ခြောက်သွေ့တာအိုတစ်စုံသည် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် သိပ်သည်းသော သတ်ဖြတ်ခြင်းအော်ရာက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ထာရှန်နှင့် တိုက်ခိုက်နေသော ကိုယ်ပွားပင် အခြားကိုယ်ပွားလေးယောက် ရှိရာသို့ ချက်ခြင်း နောက်ဆုတ်သွားသည်။သူတို့၏ လက်များက ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေပြီး ရှုပ်ထွေးသောမန္တာန်တစ်ခုကို ရွတ်ဆိုကုန်ကြသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပျံ့နှံ့လာသည့်အခါတွင် ကိုယ်ပွားသုံးယောက်၏ ပတ်လည်တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့ပေသည်။အလင်းမျက်နှာပြင်သည် မီးခိုးရောင်သို့ ပြောင်းကာ ကျောက်အဖြစ်သို့ ပြောင်းလဲသွား၏။
အလင်းမျက်နှာပြင် ကျောက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည့်နောက် ၎င်းမျက်နှာပြင်ပေါ်၌ အက်ကွဲရာများ ဖြစ်ပေါ်လာ၏။ကိုယ်ပွားငါးခု၏ အသွင်အပြင်သည် ချက်ခြင်း ဖြူရောသွားသည်။ထို့အပြင် သူတို့၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည်လည်း ပို၍ အားကောင်းလာခဲ့၏။
ကိုယ်ပွားငါးယောက်သည် ချက်ခြင်းလိုလို နောက်သို့ ဆုတ်သွားသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ထို့နောက် သူက ကိုယ်ပွားတစ်ယောက်နားသို့ ရောက်ရှိသွားသည်။သူက ပေါ်လာသည်နှင့် ပါးစပ်ဟကာ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုရွှေရောင်အလင်းတန်းထဲ၌ သုံးလက်မခန့် ရှိသော တံဆိပ်တုံးတစ်ခု ရှိနေ၏။သို့ရာတွင် ၎င်းတံဆိပ်တုံးက ပေါ်ထွက်လာသည်နှင့် ပေတစ်ရာထိ ကျယ်ပြန့်သွားကာ ကိုယ်ပွားတစ်ယောက်ပေါ်သို့ ကျရောက်ထိမှန်သွား၏။
ထိုပေတစ်ရာရှိသော တံဆိပ်တုံး၏အော်ရာသည် အလွန်တုန်လှုပ်ဖွယ်ပင်။ထိုကိုယ်ပွား၏ မျက်နှာသည် ဖြူရောသွားကာ ၎င်း၏ ခန္ဓာကိုယ်သည်လည်း တံဆိပ်တုံး ကျဆင်းလာသည်အခိုက်၌ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
ထို့အပြင် ထိုကိုယ်ပွားသည် ကောင်းကင်ဘုံ၏ခွန်အားကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ဖျတ်ခနဲပင် ၎င်းတံဆိပ်တုံးက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျဆင်းသွား၏။ ကိုယ်ပွားသည် အပြင်းအထန် ငြီးတွားလိုက်ရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် ပျက်စီးသွားတော့၏။ သို့သော်လည်း ၎င်းက မူလစိတ်ဝိညာဉ်အဖြစ် ထွက်ပြေးရန် ဟန်ပြင်၏။ထိုအခါ ပေတစ်ရာတံဆိပ်တုံးထံမှ မှိန်ဖျဖျ အလင်းသည် ချက်ခြင်းလိုလို ရွှေရောင်တောက်ပသွားပြီး ပတ်ဝန်းကျင် ပေတစ်သောင်းဧရိယာကို ဖုံးလွှမ်းသွားချေသည်။
