်၏။ရှောင်မိသားစုက ထိုကျူးကျော်စစ်အတွက် ထောက်ပံ့ကာ အခြားမိသားစုများကိုပါ စစ်ပွဲအတွင်းသို့ ဆွဲခေါ်ခဲ့ပေသည်။
ထိုစွမ်းအားကောင်းလွန်းလှသော ရှေးဟောင်းမိသားစုနှစ်ခုနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တို့၏ ဖိအားအောက်၌ ကျန်ကျင့်ကြံခြင်းမိသားစုများသည် ၎င်းတို့၏ စကားကို နားမထောင်ဘဲ မည်သို့ နေဝံ့ပါမည်နည်း။
ထိုအတွက်ကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးအတွင်းရှိ ကျင့်ကြံခြင်းမိသားစုများသည် အခိုင်အမာ ပြင်ဆင်လာကြသည်။မိသားစုတိုင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လမ်းကြောင်းဖွင့်မည့်နေ့အတွက် ကြိုတင်ပြင်ဆင်နေကြပေသည်။
ထိုတိုက်ပွဲအတွက် အဓိကအင်အားစုသုံးခုသည် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပေသည်။တစ်စုံတစ်ယောက်က စွန့်စားခန်းတစ်ခု ပြုလုပ်နိုင်ခဲ့လျှင် ထိုသူတို့ သိမ်းပိုက်နိုင်သည့် ဂြိုဟ်သည် ၎င်းတို့အပိုင် ဖြစ်မည်ဟု ကြေငြာကာ ကတိပေးခဲ့ပေသည်။
ထိုကတိသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မိသားစုဝင်များကို ဆွဲဆောင်နေပေ၏။တကယ်တော့ မည်သူကမျှ ကျင့်ကြံခြင်း တစ်လုံးကို မျှဝေရန် ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပေ။လူတစ်ယောက်သည် သူတို့၏ကိုယ်ပိုင်ဂြိုဟ်တစ်လုံးကို ပိုင်ဆိုလိုပါက မဟာမိတ်ကြယ်အဖွဲ့အစည်းထံမှ လုယူရပေမည်။
သည့်အပြင် ကျင့်ကြံခြင်းမိသားစုအားလုံးအဆင့်သင့် ဖြစ်နေစေရန် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် အမျိုးမျိုးသော ဆေးလုံးများနှင့် အံ့ဖွယ်လက်နက်များကို ထုတ်ပေးခဲ့သည်။သူတို့က ကောင်းကင်ဘုံဆေးလုံးများကိုပင် ထုတ်ယူပေးခဲ့လေ၏။
“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နဲ့ မိသားစုကြီးနှစ်ခုဟာ ကောင်းကင်ဦးစီးရာထူးကိုလည်း လျာထားခဲ့တယ်။ဒါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော် ပေါ်ထွန်းလာတဲ့နောက် ပထမဆုံးအကြိမ် အကြီးကျယ်ဆုံး လျာထားမှု ဖြစ်တယ်။ စုစုပေါင်း (၁၀၈) ယောက်ဟာ ကောင်းကင်ငှက် ရာထူး(၃၆)ခုနဲ့ မြေမိစ္ဆာ ရာထူး(၇၂)ခု တို့ကို ရကြလိမ့်မယ်။ ဒီကောင်းကင်ဦးစီး ရာထူးဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တွေထက် မြင့်မားတဲ့ အဆင့်အတန်းရကြပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးရဲ့ ကျင့်ကြံသူအားလုံးရဲ့ လေးစားမှုကိုလည်း ခံကြရလိမ့်မယ်…”
“ဒီလူတွေဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ပွဲအတွင်း ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်…”
