Switch Mode

အပိုင်း(၈၆၉):

ကောင်းကင်ရှောင်ဖယ်ခြင်းခေါင်းတလား (၂)

ဝမ်လင်း၏မျက်လုံးများက အေးစက်နေသည်။ သူက ကောင်းကင်ဘုံဓားကို ဝင့်ကာ နောက်ထပ် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် ဆယ်ချက်ကျော်ကို ဖြစ်ပေါ်စေလိုက်ပြန်သည်။

ပေါက်ကွဲသံတစ်ခုနှင့်အတူ ကောင်းကင်ဘုံကလန့်လန့်ကာသည် တုန်ယင်ကာ အက်ကွဲသွားသည်။သည့်နောက် နောက်ထပ် ဓားချက်များ ဆင့်ကျလာသည့်အခါ ၎င်းအကာအရံ ကန့်လန့်ကာသည် ပျက်စီးသွားတော့၏။ ဝမ်လင်းသည် ကောင်းကင်ဘုံဓားကို ပစ်လွှတ်လိုက်ရင်း အော်ပြောလိုက်သည်။ “ရပ်တန့်ခြင်း…”

ကောင်းကင်ဘုံဓားက အလွန်မြန်လှ၏။၎င်းဓားက အလင်းတန်းအလား ထိုးထွက်သွားသည်။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအပေါ်သို့ ရောက်နှင့်နေသည့် အနက်ရောင်ဝတ်စုံနှင့်လူသည် မျက်မှောင်ကြုတ်သွားလေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံဓားကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်း၏ ရပ်တန့်ခြင်း မန္တာန်ကို အသုံးပြုလိုက်သော အသံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းက ပုံမှန်အတိုင်း ဆက်ရှိနေသည်။သို့သော် သူ့အရိုးများကတော့ ခဏတာ တုံ့ဆိုင်းသွား၏။ထိုအခိုက်အတန့်လေးမှာပင် ကောင်းကင်ဘုံဓားသည် လက်ခနဲ့ သူ့ညာလက်တစ်ခုလုံးကို ဖြတ်တောက်သွားသည်။

သူ့ညာလက်သည် သူ့ခန္ဓာကိုယ်ကနေ ဖြတ်တောက်ခြင်း ခံလိုက်ရသည့်အခါ၌ ထူးဆန်းစွာ အရိုးမှုန်များအဖြစ်သို့ ပြောင်းလဲကာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း၏ ချိန်သားကိုက် တိုက်ခိုက်မှုသည် အတော်လေး တိကျလှ၏။ကောင်းကင်ဘုံဓား နီးကပ်လာသည့်အခါ၌ သူက ရပ်တန့်ခြင်းမန္တာန်ကို ချိန်သားကိုက် အသုံးပြုလိုက်ခြင်းကြောင့်ပင်။၎င်းမန္တာန်က အနက်ရောင်ဝတ်စုံနှင့်လူကို အချိန်အတန်ကြာ ရပ်တန့်နိုင်စွမ်း မရှိပေ။

သို့ရာတွင် ခုချိန်၌မူ လုံးဝ ကွဲပြားသွားခဲ့ပြီ မဟုတ်လား။

အနက်ရောင်ဝတ်စုံနှင့်လူသည် မှင်သက်သွားကာ သူ့ ညာလက်ပြတ်နေရာကို ကြည့်နေမိသည်။သူ့မျက်လုံးထဲ၌လည် ဒေါသထွက်နေမှုက အထင်းသား ဖြစ်ပေါ်နေသည်။ယင်းဒေါသကနေ တစ်ဆင့် သူ့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။

“ငါက ဒီနေရာကို မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ကာကွယ်ပေးနေရင်း ငါ့အရိုးတည်ဆောက်ပုံကို ပြန်ကောင်းအောင် လုပ်နိုင်ခဲ့တယ်။မင်းက ငါ့ညာလက်ကို ဖျက်စီး ဝံ့တယ်လား…”

အနက်ရောင်ဝတ်စုံနှင့်လူ၏ ဟန်ပန်သည် ရူးသွပ်လာသလား ထင်မှတ်ရသည်။သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို လက်လွှတ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။

