ရွှေရောင်သော့ခလောက်က ပျက်စီးသွားသည့်အခါ ရွှေရောင်အလင်းသည်လည်း လွင့်ပါးလို့ သွား၏။မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီးနောက် ရွှေရောင်အရည်စပ် တစ်စပ်သည် ဝမ်လင်း၏လက်ပေါ်တွင် ကျန်ရှိသွားသည်။
ဝမ်လင်းက ရွှေရောင်သော့ခလောက် ရတနာ၏ အတွင်းရှိ ရွှေရောင်အရည်စက်ကို မပျက်စီးအောင် ထိန်းချုပ်၍ ယင်းသော့ခလောက်ကို ဖျက်စီးချေမွလိုက်ခြင်းပင်။၎င်းသော့ခလောက် ရတနာ၏ အရင်ပိုင်ရှင်ကသာ ထိုအဖြစ်ကို မြင်တွေ့ခဲ့ပါက ထိုသူသည် လေအေးတစ်ချက်ရှိုက်သွင်းကာ ရင်နာစွာ ခံစားမိပေလိမ့်မည်။
သော့ခလောက်၏ မူလပိုင်ရှင် ဖြစ်သူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်သည် ၎င်းရတနာကို မကြာခဏ အသုံးပြုခဲ့ပေသည်။သူသာဆိုလျှင် ဝမ်လင်းကဲ့သို့ ၎င်းရတနာကို ချေမွပစ်ရန် စိတ်ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။
ယင်းတမန်တော်က သော့ခလောက်ရတနာ၏ အတွင်းထဲ၌ ရတနာ၏ စွမ်းရည်ကို ထောက်ပံ့ပေးသော တစ်စုံတစ်ခု ရှိနေသည်ကို သိခဲ့သော်လည်း ရတနာကို ချိုးဖျက်ချေမွ၍ ကြည့်ရှုရန် သတ္တိမရှိခဲ့ပေ။
အမှန်တော့ သူသာမဟုတ် အခြား ပုံရိပ်ယောင်ယင် သို့မဟုတ် အထည်ဒြပ်ယန်အဆင့်တွင် ရှိနေသော မည်သည့်ကျင့်ကြံသူမဆို ဝမ်လင်း၏ လုပ်ရပ်ကို တွေ့မြင်ပါက သူတို့၏နှလုံးသားများသည် နာကျင်ကြပေလိမ့်မည်သာ။
တကယ်တော့ ရတနာတစ်ခုကို ချိုးဖျက်ခြင်းက ထိုရတနာ၏ တန်ဖိုး လုံးဝကင်းမဲ့သွားခြင်း သို့မဟုတ် မူလရတနာ၏ တန်ဖိုးများစွာ ရုတ်လျော့သွားခြင်း ဖြစ်နိုင်သည့်အတွက် ထိုသို့သော လုပ်ဆောင်မှုသည် ရူးသွပ်သည်ဟုပင် ဆိုနိုင်ပေသည်။
ပထမအဆင့်ရှိ ကျင့်ကြံသူများအဖို့တော့ ဝမ်လင်း၏ လုပ်ဆောင်ချက်ကို တွေ့မြင်ပါက သူတို့သည် နာကျင်ရရုံမကဘဲ အလွန့်အလွန် တုန်လှုပ်သွားမိကြပေလိမ့်မည်။
ယခု သော့ခလောက်လို ရတနာမျိုးကသာ လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ပေါ်ပေါက်ခဲ့ပါက မုချမုန်တိုင်းထန်လိမ့်မည် ဖြစ်၏။ကျူးချွဲဇီပင် ယင်းရတနာအတွက် ယှဉ်ပြိုင်ပါဝင်ပေလိမ့်မည်။
သို့သော် နှစ်ပေါင်းတစ်ထောင်ခန့် ကျင့်ကြံပြီးသည့်နောက် ဝမ်လင်းသည် ယခုလိုမျိုး ရတနာတစ်ခုကို ချိုးဖျက်၍ အတွင်းထဲရှိ မန္တာန်ကိုကြည့်ရှုရန် ဝန်မလေးသည့် အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်လော။
နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံပြီးသည့်နောက် သူ့ကျင့်ကြံမှုအဆင့်သာ မက သူ့အသိအမြင်သာ တိုးတက်လာခဲ့ပေသည်။ရတနာတော်တော်များများက ဝမ်လင်း၏မျက်လုံးကို ဖမ်းစားနိုင်ခြင်း မရှိတော့ပေ။သူ့သို့လှောင်အိတ်ထဲ၌ အားနည်းသည့် ရတနာတစ်ခုမှ ရှိမနေပေ။ထိုရတနာများသည်လည်း နှစ်ပေါင်းတစ်ထောင် သူ့ကျင့်ကြံမှုနှင့်အတူ အလိုက်သင့် တိုးတက်လာခဲ့ခြင်းကြောင့်ပင် ဖြစ်လေ၏။
ရွှေရောင်သော့ခလောက်ရတနာသည် မည်သို့ပင်အားနည်းပါစေဦး အနည်းဆုံးတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက် ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံရတနာတစ်ခု မဟုတ်လော။သို့သော် ဝမ်လင်းက ယင်းသို့ ရတနာကိုပင် ချွေမွဖျက်စီးခဲ့ပေသည်။ထိုလုပ်ရပ်အတွက်လည်း သူ့ စိတ်နှလုံးက နာကျင်ရခြင်း မရှိပေ။
သူ့လက်ကြားထဲရှိ ရွှေရောင်အရည်စက်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏ မျက်လုံးများသည် လွန်စွာ တောက်ပလာခဲ့သည်။ထို့နောက် ရုတ်တရက် သူ့မျက်ခုံးနှစ်ခုကြားထဲကနေ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ကာ တတိယမျက်လုံး ပေါ်လာခဲ့ချေ၏။အနီရောင်အလင်းတစ်ခုသည် ဖြန့်ကားထွက်လာကာ ၎င်းရွှေရောင်အရည်ကို ဝန်းရံလို့သွားသည်။
တတိယမျက်လုံး၏ အကြည့်အောက်၌ ရွှေရောင်အရည်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့ကာ ၎င်း၏ မူလအဖြစ်သို့ စတင်ပြန်ပြောင်းလာသည်။ခဏတာအကြာတွင် ဝမ်လင်း၏ တတိယမျက်လုံးသည် မှိန်ဖျော့လို့ သွား၏။ထို့အတူ ရွှေရောင်အရည်သည်လည်း ထက်ဝက်ခန့် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“တတိယမျက်လုံးရဲ့ အောက်မှာ ဒီအရည်က ခုလောက်ထိ ကြာကြာတောင့်ခံနိုင်တာ ထူးဆန်းနေတယ်…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည်လည်း တတိယမျက်လုံးထံသို့ အတောမသပ်နိုင်အောင် မြင့်တက်လာခဲ့တော့သည်။ထိုအခါ တတိယမျက်လုံး၏ အနီရောင်အလင်းသည် ချက်ခြင်း ပြန်သိပ်သည်းလာခဲ့တော့သည်။
ရွှေရောင်အရည်၏ ပျောက်ကွယ်နေမှုကလည်း စတင်၍ မြန်ဆန်လာခဲ့သည်။ခဏတာအကြာတွင် ဝမ်လင်း၏မန္တာန်ကြောင့် ရွှေရောင်အရည်သည် ပျောက်ကွယ်သွားကာ မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ထိုအမျှင်တန်းများက တစ်ခုနှင့်တစ်ခု ရောထွေးယှက်တင်ကာ ရှုပ်ထွေးသော ရွှေရောင်စာလုံးတစ်ခု ဖြစ်လာသည်။
၎င်းစာလုံးက အသက်ရှုသုံးကြိမ်ခန့် ကြာမြင့်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ဝမ်လင်း၏ လက်ထဲ၌ မည်သည့်အရာမှ ကျန်နေခဲ့ခြင်း မရှိတော့ပေ။
“စာလုံး…” ဝမ်လင်းသည် စဉ်းစားလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူလိုက်၏။သည့်နောက် သူ့လက်ကို စတင်လှုပ်ရှားကာ ရေးဆွဲလိုက်သည်။
ခဏကြာမြင့်ပြီးနောက် ဝမ်လင်းရှေ့၌ စာလုံး တစ်ခု ပေါ်လာခဲ့တော့သည်။ ထိုစာလုံးသည် စောနက ရွှေရောင်အမျှင်တန်းများကနေ ဖြစ်ပေါ်ခဲ့သော စာလုံးနှင့် ချွတ်ဆွတ်တူနေသည်။ဝမ်လင်း၏မျက်လုံးက ထိုစာလုံးကို ကြည့်နေရင်း တလက်လက် ဖြစ်လို့နေ၏။ ယင်းစာလုံးထံကနေ မည်သည့်အော်ရာမှ ထွက်ပေါ်လာခြင်း မရှိသလို ၎င်းနှင့်ပတ်သတ်၍လည်း ထူးထူးခြားခြား တစ်ခုမျှ ရှိမနေပေ။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သို့သော် သူက ထိုစာလုံးကို စူးစိုက်ကြည့်နေရင်း သူ့အသွင်က ပြောင်းလဲသွားခဲ့၏။ခဏတာကြာမြင့်ပြီးနောက် သူက မျက်လုံးမှိတ်လိုက်သည်။ထို့နောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။သူ့မျက်လုံးထဲ၌ တုန်လှုပ်အံ့အားသင့်မှု အရိပ်အယောင်တို့ ရှိလို့နေသည်။
“ငါ့နတ်ဘုရားအာရုံက ဒါကို မထောက်လှမ်းနိုင်ဘူးပဲ…” ဝမ်လင်းက ပြတ်သားစွာဖြင့် သူ့ဘယ်လက်ကို မြှောက်ကာ ထိုစာလုံးထံသို့ လက်ညွှန်လိုက်သည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ စာလုံးသည် လေထဲသို့ ပျံတက်သွားကာ ကောင်းကင်ထက်၌ လှည့်ပတ်နေသော ခြင်သားရဲထံသို့ ရောက်ရှိသွားတော့သည်။
ထိုအခါ မြူးထူးစွာ လှည့်ပတ် ပျံသန်းနေသော ခြင်သားရဲ၏ အမွှေးများသည် ထောင်မတ်သွားကာ သူက ၎င်းစာလုံးကို ရှောင်ရန် ပြင်လိုက်၏။ သို့ရာတွင် ဝမ်လင်း၏ နတ်ဘုရားအာရုံဖြင့် နှစ်သိမ့်မှုကြောင့် ခြင်သားရဲက ခဏတာ တုံ့ဆိုင်းသွားကာ မလှုပ်ရှားတော့ဘဲ သူ့ထံသို့ မြန်ဆန်စွာ တိုးဝင်လာနေသော စာလုံးကိုသာ စူးစိုက်ကြည့်နေတော့၏။
စာလုံးသည် ဖျပ်ခနဲ ခြင်သားရဲအပေါ်သို့ ခပ်နှိပ်လို့သွားသည်။၎င်းစာလုံးက ချက်ခြင်းပင် ရွှေရောင်အရည်အဖြစ်သို့ ပြောင်းလဲပြီး ခြင်သားရဲကို ချက်ခြင်း လွှမ်းခြုံသွားသည်။ခြင်သားရဲက ရုန်းကန်လိုက်ရာ ခဏတာကြာမြင့်ပြီးနောက်မှ ရွှေရောင်အရည်၏ ဝန်းရံမှုကို ချိုးဖျက်နိုင်သွားသည်။ခြင်သားရဲက ဝမ်လင်းကို တစ်ခုခုမှားနေသကဲ့သို့ ကြည့်၍ ဟစ်ကြွေးအော်ဟစ်လိုက်၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ကောင်းကင်ဘုံစုတ်တံကို အသုံးပြုသည့်အခါ၌ သူ့မူလစွမ်းအင်၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်းသာ ဖြစ်သော်လည်း စာလုံးက သန်မာအားကောင်းနေဆဲပင်။သူကသာ သူ့စွမ်းအားအကုန်သုံး၍ ယင်းစာလုံးကို ဖန်တီးခဲ့ပါက ၎င်း၏စွမ်းအားသည် ကျိန်းသေပေါက် တိုးလာမည်သာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို ပြန်သိမ်းဆည်းလိုက်၏။
“အနည်းငယ် စဉ်းစားပြီးနောက် သူက အမှန်တရားကို ရှာတွေ့နိုင်ခဲ့လေပြီ။ ဒီသော့ခလောက် ရတနာရဲ့ အစစ်အမှန်စွမ်းအားက ဒီစာလုံးပဲ။ဒါက ရတနာအတွင်းထဲမှာ ရှိနေတုန်းက ၎င်းရဲ့ စွမ်းအားအပြည့်အဝကို မပြသနိုင်ခဲ့ဘူး။ဒါပေမဲ့လည်း ကောင်းကင်ဘုံစုတ်တံနဲ့ ဆိုရင် ဒီရတနာရဲ့စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်နိုင်လိမ့်မယ်…”
ဝမ်လင်းကဲ့သို့ တတိယမျက်လုံးလို မန္တာန်မျိုးဖြင့် ထိုရတနာ၏ မူလကို တွေ့မြင်နိုင်ခြင်းမရှိသော အခြားတစ်ယောက်ယောက်သာ ဖြစ်ခဲ့ပါက ရွှေရောင်သော့ခလောက် ကို ချေမွ၍ ရွှေရောင်အရည်ကို ထုတ်ယူနိုင်လျှင်ပင် ထိုသူတို့အတွက် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ဒါက ငါ့အတွက် ရတနာတစ်ခုကနေ ဒီလိုမျိုးရတာ ပထမဆုံးပဲ။ဒီရတနာရဲ့ လုပ်ဆောင်မှုက ချိပ်ပိတ်မှုတစ်ခုနဲ့ တူတယ်ဆိုတော့ ငါက ဒါကို ချိပ်ပိတ်စာလုံးလို့ နာမည်ပေးလိုက်မယ်…”
ဝမ်လင်းက သူ့လက်ကို မြှောက်ကာ စုတ်တံဖြင့် ထိုစာလုံးကို အကြိမ်အနည်းငယ် ထပ်မံ ရေးဆွဲကာ စိတ်ဆွဲအောင် မှတ်သားထားလိုက်သည်။ထို့နောက် သူက ရုတ်တရက် အတွေးတစ်ချက် ရလိုက်၏။
“ချိပ်ပိတ်စာလုံးက ရတနာတစ်ခုကနေ ထုတ်ယူနိုင်မှတော့ ဒါကို နောက်ထပ်ရတနာတစ်ခုထဲကို ပြန်ထည့်သွင်းပြီး ရတနာရဲ့စွမ်းအားကို တိုးမြှင့်အောင် လုပ်နိုင်သင့်တယ်…”
ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာကာ သူ့စိတ်နှလုံးသည် တစ်ချက် ခုန်ပေါက်သွားသည်။
“ငါ့ရဲ့ ရတနာလက်နက် အများစုက ပြင်ပကနေ ရတာ များပြီး ငါကိုယ်တိုင် သန့်စင်ထားတဲ့ဟာဆိုတာ ရှိခဲလှတယ်…” ဝမ်လင်းက ပါးစပ်ဟကာ သဲမှုန့်တစ်ခုကို ထွေးထုတ်လိုက်ရာ ယင်းသဲမှုန့်က ချက်ခြင်းလိုလို အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အစိတ်အပိုင်းမြေတံဆိပ်တုံးကို စူးစိုက်ကြည့်နေရင်းဖြင့် ဝမ်လင်းမျက်လုံးထဲရှိ ထူးဆန်းသောအလင်းသည် ပို၍ပင် အားကားလာခဲ့သည်။