ထွက်ပြေးဟန်ပြင်သော မူလစိတ်ဝိညာဉ်ထံမှ နာကျင်စူးရှသော အော်သံ တစ်ခု ထွက်ပေါ်လာတော့၏။ကိုယ်ပွား၏မူလစိတ်ဝိညာဉ်သည် ရွှေရောင်အလင်းတန်း၏ ထွင်းဖောက်ခြင်း ချိတ်ပိတ်ခြင်း ခံရကာ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။၎င်းက တံဆိပ်တုံး၏ စုပ်ယူခြင်းခံရသည်နှင့် အလားသဏ္ဌာန်တူနေ၏။
မဝေးသောနေရာတွင် ရှိနေသော နောက်ထပ် ကိုယ်ပွားလေးယောက်သည် တုန်လှုပ်သွားကြကာ နောက်သို့ ဆက်ဆုတ်ရန် ဟန်ပြင်၏။ဝမ်လင်းက တံဆိပ်တုံးကို ဖမ်းယူကာ ထိုကိုယ်ပွားများနောက်သို့ လိုက်သွားသည်။
ကိုယ်ပွားလေးယောက်က မြန်ဆန်စွာ နောက်ဆုတ်နေကြ၏။သို့သော် ခဏအကြာတွင် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ရပ်တန့်ကာ နှာခေါင်းရှုံ့လိုက်၏။
“မင်းက ငါ့ကို အဝေး မျှားခေါ်ချင်တယ်ပေါ့…” သူက ဆက်မလိုက်တော့ဘဲ ဟင်းလင်းပြင်ထဲ၌ ထိုင်ချလိုက်၏။ထာရှန်ကလည်း ဝမ်လင်းနားသို့ ရောက်လာ၏။ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။
အသက်ရှုအနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်ကာ ဦးတည်ရာတစ်ခုသို့ ဦးတည်သွားသည်။
ကိုယ်ပွားလေးယောက်သည် ရုတ်တရက် ဦးတည်ရာ ပြောင်းသွားကာ ဝမ်လင်းရှိရာသို့ ပြန်ဦးတည်လာကြသည်။အမြန်ဆုံးတစ်ယောက်က ဝမ်လင်းနှင့် ပေတစ်သောင်းအတွင်းသို့ ရောက်လာ၏။သူ့မျက်နှာပေါ်၌ ပြတ်သားသောအကြည့်တစ်ခု ပေါ်ထွက်လာသည်။သူက အမှန်တကယ်ပင် သူ့မူလစိတ်ဝိညာဉ်နှင့် အသွေးအသားကို လောင်ကျွမ်းစေလိုက်ကာ သူ့ကျင့်ကြံမှုအဆင့်နှင့် အမြန်နှုန်းကို ပေါက်ကွဲတိုးမြင့်စေလိုက်၏။
ချက်ခြင်းပင် သူက ဝမ်လင်းနှင့်ပေတစ်ရာအတွင်းသို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားတော့၏။
အထည်ဒြပ်ယန်အထွတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် အားကောင်းလွန်းသည်။အဖျက်အစီးစွမ်းအားတစ်ခုသည် စတင်ပျံ့နှံ့လာကာ ဝမ်လင်းကို ရိုက်ခတ်လာ၏။
သည်လိုသေခြင်းရှင်ခြင်း အခြေအနေ၌ ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်၏။သူက သိုလှောင်အိတ်ထဲမှ အလံသုံးလက်ကို အမြန်ထုတ်ယူကာ သူ့ကို ဝန်းရံလှည့်ပတ်စေသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းက တောင်တန်းနှင့်မြစ်ပန်းချီကားကိုပါ ထုတ်ယူလိုက်သည်။
လှိုင်းတစ်ခုနှင့်အတူ ပတ်ဝန်းကျင်သည် တောင်နှင့်မြစ်ပန်းချီကား ဖြစ်သွား၏။ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အခါ ပေါက်ကွဲအားသက်ရောက်မှုကြောင့် တွန့်ကွေးသွားသည်။ပေါက်ကွဲအား အများအပြားကို ချေဖျက်နိုင်လိုက်သော်လည်း အချို့ကတော့ ပန်းချီကားထဲသို့ ဝင်ရောက်လာခဲ့သည်။တကယ်တော့ သည်ပန်းချီကားက ပုံတူပွားထားခြင်းသာ ဖြစ်ကာ အစစ်အမှန်တောင်နှင့်မြစ်ပန်းချီကား မဟုတ်ပေ။