“တကယ်တော့ ဂုဏ်သတင်းကျော်ကြားမှုကို မကြိုက်တဲ့လူ ဘယ်သူရှိမလဲ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဒီတိုက်ပွဲအတွက် နောက်ထပ်တစ်ခု ရင်းနှီးခဲ့သေးတယ်။ဒီရင်းနှီးမှုဟာ ကောင်းကင်ဦးစီးနေရာအတွက် လျာထားခံရတဲ့ လူဟာ ကောင်းကင်ဘုံမန္တာန်ကို ကောင်းကင်ဘုံအရှင် ချင်းရွှေကိုယ်တိုင် သင်ကြားတာ ခံရလိမ့်မယ်လို့ ကြေငြာခဲ့ခြင်း ဖြစ်တယ်…”
ထိုသတင်းက မုန်တိုင်းတစ်ခုအလား ကျင့်ကြံသူတို့ကြား ပျံ့နှံ့ခဲ့ပေသည်။
ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်သည် အခုထိ သက်ရှိထင်ရှား ရှိနေသေးသလော။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် လှုပ်ခတ်ကုန်ကြ၏။နဂိုက စိတ်မဝင်စားဟန်ရသည့် ကျင့်ကြံခြင်းမိသားစုများပါ သူတို့၏ စိတ်ကို ပြောင်းလဲလာကြတော့သည်။သူတို့က သူတို့မိသားစု၏ ပါရမီရှင်များကို ကောင်းကင်ဦးစီးနေရာရရန်အတွက် ရည်ရွယ်လာကြတော့၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် မိသားစုကြီးနှစ်ခုတို့သည် ကောင်းကင်ငှက်ရာထူး (၃၆) နေရာကို ရရှိသူများအား တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်သည်ဟု ပြောကြားခဲ့သေးသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့်မိသားစုကြီးနှစ်ခုတို့သည် ထိုသူတို့၏ တောင်းဆိုမှုကို အကောင်းဆုံး ဖြည့်ဆည်းပေးမည်ဟု အာမခံခဲ့ပေသည်။
ထိုကောင်းကင်ဦးစီးနေရာများသည် ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံသားအဖြစ် သတ်မှတ်ခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်နေသည်။
“ကောင်းကင်ဦးစီးအဖြစ် လျာထားခြင်းခံရတဲ့ (၁၀၈) ယောက်ဟာ သူတို့ရဲ့ မူလကို ကောင်းကင်ဘုံမူလအဖြစ် ပြောင်းလဲနိုင်ဖို့ ကောင်းကင်ဘုံရေကန်အတွင်း ဝင်ရောက်ခွင့် ရမယ်။ပြီးရင် အစစ်အမှန်ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာမယ်…”
အတိတ်တစ်ချိန်က ကောင်းကင်ဘုံသားများနှင့် ခုလက်ရှိ ကျင့်ကြံသူများကြား ကွာခြားချက်သည် မူလစွမ်းအင်တွင် ဖြစ်၏။
ကောင်းကင်ဘုံမန္တာန်သည် မည်မျှစွမ်းအား ပြင်းထန်ပါစေ မူလစွမ်းအင်သပ်သပ်နှင့် အသုံးပြုသည့်အခါ အကန့်အသတ် ရှိနေပေ၏။သို့ရာတွင် ကောင်းကင်ဘုံမူလစွမ်းအင်နှင့် အသုံးပြုသည့်အခါ ၎င်း၏စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ပေမည်။ကောင်းကင်ဘုံရတနာများသည်လည်း ထိုနည်းနှင်နှင်ပင်။
ထိုသတင်းစကား ထွက်ပေါ်လာသည့်အခါ စစ်ပွဲမီးတောက်က အစပြုလာခဲ့ပြီ ဖြစ်၏။လူတိုင်းသည် လမ်းပွင့်လာမည်ကို စောင့်ဆိုင်းနေကြတော့သည်။
ထိုသတင်းအပြင် နောက်ထပ် တုန်လှုပ်ဖွယ် သတင်းစကားတစ်ခုသည်လည်း အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း၌ ပျံ့နှံ့လာသေး၏။
ရှေးဟောင်းကျင့်ကြံခြင်းမိသားစုကြီး နှစ်ခုထက်သာ အနည်းငယ် အားနည်းသည့် ယောင်မိသားစုသည် ကောင်းကင်အမိန့်ကို ထုတ်ပြန်ခဲ့၏။