“ဒီအစိတ်အပိုင်းမြေတံဆိပ်တုံးက မူလတုန်းက ကောင်းကင်ဘုံနယ်မြေတစ်ခု ဖြစ်ခဲ့ပြီး နတ်ဘုရားပြစ်ဒဏ်မိုးကြိုးရဲ့ သန့်စင်ခြင်း ခံခဲ့ရတာ ဖြစ်တဲ့အတွက် မာကြောမှုက အထွတ်အထိပ်ပဲ။ဒါပေမဲ့လည်း ဒီရတနာတံဆိပ်တုံးက ပြီးပြည့်စုံခြင်းမရှိသေးဘူး။ ဒီဟာနဲ့ တိုက်ခိုက်တဲ့အခါကျရင် ဒီတံဆိပ်တုံးက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ချုပ်နှောင်တာ ဖြစ်တယ်။တကယ်တော့ ဒါက အားကောင်းလှခြင်း မရှိသေးဘူး။ဒီတံဆိပ်တုံးက ခြောက်သွေ့တာအိုတစ်စုံကို မယှဉ်နိုင်သလို တတိယမြောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားရဲ့ ကိုလည်း လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို နောက်တစ်ကြိမ်ထုတ်၍ စာလုံး ရေးဆွဲလိုက်သည်။
“ခုငါ ဒီတံဆိပ်တုံးကို မန္တာန်တစ်ခု ထည့်ပေါင်းမယ်…ချိပ်ပိတ်ခြင်းမန္တာန်…” ဝမ်လင်း၏ ညာလက်သည် ရုတ်တရက် လှုပ်ရှားသွားပြီးနောက် ပေါ်ထွက်လာသော စာလုံးသည် အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ပျံဝဲသွားကာ ၎င်းနှင့်ပေါင်းစပ်လို့သွား၏။
ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက လေထဲသို့ ပျံတက်ကာ ဆက်လက်၍ စာလုံးများကို ရေးဆွဲသည်။ချိပ်ပိတ်စာလုံးများသည် တစ်ခုပြီးတစ်ခု အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ကျရောက်ကုန်သည်။
ဝမ်လင်းက ပို၍ပို၍ မြန်ဆန်လာခဲ့၏။ဝမ်လင်းသည် ချိပ်ပိတ်စာလုံးကို ဖန်တီးရာ၌ ပို၍ ချောမွတ်ကျွန်းကျင်လာခဲ့ခြင်းနှင့်အတူ စုတ်ချက်တစ်ချက် စာလုံးဆယ့်နှစ်လုံးနှုန်း ရေးဆွဲလာနိုင်ခဲ့ပေသည်။သူရေးဆွဲလိုက်သော ချိပ်ပိတ်စာလုံးများအားလုံးက အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ကျရောက်ကုန်ကြသည်။
ဝမ်လင်းက ယခုဖြစ်စဉ်အတွင်း မောပန်းသည်ဟု မခံစားရသလို သူက အနည်းငယ်ပင် ရပ်တန့်ခြင်း မပြုပေ။
ဝမ်လင်းသည် အချိန်မည်မျှကြာသွားမှန်းမသိ ချိပ်ပိတ်စာလုံးများကို အစိတ်အပိုင်းမြေပေါ်သို့ ကျရောက်စေနေ၏။အချိန်ကြာလာသည်နှင့်အမျှ အစိတ်အပိုင်းမြေတံဆိပ်တုံးထံကနေ ရွှေရောင်ခပ်ဖျော့ဖျော့ ပေးစွမ်းလာခဲ့၏။သို့သော် ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ချိပ်ပိတ်စာလုံးများကို အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ တစ်ခုပြီးတစ်ခု ဆက်လက် နေရာ ချလို့နေသည်။
သုံးရက်ခန့်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မြေပေါ်သို့ ပြန်ဆင်းသက်ကာ ချက်ခြင်း စတင်ကျင့်ကြံ၏။သူ့မျက်နှာကလည်း အနည်းငယ် ဖြူရောနေသည်။သည်သုံးရက်တာအတွင်း သူက မူလစွမ်းအင်များကို အဆက်မပြတ် သုံးစွဲခဲ့ပြီး ဖြစ်၏။သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် အကန့်အသတ်သို့ ရောက်လာခဲ့ရလေ၏။
ပေတစ်ထောင်ခန့် ရှိသော အစိတ်အပိုင်းမြေသည် ပေရှစ်ရာခန့်သို့ ကျုံ့သွားခဲ့လေပြီ။၎င်းက ရွှေရောင်အလင်းကို ပေးစွမ်းနေဆဲ ဖြစ်သော်လည်း ခုချိန်၌ အနည်းငယ် ပို၍ တောက်ပလာခဲ့ပြီ ဖြစ်သည်။
နာရီအတော်အတန် အနားယူပြီးသည့်နောက် ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်၏။သူ့ခန္ဓာကိုယ်က စတင်လှုပ်ရှားလာပြီးနောက် ချိပ်ပိတ်စာလုံးများကို ထပ်မံ၍ ရေးဆွဲပြန်သည်။
အချိန်ကုန်လာသည်နှင့်အမျှ ဝမ်လင်းသည်လည်း ခုနစ်ကြိမ်တိတိ အနားယူခဲ့ရပြီး ဖြစ်သည်။ ပေတစ်ထောင် အစိတ်အပိုင်းမြေတံဆိပ်တုံးသည်လည်း ပေငါးရာမှသည် ပေလေးရာ၊ ပေသုံးရာကနေ ပေတစ်ရာအထိ ကျုံ့လာခဲ့တော့၏။
၎င်းတံဆိပ်တုံးထံမှ ပေးစွမ်းနေသော ရွှေရောင်အလင်းသည်လည်း ပို၍ စူးရှလာခဲ့လေ၏။အကွာအဝေးတစ်ခုမှ ကြည့်ပါက ယင်း အစိတ်အပိုင်းမြေတံဆိပ်တုံးသည် တောက်တောက်ပပ အလင်းဓာတ်ကို ပေးစွမ်းနေသော ရွှေရောင်နေတစ်စင်းအလားပင်။
သူက ရတနာကို ကြည့်နေရင်း ဝမ်လင်း၏ ဖျော့တော့သောအသွင်သည် ချက်ခြင်းလိုလို ပျောက်ကွယ်လို့သွားတော့၏။သူက အသက်ဝဝရှုသွင်းလိုက်သည်။ဝမ်လင်း၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေတော့သည်။ခဏတာ အနားယူပြီးသည့်နောက် ဝမ်လင်းက နောက်တစ်ကြိမ် လေထဲသို့ ပျံတက်လာပြန်သည်။သည်တစ်ကြိမ်၌ သူက ငါးရက်တိုင်တိုင် သန့်စင်မွန်းမံလေ၏။
ငါးရက်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မြေပြင်သို့ ပြန်ဆင်းလာ၏။သူ့မျက်နှာက လုံးဝ ဖြူရောနေကာ ခြေလှမ်းများပင် မမှန်တော့ပေ။သို့သော်လည်း သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
“ဒီနေ့က စပြီး ဒီရတနာဟာ ငါကိုယ်တိုင်သန့်စင်ထားတဲ့ ရတနာ ဖြစ်သွားပြီ။ငါက ဒီရတနာကို ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးလို့ နာမည်ပေးမယ်…” ဝမ်လင်း၏အသံသည် ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေတော့သည်။သူ့ရှေ့တွင်မူ သုံးလက်မခန့်ရှိသော တလက်လက်တောက်ပနေသည့် တံဆိပ်တုံးတစ်ခု ရှိလို့နေ၏။သာမန်သေမျိုးတစ်ယောက်ကသာ ထိုတံဆိပ်တုံးကို ကြည့်မိပါက စူးရှသော တံဆိပ်တုံးထံမှရွှေရောင်အလင်းသည် ထိုသူ၏ မျက်လုံးကို ထွင်းဖောက်ကာ စိတ်ဓာတ်ကို ဖျက်စီးသွားမည် ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ပင် မရေမတွက်နိုင်သောအပ်များနှင့် ထိုးဆွသကဲ့သို့ ခံစားသွားရမည် ဖြစ်၏။ပိုမိုကောင်းမွန်သော ကျင့်ကြံမှုအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည်လည်း ၎င်းတံဆိပ်တုံးကို တွေ့မြင်ခဲ့ပါက သူ၏ မူလစိတ်ဝိညာဉ်သည် ချုပ်နှောင်ခြင်းခံရသကဲ့သို့ ခံစားရနိုင်သည်။
သုံးလက်မခန့် တံဆိပ်တုံးက လွန်စွာတောက်ပနေကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျှံ့နေတော့၏။ ၎င်းပတ်လည်၌လည်း အားကောင်းလွန်းလှသော ချိပ်ပိတ်ခြင်းအော်ရာတစ်ခုကပါ တည်ရှိနေသည်။
ဝမ်လင်းက ၎င်းတံဆိပ်တုံးကို အချိန်တစ်လခန့်သုံးကာ သန့်စင်ခဲ့ခြင်းပင်။ဝမ်လင်းက ၎င်းတံဆိပ်တုံးပေါ်၌ ချိပ်ပိတ်စာလုံးပေါင်း ခြောက်သိန်းထက် မနည်း ရှိနေလိမ့်မည်ဟု အကြမ်းဖျဉ်း တွက်ချက်မိ၏။
ချိပ်ပိတ်စာလုံး ခြောက်သိန်းကျော်သည် ပေတစ်ထောင်ခန့်ရှိသော အစိတ်အပိုင်းမြေနှင့် ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်တော့၏။သူက ၎င်းပေတစ်ထောင်ခန့် အစိတ်အပိုင်းမြေတံဆိပ်တုံးကို သုံးလက်မခန့်အထိ သိပ်သည်းစေခဲ့ခြင်းပင်။ ဝမ်လင်းသည် ထိုသန့်စင်ထားသည့် တံဆိပ်တုံးနှင့် ပတ်သတ်၍ အလွန်ယုံကြည်မှု ရှိနေသည်။
သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ကြည့်နေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သည့်နောက် ဝမ်လင်းက သူ့လက်ကို စတင်လှုပ်ရှားကာ တံဆိပ်တုံးပေါ်သို့ အတားအဆီးများကို ချမှတ်လိုက်၏။တံဆိပ်တုံးပေါ်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ဖုံးလွှမ်းခြင်း ခံရကာ ချိပ်ပိတ်ခြင်းအော်ရာကို ဖုံးကွယ်လုနီးပါး ဖြစ်သွားစေသည်။
ခဏတာကြာမြင့်ပြီးနောက် ၎င်းတံဆိပ်တုံး၏ စွမ်းအားအော်ရာသည် လုံးဝ ဖုံးကွယ်သွာတော့၏။ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေမည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးရတနာသည် မွေးဖွားပေါ်ထွက်လာခဲ့ချေလေပြီ။
***