ထို့နောက် အဖျက်အစီးအားသည် ဝမ်လင်းပေါ်သို့ ကျရောက်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက်ဦးတည်လာသည်။
ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။သူ့အသွင်က ဖြူရောသွားသည်။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြတ်ပြေးသွားသည်။
“ကံကောင်းစွာနဲ့ ငါ့မှာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် ရှိနေတာပဲ။ မဟုတ်ရင် ငါက ဒီပေါက်ကွဲမှုကြောင့် မသေရင်တောင် အပြင်းအထန် ဒဏ်ရာ ရသွားနိုင်တယ်…”
ထိုအခိုက်အတန့်၌ ကျန်သည့်ကိုယ်ပွားသုံးယောက်သည် နီးကပ်လာသည်။သူတို့အားလုံးထံ၌ ရက်စက်ဟန်အကြည့်တို့ ဖြစ်ပေါ်နေကာ ပေါက်ကွဲထွက်နေသော အော်ရာများနှင့်အတူ ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။သူတို့က ဝမ်လင်းကို မသတ်မရချင်း ရပ်တန့်မည် မဟုတ်ဟု ထင်ရ၏။
ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက တူညီသောအရာတစ်ခုကို ဘယ်တော့မှ ထပ်ဖြစ်ခံလိမ့်မည် မဟုတ်ပေ။နောက်ဆုတ်မည့်အစား သူက ရှေ့သို့ ထိုးထွက်ကာ သူ့ညာလက်ကို ညွှန်လိုက်၏။ခြောက်သွေ့တာအိုတစ်စုံသည် ပျံသန်းထွက်သွားကာ သိပ်သည်းသော သတ်ဖြတ်ခြင်းအော်ရာကို ထုတ်လွှတ်လာ၏။ကိုယ်ပွားများထဲမှ တစ်ယောက်၏ ခြေထောက်ပိုင်းသည် ချက်ခြင်း ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဝမ်လင်းပုံရိပ်က အလင်းတန်းအလား လှုပ်ရှားနေရင်း ကျောက်အဖြစ်သို့ ပြောင်းလဲနေသော ကိုယ်ပွားရှေ့သို့ ရောက်လာ၏။သူက သူ့လက်ကို ဓားတစ်လက်အသွင်သို့ ပြောင်းလဲပြီး ထိုကိုယ်ပွား၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ထိုအခါ ၎င်းကိုယ်ပွားသည် ပြိုလဲကာ ကျောက်အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားရသည်။
ထိုအခိုက်အတန့်၌ ကျန်နေသေးသော ကိုယ်ပွားနှစ်ယောက်သည် နီးကပ်လာချေပြီ။သူတို့၏ အော်ရာသည် အထွတ်အထိပ်သို့ ရောက်နေကာ ပေါက်ကွဲရန် အဆင့်သင့် ဖြစ်နေ၏။
ထိုသို့ သေရေးရှင်ရေးအချိန်အတောအတွင်း ဝမ်လင်းသည် အလွန်အမင်းတည်ငြိမ်နေသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြု၏။ထိုအခါ ကိုယ်ပွားနှစ်ယောက်ထဲမှ တစ်ယောက်သည် ရပ်တန့်သွားသည်။ထိုအခိုက်အတန့်၌ ထာရှန်သည် ထိုးထွက်လာကာ ၎င်းကိုယ်ပွားကို ဖမ်းဆုပ်ကာ အဝေးသို့ ပစ်လွှတ်လိုက်သည်။
ထိုကိုယ်ပွားသည် ကျယ်လောင်စွာ ပေါက်ကွဲထွက်သွား၏။ထိုပေါက်ကွဲအားသည် ထာရှန်၏ ခန္ဓာကိုယ်ကို လာရောက်ထိမှန်သည်။သူ့အသွင်က ချက်ခြင်း ဖြူရောသွားကာ သူ့ခန္ဓာကိုယ်သည်ပင် တုန်ယင်သွားရသည်။သို့သော် သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲပင်။
