အနက်ရောင်ဝတ်စုံနှင့်လူထံကနေ ဆုံးဖြတ်ပြီးသော အကြည့်တစ်ခု ဖြစ်ပေါ်နေသည်။သူ့ဦးခေါင်းက ခေါင်းတလားထဲသို့ ရောက်သွားသည်နှင့် ခေါင်းတလားအဖုံးသည် အလိုလို ပြန်ပိတ်သွားတော့သည်။ထို့နောက် ခေါင်းတလားသည် တောက်ပလာကာ အစီအရင်ထဲကနေ ပျံသန်းထွက်လာလေ၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူ့ရှေ့ရှိ ထိုမြင်ကွင်းက သူ့ကို တုန်လှုပ်စေသည်။သူသည် ခေါင်းတလားထဲ၌ ရှိနှင့်နေသော လူငယ်သည် ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။
ထို့နောက် သူက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းသည် ခေါင်းတလားထဲသို့ ကျသွားသည်၏ ထိုသူ၏ ခန္ဓာကိုယ်မှာ အလျင်အမြန်သိပ်သည်းလာသည်ကိုလည်း တွေ့မြင်လိုက်ရချေသည်။
“ဒါက…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်စေသည်။ဝမ်လင်းအောက်ရှိ လိပ်ပြာက သူ့ကို သယ်ဆောင်ကာ ပျံသန်းလာ၏။သူက သူ့ဘယ်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ချက်ခြင်းပင် ခေါင်းတလားနောက်သို့ လိုက်ပါ ပျံသန်းသွားတော့သည်။
ထာရှန်ကလည်း ဖျပ်ခနဲပင် ဝမ်လင်း၏ အရိပ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဝမ်လင်းသည် ခေါင်းတလားနောက်သို့ လိုက်နေရင်း သူ့မျက်လုံးက အေးစက်နေလေသည်။
“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်စေနိုင်တဲ့ ဒါက ဘယ်လို ရတနာမျိုးလဲ…”
သလင်းခေါင်းတလားအထဲ၌ လောင်တောက်ဇီ၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ သိပ်သည်းနေ၏။မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြသည့်အထိ မခံစားမိသည့် အသွေးအသားပိုင်ဆိုင်မှုကိုပါ သူက ခံစားနေရသည်။
“သူ့မျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ အရှင်…ငါ လောင်တောက်ဇီဟာ ခန္ဓာကိုယ် မရှိခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်တော့ဘူး။ငါက သင့်သားကို ဒီနေရာမှာ စောင့်ကြပ်ပေးနေခဲ့ရတယ်…”
“ဘာကြောင့် သင်က ငါ့ကို ဒီလို နာကျင်မှုမျိုးကို ခံစားရအောင် လုပ်ခဲ့ရတာလဲ။သင်က ငါ့ခန္ဓာကိုယ် ပြန်ကောင်းပြီးသွားရင် သင့်အတွက် ဒီခေါင်းတလားကို စောင့်ကြပ် မပေးတော့မှာကို စိုးရိမ်လို့လား။ အရင်ကတည်းက ငါဟာ ဒီအတွက် မကျေမလည် ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ အခုတော့ ငါ သိသွားခဲ့ပြီ။ငါ လောင်တောက်ဇီက သင်ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ခဲ့ရတယ်။ဆရာနဲ့တပည့် ပတ်သတ်မှုကြောင့်လဲ ငါဟာ ဒီလို ခန္ဓာကိုယ်မရှိတဲ့နာကျင်မှုကို တောင့်ခံပြီး ဒီခေါင်းတလားထဲကို မဝင်ရောက်ဘူးလို့ တွေးခဲ့တယ်။ ဒါပေမဲ့လည်း အခုတော့ ငါ့အတွေးတွေဟာ ဘယ်လောက်ထိ အဆင်အခြင်မဲ့ခဲ့လဲ ဆိုတာ သိလိုက်ရပြီ…”