ထိုအမိန့် ထွက်ပေါ်လာသည့်အခါတွင် သတ်ဖြတ်လိုသူများက စောင့်ဆိုင်းကုန်ကြသည်။ယောင်မိသားစုသည် ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်ကို ဆက်ခံရသည့် မိသားစုလေးစုကြား အားအကောင်းဆုံး ဖြစ်သည်။သူတို့သည် မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ကိုပင် တန်းတူ ဆက်ဆံ၏။
အတိတ်တစ်ချိန်တုန်းက ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြီး မရေမတွက်နိုင်သည့် နှစ်များစွာအတွင်း ယောင်မိသားစုသည် ကောင်းကင်အမိန့်ကို သုံးကြိမ်သာ ထုတ်ပြန်ခဲ့သည်။ထိုအမိန့် တစ်ကြိမ် ထုတ်ပြန်တိုင်း သွေးထွက်သံယို ဖြစ်ရသည်သာ။၎င်းတို့ ပစ်မှတ်ထားသည့်သူ မသေမချင်း ယောင်မိသားစု၏ အမိန့်သည် ရပ်တန့်တော့မည် မဟုတ်ချေ။
ခုလက်ရှိတွင် ယောင်မိသားစု၏ လေးကြိမ်မြောက် ကောင်းကင်အမိန့် ထွက်ပေါ်လာခဲ့ပြန်လေပြီ။
သည်တစ်ကြိမ်၌ ထိုအမိန့်သည် နာမည်တစ်ခုနှင့်သာ သက်ဆိုင်နေ၏။ယင်းနာမည်မှာ ရှုမူပင်။
ထိုနာမည်သည် သာမန် မဟုတ် အလွန်ကျော်ကြားလှသော နာမည် ဖြစ်လေ၏။ ကောင်းကင်ဦးစီးနေရာ ထွက်ပေါ်လာသည်နှင့် ရှုမူသည် ထိုအတွက် ဦးစီးနေရာတစ်ခု ရရှိလိမ့်မည်ဟု လူအများစုသည် တွေးထင်ခဲ့ကြသည် မဟုတ်လား။
ရှုမူ ကယ်တင်ပေးခဲ့သည့် လူများနှင့် ထိုသူတို့၏ မိသားစုများသည် သူ့နာမည်ကို အမြဲ အမှတ်ရ ထောက်ခံကြပေသည်။
ရှုမူသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ နယ်မြေလေးခုလုံးတွင် ကျော်ကြားသော လူအနည်းစုထဲက တစ်ယောက် ဖြစ်လာခဲ့ပေသည်။
ထိုသို့ ဖြစ်နေသည့် အခိုက်မှာပင် ယောင်မိသားစုသည် ရှုမူကို သတ်ချင်သည့်အတွက် ကောင်းကင်အမိန့်ကို ထုတ်ပြန်လာခဲ့လေ၏။
ရှုမူက မည်မျှ သန်မာပါစေ သူသည် ယောင်မိသားစု၏ သည်းကြီးမဲကြီးတိုက်ခိုက်မှုကနေ ရှင်သန်နိုင်လိမ့်မည်ဟု လူအနည်းငယ်ကသာ ယုံကြကြပေ၏။
ထိုလူအနည်းငယ်တွင် ရှန်ကုန်းဟူနှင့်ကျန်းကုန်းလီတို့ ပါဝင်ပေသည်။ သူတို့အမြင်၌ ယောင်မိသားစုသည် သူတို့၏ အရှင်သခင် ရှုမူကို စိန်ခေါ်နိုင်သည့် အရည်အချင်း မရှိဟု ထင်ထားကြ၏။
ယောင်မိသားစုသည် မိသားစုဝင်များစွာကို စေလွှတ်ခြင်း၊သူတို့နှင့် ပတ်သတ်သော မိသားစုများကိုလည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအနှံ့ ဖြန့်ကျက်ပြီး ရှုမူကို ရှာခိုင်းထားလေသည်။
ကောင်းကင်ဦးစီးနေရာအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ယောင်မိသားစု၏ ရှုမူကို ရှာဖွေခြင်းတို့သည် အထွတ်အထိပ်သို့ ရောက်လာခဲ့တော့သည်။
ယောင်မိသားစု၏ ကောင်းကင်အမိန့် ထွက်ပေါ်လာသည့်အခါ ကျင့်ကြံသူအများစုသည် ရှုမူမှာ သိပ်မကြာခင် သေဆုံးရတော့မည်ဟု ယုံကြည်နေကြပေ၏။
ဝမ်လင်း(ရှုမူ) ကယ်တင်ပေးခဲ့သော လူများပင် တိတ်ဆိတ်ကုန်ကြ၏။သူတို့က ဝမ်လင်းကို မကူညီချင်၍ မဟုတ်ပေ။ သို့သော် သူတို့အားလုံးတွင် ကိုယ်ပိုင် မိသားစုများ ရှိနေကာ ယောင်မိသားစုကို ခုခံနိုင်စွမ်း မရှိကြခြင်းကြောင့် ဖြစ်၏။
