Switch Mode

အပိုင်း(၈၆၆):

သလင်းခေါင်းတလား

အဘိုးအိုက တိတ်ဆိတ်စွာစဉ်းစားနေစဉ် သစ်သားစင်မြင့်ပေါ်၌ လှဲလျောင်းနေသော ထာရှန်သည် အားနည်းသောအသံနှင့် ပြောလာသည်။ “ငါ ဆန္ဒရှိပါတယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိနေကာ သူက ခြေတစ်လှမ်းဖြင့်ပင် သစ်သားစင်မြင့်နားသို့ ရောက်ရှိသွားသည်။သူက သေလုမြောပါးဖြစ်နေသော ထာရှန်ကို ကြည့်လိုက်၏။

ထာရှန်၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်တက်တူးအမှတ်အသားမှ ရှိမနေတော့ချေ။တက်တူးများအားလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့ကို သေဆုံးစေသည့်အထိ ဖြစ်စေခဲ့ခြင်းပင်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ ဒီမန္တာန်က လူတစ်ယောက်ဟာ ခိုင်ကျဉ်တဲ့ စိတ်နှလုံးနဲ့ လုံးဝ စိတ်ဆန္ဒ ရှိနေဖို့ လိုအပ်တယ်။အနည်းငယ်တောင် တွေဝေလို့ မရဘူး။မဟုတ်ရင် ဒါက အောင်မြင်နိုင်မှာ မဟုတ်ဘူး…”

ထာရှန်က ခါးသီးစွာ ပြုံး၍ အားနည်းဟန်ဖြင့် ပြောလာ၏။ “ထပ်ပြောဖို့ မလိုတော့ဘူး…။ငါ စိတ်ဆန္ဒရှိနေပါတယ်…”

ဝမ်လင်းက ဆက်၍ အချိန်မဖြုန်းတော့ပေ။သူက ထာရှန်ကို ဆွဲကိုင်လိုက်ကာ ဟင်းလင်ပြင်ထဲသို့ ပစ်သွင်းလိုက်၏။သည့်နောက် သူက အကာအဝေးတစ်ခု၌ ပျောက်ကွယ်သွားရင်း သတင်းစကားတစ်ခု ချန်ထားလိုက်သည်။

“သုံးလတိတိ ငါ့ကို မနှောက်ယှက်နဲ့…”

အဘိုးအိုက ဝမ်လင်းပျောက်ကွယ်သွားသောနေရာသို့ စိတ်ရှုပ်ထွေးဟန်နှင့် ကြည့်နေ၏။သည့်နောက် သူက အံတင်းတင်း ကြိတ်ကာ လူအုပ်ရှိရာသို့ လှည့်ပြီး ပြောလိုက်သည်။ “သုံးလပြီးရင် ထာရှန် ဘယ်လိုပဲ ဖြစ်ဖြစ်…ငါတို့က အံ့ဖွယ်ယင်မီးပြင်းဖိုကို တိုက်ခိုက်ကြမယ်။ ပြီးရင် ဒီနေရာကနေ ထွက်ခွာသွားကြမယ်…”

ဝမ်လင်းက သူ ရတနာများကို သန့်စင်ခဲ့သည့်နေရာသို့ ထာရှန်ကို ခေါ်ဆောင်သွားကာ မြေပြင်ထက်၌ ချထားလိုက်သည်။သည့်နောက် သူက မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ရင်း ထာရှန်ကို ထွေးခြုံစေလိုက်သည်။ထိုသို့ပြုလုပ်ပြီးနောက် သူသည် စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ကာ အလံအတွင်းမှ တစ်စုံတစ်ခုကို လှုပ်ခါ ထုတ်ယူလိုက်သည်။

၎င်းအရာကတော့ ဝမ်လင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ရရှိလာခဲ့သော ကောင်းကင်ဘုံတစ္ဆေပင် ဖြစ်လေ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းဟောက်ကာ ရုန်းကန်လာ၏။ထိုအခါ ဝမ်လင်း၏ စိတ်ဝိညာဉ်ကျာပွတ်က ၎င်းတစ္ဆေပေါ်သို့ အကြိမ်များစွာ ကျရောက်လာခဲ့တော့သည်။တစ္ဆေက အထိတ်တလန့် ငြီးတွားအော်ဟစ်ရတော့၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ထပ်အလံတစ်ခုကို ထပ်မံ ထုတ်ယူသည်။ထိုအခါ သည်ဧရိယာ၌ ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပြည့်နှက်သွားတော့၏။