ခေါင်းတလားထဲ၌ လောင်တောက်ဇီသည် လက်သီးခပ်တင်းတင်း ဆုပ်ထား၏။သူ့ခန္ဓာကိုယ်အတွင်းဘက်ကနေလည်း တစီစီအသံများ ထွက်ပေါ်နေသည်။ထိုအရာက အလွန်သက်တောင့်သက်သာ ခံစားချက် ဖြစ်ကာ သူ့ကျင့်ကြံမှုသည် အံ့မခန်းအမြန်နှုန်းဖြင့် ပြန်ကောင်းလာနေသည်ဟု ခံစားနေရသည်။
အထည်ဒြပ်ယန်အဆင့်နှင့်နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကြားကို ကောင်းကင်အဆင့်တစ်ဟု သတ်မှတ်ပေသည်။လောင်တောက်ဇီသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကို အခြေခိုင်စွာ ရောက်ရှိခဲ့ပြီးသား ဖြစ်၏။သူက ကောင်းကင်အဆင့်သုံး ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်ခဲ့သူပင်။
“အရှင်အပူအပင်မဲ့…သင်က ငါ့ကို ကောင်းကောင်း လှည့်ဖျားခဲ့တာပဲ…” လောင်တောက်ဇီ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နေသည်။သူ့ကျင့်ကြံမှုအဆင့်ကလည်း ပေါက်ကွဲလုမတက် တိုးမြင့်နေသည်။သူက ကောင်းကင်အဆင့်ခြောက်အထိ မြင့်တက်လာခဲ့သည့်အပြင် ရပ်တန့်သွားခြင်း မရှိပေ။
ဝမ်လင်းသည် နောက်ကလိုက်လာနေရင်း သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။သူက ခေါင်းတလားနှင့်ပို၍ နီးကပ်လာသည်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်လှိုင်းများသည တဖြည်းဖြည်း အားကောင်းသထက် အားကောင်းလာနေသည်ကို ခံစားမိ၏။
“ဒါက ဘယ်လိုရတနာမျိုးလဲ…” ဝမ်လင်းသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုနှင့် ပြည့်လာသည်။
လောင်တောက်ဇီက ပြုံးလိုက်ရင်း ကောင်းကင်ဘုံမူလစွမ်းအင်သည် မြင့်တက်လာခဲ့ကာ သူသည် ကောင်းကင်အဆင့်ကိုးအထိ မြန်ဆန်စွာ မြင့်တက်လာခဲ့သည်။
ထိုအရာက ရပ်တန့်ခြင်း မပြုသေးပေ။သူ့ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အဆင့်ကိုးအထိ ရောက်လာသည့်အခါတွင် ကောင်းကင်အဆင့် ကောင်းကင်ဘုံသား၏ အတားအဆီးကိုပါ ချိုးဖျက်သွား၏။ထိုအခါ အံ့မခန်းပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။လောင်တောက်ဇီ၏မျက်လုံးသည်လည်း လွန်စွာ တောက်ပနေတော့၏။
သူ့ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အဆင့်ကို ချိုးဖျက်ပြီးသည့်အခါ ကောင်းကင်ဘုံဘုရင်အဆင့်သို့ ရောက်ရှိလာတော့သည်။
“ဘုရင်အဆင့်သုံးကောင်းကင်ဘုံသား…။အရှင်အပူအပင်မဲ့…သင်က ကောင်းကင်ဘုံဘုရင်အဆင့်ကိုး တစ်ယောက်သာ ဖြစ်တယ်။အခု ငါ လောင်တောက်ဇီလည်း ကောင်းကင်ဘုံဘုရင်တစ်ယောက် ဖြစ်လာခဲ့ပြီ…”
လောင်တောက်ဇီသည် ရယ်မောကာ သူ့လက်ကို ပင့်ကာ ခေါင်းတလားအဖုံးကို ဖယ်ရှားကာ လှမ်းထွက်လာသည်။
ဝမ်လင်းသည် ချက်ခြင်း ရပ်တန့်လိုက်၏။သူ့အသွင်က သုန်မှုန်နေ၏။သူက သူ့ရှေ့တည့်တည့်ကို ကြည့်နေရင်း မျက်လုံးကျဉ်းမြောင်းသွားသည်။
သူက လောင်တောက်ဇီသည် ခေါင်းတလားထဲကနေ ရယ်မောကာ ထွက်လာသည်ကို တွေ့မြင်လိုက်၏။လောင်တောက်ဇီထံကနေလည်း စွမ်းအားကောင်းသောအော်ရာတစ်ခု ပျံ့နှံ့နေသည်။၎င်းအော်ရာသည် သွေးဘိုးဘေးလောက် သန်မာခြင်း မရှိလှသော်လည်း အလွန်အားကောင်းနေဆဲသာ။
“ဂျူနီယာ…သေစမ်း…” လောင်တောက်ဇီသည် ရယ်မောကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၏။သို့ရာတွင် သူ ခြေလှမ်းလိုက်သည့်အခိုက်၌ မထင်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။
သူ့ခြေထောက်သည် မြှောက်လိုက်သည်နှင့် တိတ်တဆိတ် ပျောက်ကွယ်သွားခြင်းပင်။ထို့နောက် သူ့ လက်များသည်လည်း တစစီ ပျက်စီးသွားသည်။
ထိုမြင်ကွင်းသည် ခေါင်းတလားကို ပထမဆုံးဖွင့်စဉ်က လူငယ် ပျောက်ကွယ်သွားသည်ပုံစံနှင့် တထေရာတည်း တူနေသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ…မဖြစ်နိုင်ဘူး…” လောင်တောက်ဇီသည် ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်၏။သို့သော် သူက သူ့ခန္ဓာကိုယ်ကို မတွေ့မြင်ရဘဲ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် ပျက်စီးသွားခဲ့လေပြီ။
သူ့ဦးခေါင်းပင် စတင်မှုန်ဝါးလာကာ သည်ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့မလို ဖြစ်လာခဲ့သည်။
လောင်တောက်ဇီ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေ၏။သူက ရူးသွပ်သွားသည့်အလား အသည်းအသန် အော်ဟစ်လိုက်သည်။ “ဘာကြောင့် ဒီလို ဖြစ်ရတာလဲ…။အရှင်…ဒါက ဘာကြောင့် အခုလို ဖြစ်ရတာလဲ…”
လောင်တောက်ဇီသည် ကောင်းကင်ထက်သို့ ကြည့်ကာ အော်ပြောလိုက်၏။ “အရှင်…ငါက သင့်သားကို မရေမတွက်နိုင်တဲ့နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်။ဒါတောင် သင်က ငါ့ကို ဘာကြောင့် သတ်ချင်ခဲ့ရတာလဲ။ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ရှိရင်တောင် ဒီခေါင်းတလားထဲမှာ ဆိုရင် ပြန်ဖွဲ့တည်နိုင်တယ်လို့ သင် တစ်ခါက ပြောခဲ့ဖူးတယ်မလား။ငါဟာ ငါ့ခန္ဓာကိုယ် ပြန်ရဖို့အတွက် ဒီခေါင်းတလားကို အသုံးပြုခဲ့တယ်။ ဒါဆို ဘာကြောင့် ငါ့ခန္ဓာကိုယ်က အခုလို ပျက်စီးရတာလဲ…၊ဘာကြောင့်လဲ…”
“အရှင်အပူအပင်မဲ့…ဒီကောင်းကင်ဖယ်ကြဉ်ခေါင်းတလားအတွက် သဲလွန်စ ရှာတဲ့နေရာမှာ သင့်ကို ကူညီပေးဖို့အတွက်ကြောင့်သာ မဟုတ်ရင် ငါက ဘယ်လိုလုပ် ကောင်းကင်ဘုံဥပဒေသကို ချိုးဖျက်မိနိုင်ပါ့မလဲ…။ဒါတောင် သင်က ငါ့ကို အခုလို ဆက်ဆံခဲ့တယ်…။သင်က ငါ့ကို သတ်ချင်ခဲ့တာပဲ…”
လောင်တောက်ဇီ၏ ဦးခေါင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း ပျက်စီးနေကာ ဟင်းလင်းပြင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်ထဲ၌ အားကောင်းလှသော မကျေမချမ်းစိတ်အာရုံသည် တွယ်ငြိနေတုန်းပင်။လောင်တောက်ဇီ၏ ထိုမကျေမချမ်းစိတ်သည် စိတ်ကူးနိုင်သည်ထက် ပိုနေ၏။၎င်းစိတ်သည် ပယ်ဖျက်ခံရခြင်း မရှိပါက ထာဝရပင် တည်ရှိသွားနိုင်သည်။ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ၎င်းစိတ်ဆန္ဒကနေ ဘဝသစ်တစ်ခု ပြန်မွေးဖွားလာသည်ပင် ဖြစ်နေနိုင်သေးသည်။
ဝမ်လင်းသည် ထိုအရာများအားလုံးကို မျက်မြင်တွေ့ကြုံခဲ့ရ၏။သူက တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးနောက် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရင်း ပြောလိုက်၏။ “တာအိုကနေ တစ္ဆေလောကမြစ် ဖြစ်ပေါ်ခြင်း…”
တစ္ဆေလောကမြစ်တစ်ခုပေါ်လာ၏။ထိုအခါ မကျေမချမ်းစိတ်ဆန္ဒသည် ထွက်ပေါက်တစ်ခု တွေ့သကဲ့သို့ တစ္ဆေလောကမြစ်ထဲသို့ တရကြမ်း တိုးဝင်လာခဲ့သည်။မကျေမချမ်းစိတ်ဆန္ဒသည် တစ္ဆေလောကမြစ်ထဲ၌ ပေါင်းစပ်သွားကာ ဆက်လက်၍ အားကောင်းသန်မာ ကြီးထွားနေပေလိမ့်မည်။
ထို့နောက် ဝမ်လင်းသည် တစ္ဆေလောကမြစ်ကို ပြန်ပျောက်ကွယ်စေလိုက်သည်။
ဝမ်လင်းသည် ခေါင်းတလားကို လှမ်းယူလိုက်၏။သူက ခေါင်းတလားကို အလေးအနက် ကြည့်ကာ စဉ်းစားနေသည်။
“ဒီခေါင်းတလားက စိတ်ဝိညာဉ်ကို ထောက်ပံ့ပြီး အသွေးအသားကို ပြန်ရဖို့ ကူညီပေးနိုင်တယ်။ဒါပေမဲ့လည်း လူတစ်ယောက်ဟာ ခေါင်းတလားထဲကနေ ထွက်မလာနိုင်ဘူး။ခေါင်းတလား အပြင်ကို ထွက်လိုက်တာနဲ့ အဲ့လူဟာ ဗလာနတ္ထိ ဖြစ်သွားလိမ့်မယ်…။ဒီလိုသာ မဖြစ်ရင် ဒီခေါင်းတလားက တန်ဖိုးမဖြတ်နိုင်လောက်အောင် အသုံးဝင်နေမှာ…”
ထို့နောက် ဝမ်လင်းသည် ၎င်းခေါင်းတလားကို သိမ်းဆည်းကာ သက်ပြင်းချ၍ ထွက်ခွာသွားတော့သည်။
သူက ခေါင်းတလားကို တွေ့မြင်သည့်အခါ၌ လီမူဝမ်အကြောင်းကို တွေးမိနေပေသည်။
“တန်လင်းဂြိုဟ်…၊ ခုလက်ရှိ ငါ့ကျင့်ကြံမှုနဲ့ဆိုရင် ငါက အဲ့ဂြိုဟ်ဆီ သွားနိုင်စွမ်း ရှိနေပြီ…”
ဝမ်လင်း၏ မျက်လုံးက တောက်ပလာ၏။ရှေ့ဖြစ်ဟောသူ၏ ရန်မှ ရှောင်နိုင်ဖို့အပြင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ သူ ရောက်လာခြင်းသည် လီမူဝမ်ကို ပြန်အသက်ရှင်နိုင်စေမည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ရန် တန်လင်းဂြိုဟ်ပေါ်ရှိ ရှောင်မိသားစုကို တွေ့ရှိရန်လည်း ဖြစ်သည် မဟုတ်လား။
မည်မျှ ခက်ခဲပါစေ၊အန္တရာယ်များပါစေ ဝမ်လင်းသည် လီမူဝမ်အတွက်ဆို ရင်ဆိုင်ရန် ရွေးချယ်ပေမည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ပိုင်း ထူးဆန်းနယ်မြေ၏ အတွင်းဘက်ပိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသည်မှာ အချိန်ကြာမြင့်လှပေပြီ။သည်နေရာက တားမြစ်ဇုံတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။သည်နေရာတစ်ခုလုံးသည် မီးခိုးရောင်မြူများနှင့် ပြည့်နှက်နေကာ မိမိရှေ့ ပေတစ်ရာ အကွာကိုပင် မြင်နိုင်ဖို့ မလွယ်ချေ။
သည်နေရာ၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်အမင်း တိတ်ဆိတ်နေသည်။ထူးဆန်းနယ်မြေသည် အဆုံးမဲ့မြူများနှင့်သာ လုံးဝ ဖုံးအုပ်ထားသည်။သည်နေ့တွင် ထိုမြူများကြားထဲကနေ တုန်ခါမှု အနည်းငယ် ဖြစ်သွား၏။၎င်းတုန်ခါမှုသည် အစပိုင်း၌ အားနည်းသော်လည်း သိပ်မကြာခင်တွင် ပြင်းထန်လာခဲ့သည်။
မွန်းစတားတစ်ကောင်သည် မြူအတွင်း၌ ရွှေ့လျားသွားလာနေသကဲ့သို့ မြူထုသည် တဝီဝီ လှည့်ပတ်နေသည်။
မြူများ ပျံ့ကား လှည့်လာနေသည့်အခါ လူတစ်ယောက်သည် ထိုမြူထဲ၌ ဝေလငါးနှင့်ဆင်တူသည့် မွန်းစတားတစ်ကောင်အသွင်ကို မြင်ရပေလိမ့်မည်။၎င်းသည် အနည်းဆုံး ကီလိုမီတာ ထောင်ချီ ရှည်လျားနိုင်ပေ၏။
၎င်း၏ခန္ဓာကိုယ် လှုပ်ရှားသွားသည့်အခါ၌ ၎င်းပတ်လည်ရှိ မီးခိုးရောင်မြူအားလုံးသည် တဝီဝီ လှည့်လည်နေတော့သည်။
၎င်း၏ ဦးခေါင်းထက်၌ မျက်လုံးမရှိဘဲ ကြီးမားသည့်ပါးစပ်တစ်ခုသာ ရှိလေသည်။၎င်း၏ ပါးစပ်ဟလိုက်သည့်အခိုက်တွင် မီးခိုးရောင်မြူမြောက်များစွာကို ထွေးထုတ်ပြီး ဖြစ်သည်။
၎င်းပါးစပ်ဟလိုက်သည့်အခါတွင် အစီအရင်တစ်ခုသည် တလက်လက် ဖြစ်သွားသည်။လူတစ်ယောက်သည် ထိုအစီအရင်ထဲကနေ လှမ်းလျှောက်ထွက်လာသည်။သူ့နောက်ကနေလည်း လူအများ လိုက်ပါ ထွက်ပေါ်လာသည်။
ပထမဆုံးလူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူက လူငယ်တစ်ယောက်နှင့် တူသော်လည်း သူ့ပတ်လည်၌ ရှေးဟောင်းအော်ရာတစ်ခု ရှိနေသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။သူ ပေါ်လာသည်နှင့် သူ့ရှေ့ရှိ မြူသည် ရှေ့သို့ ချက်ခြင်း တွန်းထုတ်ခြင်း ခံလိုက်ရ၏။သူ့နောက်ရှိ ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည်လည်း ကမ္ဘာသစ်တစ်ခုအပေါ် ကြောက်ရွှံ့မှုနှင့်အတူ ထွက်ပေါ်လာကြသည်။သူတို့သည်လည်း ဝမ်လင်းနှင့်အတူ နီးကပ်စွာ လိုက်ပါလာသည်။
ဝမ်လင်းသည် မြူထဲကနေ လှမ်းထွက်ကာ နောက်လှည့်လိုက်သည့်အခါ စောနက အံ့မခန်းကြီးမားသည် သားရဲကြီးကို တွေ့မြင်လိုက်ရသည်။
“ရှေးဟောင်းနတ်ဘုရားထူစီရဲ့ မှတ်ဉာဏ်ထဲက ငှက်မွှေးသားရဲက တကယ်ရှိနေခဲ့တာပဲ…”
ထိုသားရဲသည် ရှေးဟောင်းနတ်ဘုရားတွေ ရှိစဉ် အချိန်လောက်ကတည်းက ရှိနေခဲ့ပြီး ၎င်းရဲ့ မူလအစကို မသိရပေ။ထိုသားရဲသည် ရန်လိုတိုက်ခိုက်တက်သည့် ဗီဇမရှိပေ။၎င်းက အလွန်ယဉ်ပါး၏။သို့ရာတွင် ၎င်း၏ ခန္ဓာကိုယ်နှင့် ပတ်သတ်၍ အံ့ဖွယ်ထူးဆန်းသော အရာတစ်ခု ရှိနေပေသည်။ထိုအရာက ၎င်း၏ ခန္ဓာကိုယ်ထဲ၌ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေပေသည်။ထိုကမ္ဘာသည် ၎င်း၏ ခန္ဓာကိုယ်ထက်ပင် ကြီးမားနေသေး၏။
“ထူစီရဲ့ မှတ်ဉာဏ်ထဲက အရာက အခုထိ ရှိနေဦးမယ်လို့ ငါ မမျှော်လင့်မိခဲ့ဘူး…”
ဝမ်လင်းသည် ငှက်မွှေးသားရဲကို ကြည့်ကာ သက်ပြင်းချလိုက်၏။
ထိုသားရဲကလည်း ဝမ်လင်းနှင့်တစ်ခြားလူများကို သတိပြုမိပေသည်။၎င်းသည် ၎င်း၏ ပါးစပ်ကို ပြန်ပိတ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ပြီး ပျောက်ကွယ်သွားတော့သည်။မြူများ တဝီဝီလှည့်ပတ်နေခြင်းကလွဲလို့ ၎င်းသားရဲ၏ ပုံသဏ္ဌာန်ကို တွေ့မြင်ဖို့သည် မဖြစ်နိုင်ချေ။
ဝမ်လင်းသည် နှစ်ဝက်ကျော် ပျောက်ကွယ်သွားပြီးနောက် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် နောက်တစ်ဖန် ပြန်ပေါ်ထွက်လာခဲ့လေပြီ။
သူငှက်မွှေးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ရောက်နေသည့် နှစ်ဝက်ကျော်အချိန်အတွင်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်စေသည် ကိစ္စရပ်ကြီးနှစ်ခု ဖြစ်ပွားခဲ့ပေ၏။ထိုမိုးလောက်ကြီးမားသည့် ကိစ္စနှစ်ခုထဲကတစ်ခုသည် ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် မြှားဦးလှည့်လာပေတော့မည်။
***