သူက ကျန်နေသေးသော ဘယ်လက်ဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ ဝမ်လင်းကို ခုတ်ပိုင်းချလိုက်၏။ဟင်းလင်းပြင်ထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့သည်။

ဝမ်လင်းက သူ့လက်ကို အထက်သို့ ပင့်မြှောက်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ “လေဆင့်ခေါ်ခြင်း…”

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့သည် မြန်ဆန်စွာ မြင့်တက်လာ၏။သို့သော် သူ့တွင် ထိုသို့ မူလစွမ်းအင်ထုတ်ယူသုံးစွဲနေရမှုအပေါ် စိတ်ပူပန်နေရန် အချိန်မရှိပေ။အနက်ရောင်လေပြင်းတစ်ခု သူ့လက်ထဲ၌ ပေါ်လာကာ ၎င်းသည် ပြင်းထန်စွာ ပျံ့နှံ့သွား၏။

အေးစက်စက်လေလှိုင်းများသည် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်သွားချေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်လာသည်။သည်တစ်ကြိမ်တုန်လှုပ်မှုသည် ဝမ်လင်း သူ့အရှင်၏ ရတနာကို အသုံးပြုသည်ကို မြင်တွေ့ခဲ့စဉ်က တုန်လှုပ်မှုထက် အဆများစွာ ပိုနေသည်။

“ကောင်းကင်ဘုံအင်ပါယာရဲ့ မန္တာန်…လေဆင့်ခေါ်ခြင်း…။မင်း…မင်းက ဘယ်လိုကောင်လဲ…” အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် ကြီးစွာ ပြောင်းလဲသွား၏။သူက လေဆင့်ခေါ်ခြင်းမန္တာန်၏ စွမ်းအားသည် မည်သို့ ရှိသည်ကို ကောင်းစွာ သိပေ၏။ထိုမန္တာန်သည် အတိတ်တုန်းကတည်းက သူ့အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့သည်။

အတိတ်တုန်းက သူသည် ကောင်းကင်ဘုံဥပဒေသကို ဖောက်ဖျက်ခဲ့မိကြောင်းကို ပြန်မှတ်မိလိုက်၏။သူ့အရှင်က သူ့အတွက် တောင်းပန်ခဲ့သော်လည်း ကောင်းကင်ဘုံအင်ပါယာပေဖန် သည် မန္တာန်တစ်ခုအသုံးပြု၍ ပြစ်ဒဏ်ပေးခဲ့ပေသည်။အင်ပါယာက သူအသုံးပြုသည့် မန္တာန်အောက်၌ ရှင်သန်နိုင်လျှင် ခွင့်လွှတ်ပေးမည်ဟု ပြောခဲ့ပေ၏။

အတိတ်တုန်းက ကောင်းကင်ဘုံအင်ပါယာပေဖန်က ယခု လေဆင့်ခေါ်ခြင်း မန္တာန်ကို သူ့အပေါ်၌ အသုံးပြုခဲ့ပေသည်။

ထိုစဉ်က လေဆင့်ခေါ်ခြင်းမန္တာန်၏ လက်ချက်ဖြင့် သူ့အရိုးများ ပျောက်ကွယ်သွားခဲ့ရကာ သူ့အရှင်သခင်ဖြစ်သူ အရှင်အပူအပင်မဲ့ကြောင့်သာ မဟုတ်ပါက သူ့ဦးခေါင်းပင် ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။

ထို့နောက် အရှင်အပူအပင်မဲ့က သူ့ကို သည်ခေါင်းတလားအား စောင့်ကြပ်ရန် စေလွှတ်ခဲ့ပေ၏။သည်အစီအရင်နှင့် မရေမတွက်နိုင်သောနှစ်များစွာ ကျင့်ကြံမှုကြောင့် နောက်ဆုံးတွင် သူက သူ့အရိုးစုကို ပြန်ဖွဲ့တည်လာနိုင်ခဲ့ခြင်းပင်။

ယခုအခိုက်အတန့်၌ သူက သည်လေဆင့်ခေါ်ခြင်း မန္တာန်ကို နောက်တစ်ဖန် မြင်တွေ့ရချိန်၌ သူ့အသိစိတ်လွတ်မတက် ကြောက်ရွှံ့သွားခဲ့ရ၏။သူက နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ်ကာ ချက်ခြင်းလိုလို ပါးစပ်ထဲက အရာဝတ္တုတစ်ခုကို ထွေးထုတ်လိုက်၏။ထိုအရာက အပြာရောင်အူတိုင်တစ်ခု ဖြစ်နေ၏။၎င်းအူတိုင်ပေါ်လာသည်နှင့် ၎င်းက အရာအားလုံးကို အပြာရောင်ဖြစ်သွားစေတာ့သည်။

အနက်ရောင်ဝတ်စုံနှင့်လူက ထပ်မံ အော်ပြောလိုက်သည်။ “မင်းနဲ့ ကောင်းကင်ဘုံအင်ပါယာ ပေဖန်ကြားမှာ ဘယ်လို ပတ်သတ်နေလဲ…”

သူ့ရှေ့ရှိ အပြာရောင်အူတိုင်က နူးညံ့စွာ တောက်ပနေကာ အနက်ရောင်ကြောင့် ဒဏ်ရာမရအောင် ကာကွယ်ပေးထားသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတို့နှင့် ပြည့်နေသည်။သူက စကားမဆိုဘဲ ရှေ့သို့ တစ်လှမ်းတိုးလာသည်။အနက်ရောင်လေပြင်းက မြည်ဟီးလာပြန်၏။ခုချိန်၌ ဝမ်လင်းသည် အနက်ရောင်လေပြင်းနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။အနက်ရောင်လေပြင်းသည် ဝမ်လင်းလက်နှင့်အတူ ရွှေ့လျားနေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ဖြူရောသွား၏။သူက နောက်သို့ ထပ်မံ ဆုတ်သည်။သူ့ပတ်လည်ရှိ အပြာရောင်အလင်းသည် မှိန်ဖျော့နေ၏။သို့သော် သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူသည် မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်သည်။

အပြာရောင်အူတိုင်သည် စတင်လှည့်ပတ်လာကာ အပြာရောင်အလင်းများကို ထုတ်လွှတ်လာသည်။၎င်းက ဝဲကတော့တစ်ခုကဲ့သို့ တိုးဝင်လာသော အနက်ရောင်လေပြင်းကို စုပ်ယူနေ၏။

“ဒီလူရဲ့ လေဆင့်ခေါ်ခြင်း စွမ်းအားက သိပ်အားမကောင်းဘူး။ ဒါပေမဲ့ ငါက ဒါကို ငါ့နဲ့ နည်းနည်းတောင် ထိခွင့်ပြုလို့မရဘူး။မဟုတ်ရင် ငါ့ခန္ဓာကိုယ်ထဲမှာ ကြွင်းကျန်နေသေးတဲ့ လေဆင့်ခေါ်ခြင်းစွမ်းအားတွေက အသက်ဝင်သွားလိမ့်မယ်…”

လေဆင့်ခေါ်ခြင်းသည် အလွန်ကြမ်းကြုတ်ပေ၏။၎င်းက ခန္ဓာကိုယ်ထဲသို့ တစ်ကြိမ် ဝင်ရောက်သွားပြီးသည်နှင့် ပြန်ပယ်ဖျက်ရန် မဖြစ်နိုင်သလောက်ပင်။သူသာ နောက်တစ်ဖန် လေဆင့်ခေါ်ခြင်းစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်ပါက အတိတ်တုန်းက သူ့ဒဏ်ရာများသည် ပြန်ပေါက်ကွဲထွက်လာပေလိမ့်မည်။

“သေစမ်း…ဒီလူက ဘယ်လိုလုပ် လေဆင့်ခေါ်ခြင်းစွမ်းအားကို သိနေရတာလဲ။ငါ့ကံကြမ္မာက ငါ့ဆရာ ငါ့ကို ပေးထားခဲ့တဲ့ ရတနာအပေါ် မူတည်နေပြီ…” အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်က အလွန်သုန်မှုန်နေသည်။အပြာရောင်အူတိုင်က ၎င်းလေကို ခုခံထားချိန်၌ သူသည် မြန်ဆန်စွာ နောက်ဆုတ်နေရ၏။

ဝမ်လင်းက အနက်ရောင်ဝတ်စုံနှင့်လူကို စူးစိုက်ကြည့်နေသည်။သူက ချက်ခြင်းဆိုသလို နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ထုတ်ယူလိုက်၏။ထိုအခါ ရောင်စုံငါးခုသည် ချက်ခြင်း ပေါ်ထွက်လာပြီး ငါးရောင်စုံလိပ်ပြာတစ်ကောင် ပေါ်လာတော့သည်။

ထိုလိပ်ပြာပေါ်လာသည်နှင့် ၎င်းကတောင်ပံ ဖြည်းဖြည်းချင်း ခတ်လိုက်သည်။ငါးရောင်စုံအမှုန့်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားလေ၏။ထိုမြင်ကွင်းသည် အလွန်လှပပေသည်။

လိပ်ပြာပေါ်လာသည်နှင့် ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် သူက နောက်သို့ ဆုတ်နေသော အနက်ရောင်ဝတ်စုံနှင့်လူထံသို့ လက်ညွှန်လိုက်တော့၏။

လိုပ်ပြာသည် ချက်ခြင်း ရှေ့သို့ ပျံသန်းသွားကာ ၎င်း၏ တောင်ပံကို ခတ်သည်။

ချက်ခြင်းပင် နောက်သို့ ဆုတ်နေသော အနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုနှင့် ပြည့်လာသည်။သူ့ကျန်နေသေးသော ဘယ်လက်သည်လည်း မီးခိုးရောင်ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပြီးနောက် မီးခိုးရောင်လိပ်ပြာတစ်ကောင်အသွင် ဖြစ်ပေါ်လာတော့၏။

ထိုလိပ်ပြာက ပေါ်လာသည်နှင့် တောင်ပံခတ်ပြန်သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည် အလွန်ဖြူရောနေကာ သူက နောက်သို့ အမြန်ဆုတ်နေသည်။လိပ်ပြာ နောက်တစ်ကြိမ် တောင်ပံခတ်ဟန် ပြင်သည်ကို ကြည့်ကာ သူက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပေါက်ကွဲစေလိုက်၏။ထိုပေါက်ကွဲအားသည် သူ့ကို ပိုဝေးသောနေရာသို့ တွန်းထုတ်ပေးသလို ဖြစ်စေကာ အစီအရင်ဗဟိုချက်ရှိ ခေါင်းတလား အပေါ်သို့ ရောက်ရှိသွားတော့သည်။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် အစီအရင်ထဲသို့ ဝင်ရောက်လာသည့်အခါတွင် သွေးရောင်အစီအရင်ထံမှ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာသည်။ထိုအရာက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပုံရိပ်ယောင်အခြေအနေသို့ ချက်ခြင်းပြန်ဖြစ်ပေါ်စေသည်။

ထိုအခိုက်အတန့်၌ လိပ်ပြာ၏တောင်ပံများသည် နောက်တစ်ဖန် ခတ်လိုက်ရာ ဖြစ်ပေါ်ခါစ အနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ပြန်ပျက်စီးသွားရသည်။သို့ရာတွင် နောက်ထပ်အနက်ရောင်အခိုးငွေ့များ ထပ်မံ ပေါ်လာပြန်သည်။ထိုအဖြစ်က သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ဖြစ်ပေါ်စေပြန်သည်။

အစီအရင်ထံမှ ထွက်ပေါ်လာသည့် အနက်ရောင်အခိုးငွေ့က ခေါင်းတလားထဲသို့ ဝင်ရောက်ခြင်း မရှိတော့ဘဲ သူ့ခန္ဓာကိုယ်အောက်ပိုင်းထံသို့သာ ဝင်ရောက်တော့သည်။ အချိန်အတော်ကြာ သိပ်သည်းစေပြီးနောက် သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် အသွေးအသားအဖြစ် ပြန်ဖွဲ့တည်လာခဲ့သည်။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့သို့ တိုးလာရင်း သူ့လက်ကို ပင့်မြှောက်ကာ လေဆင့်ခေါ်ခြင်းကို နောက်တစ်ကြိမ် အသုံးပြုသည်။သူ့မူလစွမ်းအင်သည် နှစ်ကြိမ်ဆက်တိုက် ထိုလေဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုရသည့််အတွက် တော်တော်လေး ကင်းမဲ့လာရသည်။သူ့မျက်နှာက အနည်းငယ် ဖြူရောလာသော်လည်း သူက သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နေဆဲသာ။