ထိုမျှနှင့် အဆုံးမသပ်သေးပေ။သူက အနည်းငယ်စဉ်းစားပြီးနောက် ဦးခေါင်းခွံဆယ်ခုကျော်ကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပြန်သည်။ ၎င်းဦးခေါင်းခွံများ၏ အပေါ်၌ ရှုပ်ထွေးသောစာလုံးများက တလက်လက် တဖျပ်ဖျပ် ရှိနေ၏။ထိုဦးခေါင်းခွံများသည် ဟင်္သာပြဒါးဂြိုဟ်မှ စွန့်ပစ်ခံမသေမျိုးကလန်၏ ဦးခေါင်းခွံများ ဖြစ်လေသည်။

ဝမ်လင်းသည် မူလစွမ်းအင်အဆီအနှစ်နှင့် သန့်စင်ခြင်းခံထားရသော ထာရှန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“ငါက ဒီကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို အသုံးပြုပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ်။ကောင်းကင်တစ္ဆေကလည်း မင်းကို စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်ဖို့အတွက် ကူညီပေးလိမ့်မယ်။ဒါ့အပြင် မင်းရဲ့ ဘိုးဘေးဦးခေါင်းခွံတွေကလည်း မင်းရဲ့ တက်တူးတွေကို ပြီးပြည့်စုံစေဖို့အတွက် ကူညီပေးလိမ့်မယ်။ထာရှန် ငါက မင်းကို ကံကောင်းမှုကြီးတစ်ခု ပေးလိုက်တာ ဖြစ်တယ်…”

“ဒါတောင်မှ အလုပ်မဖြစ်ဘူး ဆိုရင်တော့ ဒါက မင်းရဲ့ကံမကောင်းမှုကြောင့်သာ ဖြစ်ပြီး ငါနဲ့ ဘာမှ မဆိုင်တော့ဘူး…”

အချိန်နှစ်လတာ မြန်ဆန်စွာ ကုန်ဆုံးသွားသည်။သည်နေ့တွင် ဝမ်လင်းရှိနေသော လွင်ပြင်ထက်ကနေ ကျယ်လောင်သောပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့လေ၏။သည်တုန်ခါသံက ကျယ်လောင်လှသည့်အတွက် ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များပင် ကြားလိုက်ရကာ ၎င်းတို့သည် ပျံသန်းထွက်လာခဲ့ကြတော့သည်။

အရင်ဦးဆုံး တုံ့ပြန်လှုပ်ရှားသူက အဘိုးအိုပင်။ ခုလက်ရှိ၌ သူသည် မျက်တွင်းဟောက်ပတ် ဖြစ်နေ၏။ သည်နှစ်လတာ ကြာမြင့်ပြီးနောက် သူသည် ပို၍ အိုမင်းဟန် ရလာ၏။

ဝမ်လင်းရှိနေသော လွင်ပြင်သည် ဖုန်မှုန့်များနှင့် ပြည့်နှက်နေကာ ထိုဖုန်မှုန့်များထဲကနေ ပေနှစ်ဆယ်ခန့်မြင့်မားသည့် လူတစ်ယောက် လမ်းလျှောက်ထွက်လာ၏။ထိုသူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို ကြီးစွာ တုန်ဟီးစေနေသည်။

ထိုသူက ထူထဲသောမျက်ခုံးပိုင်ဆိုင်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်တောက်ပနေသည်။သူက ဘီလူးတစ်ကောက်အလား ထင်မှားရသည်။

သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့်တက်တူးမှ ရှိမနေပေ။သို့သော် သူ့မျက်ခုံးနှစ်ခုကြား၌ ရှုပ်ထွေးသော တက်တူး တစ်ခု ရှိနေသည်။

သည်တက်တူးစာလုံး၏ ရှုပ်ထွေးမှုက စိတ်ကူးနိုင်သည်ထက်ပင် ပိုနေသေး၏။ထိုလူ၏ မျက်လုံးထဲ၌ ဉာဏ်အလင်းတို့ ဖြစ်ပေါ်နေကာ သူက ဖုန်မှုန့်များကြားကနေ လျှောက်လှမ်းလာနေသည်။ဝမ်လင်းက ထိုလူဘီဘူးကြီးနောက်ကနေ ဖြည်းဖြည်းချင်း ကျော်တက်လာ၏။သူ့အသွင်ကလည်း ဖြူရော နေသည်။

သူက သူ့နောက်ရှိ လူ့ဘီလူးကြီးကို လှည်ပြန်ကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌လည်း နောင်တရဟန်တို့ ဖြစ်ပေါ်နေသည်။

“ကံမကောင်းစွာနဲ့…သူက အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့်ကိုပဲ ရောက်နိုင်ခဲ့ပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘူးပဲ…” ဝမ်လင်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူက ထိုပေနှစ်ဆယ်ခန့် လူ့ဘီလူးကြီး၏ ပုခုံးထက်တွင် ပေါ်လာခဲ့၏။ထိုလူ့ဘီးလူးကြီးသည် ရွေးချယ်ခံမသေမျိုးကလန် ရှိရာသို့ လှမ်းလျှောက်သွားနေခြင်းပင်။

“ဒီလောက်များပြားတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ထာရှန်ရဲ့ ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် မကူညီနိုင်ဘူးဆို့ ငါ မမျှော်လင့်ထားမိဘူး။အထူးသဖြင့် ကောင်းကင်တစ္ဆေကတော့ အရေးကြီးလှတယ်။ဒါ့ကြောင့်သာ မဟုတ်ရင် ဒီဖြစ်စဉ်ဟာ ဒုတိယအဆင့်မှာတင် ကျရှုံးနေလောက်ပြီ…”

ဝမ်လင်းက ထိုလူ့ဘီလူးကြီး၏ ပုခုံးပေါ်တွင် ရှိနေရင်း စတင်စဉ်းစားနေသည်။

“ကောင်းကင်ဘုံသက်တော်စောင့်တွေကို ငါ ဖန်တီးတဲ့ အခါတိုင်း ငါက ကောင်းကင်တစ္ဆေနဲ့ သမူဟ ဖြစ်အောင် ပူးပေါင်းရတယ်။ ဒီဟာက ချိတ်ဆက်မှုတစ်ခု ရှိနေတာ ဖြစ်နိုင်လား။ ကောင်းကင်တစ္ဆေက ဒီသက်တော်စောင့်တွေ ဖန်တီးနိုင်ဖို့ အခွင့်ရေးကိုများ တိုးမြင့်စေနိုင်တာလား…”

သူက စဉ်းစားနေရင်း လူ့ဘီလူးကြီးသည် များစွာ ခြေလှမ်းလာခဲ့ပေပြီ။ထိုလူက ခြေတစ်လှမ်းဖြင့်ပင် ပေရာပေါင်းများစွာကို ဖြတ်ကျော်နိုင်စွမ်း ရှိပေသည်။

“ဒါ့အပြင် စွန့်ပစ်ခံမသေမျိုးကလန် ဘိုးဘေးတွေရဲ့ ဦးခေါင်းခွံကလည်း အတော်လေး ထူးဆန်းလှတယ်။ဒါတွေကို သန့်စင်မွန်းမံတဲ့ အချိန်မှာ ဒီဟာတွေက တက်တူး အမှတ်အသားတစ်ခုအဖြစ် အမှန်တကယ် ပေါင်းစပ်သွားနိုင်ခဲ့တယ်…”

အကွာအဝေးတစ်ခုကနေ ပျံသန်းလာကြသည့် ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် ထိုလူ့ဘီးလူးကြီးကို စူးစိုက် ကြည့်နေသည်။အဘိုးအိုသည် လုံးဝစိတ်လှုပ်ရှားနေကာ သူက မြန်ဆန်စွာ ပျံသန်းလာရင်း ပြောလိုက်၏။ “ထာရှန်…”

ထိုလူ့ဘီးလူးကြီး၏ အသွင်က အေးစက်နေကာ သူက အဘိုးအိုကို တစ်စက်ပင် မကြည့်ပေ။သူက ဝမ်လင်း၏အမိန့်အတိုင်းသာ မလှုပ်မယှက် ရှိနေ၏။ဝမ်လင်းက ထိုလူ့ဘီလူးကြီး ကိုယ်ပေါ်ကနေ မြေပေါ်သို့ ဆင်းသက်လာသည်။

“ကျေးဇူးရှင်…ထာရှန်…သူ…သူ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “သူ့ခန္ဓာကိုယ်ကို ပြန်မွန်းမံပေးနိုင်ရင်တောင် သူ့အသိစိတ်ပြန်ရဖို့အတွက် ယုံကြည်မှု မရှိခဲ့ဖူးလို့ ငါ အရင်ကတည်းက ပြောခဲ့တယ်။ဖြစ်နိုင်တာကတော့ သူဟာ အသိစိတ်ပြန်ရအောင် အချိန်ကဘဲ ကုစားပေးနိုင်လိမ့်မယ်…”

ဝမ်လင်းက မလိမ်ခဲ့ပေ။သူက ထာရှန်၏ အသိစိတ်ကို ဖယ်ရှားပစ်ခဲ့ခြင်း မရှိပေ။ထာရှန်၏ အသိစိတ်က အစိတ်စိတ်အပိုင်းပိုင်းဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲ၌သာ ရှိနေသေးပေ၏။

အဘိုးအိုက မှင်သက်နေ၏။သူက ဝမ်လင်းကို ဆက်၍ မေးဟန် ပြင်လိုက်၏။ သို့သော် ဝမ်လင်းက ကြားဖြတ်ကာ ပြောလိုက်သည်။သူက သည်နေရာတွင် သောင်တင်နေသည်မှာ ကြာမြင့်နေပြီ မဟုတ်လား။

“ပလ္လင်ဝင်ပေါက်ကို သွားဖွင့်ပါ။ငါ ထွက်သွားတော့မယ်…”

ဝမ်လင်း၏လေသံက မည်သည့်မေးခွန်းကိုမျှ ခွင့်မပြုသည့်အလားပင်။

အဘိုးအိုသည် ထာရှန်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် တလေးတစား ခေါင်းညိတ်ပြလိုက်၏။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ ပလ္လင်ဝင်ပေါက်ရှိရာသို့ ဦးတည်သွားလေသည်။လမ်းတစ်လျှောက်၌ သူက မိုးကြိုးဖားပြုတ်နှင့်ခြင်သားရဲကိုလည်း ပြန်သိမ်းဆည်းလိုက်၏။ ထာရှန်ကလည်း ဝမ်လင်းနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။ အဘိုးအိုသည် သက်ပြင်းချလိုက်ပြီးနောက် သူနှင့် ကျန်သည့်အဖွဲ့ဝင်များပါ ဝမ်လင်းနောက်သို့ လိုက်ပါသွားလေသည်။

သူတို့က အဆောက်အဦများကို ကျော်ဖြတ်လာချိန်၌ အမျိုးသမီးအများအပြားက လှမ်းထွက်လာကြ၏။ သူတို့နောက်၌ ကလေးငယ်များလည်း ရှိနေ၏။

သိပ်မကြာခင်တွင် ဝမ်လင်းက ပလ္လင်၏အပြင်ဘက်၌ ပေါ်လာခဲ့၏။ဝမ်လင်း အမိန့်ကို စောင့်မနေတော့ဘဲ အဘိုးအိုက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့မျက်ခုံးနှစ်ခုကြားရှိ အပင်က လွန်စွာ တောက်ပကာ ပျံဝဲထွက်လာရင်း ဝင်ပေါက်အပေါ်သို့ ကျရောက်သွား၏။

ထိုအခါ ပလ္လင်ဝင်ပေါက် တံခါးသည် တုန်ဟီးသံနှင့်အတူ ဖြည်းဖြည်းချင်း မြင့်တက်လာလေ၏။ခဏတာအကြာတွင် ၎င်းတံခါးပေါက်သည် လုံးဝ ပွင့်လှစ်သွားသည်။

တံခါးပေါက် ပွင့်သွားသည့်အခိုက်အတန့်၌ အတွင်းထဲကနေ စူးရှရှအော်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံသည် ဓားသွားများပျံသန်းလာသည့်အလား။

ဝမ်လင်း၏ မျက်လုံးက လင်းလက်သွားကာ သူက သိုလှောင်အိတ်ထဲကနေ ခရမ်းရောင်အလံသုံးလက်ကို ထုတ်ယူလိုက်၏။ ၎င်းတို့က ဝမ်လင်းကို ပတ်လည်လှည့်ပတ်ကာ ခရမ်းရောင်ဝဲကတော့တစ်ခုအသွင်သို့ ဖြစ်ပေါ်သွားစေသည်။စူးရှသောအသံက ခရမ်းရောင်ဝဲကတော့၏ ချေဖျက်ခြင်းကို ခံလိုက်ရလေ၏။

“ထာရှန်…စိတ်ဝိညာဉ်ကို ဖျက်စီးလိုက်…” ဝမ်လင်းက ထိုသို့ အော်ပြောလိုက်သည်နှင့် ထာရှန်၏ခန္ဓာကိုယ်က တောက်ပသွားကာ ဂိတ်တံခါးပေါက်ကို ဖြတ်ကာ လျှောက်လှမ်းသွားတော့သည်။သည့်နောက် သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ထိုလက်သီးချက်သည် သူ ကောင်းကင်ဘုံသက်တော်စောင့် မဖြစ်လာခင်က လက်သီးချက်ထက် အဆများစွာ ပို၍ ပြင်းထန်ပေသည်။

လက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်စေကာ လျှောက်လမ်းအတွင်း ပဲ့တင်ထပ်သွားစေ၏။

တံခါးအတွင်းဘက်ရှိ လျှောက်လမ်းထဲရှိ ပြန့်ကျဲလာသော အနက်ရောင်မြူခိုးများသည် နောက်သို့ လွင့်စင်သွားကြရသည်။

ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။သည်တစ်ကြိမ်၌ သူက မည်သို့ပင်ဖြစ်ဖြစ် ထွက်ခွာသွားမည်ဟု ဆုံးဖြတ်ပြီး ဖြစ်သည်။သူက အလင်းတန်းတစ်ခုအလား တံခါးဝကို ဖြတ်၍ ရှေ့သို့ ဆက်တိုးဝင်သွားသည်။

ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ မျက်လုံးထဲ၌လည်း ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ပြည့်နေသည်။

ခဏတာအကြာတွင် ဝမ်လင်းသည် လျှောက်လမ်းအဆုံး အံ့ဖွယ်ယင်မီးပြင်းဖို ရှိနေသော နေရာသို့ ရောက်ရှိသွားသည်။သူက အရိပ်ဆန်သော အမျိုးသမီးသည် ထာရှန်ကို လှည့်ပတ်ကာ မရပ်တန်း စူးစူးရှရှအော်နေသည်ကို တွေ့မြင်လိုက်၏။

ထာရှန်၏အသွင်က ပုံမှန်အတိုင်းပင်။သူက ကောင်းကင်ဘုံသက်တော်စောင့် ဖြစ်၏။ဆိုလိုသည်က သူ့မူလစိတ်ဝိညာဉ်သည် ပြိုပျက်ကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။ထို့ကြောင့် ထိုအော်သံက သူ့အပေါ်၌ မည်သည့်သက်ရောက်မှုမှ ရှိမနေပေ။

ဝမ်လင်းအတွက်ကတော့ သူ့တွင် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် သူ့မူလစိတ်ဝိညာဉ်ကို စောင့်ကြပ်လို့ထား၏။ ထိုအော်သံက သားရေချပ်ဝတ်နှင့် ထိဆုံသည်နှင့် ချက်ခြင်း ပျက်စီးသွားရသည်။

ထိုအရိပ်ဆန်သောအမျိုးသမီးသည် ထာရှန်ကို လှည့်ပတ်နေရာကနေ ဝမ်လင်းကို တွေ့မြင်သွားသည့်အခါ ချက်ခြင်း ထာရှန်ကို လက်လျော့လိုက်၏။သည့်နောက် ဝမ်လင်းထံသို့ စူးရှစွာအော်ဟစ်ပြီး တိုးဝင်လာတော့သည်။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့ပတ်လည်ရှိ အလံသုံးလက်ကို မြန်ဆန်စွာ ထိုးထွက်သွားကာ ခရမ်းရောင်ဝဲကတော့ကို ဖြစ်စေပြီး တိုးဝင်လာသည့် အသံလှိုင်းကို ချေဖျက်ပစ်သည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့် အံ့ဖွယ်ယင်မီးပြင်းဖိုနားသို့ ရောက်ရှိလာခဲ့သည်။ထာရှန်ကလည်း မီးပြင်းဖိုနားသို့ ရောက်ရှိလာခဲ့သည်။သူ့စိတ်က ဝမ်လင်းနှင့် ချိတ်ဆက်ထားသည် မဟုတ်လား။သူက ရောက်ရှိလာသည်နှင့် လက်မြှောက်ကာ မီးပြင်းဖိုပေါ်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်တော့သည်။

ထာရှန်သည် ကောင်းကင်ဘုံသက်တော်စောင့် ဖြစ်နေသော်လည်း သူ့မွေးရာပါအလိုလိုသိစိတ် အချို့အဝက်တော့ ရှိနေသေး၏။ခုချိန်၌ နှစ်ပေါင်းများစွာ မုန်းတီးနေသည့်အမုန်းပါဝင်သည့် လက်သီးချက်သည် ၎င်းမီးပြင်းဖိုပေါ်သို့ ပေါက်ကွဲကာ ကျရောက်သွားတော့၏။

သူ့မျက်ခုံးနှစ်ခုကြားရှိ ရှုပ်ထွေးသောတက်တူးက အသက်ဝင်နေသည့်အလား တလက်လက် တဖျပ်ဖျပ် ဖြစ်နေတော့၏။၎င်းတက်တူးက ပျံသန်းထွက်လာပြီး ထာရှန်၏ လက်သီးချက်ထဲသို့ တိုးဝင်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားကာ ကျောက်စကျောက်နများစွာ ပြိုကျကုန်သည်။ပလ္လင်တစ်ခုလုံး ပြိုကျတော့မလားပင် ထင်မှတ်ရသည်။

တစီစီအက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ခြင်းနှင့်အတူ အံ့ဖွယ်ယင်မီးပြင်းဖိုအပေါ်၌ အက်ကွဲရာများစွာ ဖြစ်ပေါ်လာသည်။ထိုအက်ကွဲရာများက ပင့်ကူမျှင်များနှင့်ပင် တူနေသေး၏။

သည်အခိုက်အတန့်၌ အလံသုံးလက်၏ ဝန်းရံခြင်းခံထားရသော အမျိုးသမီးအရိပ်သည် ရူးသွယ်ဖွယ်အော်ဟစ်လိုက်၏။၎င်းအသံက ထာရှန်ကို ရပ်တန့်ရန် ရည်ရွယ်ပေသည်။

ထာရှန်က ဦးဆုံးလက်သီးချက်ကို ပစ်လွှတ်ပြီးသည့်နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ထပ် လက်သီးချက်တစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ ကျယ်လောက်သော ပေါက်ကွဲသံနှင့်အတူ အံ့ဖွယ်ယင်မီးပြင်းဖိုသည် အစိတ်အပိုင်းများစွာသို့ ကွဲထွက်သွားတော့သည်။ထိုအစိတ်အပိုင်းများထံကနေ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လို့လာ၏။ သို့သော် ထိုအနက်ရောင်အခိုးငွေ့များသည် မြန်ဆန်စွာ ပြန်ကျုံ့၍ သေးငယ်သောတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ပျောက်ကွယ်သွားလေသည်။

ထိုအနက်ရောင်အခိုးငွေ့များနှင့်အတူ အမျိုးသမီးအရိပ်၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။

ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်လာကာ သူက ထိုတည်နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်လိုက်ရင်း အော်ပြောလိုက်သည်။ “ရှုလီကော…ပြန်ထွက်လာခဲ့တော့…”

ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်သည်တုန်ယင်သွားကာ သူ့မျက်ခုံးကြားကနေ အနက်ရောင်အခိုးငွေ့တစ်စု ထွက်ပေါ်လာသည်။၎င်းအခိုးငွေ့သည် ရှလီကောအသွင်သို့ ပြောင်းလဲသွား၏။သည့်နောက် ရှုလီကောသည် ဝမ်လင်းနောက်သို့ လိုက်ပါသွားတော့သည်။

ဝမ်လင်း ဝင်သွားပြီးနောက် ထာရှန်ကလည်း အစီအရင်ထဲသို့ ချက်ခြင်း ခုန်ဝင်ကာ သဲလွန်စွာမရှိ ပျောက်ကွယ်သွားလေသည်။ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ဖုန်မှုန့်များ၊ကျောက်စကျောက်နများကလည်း အပြည့်ပင်။သည်ပလ္လင်က အချိန်မရွေး ပြိုကျတော့မည့်မှာ သိသာနေသည်။

ရွေးချယ်ခံမသေမျိုးကလန်၏ ဘိုးဘေးက သူ့ကလန်အဖွဲ့ဝင်များကို ကြည့်လိုက်၏။ထို့နာက် သူလည်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ လိုက်ဝင်သည်။ သည့်နောက် ကလန်အဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သည် အစီအရင်ထဲသို့ လှမ်းဝင်သွားကြတော့သည်။

သူတို့အားလုံးသည် သူတို့၏ မျိုးဆက်အဆက်ဆက် စောင့်ကြပ်ခဲ့ကြ၊နေထိုင်ခဲ့ကြသော သည်နေရာကနေ ထွက်ခွာသွားကြပေတော့မည်။

ငှက်မွှေးသားရဲ၏ အနက်ရောင်ဟင်းလင်းပြင်အထဲ၌ ဧရာမအစီအရင်ကြီးတစ်ခု ရှိလို့နေသည်။ထိုအစီအရင်သည် အနီရင့်ရောင်သွေးများကနေ ဖြစ်ပေါ်နေခြင်းပင်။၎င်းက လေဟာနယ်ဟင်းလင်းပြင်ထဲ၌ ပျံဝဲနေရင်း အနက်ရောင်အခိုးငွေ့များသည် ထိုအစီအရင်ထဲကနေ ထွက်ပေါ်ကာ အလယ်ဗဟိုရှိ သလင်းခေါင်းတလားထဲသို့ တိုးဝင်လို့နေသည်။

ထိုခေါင်းတလားထဲ၌ ခန္ဓာကိုယ်တစ်ခု ရှိနေ၏။ထိုခန္ဓာကိုယ်သည် အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ပင်။သူက အလွန်ချောမောကာ အသက်နှစ်ဆယ်ပတ်လည်လောက်ဟု ထင်ရ၏။သူက ခေါင်းတလားထဲပ အိပ်ပျော်နေသကဲ့သို့ လှဲလျောင်းလို့နေသည်။

အစီအရင်ထံကနေ ထွက်ပေါ်လာပြီး ခေါင်းတလားထဲသို့ တိုးဝင်လာနေသည့် အနက်ရောင်အခိုးငွေ့များကို ထိုလူက စုပ်ယူနေခြင်းပင်။

ထိုခေါင်းတလား၏ဘေး၌ တင်ပလွေချိတ်ကာ ထိုင်နေသော လူတစ်ယောက် ရှိနေသည်။ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူ့ဝတ်စုံက တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ ခေါင်းသာ ပေါ်လေသည်။သူက မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။သူက သည်နေရာတွင် အမြဲရှိနေရင်း အစီအရင်ထဲရှိ သလင်းခေါင်းတလားကို စောင့်ကြပ်ပေးနေသည့်ပုံပင်။

သည်အခိုက်အတန့်၌ အနက်ရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် မျက်လုံးပွင့်လာ၏။သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူ တကယ်ရောက်လာတာပဲ။ ကံမကောင်းစွာနဲ့ ခုချိန်မှာ ငါက ဒီအစီအရင်ကို ဖျက်စီးဖို့ လုံလောက်အောင် မသန်မာသေးတာ။ မဟုတ်ရင် ငါ့အတွက် အခုလိုမျိုး စိုးရိမ်နေစရာ လိုမှာ မဟုတ်ဘူး…”

ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့မျက်လုံးထဲကနေ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်သွား၏။ထိုအလင်းတန်းသည် ပေတစ်ရာအကွာသို့ ရောက်ရှိသွားပြီး လူသားအသွင်ပုံရိပ်သို့ ပြောင်းလဲသွားသည်။

ထိုပုံရိပ်သည် တဖြည်းဖြည်း သိပ်သည်းလာကာ အနက်ရောင်ဝတ်စုံလူနှင့် ချွတ်ဆွတ်တူသည့် ပုံတူကိုယ်ပွားအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုပုံတူကိုယ်ပွားသည် မျက်လုံးဖွင့်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်ဝတ်စုံတစ်ခု ပေါ်လာတော့၏။သူက အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် အကွာအဝေးတစ်ခုသို့ ထိုးထွက်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ရပ်တန့်ခြင်း မပြုပေ။သူက မန္တာန်တစ်ခုကို ဆက်လက်၍ ပုံဖော်နေသည်။ထိုအခါ နောက်ထပ် ကိုယ်ပွားများတစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ပထမဆုံးကိုယ်ပွားအပါအဝင် စုစုပေါင်းကိုယ်ပွားငါးခုသည် အကွာအဝေးတစ်ခုထံသို့ တရကြမ်းတိုးဝင် သွားတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ကီလိုမီတာ သောင်းချီကွာဝေးသောနေရာ၌ အရောင်စုံအလင်းတစ်ခု လင်းလက်သွားရင် ဝဲကတော့ကြီးတစ်ခု ပေါ်ထွက်လို့လာသည်။ဝမ်လင်းက ထိုဝဲကတော့ထဲကနေ လှမ်းထွက်လာ၏။ရှုလီကောသည်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ ဝမ်လင်းအနီးနား၌ လွင့်ဝဲပတ်နေသည်။

ဝမ်လင်း ထွက်ပေါ်လာပြီးနောက် ထိုဝဲကတော့ထဲမှ ထာရှန်ပါ လှမ်းထွက်လာ၏။

ခဏတာကြာမြင့်ပြီးနောက် ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များသည်လည်း ပေါ်ထွက်လာကြတော့၏။

ဝမ်လင်းအသွင်က တည်ငြိမ်စွာ ရှိနေ၏။သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ရှေ့တည့်တည့်သို့ ထိုးတက်သွားသည်။သို့ရာတွင် သူသည် လူတစ်ယောက် သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်သဖြင့် မျက်မှောင်ကြုတ်သွား၏။

ထိုလူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကိုယ်ပွားများထဲမှ တစ်ဦး ဖြစ်နေသည်။

“ဒီတော့ အရင်တုန်းက ငါသတ်ခဲ့တဲ့ တစ်ယောက်က ကိုယ်ပွားတစ်ယောက်ပေါ့…” ဝမ်လင်းက ထိုအပြာရောင်ဝတ်စုံနှင့်လူကို တွေ့မြင်လိုက်သည်နှင့် ချက်ခြင်း နားလည်သွား၏။အတွေးတစ်ချက်ဖြင့်ပင် ထာရှန်က ထိုအပြာရောင်ဝတ်စုံနှင့်လူထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။

အပြာရောင်ဝတ်စုံနှင့်လူ၏ အသွင်က သုန်မှုန်သွားကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ ထိုအခါ သူ့လက်ထဲ၌ လှံတစ်လက် ပေါ်လာတော့သည်။သည့်နောက် ထိုသူက လက်ညွှန်လိုက်ရာ လှံသည် ထာရှန်ထံသို့ တိုးဝင်သွားလေ၏။

သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ နောက်ထပ် ပုံရိပ်လေးခုကလည်း အလင်းတန်းအလား တိုးဝင်လာပြန်သည်။ ဝမ်လင်းမျက်လုံးထဲကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ တရိပ်ရိပ် ဖြစ်ပေါ်သွားကာ သူက ရှေ့သို့ ထိုးထွက်လိုက်၏။ သူ့ညာလက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ပေါ်ရှိ သားရဲတက်တူးသည်လည်း ရွှေ့လျား ပျံသန်းထွက်လာတော့သည်။

“အရှင်ရဲ့ ခြောက်သွေ့တာအိုတစ်စုံ…” ကိုယ်ပွားငါးယောက်က ထိုသားရဲအရိုးတက်တူးကို တွေ့မြင်လိုက်သည့်အခါ တစ်ပြိုင်နက်တည်း အံ့အားသင့်ဟန် ထွက်ပေါ်လာကြ၏။သူတို့၏ မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်ကုန်သည်။

သည်အခိုက်အတန့်၌ ကီလိုမီတာသောင်းချီအကွာတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများပင် အလွန်တောက်ပလာတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset