အနက်ရောင်ဝတ်စုံနှင့်လူသည် ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူ့ နှုတ်ခမ်းက ခပ်ယောင်ယောင် လှုပ်ရှားသွားသည်။သည့်နောက် သူ့မျက်ခုံးနှစ်ခုကြားကနေ အလင်းတန်းတစ်ခုသည် ထိုးထွက်သွားသည်။
ထိုအနက်ရောင်အလင်းတန် ပေါ်ထွက်လာသည်နှင့် ၎င်းက အနက်ရောင်ဓားတိုအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းထံသို့ တဝီဝီ တိုးဝင်လာတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်း လှုပ်နေခြင်းက ရပ်တန့်သွားခြင်း မရှိဘဲ သူက ခပ်တိုးတိုး ဆက်၍ ရွတ်ဆိုနေ၏။အနက်ရောင်အလင်းတန်းများသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်သွားနေရင်း ဓားတိုများအဖြစ်သို့ ပြောင်းလဲနေသည်။ ချက်ခြင်းလိုလိုပင် ဓားတိုဆယ်လက်ကျော်သည် ဝမ်လင်းထံသို့ ပျံသန်းသွားကြသည်။
ဝမ်လင်းသည် လှုပ်ရှားခြင်း မပြုပေ။အနက်ရောင်ဝတ်စုံနှင့်လူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်၏။ ထိုသူသည် ကျိန်းသေပေါက် ပုံရိပ်ယောင်ယင် သို့မဟုတ် အထည်ဒြပ်ယန် အဆင့်တွင် ရှိနေသော တစ်စုံတစ်ယောက် ဟုတ်မနေပေ။
သို့ရာတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဦးခေါင်းကလွဲ၍ တစ်ကိုယ်လုံး အရိုးများ ဖြစ်နေ၏။ဆိုလိုသည်က သူက မည်မျှစွမ်းအားကောင်းသည် ဖြစ်စေ သူက သူ့စွမ်းအားအပြည့်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ဝမ်လင်းအသွင်က တည်ငြိမ်နေ၏။ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း တစ်ယောက်ထက် ပို၍ သူ့ကျင့်ကြံမှုအဆင့်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်မှာပင် ဓားတိုများသည် ပျံသန်းလာကြရာ ထာရှန်သည် ရှေ့သို့ လှမ်းတက်လာသည်။အစောပိုင်းက သူရရှိခဲ့သော ဒဏ်ရာများသည် များလှသည်ဟု မဆိုသာပေ။ထာရှန်က ရှေ့သို့ တိုးရင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေ၏။
ထိုလက်သီးချက်သည် ဝဲကတော့တစ်ခုကို ဖြစ်သွားစေသည်။ထိုဓားတိုများသည် ဝဲကတော့၏ ဆွဲငင်ခြင်းကို ခံလိုက်ရ၏။ သို့သော် ၎င်းတို့သည် ထိုးထွက်လာကြသည်သာ။ ဓားတိုများသည် မြွေများကဲ့သို့ ရွေ့လျားကာ ထာရှန်၏ ခန္ဓာကိုယ်အပေါ်သို့ ထိုးစိုက်ကြကုန်၏။
ပေါက်ကွဲမှုများသည် ဟင်းလင်းပြင်ထဲ၌ ပဲ့တင့်ထပ်ကုန်ကာ ထာရှန်သည် သူ့လက်သီးနှစ်လုံးကို အေးစက်စက် ဝှေ့ယမ်း၏။သူ့လက်သီးချက် တစ်ချက် ထုတ်ဖော်လိုက်တိုင်း ဓားတိုများသည် နောက်သို့ ပြန်ကန်ထွက်ကုန်ကြသည်။ဓားတိုများသည် လက်သီးချက်များကို ရှောင်နိုင်လျှင်ပင် ၎င်းတို့သည် ထာရှန်၏ခန္ဓာကိုယ်ကို မည်သို့မျှ ထိခိုက်မှု မပေးနိုင်ကြတော့ချေ။
ဝမ်လင်းသည် ရှေ့သို့ တက်လာ၏။သူ့ညာလက်ဖြင့် ခြောက်သွေ့တာအိုတစ်စုံထံသို့ ညွှန်သည်။ခြောက်သွေ့တာအိုတစ်စုံသည် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ ဦးတည်ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် သည်ကမ္ဘာသည် သိပ်သည်းသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နှက်လာတော့သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်ထွက်လာသည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ အပေါ်တွင် မီးခိုးရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့်လူထံမှ စိတ်ရှုပ်ထွေးဟန်အကြည့်တစ်ခု ဖြစ်ပေါ်လာကာ သူက သက်ပြင်းချလိုက်၏။သူက သူ့ဟာသူ ခပ်တိုးတိုး ရွတ်လိုက်၏။
“ငါ အရှင့်ရဲ့ ရတနာကို မတွေ့ရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ…”
သူသည် အနက်ရောင်ဝတ်စုံအောက်မှ သူ့အရိုးစုလက်ကို ပင့်မြှောက်လိုက်၏။အဖြူရောင်အရိုးများသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်နေစေသည်။မီးခိုးရောင်အလင်းသည် ရပ်တန့်သွားရုံသာ မက ၎င်းက လျင်မြန်စွာ နောက်ဆုတ်၍ ပျောက်ကွယ်လို့သွားလေ၏။မီးခိုးရောင်အလင်း ပျောက်ကွယ်သွားသည့်အခိုက်၌ အနက်ရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်းသည် လှုပ်ရှားလာပြန်၏။ထိုအခါ သူ့မျက်ခုံးနှစ်ခုကြားကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်သားမွှေးယပ်တောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ထိုယပ်တောင်က ပေါ်လာသည်နှင့် စတင် ရွှေ့လျားလာသည်။
လေပြင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။ထိုလေပြင်းထဲ၌ မိုးကြိုးတုန်ဟီးသံပင် ပါဝင်နေသည်။ချက်ခြင်းပင် မိုးကြိုးမုန်တိုင်းတစ်ခုသည် ဝမ်လင်းထံသို့ ဦးတည်သွားတော့၏။
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် အထက်သို့ မြင့်တက်သွားရင်း အနက်ရောင်ဝတ်စုံနှင့်လူအပေါ်သို့ အံ့အားသင့်ဖွယ် ချိပ်ပိတ်မှုနှင့်အတူ ကြမ်းတမ်းစွာ ကျရောက်လို့သွားသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ဆုတ်သည်။မိုးကြိုးမုန်တိုင်း နီးကပ်လာသည့်အခါ၌ သူ့ရှေးဟောင်းမိုးကြိုးနဂါးစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာကာ ၎င်းမိုးကြိုးမုန်တိုင်းကို ဝါးမြိုပစ်တော့သည်။
မိုးကြိုးတုန်ဟီးသံများသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပဲ့တင်မြည်နေကာ သူ့ကို နောက်ဆုတ်သွားစေသည်။သူ့မူလစိတ်ဝိညာဉ် မိုးကြိုးမုန်တိုင်းတစ်ခုလုံးကို ဝါးမြိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။မိုးကြိုးအမြောက်အများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းသည့်အခါ၌ ဝမ်လင်းမျက်နှာပင် အနည်းငယ် နီမြန်းသွားသည်။
သည်အခိုက်အတန့်၌ အနက်ရောင်လူ၏ အသွင်သည် အလေးအနက် ဖြစ်လာခဲ့သည်။သူ့အထက်၌ ကောင်းကင်ဘုံချိပ်ပိတ်တံဆိပ်တုံးသည် ကောင်းကင်ဘုံခွန်အားကဲ့သို့ ကျဆင်းလာနေသည်။သူ့အနက်ရောင်ဝတ်စုံအောက်ကနေလည်း တစီစီအသံများ ထွက်ပေါ်လာ၏။သူ့အရိုးစုလက်နှစ်ဘက်သည် မြောက်တက်လာကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ဟစ်ကြွေးလိုက်သည်။ “ကောင်းကင်ဘုံမြင့်တက်ခြင်း…”
အနက်ရောင်ဝတ်စုံနှင့်လူ လက်မြှောက်လိုက်သည့်အခိုက်၌ အံ့ဖွယ်အားတစ်ခုသည် ပေငါးထောင်အတွင်း၌ ရုတ်တရက် စတင် စုဝေးလာတော့သည်။ထိုအံ့ဖွယ်စွမ်းအားသည် မမြင်ရသော အခိုးငွေ့တန်းများကဲ့သို့ ဖြစ်နေကာ သူ့လက်ပေါ်၌ စုဝေးသည်။သူ့လက်ကနေ စုပ်အားတစ်ခုကဲ့သို့ ဖြစ်နေ၏။ထိုထူးဆန်းသောအားတစ်ခုသည် သူ့လက်နှစ်ဖက် အထက်၌ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ကြမ်းကြုတ်ရက်စက်သော အသွင်သည် ပို၍ ပြင်းထန်လာသည်။သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်လေတော့၏။
ကျယ်လောသောပေါက်ကွဲသံသည် ဟင်းလင်းပြင်ထဲ၌ ပျံ့နှံ့သွားသည်။ထိုအသံသည် အစီအရင်ရှိရာသို့ ဝင်ရောက်လာနေသော ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များကိုပါ တန့်သွားစေသည်။သူတို့၏ခန္ဓာကိုယ်များပင် တုန်ယင်သွားကာ အသံတုန်ခါလှိုင်းကြောင့် နောက်သို့ ဆုတ်သွားရသည်။အားနည်းသော ကျင့်ကြံသူများဆိုလျှင် ခန္ဓာကိုယ်ဒွာရပေါက်များကနေ သွေးများပင် ယိုစီးထွက်ကုန်ကြ၏။
ကောင်းကင်ဘုံချိပ်ပိတ်တံဆိပ်တုံးပင် တုန်ခါသွားကာ ခဏတာ တန့်သွားရသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူရောသွား၏။ဝမ်လင်းသည် ချက်ခြင်း ရှေ့သို့ ထိုးတက်လာကာ သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူပြီး ချက်ခြင်း ခုတ်ပိုင်းချသည်။
“ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း…”
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သိပ်မကြာခင်တွင် အနက်ရောင်အလင်းက စတင် စုဝေးလာ၏။ ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ဓားချက် နီးကပ်လာသည့်အခါ၌ သူ့မျက်လုံးထဲကနေ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ၎င်းဓားပေါ်သို့ ကျရောက်သွားသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်၏ စွမ်းအားသည် ပေါက်ကွဲသံတစ်ခုနှင့်အတူ လွင့်ပြယ်သွားတော့၏။
“ဒီကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် ငါ့ကို ရွှေ့သွားအောင် လုပ်ဖို့ မလုံလောက်သေးဘူး။ဒီရတနာတွေကို မင်း ရခဲ့တယ်ဆိုရင်တောင် မင်းက ငါ့ အရှင်ရဲ့ရတနာတွေကို ပိုင်ဆိုင်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး…”
အနက်ရောင်ဝတ်စုံနှင့်လူ၏ ရှတတအသံသည် အေးစက်နေသည်။
ဝမ်လင်းသည် ထိုလူကို စူးစိုက်ကြည့်နေရင်း တည်ငြိမ်စွာ ရှိနေ၏။သူက လေထဲသို့ လက်ညွှန်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ချိပ်ပိတ်ခြင်း…ဖြေလျော့…”
ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ မြည်ဟီးသံများ ထွက်ပေါ်လာ၏။ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် ထိုးထွက်လို့လာသည်။နောက်ထပ် ရွှေရောင်အလင်းတန်းများသည်လည်း ဆက်တိုက် ထွက်ပေါ်လာ၏။ ချက်ခြင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများစွာ ပေါ်ထွက်လာတော့သည်။မူလတုန်းက မှိန်ဖျော့သွားသည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးသည် နေတစ်စင်းကဲ့သို့ တောက်ပနေတော့သည်။
ပြင်းထန်သောဖိအားတစ်ခုသည် ရူးသွပ်ဖွယ် ပျံ့နှံ့လာသည်။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးပေါ်ရှိ ရွှေရောင်စာလုံးများသည်လည်း တလက်လက် တဖျပ်ဖျပ် ဖြစ်နေတော့၏။
ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ပြောလိုက်၏။ “သက်ဆင်းစမ်း…”
ချက်ခြင်းဆိုသလိုပင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် တစ်ဖန် ဆင်းသက်လာချေ၏။သည်တစ်ကြိမ်၌ ၎င်း ဆင်းသက်မှုကို မည်သို့သောစွမ်းအားက တားဆီးပိတ်ပင်သည် ဖြစ်စေ ရပ်တန့်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ ပြောလိုက်၏။ “နဂါးဆယ်ကောင်…ကောင်းကင်မြင့်တက်ခြင်း…” သူက ထိုသို့ အော်ဟစ်လိုက်သည်နှင့် နဂါးဆယ်ကောင်သည် ထိုးထွက်လာတော့သည်။ထိုအနက်ရောင်နဂါးများ၏ အမြှီးပိုင်းသည် သူ့ဦးခေါင်းနှင့် ချိတ်ဆက်နေသည်။နဂါးဆယ်ကောင်သည် မာန်သွင်းကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံသို့ တိုးဝင်သွားတော့သည်။
ဘန်း…ဘန်း…ဘန်း..
ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။နဂါးဆယ်ကောင်သည် အရူးအမူး ထိုးထွက်ကုန်ကြသော်လည်း ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို တစ်စက်ကလေးပင် ဟန့်တားရပ်တန့်နိုင်စွမ်းမရှိဘဲ ဖြစ်နေ၏။
အနက်ရောင်နဂါးဆယ်ကောင်သည် ကြီးစွာ တုန်လှုပ်၍ နောက်သို့ လွင့်စင်ထွက်သွားရသည်။တံဆိပ်တုံးက အောက်သို့ ဆက်လက် ကျဆင်းလာနေ၏။
တံဆိပ်တုံးသူနှင့် ပေတစ်ရာလောက် အလိုသို့ ရောက်လာသည့်အခါ အနက်ရောင်ဝတ်စုံနှင့်လူသည် သုန်မှုန်စွာ မတ်တပ်ထရပ်လာသည်။သည်အရာက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း သူ့အတွက် ပထမဆုံးအကြိမ် မတ်တပ်ရပ်ခြင်း ဖြစ်လေ၏။
အနက်ရောင်ဝတ်စုံသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။ဝတ်စုံကြားမှ ထိုလူ၏ အေးစက်စက်အကြည့်တစ်ခုသာ ထွက်ပေါ်နေသည်။
သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ သူ့ ခန္ဓာကိုယ်သည် လှုပ်ရှားသွားသည်။သူက အောက်သို့ ကျဆင်းလာသည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံကနေ ထွက်ခွာရန် ပြင်လိုက်၏။
ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ပေါ်လာ၏။အနက်ရောင်ဝတ်စုံနှင့်လူ ထွက်ခွာတော့မည့် အခိုက်၌ သူက အေးစက်စွာ ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း…”
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ ရွှေရောင်အလင်းသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။လောကသည် တစ်ဖန်ပြန်လည် မှောင်မိုက်သွား၏။သို့သော် ထိုအရာက အခိုက်အတန့်မျှသာ။သည့်နောက် တံဆိပ်တုံးသည် ပို၍ပင် လင်းထိန်လာ၏။
ရွှေရောင်စာလုံးများ တစ်ခုပြီးတစ်ခုသည် တံဆိပ်တုံးပေါ်၌ ပေါ်လာ၏။စာလုံးများက လျင်မြန်စွာ ပျံ့နှံ့လာရင်း သိပ်မကြာခင်တွင် ပေတစ်သောင်း ဧရိယာသည် ၎င်းရွှေရောင်စာလုံးများ၏ ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် အလွန်သုန်မှုန်နေသည်။သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ ထွက်ခွာရန် ပြင်သည်။သို့သော် ထိုအခိုက်၌ ရွှေရောင်စာလုံးအားလုံးသည် သူ့ထံသို့ စုဝေးလာချေတော့သည်။
ချက်ခြင်းလိုလိုပင် ရွှေရောင်စာလုံးများသည် ထိုလူ့ကို ဝန်းရံသွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ အကြောက်တရားတစ်ခု ဖြစ်ပေါ်သွားသည်။သူက ရုတ်တရက် ခေါင်းဆတ်ခနဲ လှုပ်ကာ တံဆိပ်တုံးကို စူးစိုက်ကြည့်၏။ သူ့ပတ်လည်၌ စာလုံးများက သိပ်သည်းလာသည့်အခါ သူ့ထံ၌ ပြတ်သားသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။နဂါးဆယ်ကောင်သည် သူ့မျက်ခုံးနှစ်ခုကြားကနေ ကြမ်းတမ်းစွာ ဟိန်း၍ ထွက်ပေါ်လာသည်။
အဖျက်အစီးအော်ရာတစ်ခုသည် ပျံ့နှံ့လာရင်း အနက်ရောင်ဝတ်စုံနှင့်လူက အော်ပြောလိုက်၏။ “နဂါးဆယ်ကောင်…ဟင်းလင်းပြင်ပိုင်းခွဲခြင်း…”
ထိုအနက်ရောင်နဂါးဆယ်ကောင်ထဲမှ တစ်ကောင်သည် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ အဖျက်အစီးစွမ်းအားတစ်ခုကြောင့် စုတ်ဖြဲခြင်း ခံလိုက်ရသည်။၎င်းအဖြစ်က ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ပေါက်ကွဲထွက်သွားသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ထိုအနက်ရောင်နဂါး၏ ကိုယ့်ကိုကိုယ် ဖျက်စီးခြင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ ပတ်လည်ရှိ ရွှေရောင်စာလုံးများကို နောက်ကန်ထွက်သွားစေသည်။ သိပ်မကြာခင်တွင် နောက်ထပ်နဂါးတစ်ကောင် ပေါက်ကွဲသွားပြန်သည်။
တစ်ချိန်တည်းလိုလိုမှာပင် ကျန်သည့်နဂါးရှစ်ကောင်သည်လည်း ပေါက်ကွဲသွားသည်။ နဂါးဆယ်ကောင်၏ကိုယ့်ကိုကိုယ် ပေါက်ကွဲစေမှုသည် အံ့မခန်းပင်။ ရွှေရောင်စာလုံးအားလုံးသည် အဝေးသို့ လွင့်စင်သွား၏။ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးပင် လွင့်စင်သွားရသည်။
ဝမ်လင်းက မြန်ဆန်စွာ နောက်ဆုတ်၏။ထာရှန်ကလည်း ဓားတိုများနှင့် ဆက်လက် မတိုက်ခိုက်တော့ဘဲ ဝမ်လင်းရှေ့သို့ ရောက်လာသည်။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့ပေနှစ်ဆယ်ရှိသည့် ခန္ဓာကိုယ်ကို အသုံးပြုရင်း အဖျက်အစီးအားကို ပိတ်ဆို့စေသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် ဖြူရောသွားသည်။နောက်ဆုံးတွင် သူက တံဆိပ်တုံး၏ ဖိအားအဝန်းအောက်ကနေ ထွက်ခွာသွားနိုင်သည်။
“အားကောင်းလိုက်တဲ့ ရတနာ…ကောင်းကင်ဘုံနယ်မြေမှာတောင် ဒီလိုရတနာမျိုးက ကျော်ကြားဖို့ လုံလောက်တယ်…” အနက်ရောင်ဝတ်စုံနှင့်လူသည် တံဆိပ်တုံး၏ အဝန်းအဝိုင်းကနေ ပျံသန်းထွက်လာခဲ့ကာ သူက တံဆိပ်တုံးအပေါ်ဘက်သို့ ပျံသန်းသွားသည်။
အနက်ရောင်နဂါးဆယ်ကောင်၏ ဖိအားအောက်၌ ထာရှန်သည် သွေးအန်လိုက်ရသည်။သူ့မျက်လုံးသည်ပင် မှိန်ဖျော့သွားသည်။ဝမ်လင်းသည် ထာရှန်နောက်ကနေ လှမ်းထွက်လာ၏။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နှက်နေသည်။သူက လက်ထဲတွင် ကောင်းကင်ဘုံဓားကို ကိုင်ဆောင်ကာ အလင်းတန်းအလား အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်လာသည်။
သူက မြန်ဆန်လှ၏။သူက ရှေ့သို့ တိုးဝင်လာနေရင်း ကောင်းကင်ဘုံဓားကို ပင့်မြှောက်ကာ ဆယ်ကြိမ်ခုတ်ပိုင်းချ၏။ ထိုဓားချက်ဆယ်ချက်သည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကာ အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ပျံသန်းမှု အမြန်နှုန်းက ပြောင်းလဲသွားခြင်း မရှိပေ။သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံသို့သာ ဦးတည် ပျံသန်းနေသည်။သူက ဝမ်လင်းကို ကြည့်ပင်မကြည့်ဘဲ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ စုဝေးသွားကာ
“ဒီရတနာက မင်းလက်ထဲမှာ ဆိုရင် ဖြုန်းတီးရာ ကျတယ်။ငါ့ကို ပေးလိုက်တာ ပိုကောင်းဦးမယ်…”
***