သူက သည်လူကို မသတ်နိုင်ပါက သည်နေရာကနေ ထွက်သွားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

အနက်ရောင်လေပြင်းသည် အစီအရင်ရှိရာသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားရင်း သူက လေပြင်းကို ရှောင်ရန် ပြင်သည်။သည်အခိုက်အတန့်၌ လိပ်ပြာသည် တောင်ပံခတ်လိုက်ပြန်၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားရပြန်သည်။သူ့အနက်ရောင်ဝတ်စုံပင် လွင့်ပါးသွားရသည်။

သူ့ခန္ဓာကိုယ်၏ ကျန်နေသေးသော အစိတ်အပိုင်းဟူ၍ လေထဲ၌ ရှိနေသော ဦးခေါင်းသာ ရှိတော့၏။သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက အကန့်အသတ်သို့ ရောက်လာခဲ့သည်။

“ဥပဒေသ ချိုးဖျက်ခြင်း…။ဒီရတနာက ဥပဒေသကို ချိုးဖျက်နိုင်တယ်…” အနက်ရောင်ဝတ်စုံနှင့်လူသည် အသိစိတ်လွတ်သလို ဖြစ်သွားရသည်။သူက နောက်သို့သာ တုံ့ဆိုင်းခြင်းမရှိ ဆုတ်၏။သို့ရာတွင် ထိုအခိုက်အတန့်၌ အနက်ရောင်လေသည် သူ့ကို ဝါးမြိုပစ်ရန် ရောက်ရှိလာတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်လာသည်။သူက သူ့ကျင့်ကြံမှုအဆင့် အထွတ်အထိပ်သို့ ပြန်ရောက်နေပါက ရန်သူ၏ ရတနာသည် ဥပဒေသကို ချိုးဖျက်နိုင်လျှင်ပင် ခုခံနိုင်မည်ဟု ယုံကြည်ချက် ရှိသေး၏။

“ငါက အင်ပါယာပေဖန်ရဲ့ လေဆင့်ခေါ်ခြင်း ကြောင့် ဒဏ်ရာ မရခဲ့ဘူးဆိုရင် ဒီလိုမျိုး မပြည့်မစုံ လေဆင့်ခေါ်ခြင်းစွမ်းအားကို ကြောက်လန့်နေစရာ လိုမှာ မဟုတ်ဘူး။ငါ အခုလိုမျိုး အဆုံးမသပ်ချင်ဘူး…”

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ အမုန်းတရားတို့ ပြည့်နေ၏။အနက်ရောင်လေပြင်း သူ့ကို ဝါးမြိုသွားသည့်အခိုက်၌ သူက လေအပြည့် မှုတ်ထုတ်သည်။

ထိုအရာက သူ့မူလစွမ်းအင်အဆီအနှစ် ဖြစ်တော့၏။သူက ၎င်းအဆီအနှစ်ကို တုံ့ဆိုင်းခြင်းမရှိ မှုတ်ထုတ်ကာ အနက်ရောင်လေပြင်းနှင့် ထိတိုက်စေသည်။သူက ထိုအခိုက်အတန့်ကို အသုံးပြုကာ သူ့ဦးခေါင်းကို နောက်သို့ အမြန်ဆုတ်စေသည်။

သူ့မျက်လုံးထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပေါ်လာ၏။သူက အံတင်းတင်း ကြိတ်သည်။သူက ခေါင်းတလား ဘေးနားသို့ ဆုတ်လာရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အရှင်…ဒါက ငါ့ကတိကို မထိန်းသိမ်းချင်တာ မဟုတ်ပါဘူး။ငါသာ ဒီခေါင်းတလားကို မဖွင့်ဘူးဆိုရင် ဒီတပည့်က သံသယမရှိ သေရတော့မယ်…”