ဝမ်လင်းသည် ကိုယ်ပွားနှစ်ယောက် ကိုယ့်ကိုကိုယ် ပေါက်ကွဲ တိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်တည်းလိုလို တားဆီးလိုက်နိုင်သော်လည်း နောက်ဆုံးကိုယ်ပွား၏ ပေါက်ကွဲစေမှုကို တားဆီးနိုင်လိုက်ခြင်း မရှိပေ။ထိုကိုယ်ပွား ပေါက်ကွဲသွားချိန်၌ ၎င်းသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖန်တီးဖြစ်ပေါ်စေကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာစေသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ဝမ်လင်းရှေ့၌ ပေတစ်ထောင်ထိ ချဲ့ထွက်လာ၏။၎င်းသည် ဝမ်လင်းရှေ့၌ ပေတစ်ထောင်ခန့် ရှိသော ဒိုင်းကာ တစ်ခုကဲ့သို့ ဖြစ်နေသည်။
ပေါက်ကွဲမှုအသံများသည် ဟင်းလင်းပြင်အနှံ့ ပဲ့တင့်ထပ်သွားကာ ၎င်းပေါက်ကွဲမှုသည် အံ့မခန်းအားဖြင့် တံဆိပ်တုံးကို ထိမှန်လာသည်။ဝမ်လင်းသည် တံဆိပ်တုံးနှင့် ခြေလှမ်းသုံးဆယ်ကျော်သို့ ထပ်မံ ဆုတ်ပြီးနောက် ရပ်တန့်သွားသည်။သူ့မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်သည် အကန့်အသတ်သို့ ရောက်ရှိလာ၏။
အဖျက်အစီးအား ကုန်လွန်သွားပြီးနောက် ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တစ်နေရာသို့ ဦးတည်သွားလေသည်။
ထာရှန်က ဝမ်လင်းနှင့်နီးကပ်စွာ လိုက်ပါလာသည်။
ခြောက်သွေ့တာအိုတစ်စံဒက ဝမ်လင်းအထက်၌ မြောလွင့်နေ၏။ ဝမ်လင်းအောက်ဘက်တွင်မူ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ရှိနေသည်။မူလစိတ်ဝိညာဉ်ကို အသုံးပြုကာ တံဆိပ်တုံးကို ဝမ်လင်းက ထိန်းချုပ်ထားသည်။ဝမ်လင်းသည် ဖျပ်ခနဲပင် ကီလိုမီတာ သောင်းချီ ကျော်ဖြတ်လာခဲ့လေပြီ။
ဝမ်လင်းသည် ဟင်းလင်းပြင်ထဲရှိ ကြီးမားသည့််အစီအရင်နှင့် ၎င်းအစီအရင်ထဲရှိ သလင်းခေါင်းတလားကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။
သူက သုန်မှုန်သောအသွင်နှင့် ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူကိုလည်း တွေ့မြင်၏။ထိုလူသည် သူ့မျက်နှာပေါ်ရှိ တုန်လှုပ်မှုကို ဖုံးကွယ်ထားသည်။
ဟင်းလင်းပြင်ထဲ၌ လေ ဟူ၍ မရှိပေ။သို့သော် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ အရှိန်ဟုန်ကြောင့် ကြီးမားသည် လေပြင်းတစ်ခု ဖြစ်ပေါ်နေသည်။
ထိုလေပြင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဝတ်စုံအစကို လှုပ်ခတ်သွားစေသည်။ဝမ်လင်းသည် ထိုအနက်ရောင်ဝတ်စုံ၏ အောက်ရှိ အဖြူရောင်အရိုးများကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးအိမ်ပင် ကျုံ့လို့သွားသည်။
ထိုသူ၏ ဦးခေါင်းနေရာက လွဲ၍ အနက်ရောင်ဝတ်စုံအောက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် အရိုးများ ဖြစ်နေချေသည်။
***