သို့သော်လည်း ယောင်မိသားစု ရှာဖွေသည့်အခါ ရှုမူသည် ပျောက်ကွယ်သွားခဲ့လေ၏။ မည်သူကမျှ သူ့ကို မတွေ့ကြရတော့ချေ။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ လုံးဝ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ထူးဆန်းနယ်မြေကို ဖြတ်၍ ပျံသန်းနေ၏။သူ့ရှေ့တွင် မီးခိုးရောင်မြူထု ရှိနေသည်။သူ့နောက်တွင်မူ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် တိတ်ဆိတ်စွာ ရှိနေကြ၏။
မြူများကြား၌ လပေါင်းများစွာ ပျံသန်းပြီးနောက် ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များ၏ စိတ်ဓာတ်သည်လည်း ပြောင်းလဲလာကြတော့၏။
အစပိုင်း သူတို့ထံတွင် ရှိနေသော စိတ်ရှုပ်ထွေးမှုက ပျောက်ကွယ်သွားကာ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် အသတ်အဖျက် စိတ်ဆန္ဒက အစားထိုး ဝင်လာခဲ့တော့၏။
သူတို့သည် ဝမ်လင်းနောက်မှ လိုက်၍ မြူထုထဲ၌ ပျံသန်းနေကြစဉ် ကြမ်းကြုတ်သောသားရဲများနှင့် ဆုံကာ တိုက်ခိုက်ခဲ့ကြသေး၏။သူတို့၏ သတ်ဖြတ်ခြင်းအော်ရာသည်လည်း တဖြည်းဖြည်း ပို၍ ထူထဲလာခဲ့လေသည်။
အခုချိန်၌ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် ဝမ်လင်းနောက်မှ လိုက်ပါလာသည့် သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ ဖြစ်နေကြသည်။
သူတို့က သည်မြူထူနေရာကနေ ထိုးထွက်နိုင်လျှင် ရှင်သန်နိုင်မည်။ မဟုတ်ရင် သူတို့သည် သည်နေရာရှိ သားရဲများ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
သွေးလွှမ်းသော တိုက်ပွဲများကြောင့် ရွေးချယ်ခံမသေမျိုးကလန်သည် အလျင်အမြန် ကြီးထွားလာကြ၏။
ထိုသူများနှင့်အတူ လပေါင်းများစွာ အတူ ရှိနေပြီးနောက် ဝမ်လင်းသည် ရွေးချယ်ခံမသေမျိုးကလန်၏ ဉာဏ်ရည်နှင့်ပါရမီကို ဝန်ခံလာရ၏။သူတို့ထံ၌ ကောင်းမွန်သော ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ရှိနေပေသည်။သူတို့၏ တုပနိုင်စွမ်းကလည်း ထိတ်လန့်စရာ ကောင်းသေးသည်။
မြူထုအတွင်း၌ လအနည်းငယ် နေထိုင်ပြီးသည့်နောက် သူတို့သည် ဝမ်လင်း၏ တည်ငြိမ်မှုနှင့် သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကိုပါ သင်ယူခဲ့ပြီး ဖြစ်လေသည်။
သူတို့က လှုပ်ရှားလိုက်တိုင်း ပြတ်သား ရက်စက်စွာ လုပ်ဆောင်တက်လာသည်။သူတို့က မြူထုအတွင်းရှိ သားရဲများနှင့် တိုက်ပွဲတွင် တက်တူးမန္တာန်အမျိုးမျိုးကို အသုံးပြုခဲ့ကြ၏။
ဝမ်လင်းကို မျက်လုံးကျဉ်းမြောင်းသွားစေသည်က ထိုသူများသည် အုပ်စုဖွဲ့တိုက်ခိုက်မှုတွင် အလွန်တော်နေကြခြင်းပင်။သူတို့၏အုပ်စုလိုက် တိုက်ခိုက်မှုများသည် သူတို့၏ခွန်အားကို များစွာ တိုးတက်စေသည်။သူတို့က အမျိုးသမီးနှင့် ကလေးများကို စောင့်ရှောက်ကြရခြင်းသာ မဟုတ်ပါက ပို၍ပင် ကြမ်းကြုတ်နေပေမည်။
ဝမ်လင်းသည် သူ့မန္တာန်ကို အသုံးပြုကာ ရွေးချယ်ခံမသေမျိုးကလန်၏ ကလေးငယ်များနှင့် အမျိုးသမီးများကို ခေါ်ဆောင်လာသောကြောင့် သူတို့ ခပ်မြန်မြန် သွားလာနိုင်ကြသည်။
သည်နေ့တွင် သူတို့ရှေ့ရှိ မြူထုသည် လွင့်ပါးသွား၏။ဝမ်လင်းသည် ထိုးထွက်လိုက်သည်။ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် မြူထဲထဲကနေ ထိုးထွက်လာကြသည်။သူတို့ရှေ့၌ ရှိနေသည့်အရာက တောက်ပသော ကြယ်ရောင်စုံကောင်းကင်တစ်ခုပင်။
အလုံးစုံကောင်းကင်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေကြီး။
ဝမ်လင်းက ကြယ်များကို ကြည့်ငေးနေ၏။မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်း အဖြစ်အပျက်များ ဖြစ်ပွားပြီးပြီးချင်း သူသည် ငှက်သားရဲခန္ဓာကိုယ်ထဲသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရပေသည်။ယခု အပြင်သို့ ပြန်ထွက်လာချင်းချင်း ကြယ်များကို ငေးနေရင်း ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုအလား ဖြစ်နေစေသည်။
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း…ငါပြန်လာပြီ။ ခုပထမဆုံး လုပ်ရမှာက ဒီနေရာဟာ ဘယ်နယ်မြေလဲ ဆိုတာ ရှာဖွေရမယ်။ပြီးရင် ငါက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရှာဖွေရမယ်…”
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောရင်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ထိုကျောက်စိမ်းပြားက သူ့ကို ရှန်ကုန်းဟူ ပေးခဲ့သည့် မြေပုံပင်။ထိုကျောက်စိမ်းပြားကို အနည်းငယ် ကြည့်ရှုပြီးနောက် သူက ၎င်းကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဝမ်လင်းသည် ရွေးချယ်ခံမသေမျိုးကလန်ဝင်များထံသို့ နောက်လှည့်ကြည့်လိုက်၏။
“ဒီနေရာဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းပဲ။ မင်းတို့ အခု ဒီနေရာကို ရောက်တဲ့အချိန်ကစပြီး လွတ်လပ်သွားကြပြီ…”
ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည် ဝမ်လင်းကို ကြည့်ကာ တိတ်ဆိတ်နေကြ၏။ခဏအကြာမှ သူ့ကို စကားပြောလာကြသည်။ “ကျေးဇူးရှင်…ငါတို့က ဒီနေရာနဲ့ မရင်းနှီးဘူး။သင်က ငါတို့အတွက် ယာယီနေဖို့ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလောက် ရှာပေးနိုင်မလား။ငါတို့ ဒီကြယ်အဖွဲ့အစည်းနဲ့ ရင်းနှီးသွားတာနဲ့ ငါတို့ ကျိန်းသေထွက်သွားပါ့မယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ချင်လင်းဂြိုဟ်သည် ကြီးမားသည့်အတွက် သည်ရွေးချယ်ခံမသေမျိုးကလန်ဝင်များအတွက် နေရာလောက်နိုင်ပေသည်။
သည့်နောက် ဝမ်လင်းသည် ခြေတစ်လှမ်းတိုးကာ ရှေ့သို့ တဟုန်ထိုး ထွက်သွားလေ၏။ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည်လည်း ဝမ်လင်းနောက်ကနေ လိုက်ပါလာကြသည်။သူတို့က ချင်လင်းဂြိုဟ်သို့ ဦးတည်သွားနေကြခြင်းပင်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားရင်း ကျင့်ကြံခြင်းဂြိုဟ်များကို ရှာဖွေခဲ့သည်။သို့သော် သည်နေရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရှာတွေ့ရန် ခက်ခဲလှသည်။ဆယ်ရက်တာကြာမြင့်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက အကွာအဝေးတစ်ခုရှိ အဝါရောင်ဂြိုဟ်တစ်လုံးကို ကြည့်လိုက်သည်။ ထိုနေရာမှ စိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းသည် အားကောင်းလွန်းခြင်း မရှိသော်လည်း အများကြီးလည်း အားမနည်းပေ။
သူတို့က ပျံသန်းနေရင်း တုန်ခါမှုလှိုင်းများက နေရာအနှံ့သို့ ပျံ့နှံ့နေသည့်အတွက် အဝါရောင်ဂြိုဟ်မှ ကျင့်ကဲ့သူများသည် ထောက်လှမ်းလာကြသည်။
ဝမ်လင်းက ဂြိုဟ်နှင့် နီးကပ်လာသည့်အခါ အဝါရောင်ဂြိုဟ်မှ အလင်းတန်းသုံးခုသည် ပျံသန်းလာကြ၏။ထိုသုံးယောက်ထဲ၌ တစ်ယောက်သည် လူလတ်ပိုင်းအရွယ် ဖြစ်ကာ ကျန်နှစ်ယောက်သည် အဘိုးအိုနှစ်ယောက်ပင်။
သူတို့သုံးယောက်ထံမှ အားကောင်းသော မူလစွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။သူတို့က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာနေ၏။
သူတို့ သုံးယောက်က ပေါ်ထွက်လာသည့်အခါ သူတို့၏ အသွင်ဟန်ပန်သည် အလေးအနက် ဖြစ်သွားကြ၏။သက်လတ်ပိုင်းလူက ဝမ်လင်းကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူ…သင်က အလျင်လိုနေပါ့လား…သင် ဘာများ လိုအပ်လဲ ငါ သိချင်မိတယ်…”
အခြားနှစ်ယောက်ကလည်း ဝမ်လင်းနောက်ရှိ ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို သိမ်းကြုံးကြည့်လိုက်၏။သူတို့က တုန်လှုပ်မိသွားကြသည်။ထိုသူများသည် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ လုံးဝ ရှိမနေဘဲ ထိုအစား သူတို့ထံ၌ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော ဆန်းကြယ်သောအားတစ်ခု ရှိနေကြသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင်။
ထို့အပြင် သည်လူများထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့လည်း ထွက်ပေါ်နေသေးသည်။
ပို၍ အရေးကြီးသည်က သည်လူများ၏သွင်ပြင်သည် အေးစက်စက်အော်ရာကိုသာ ဖော်ကျူးနေခြင်း ဖြစ်၏။သူတို့၏အသွင်က သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရချိန်၌ပင် ပြောင်းလဲသွားခြင်း မရှိပေ။
ထို့အပြင် သည်လူအုပ်ထဲ၌ မိန်းမနှင့်ကလေးငယ်များလည်း ရှိနေကြသေးသည်။ထိုအရာက သည်လူများ၏ နောက်ခံကို ခန့်မှန်းရန် အတော်လေး ခက်ခဲစေ၏။
သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူက စကားစသပ်ကာ ဝမ်လင်းကို ဂရုတစိုက်ကြည့်လိုက်သည်။သူက မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက်ရကာ ဝမ်လင်း၏ ပုံပန်းသွင်ပြင်သည် ယောင်မိသားစု၏ ကောင်းကင်အမိန့်မှ ရှုမူ၏အသွင်ဟန်ပန်နှင့် ဆင်တူနေသည် မဟုတ်လား။
***