သူက ထိုသို့စကားပြောရင်း သူ့ဦးခေါင်းဖြင့် ခေါင်းတလားထိကာ ဖွင့်ဟလိုက်၏။ ခေါင်းတလားပွင့်သွားသည့် အခိုက်အတန့်၌ အတွင်းရှိလူငယ်၏ အသွေးအသားသည် စတင် ပျောက်ကွယ်လာတော့၏။၎င်းက ပြင်ပလောကနှင့် ထိမိသည်နှင့် ပျက်စီးရမည်ကဲ့သို့ ဖြစ်နေသည်။ခဏတာအကြာတွင် ၎င်းလူငယ်သည် လုံးဝ ပျောက်ကွယ်သွားကာ ခေါင်းတလားထဲ၌ မည်သည့်အရာမှ ကျန်ရစ်မနေတော့ချေ။

“လောင်တောက်ဇီ…မင်းက ကောင်းကင်ဘုံဥပဒေကို ချိုးဖျက်ပြီး ကောင်းကင်ဘုံအင်ပါယာရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဒီအရှင်သခင်ကတောင် မင်းကို မကယ်တင်နိုင်ခဲ့ဘူး။ ငါက မင်းကို ဦးခေါင်းတစ်ခုတည်းသာ ကျန်အောင် ကယ်တင်ပေးနိုင်ခဲ့တယ်။ပြီးတော့ ဒီခေါင်းတလားကို စောင့်ကြပ်ပေးဖို့ မင်းရဲ့ မူလစိတ်ဝိညာဉ်ကို စေခိုင်းခဲ့တယ်။

“ဒီခေါင်းတလားက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ရတနာတစ်ခုပဲ။မင်းအရှင်က ဒီခေါင်းတလားကို ရဖို့အတွက် အန္တရာယ်များစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဒီခေါင်းတလားကို ကောင်းကင်ရှောင်ဖယ်ခြင်းခေါင်းတလားလို့ ခေါ်တယ်…”

“မင်းရဲ့ အရှင်ဖြစ်တဲ့ ငါဟာ ကောင်းကင်ဘုံသား တစ်ယောက် မဖြစ်ခင်တုန်းက ငါ့မှာ သားတစ်ယောက် ရှိခဲ့တာကို သိတယ် မဟုတ်လား။ငါဟာ ငါ့သားအပေါ်မှာ တာဝန်မကျေခဲ့ဘဲ အကြွေးတင်ခဲ့ရတယ်။ငါက သူ့အတွက် သူ့ရဲ့စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကိုပဲ ယူဆောင်နိုင်ခဲ့တယ်။ငါ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာကတည်းက ငါ့ကျင့်ကြံမှုအချိန်တွေကို စွန့်လွှတ်ပြီး ဒီခေါင်းတလားကို လိုက်ရှာခဲ့တယ်။ငါက သူ့စိတ်ဝိညာဉ်အပိုင်းအစကို ဒီခေါင်းတလားထဲမှာ ထည့်သွင်းခဲ့ပြီး တစ်နေ့မှာ သူဟာ သူ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းနိုင်ပြီး နိုးထလာနိုင်လိမ့်မယ်…”

“သူ နိုးထလာတဲ့အခါကျရင် မင်းက သူ့ကို မင်းရဲ့ အရှင်သခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီး ဘယ်တော့မှ သစ္စာမဖောက်ရဘူး။တစ်ချိန်တည်းမှာလည်း မင်းက ဒီခေါင်းတလားရဲ့ စွမ်းအားကို ငှားရမ်းပြီး မင်းရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုအဆင့် ပြန်ရအောင် လုပ်နိုင်လိမ့်မယ်…”

အနက်ရောင်ဝတ်စုံနှင့်လူသည် ခေါင်းတလားထဲသို့ ရောက်သွားသည့်အခါ သူ့ ဦးခေါင်းထဲ၌ အတိတ်တုန်းက သူ့အရှင်သခင်ဖြစ်သူ၏ အသံသည် ပဲ့တင်ထပ်နေတော့သည်။

“သခင်…ငါ့ကို အပြစ်မတင်ပါနဲ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset