ဒေါင်
ဒေါင်
စကြဝဠာတိုက်တစ်သောင်း၏ အလယ်ဗဟိုရှိ အာဒိကပ္ပကျွန်းကြီးငါးကျွန်းမှ အရုဏ်ဦးနေ့သစ်ကို ကြိုဆိုနေစဉ် သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံများသည် တိမ်တိုက်များအကြား၌ တဒေါင်ဒေါင် ပျံ့လွင့်လျက်ရှိချေ၏။ အရှေ့အရပ်မှ နေမင်းကြီးက ရောင်ခြည်များ ထုတ်လွှတ်လျက် တရိပ်ရိပ် မြင့်တက်လာပြီး ကြယ်ပွင့်ကလေးများက မိုးကုတ်စက်ဝိုင်းအောက် တိုးဝှေ့ပျောက်ကွယ်သွားလေသည်။
ပုဗ္ဗဝိဒေဟအရှေ့ကျွန်းကြီး၏ အနောက်မြောက်အရပ်ဖြစ်သော အလယ်ကျွန်းကြီး၏အနားက မထင်မရှားချောင်တစ်ချောင်တွင် ဧရာမမန္တန်အစီအရင်ကြီးတစ်ခုက ၎င်းအောက်ရှိ မြစိမ်းရောင်တောင် ဒါဇင်ချီကို လွှမ်းခြုံထားလေသည်။ မန္တန်အစီအရင်မှာ ပိုးသားကဲ့သို့ ချောမွတ်နေရာ မှောက်ထားသော ဖန်ခွက်တစ်လုံးအလားပင်။
စူးရှသောနေရောင်ခြည်တန်းများ၏အောက်ဝယ် မန္တန်အစီအရင်၏နံရံများမှ ရောင်စုံခြယ်အလင်းတန်းများ ကွန့်မြူးဖြာထွက်နေသည်။ ဝိညာဉ်စွမ်းအင်လှိုင်းများ မန္တန်အစီအရင်ထဲ၌ လူးလွန့်လွင့်မျောနေသည်ကိုလည်း မြင်ရနိုင်၏။
နတ်သတ္တဝါများနှင့် ဝိညာဉ်သတ္တဝါများကား တောင်စဉ်တန်းများထဲတွင် မြူးထူးပြေးလွှားနေကြလေသည်။ ရံဖန်ရံခါ တိမ်စိုင်များအကြားတွင်လည်း အရိပ်များ လျှပ်တပြက် ပေါ်လာတတ်သည်။
ကြိုးတပ်တူရိယာများမှ တေးသီချင်းသံတို့ လေထဲ၌ ကခုန်နေသည့်ပမာ မြူခိုးမြူငွေ့များက ကောင်းကင်ထက်သို့ တလူလူ လွင့်တက်နေသည်။
တောထဲက အိမ်များဘေးရှိ ကွင်းပြင်တွင် လူပေါင်းများစွာသည် ကုမုဒြာကြာပွင့်သဏ္ဌာန်ထိုင်၍ ဝင်လေထွက်လေရှုမှတ်နေကြ၏။ ကောင်းကင်ယံတွင် လွတ်လွတ်လပ်လပ် ပျံသန်းနေကြသူတချို့လည်း ရှိသည်။ မြင်ကွင်းတစ်ခုလုံးကား သုခတောင်တစ်လုံး၏ ဆိတ်ငြိမ် ပန်းချီကားတစ်ချပ်ပမာပင်။
မနက်ခင်း၏ ရောင်စဉ်တန်းများ မန္တန်အစီအရင်အပေါ် ဖြာကျလာစဉ် အရှေ့သမုဒ္ဒရာမှ တိမ်ဖြူတစ်အုပ် မျောလွင့်လာ၏။
တိမ်တိုက်၏အပေါ်တွင် လူရိပ်နှစ်ခု ရပ်နေသည်။ တစ်ခုက အရပ်ရှည်ရှည်၊ နောက်တစ်ခုက ခပ်ပုပု။ အရပ်ပိုရှည်သောလူမှာ တာအိုရသေ့အိုကြီးတစ်ဦး ဖြစ်သည်။ သူ့ဘေးတွင် အသက် ရှစ်နှစ်၊ ကိုးနှစ်အရွယ် ချစ်စရာကလေးမလေးတစ်ဦး ရှိသည်။
” တိမ်တွေဆိုတာ အဆုံးမဲ့သလို ငါတို့အတွေးစတွေဟာလည်း အဆုံးမဲ့တယ်။ လေပြေညင်းလေး တိုက်ခတ်လိုက်တဲ့အချိန်လေးမှာတောင် ဘာအတွက်ကြောင့် စိုးရိမ်ပူပန်နေဦးမှာလဲ ”
တာအိုရသေ့အိုကြီးက ခံစားချက်အပြည့်ဖြင့် သီဆိုလိုက်သည်။
” အာဒိကပ္ပကမ္ဘာ ဖန်ဆင်းပြီး မရှေးမနှောင်းမှာပဲ နဂါး-ဇာမဏီ မဟာစစ်ပွဲကြီး ဖြစ်ပွားခဲ့တယ်။ လက်ဖျောက်တစ်ချက်လေးနဲ့ အချိန်ကုန်လွန်သွားခဲ့လေရဲ့ “
” အမတလမ်းဆီ ဦးတည်နေတဲ့ စံအိမ်တော်ကို မမြင်ရတော့ဘူး။ အထက်ကောင်းကင်ယံက ခမ်းနားထည်ဝါသော တေးသံတွေကိုသာ ကြားရလေတော့တယ် “
” လူသားတွေကို ရယ်မောရင်း နတ်ဘုရားတွေကို ရယ်မောရင်း ၊ ကပ်ဘေးတွေကို ဟန့်တားရင်း …
အတားအဆီးတွေကို ကျော်ဖြတ်၊ အခြားသူတွေကို ဖေးမကူညီရင်း ဒုက္ခမြစ်ကို ဖြတ်သန်းမယ် “
” ဘာအတွက်ကြောင့် မွေးရပ်မြေကို လွမ်းရတာလဲ။ ဘိုးဘေးတွေက အသက်စွန့်ပြီး ငြိမ်းချမ်းရေးကို ရယူပေးခဲ့တယ်လေ “
” လင်းအယ် နားထောင် “
” ဒဏ္ဍာရီတွေအရ ဟိုးရှေးရှေးတုန်းက စုန်းကဝေ-မိစ္ဆာ မဟာစစ်ပွဲကြီးပြီးတော့ လူသားတွေဟာ ကောင်းကင်တာအိုကို ပေါက်မြောက်ခဲ့တယ်။ ချီသန့်စင်ခြင်းအဆင့် ရောက်ထားကြတဲ့ လူသားတွေဟာ ဥတ္တရကုရုမြောက်ကျွန်းအပြင် နေရာအများစုကို တစတစ သိမ်းပိုက်ခဲ့ကြတယ်။ ဆရာတို့က စကြဝဋ္ဌာတိုက်တစ်သောင်းအနှံ့အပြားကို ပျံ့နှံ့သွားခဲ့ပြီး ထောင်ချီတဲ့ပထမဆုံးအစုအဝေးထဲမှာ ဆရာတို့ကို ရှာတွေ့နိုင်တာပေါ့။ ဒါပေမဲ့ ဇမ္ဘူဒီပါလက်ျာတောင်ကျွန်းဆိုတာ လူသားတွေရဲ့ ကံကြမ္မာ တည်ရှိတဲ့နေရာဖြစ်တဲ့အတွက် ဆရာတို့ အဲဒီကို ဝင်လို့မရဘူး ”
” အခု ဆရာတို့ရောက်နေတာက အရှေ့ကျွန်းကြီး။ ဒါက လောကသုံးပါးထဲက အကောင်းဆုံးကျင့်ကြံရာနေရာတွေထဲက တစ်နေရာပဲ “
” လင်းအယ် ၊ ဟိုးရှေ့က နတ်ဝိဇ္ဇာတောင်တွေကို ကြည့်စမ်း။ လှပပြီး မထည်ဝါလွန်းဘူးလား ”
ကလေးမလေးက ရိုရိုကျိုးကျိုး ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းလှလှလေးမှာ ရွှန်းစိုတောက်ပလျက်ရှိ၏။ တက်ကြွသော အပြုံးလေးတစ်ပွင့်က အဆီပိုလေးများပြည့်နေသော သူမ၏ပါးဖောင်းဖောင်းလေးကြားတွင် ဖြစ်ထွန်းလာသည်။
သူမသည် ပါးစပ်ကလေးဖွင့်ကာ ဖြေလိုက်၏။
” ဟုတ် သိပ်ထည်ဝါတာပဲ ”
သူမအသံစာစာကလေးက မွေးကင်းစငှက်ကလေးတစ်ကောင်၏ ကျည်ကျည်ကျာကျာ ပြောနေသံလေးအလား နားဝင်ချိုသော်ငြား မဝံ့မရဲ ဖြစ်နေသည်။
” အလယ်ကျွန်းကြီးအနားက ဝိညာဉ်ကြောတစ်ကြောကို သိမ်းပိုက်ထားနိုင်တာ ဆရာတို့ဂိုဏ်းက ဘယ်လောက် အင်အားကြီးမားတယ်ဆိုတာ သက်သေပြနေတာပဲ ”
တာအိုရသေ့အိုကြီးက မုတ်ဆိတ်မွှေးကို သပ်၍ အားရကျေနပ်စွာ ပြုံးနေသည်။ သူက သူ့ဂိုဏ်းအတွက် ဂုဏ်ယူဟန်ဖြင့် မြင်းမြီးနှင်တံကို ထုတ်၍ ခါလိုက်လေသည်။
ကြာဝတ်ရုံနှင့် ကလေးမလေးက တိုးတိုးလေး မေးသည်။
” ဆရာ ၊ အဲဒါဆို အလယ်ကျွန်းကြီးထဲက ဝိညာဉ်ကြောတစ်ကြောကို ဘာလို့ မသိမ်းပိုက်လိုက်တာလဲဟင် ”
တာအိုရသေ့အိုကြီးမှာ မဖြေတတ်တော့ပေ။ သူက မရယ်ချင့် ရယ်ချင် ရယ်ပြီး ပြောသည်။
” အလယ်ကျွန်းကြီးမှာ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်ကွယ့်။ အလယ်ကျွန်းကြီးထဲက ဝိညာဉ်ကြောတစ်ကြောကို သိမ်းပိုက်လိုက်ရင် နေ့တိုင်းပြဿနာတွေ ရင်ဆိုင်လို့ကို ကုန်မှာမဟုတ်ဘူး။ ဒီနေရာက ပိုပြီး ဆိတ်ငြိမ်အေးချမ်းတယ်၊ လွတ်လပ်တယ် လင်းအယ်ရဲ့ ”
ကလေးမလေးက လက်သေးသေးလေးနှစ်ဖက်ကိုဆုပ်၍ ခေါင်းငုံ့ကာ ပြန်ဖြေသည်။
” ဟုတ် နားထောင်နေပါတယ်”
” ဆရာက လင်းအယ်ကို အမတလမ်းစဉ်ဆီ ခေါ်သွားပေးနေတာ။ အခုကစပြီး လင်းအယ် ကျင့်ကြံခြင်းကို တစိုက်မတ်မတ် အာရုံစိုက်ရမယ်။ အပျင်းထူမနေနဲ့။ အသက်ငယ်ငယ်နဲ့ ကျင့်ကြံတာကို ပေါက်မြောက်အောင်လုပ်ဖို့၊ အမတလမ်းစဉ်ကို လက်ကိုင်ထားပြီး မသေမျိုးဖြစ်လာစေမယ့် လမ်းအတိုင်းလျှောက်ဖို့နဲ့ တာအိုတရားအားထုတ်ရင်း ကိုယ့်ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ပြန်ခံစားရဖို့ ရည်ရွယ်ထားရမယ် ”
ကလေးမလေးသည် ခေါင်းကလေး စောင်းကာ တိုးတိုးလေး မေးလေ၏။
” ဒါပေမဲ့ ဆရာ ….. ဆရာရော နတ်ဝ္ဇိ္ဇာအဖြစ်ကို တက်လှမ်းပြီးပြီလားဟင် ”
တာအိုရသေ့အိုကြီးမှာ ပါးစပ်ကိုအုပ်၍ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ရသည်။
” ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆရာ ကျင့်ကြံရင်း အမှားတချို့ လုပ်ခဲ့မိတယ်။ ဒါပေမဲ့ ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်အတွင်း နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းမှာ ”
” သွားကြစို့ ၊ ဆရာ့နောက်ကနေ မန္တန်အစီအရင်ထဲ လိုက်ခဲ့ “
” ဆရာတို့ဂိုဏ်းရဲ့ နာမည်က တုနတ်ဝိဇ္ဇာဂိုဏ်းဆိုတာ မှတ်ထားနော်။ ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဆရာတို့ဘိုးဘေးကြီးက အနောက်ခွန်းလွန်တောင်ရဲ့ နာမည်ကြီးပုဂ္ဂိုလ် အတုမဲ့တုအယ်ပဲ။ ဆရာတို့ အမွေဆက်ခံထားတဲ့ တာအိုက ကောင်းကင်ချီတာအို။ ရှုပ်ထွေးပေမယ့် နတ်ဝိဇ္ဇာအဖြစ်ကို တက်လှမ်းဖို့ ပြိုင်ဘက်ကင်း ကျင့်စဉ်ပဲ ”
” ပြောသွားတာတွေ မှတ်မိလား။ ဒါက နောင်တစ်ချိန်ကျ ကျင့်ကြံရာမှာ လင်းအယ်ကို လမ်းပြပေးမှာနော်။ မေ့ပစ်လို့မရဘူး ”
” ဟုတ် ။ တစ်ခုမကျန် မှတ်မိပါတယ် ”
ကလေးမလေးက ခေါင်းကို တဆတ်ဆိတ်ညိတ်လိုက်သည်။ တာအိုရသေ့အိုကြီးက မြင်းမြီးနှင်တံကို ခါ၍ အဖြူရောင်တိမ်တိုက်အား အရှေ့ရှိ မန္တန်အစီအရင်ထံသို့ တရွေ့ရွေ့ ချဉ်းကပ်သွားစေလိုက်သည်။ ထို့နောက် လက်ဖဝါးအရွယ် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ပြီး ကိုင်လိုက်၏။
ကျောက်စိမ်းပြားမှ လှပသော အစိမ်းရောင်အလင်းတန်းများ ထုတ်လွှတ်လာစဉ် အက်ကွဲကြောင်းတစ်ကြောင်းက တောင်များအား လွှမ်းခြုံထားသော မန္တန်အစီအရင်အပေါ်တွင် ဖြေးဖြေးချင်း ပေါ်လာသည်။ တာအိုရသေ့အိုကြီးနှင့် ကလေးမလေးသည် တိမ်တိုက်ကို စီးနင်းရင်း မန္တန်အစီအရင်ထဲ ဝင်ရောက်သွား၏။
ဆရာတပည့်နှစ်ယောက် မန္တန်အစီအရင်ထဲ ဝင်ရောက်လိုက်သည်နှင့် ကြိုးကြာဖြူများက တိမ်တိုက်များကို ခွင်းလျက် သူတို့ဆီ ပျံသန်းလာကြသည်။ တာအိုဝတ်ရုံများ သို့မဟုတ် ရောင်စုံဝတ်ရုံများအား ဝတ်ဆင်ထားသော လူငယ်လူရွယ်တချို့က ကြိုးကြာများအပေါ်တွင် ရပ်နေကြလေသည်။ သူတို့သည် လောလောဆယ်တွင် တောင်များကို စစ်ဆေးစောင့်ကြည့်ဖို့အတွက် တာဝန်ရှိသော အတွင်းစည်းဂိုဏ်းသားများဖြစ်ကြ၏။
သူတို့က ရှေ့သို့ ပျံသန်းလာပြီး ဂိုဏ်းတူဦးလေးချီယွမ်ဆိုသော တာအိုရသေ့အိုကြီးကို ဂါရဝပြုကြလေသည်။ ဤကလေးမလေးမှာ တာအိုရသေ့အိုကြီး၏ တပည့်အသစ်ဖြစ်ကြောင်း သိလျှင် သူတို့သည် ကြိုးကြာများကို ကျင်လည်စွာ ထိန်းချုပ်၍ ထွက်ခွာသွားကြလေသည်။
ကလေးမလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင် ထွက်ခွာသွားသော ကြော့ကြော့မော့မော့ ဂိုဏ်းသူနှစ်ဦး၏အရိပ်တို့ဖြင့် တလက်လက် တောက်ပနေသည်။
“ဆရာ ၊ လင်းအယ်ရော ဘယ်အချိန်ကျရင် နတ်ကြိုးကြာတွေစီးရင်း လေထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာလဲဟင် ”
” လင်းအယ်ရဲ့ ရင်ဘတ်ထဲမှာ ရှိတဲ့ ချီငါးသွယ်ကို ကျင့်ကြံနိုင်သွားရင် အဲဒီလို လုပ်နိုင်လိမ့်မယ်”
တာအိုရသေ့အိုကြီးသည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ပြုံး၏။
” လင်းအယ် မြင်နေရတာတွေကို နတ်ကြိုးကြာလို့ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ ဓမ္မတန်ခိုးကနေ ဖြစ်ပေါ်လာတာ။ မလောနဲ့။ ကျင့်ကြံခြင်းက အချိန်ပေးရတယ် “
” ဂိုဏ်းထဲ ဝင်ရောက်ဖို့ လိုအပ်တဲ့ ဟိုဟိုသည်သည်ကိစ္စတွေ မပြီးပြတ်သေးခင် ဆရာ လင်းအယ်ကို ဆရာတို့တောင်ထိပ်ဆီ ခေါ်သွားရလိမ့်မယ် “
” ဆရာရယ် ၊ လင်းအယ်ရယ်ပေါင်းရင် ဆရာတို့တောင်ထိပ်မှာ လူသုံးယောက်ပဲရှိတာ။ အဲဒါတောင် ဂိုဏ်းထဲမှာ တောင်တစ်လုံး အပိုင်စားရသေးတယ်။ ဒါဟာ အင်မတန် ဂုဏ်ယူစရာပဲ ”
ထိုအကြောင်းပြောသောအခါ ချီယွမ်၏ ပါးရေနားရေတွန့်နေသော မျက်နှာတွင် ဂုဏ်ယူမှုများ ထင်ဟပ်နေ၏။
သို့သော် ကလေးမလေးက ‘ တောင်အပိုင်စားရသည် ‘ ကို အာရုံမရှိဘဲ သူမ၏လက်သေးသေးလေးများဖြင့် ရေတွက်နေသည်။
“ လူသုံးယောက်… “
” ဆရာ၊ ဒါပေမဲ့ သမီးတို့ နှစ်ယောက်ပဲ ရှိတာလေ”
“ဪ လာရာလမ်းမှာ လင်းအယ်ကို မပြောပြခဲ့မိဘူးထင်တယ်။ ငါ့ဦးနှောက်ကတော့… “
ချီယွမ်သည် ခေါင်းမော့၍ လွင့်မျောနေသော တိမ်တိုက်များကို ကြည့်လိုက်၏။ ထို့နောက် အမှုမထားသလို ပြောသည်။
” လင်းအယ်မတိုင်ခင်တုန်းက ဆရာ့မှာ တပည့်တစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက သူ့ကို တပည့်အဖြစ် ဆရာခေါ်လာခဲ့တာ။ အခုဆို ဒီကောင်က … အင်း သူ့ဘာသာ ကျင့်ကြံနိုင်တဲ့ ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီပေါ့ “
” အဲဒါပဲ … ဟဲဟဲ…”
ကလေးမလေးက ခြေဖျားထောက်လိုက်သည်။
” ဆရာ၊ ဆရာ့ရယ်သံကြီးက ထူးဆန်းလိုက်တာ ”
” လင်းအယ်လေး မှတ်ထားနော် …”
ချီယွမ်သည် စကြဝဠာတိုက်တစ်သောင်းမှ ယခုလေးတင် ခေါ်လာခဲ့သော အဖိုးတန် တပည့်မလေးကို အလွန်လေးနက်သည့်မျက်နှာဖြင့် ငုံ့ကြည့်လိုက်၏။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက “ လေးနက်တည်ကြည်သည် “ ဟူသော စာသားကို ဖော်ဆောင်နေသည်။
ကလေးမလေးသည် ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် ထူးခြားသော အထုံပါရမီပါပြီး အတော်လေး ဉာဏ်ကောင်း၏။ ငယ်ငယ်ကတည်းက ကျင့်ဝတ်ထုံးတမ်းများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့၍ အရိပ်သုံးပါး နားလည်သည်။ ဆရာဖြစ်သူ မည်မျှတည်ကြည်လေးနက်လာသည်ကို မြင်လျှင် ကလေးမလေးက အာရုံစိုက်ပြီး နားထောင်နေ၏။
တာအိုရသေ့အိုကြီးသည် လေလျော့သွားသော ပူဖောင်းကြီး သဖွယ် ရုတ်ချည်း သက်ပြင်းမျှင်းမျှင်းချပြီးနောက် တိုးတိုးညင်းညင်း ပြောသည်။
” လင်းအယ်လေးရဲ့ ဆရာတူအစ်ကိုကြီးက ကျင့်ကြံရာမှာ ပြဿနာနည်းနည်း ကြုံတွေ့ခဲ့ရတယ်။ တချိန်လုံး တောင်စဉ်ရေမရ လျှောက်ပြောနေတတ်ပြီးတော့ ပုံမှန်မဟုတ်တဲ့ ပေါက်ကရအတွေးတွေ လျှောက်တွေးနေတာ “
” ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သူ့ကို အကူအညီ တောင်းလို့ ရပေမယ့် သူ့ဒဿနတွေကို နားမယောင်မှဖြစ်မယ် “
” ဆရာ လင်းအယ်ကို ဘယ်လိုပြုမူနေထိုင်ရမလဲ သင်ကြားပေးမှာပါ ”
ကလေးမလေးမှာတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ဆရာပြောသွားသည်ကို အမှန်တကယ် နားမလည်သော်လည်း ခေါင်းညိတ်ပြီး နာနာခံခံ ပြန်ဖြေလိုက်သည်။
” ဟုတ်ကဲ့ ဆရာပြောတဲ့အတိုင်း လိုက်နာပါ့မယ်”
တာအိုရသေ့အိုကြီးမှာ ထိုစကားကြားမှ ဟင်းခနဲ သက်ပြင်းချနိုင်သည်။ သူသည် ကိုင်ထားသော မြင်းမြီးနှင်တံကို အရှေ့သို့ ညွှန်ကာ ခါလိုက်၏။
“ဟိုမှာကြည့်။ အဲဒါ ဆရာတို့ရဲ့ ချုံတောင်လေးပဲ”
မြင်းမြီးနှင်တံ၏ အမြီးညွှန်ရာအတိုင်း ကြည့်လျှင် တောင်မြင့်ကြီးများကြားမှ ခြောက်ကပ်ကပ် တောင်ပုလေးတစ်လုံးကို မြင်ရပေမည်။
ဂိုဏ်းအတွင်းရှိ ကျန်နေရာများအားလုံးက တောင်ထိပ်ပေါ်ရှိ စေတီပုထိုးများနှင့် မိုးထိအောင် မြင့်မားသော အမိုးအစွန်းများအလား သို့မဟုတ် တောအုပ်လေးထဲက ပန်းချီကားချပ်များသဖွယ် ဖြစ်နေစဉ် ထိုတောင်ပုလေးမှာတော့ မသားမနားဖြင့် ရိုးရှင်းလွန်းနေသည်။ များသောအားဖြင့် မည်သူမှ သွားလေ့သွားထ မရှိသော နေရာနှင့်တူသည်။
အဖိုးတန်သားရဲများစွာသည် ထူထဲသော ချုံပုတ်များအကြား ကျက်စားသွားလာနေကြ၏။ အဆောက်အအုံဆို၍ တောင်ခါးပန်းမှ ရေကန်လေးဘေးရှိ ကောက်ရိုးတဲလေးနှစ်လုံးသာရှိပြီး အနှီကောက်ရိုးတဲလေးများဘေးတွင် ပရဆေးပင်ဥယျာဉ်အနည်းငယ်ရှိသည်။
တာအိုရသေ့အိုကြီးကတော့ သူ့တောင်ကိုသူ အလွန်ကျေနပ်နေဟန်တူသည်။ သူသည် တိမ်တိုက်ကို စေစားကာ ကလေးမလေးနှင့်အတူ တောင်ခါးပန်း၌ ဆင်းသက်၍ သာမန်မန္တန်အစီအရင်တစ်ခုကို ဖြတ်သွားလိုက်၏။
ဤမန္တန်အစီအရင်မှာ အထဲ၌ ဖြစ်ပျက်နေသောအရာများကို အပြင်လူများ မသိရအောင်သာ ကာကွယ်ပေးနိုင်သည်။ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တားမြစ်ချက်များကြောင့် တောင်များကို လွှမ်းခြုံထားသော ဧရာမမန္တန်အစီအရင်ကြီး၏အတွင်းဝယ် တောင်နောက်ရှိ တားမြစ်နေရာမှ မန္တန်အစီအရင်သာ ခုခံကာကွယ်မှုများ လုပ်ဆောင်ပေးနိုင်လေသည်။
သူတို့ တဲအရှေ့သို့ ဆင်းလိုက်သည့်အခါ တိမ်ဖြူတစ်ဆုပ်က အလိုလိုလွင့်ပျယ်သွား၏။
ကလေးမလေး၏ အဝတ်ဖိနပ်လေးက မနက်ခင်းနှင်းစက်များ ရွှဲနေဆဲဖြစ်သော တိုစိစိမြက်ပင်များအပေါ် နင်းလိုက်သည်။ မြက်တိုတိုလေးများ ညွှတ်ပျောင်းသွား၏။ တိုက်ခတ်လာသော လေပြေထဲတွင် ပေါင်းမြက်သစ်ပင်တို့၏ ရနံ့များ သင်းပျံ့နေသည်။ လှပသော ကန်ရေပြင်နှင့် ရှူခင်းများထဲတွင် နစ်မျောသွားမိပြီး သူမ၏ အိအိစက်စက် ပန်းရောင်နှုတ်ခမ်းလွှာလေးကြားမှ ပင့်သက်ရှိုက်သံလေး ထွက်ကျလာသည်။
မနက်ခင်းနေရောင်ခြည်တို့က တောင်အပေါ် ဖြာကျနေရာ ကန်သေးသေးလေး၏ မျက်နှာပြင်မှာ တလက်လက် တောက်ပလျက်ရှိ၏။
ကန်ထဲမှ ဝိညာဉ်ငါးတချို့ ရေပြင်ထက်သို့ ခုန်တက်လိုက်သည့်အခါ ဖန်သားသဖွယ် ကြည်လဲ့နေသော ရေစက်လေးများက အဖော်သဟဲလိုက်ပါလာကြသည်။ ငါးများမှာ အသစ်ရောက်ရှိလာသော ကျင့်ကြံသူပေါက်စလေးကို ကြိုဆိုနေသယောင်ပင်။
တာအိုရသေ့အိုကြီးက တပည့်မလေး၏အမူအရာကို ကြည့်၍ ပြုံးလိုက်သည်။ သူက အသံကို မြှင့်ကာ ပြောလေသည်။
” ချန်ရှို့ ၊ ဆရာတူညီမလေးကို တွေ့ဖို့ ဘာလို့မလာသေးတာလဲကွ ”
ကလေးမလေးက တံခါးပိတ်ထားသော တဲကို အလိုလိုကြည့်မိကာ နှလုံးအိမ်ထဲတွင် မျှော်လင့်ချက်များ ပေါက်ဖွားလာ၏။
သူမ၏ဆရာတူအစ်ကိုကြီးသည် နတ်ဝိဇ္ဇာဂိုဏ်းတွင် ကျင့်ကြံနေခဲ့သူဖြစ်၍ မုချ ဉာဏ်ပညာကြီးမားကာ သူရဲကောင်းဆန်ပြီး ချောမောခန့်ညားပေလိမ့်မည်။ ငယ်ငယ်က နားထောင်ခဲ့ရသော ဒဏ္ဍာရီလာဇာတ်လမ်းများမှ မိစ္ဆာများကို နှိမ်နင်းသော သူရဲကောင်းကြီးများနှင့် ဧကန် တူလိမ့်မည်။
သို့ရာတွင် တဲထဲမှ အသံတစ်သံမှ မကြားရဘဲ ငြိမ်ချက်သားကောင်းနေ၏။
တာအိုရသေ့အိုကြီးက အော်လိုက်ပြန်သည်။
” ချန်ရှို့ … တဲထဲ ဘာလို့ပုန်းနေတာလဲ။ ရှက်လို့လား ”
တာအိုရသေ့အိုကြီးသည် တစ်ယောက်တည်း ပွစိပွစိပြောရင်း ကလေးမလေးအား တဲဆီသို့ ဆွဲခေါ်လာ၏။
“ထူးဆန်းတယ်။ အခန်းထဲမှာ သူ့အငွေအသက် ရှိနေသေးတာကို ငါ အာရုံရလိုက်ပါတယ် ”
သူက သစ်သားတံခါးနှစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ ထူးဆန်းသောဆေးနံ့က သူ့မျက်နှာကို တိုးဝှေ့သွား၏။ တာအိုရသေ့အိုကြီးက မျက်လုံးများကို ကစားလိုက်ရာ သူ အာရုံရခဲ့သော အရှိန်အဝါ၏ ဇစ်မြစ်ကို မြင်လိုက်ရလေသည်။ ယင်းက သစ်သားခုတင်ပေါ်တွင် တင်ထားသော စက္ကူရုပ်လေး တစ်ရုပ်ထံမှ ဖြစ်ပေသည်။
” ဟမ် ”
တာအိုရသေ့အိုကြီးနှင့် ကလေးမလေးမှာ ရှေ့နောက် ယိမ်းထိုးစပြုလာသည်။ တာအိုရသေ့အိုကြီး၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ သူက ကလေးမလေးကို ဆွဲ၍ ကပျာကယာ ထွက်ပြေးသွားကာ မချုပ်တည်းထားနိုင်တော့ဘဲ အကျယ်ကြီး အော်ဟစ်ဆဲဆိုလိုက်သည်။
” သွားပြီ။ အဲဒါ ချန်ရှို့ ဖော်စပ်ထားတဲ့ အားအင်မဲ့နတ်ဆေးပဲ ”
ကလေးမလေးမှာ စကြဝဠာတစ်ခုလုံး လည်နေသည့်အလား ခံစားနေရသည်။ ဆရာက ဆွဲထားသော်လည်း ဘေးတစ်ဖက်သို့ ချက်ချင်း လဲကျစပြုနေပြီ ဖြစ်သည်။
ဗွမ်း
“ ရေသံပါလား “
လဲကျနေစဉ် ကလေးမလေးသည် ဗွမ်းခနဲ အသံကြားလိုက်ရာဘက်သို့ လှမ်းကြည့်မိလိုက်၏။
ကန်ရေပြင်ထက်တွင် ကျစ်ကျစ်လစ်လစ် လူရိပ်က ကောင်းကင်ကို လက်လှမ်းနေသယောင်ပင်။ သူက အနက်ရောင်ဘောင်းဘီကိုသာ ဝတ်ထား၏။ နေရောင်အောက်တွင် သူ၏ကျစ်လျစ်တောင့်တင်းသော ကြွက်သားအဖုအထစ်များက အရောင်လဲ့နေသည်။ သူ လှုပ်ရှားလိုက်သည့်အခါ သူ၏ရေစိုနေသော ဆံပင်များ၏လှုပ်ရှားရာအတိုင်း တလက်လက် တောက်ပနေသော ရေစီးကြောင်းနှစ်ကြောင်းက ဒွန်တွဲလိုက်ပါလာသည်။
နေရောင်ခြည်ကျရောက်မှုက သင့်တင့်မျှတသည်။ လူငယ်လေး၏ အလွန် ချောမောသော မျက်နှာက ကလေးမလေး၏မျက်ဝန်းများအရှေ့ ပေါ်လာသောအခါ ကလေးမလေး၏ မျက်နှာလေး ရုတ်ခြည်း နီမြန်းသွား၏။
သို့သော် သူမက မကျင့်ကြံရသေးသည်ဖြစ်၍ ဆေးအာနိသင်ကို တောင့်မခံနိုင်ရှာပေ။ မြေကြီးပေါ် လဲမကျခင်မှာပင် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေပြီ။ သူမ၏မျက်နှာလေးမှာတော့ နီမြန်းနေဆဲပင်။
သူမ မျှော်လင့်ထားသည့်အတိုင်း သူမ၏စိတ်ကူးအိပ်မက်များထဲက ရဲစွမ်းသတ္တိရှိသော ဆရာတူအစ်ကိုကြီးပါပေ။
***
Good
စာမမှနျတာ တှေအမြားကွီးပဲ
ပြင်ထားလိုက်ပါပြီ နောက်လဲစာမမှန်တာတွေတွေ့ရင် ပြောပေးပါ