မြူသားရဲများထဲမှ တစ်ကောင်သည် လက်သည်းငါးခုနှင့် ငှက်တစ်ကောင် ဖြစ်ကာ ၎င်းသားရဲသည် ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်တစ်ယောက်ထံသို့ တဟုန်ထိုး တိုးဝင်လာသည်။၎င်းက ထိုကလန်အဖွဲ့ဝင်ကို လေထဲသို့ ဆွဲသုတ်ကာ စူးရှစွာ အော်၍ ကလန်အဖွဲ့ဝင်၏ ခန္ဓာကိုယ်အား ထိုးဖောက်ပစ်သည်။ထိုကလန်အဖွဲ့ဝင်၏ ခန္ဓာကိုယ်သည် သွေးမြူများ ပေါက်ကွဲထွက်ကုန်ကာ ယင်းမြူသားရဲ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့၏။
သေသာ သေသွားရသော်လည်း ထိုကလန်အဖွဲ့ဝင်သည် တစ်စက်မှ မခုခံနိုင်လိုက်ချေ။
အခြားတစ်ဖက်တွင်လည်း ကျန်သည့် မြူသားရဲများက မသေမျိုးကလန်၏ အဖွဲ့ဝင်များနားသို့ ကပ်သွားကာ တစ်ယောက်ပြီးတစ်ယောက်ကို ဝါးမြိုလေသည်။သည်ဧရိယာက ချက်ခြင်းပင် သွေးနံများနှင့် လွှမ်းခြုံသွားတော့သည်။သည်နေရာသည် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့နှင့်သာ ပြည့်နေတော့၏။
ကလန်အဖွဲ့ဝင်တိုင်းသည် မခုခံနိုင်ဘဲ သေဆုံးနေရသည်။သူတို့၏မျက်လုံးထဲရှိ ဝမ်းနည်းမှုသည် အလွန်ပြင်းထန်နေသည်။ သူတို့က သေဆုံးသွားရသည့်အခိုက်အတန့်တွင် စိတ်ထဲတွင် အသိတစ်ချို့ ဝင်လာခဲ့တော့သည်။
“ဖြစ်နိုင်တာက ဒီလိုအဖြစ်ဟာ ငါတို့ကလန်ရဲ့ လုပ်ဆောင်ပေးရမဲ့ အရာလား…”
ထာရှန်က မြေပြင်ထက်၌ သူ့ပျက်စီးထိခိုက်နေသော ဒူးနှစ်ဖက်ကို ထောက်ထားလျက် ရှိနေခဲ့သည်။သူက အတင်းခေါင်းမော့၍ သေဆုံးနေရသည့် သူ့ကလန်ဝင်များကို ကြည့်လေသည်။သူ့မျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွတက်နေကာ သူက ကျွန်အမှတ်အသားကို အားတင်းခုခံနေရသည်။
အပြာရောင်ဝတ်စုံနှင့်လူက ထိုအရာများအားလုံးကို အေးတိအေးစက် ကြည့်နေသည်။သူ့အသွင်က တည်ငြိမ်လျက် ရှိနေ၏။
ရွေးချယ်ခံမသေမျိုးကလန်၏ ခန္ဓာကိုယ်သည် တုန်ယင်လို့နေသည်။သူ့နောက်ကျောဘက်ရှိ လူငယ်က မြူသားရဲကြောင့် လေထဲသို့ လွင့်စင်ထွက်ကာ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
အဘိုးအိုသည် အလိုလို ခေါင်းမော့ကြည့်လိုက်ရာ သူ့မျက်နှာပေါ၌ ပူနွေးသောသွေးစက်တစ်စက် လိမ့်ဆင်းကျလာလေ၏။
သူက ခပ်တိုးတိုး ရေရွတ်နေမိသည်။ “ဘာကြောင့်လဲ…ဘာကြောင့်လဲ…”
သည်အခိုက်အတန့်တွင် မြူသားရဲတစ်ကောင်သည် တဟုန်ထိုး တိုးဝင်လာကာ အဘိုးအိုကို လေထဲသို့ ဆွဲချီ၏။ အဘိုးအို၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့နှင့် ပြည့်နှက်နေကာ သူက အပြာရောင်ဝတ်စုံနှင့်လူကို ကြည့်ကာ အော်ပြောလိုက်သည်။ “ဘာကြောင့်လဲ…”
အဘိုးအိုက အော်ပြောလိုက်သည့်အခါ၌ အသတ်မခံရသေးသော် ကလန်ဝင်များသည် သူတို့၏ ခေါင်းကို ကြိုးစား၍ မော့လိုက်ကြသည်။သူတို့၏အကြည့်ကလည်း အပြာရောင်ဝတ်စုံနှင့်လူထံသို့ ကျရောက်လာသည်။သူတို့၏အကြည့်ထဲ၌ အဆုံးမရှိသောဝမ်းနည်းမှုနှင့် ဒေါသတို့ ပြည့်နှက်လာခဲ့သည်။
“မင်းတို့ရဲ့ တာဝန်က မြူသားရဲတွေအတွက် အစာဖြစ်ဖို့ပဲ။ ဒီအတွက် ဘာအကြောင်းပြချက်မှ မရှိဘူး။ငါက မင်းတို့အားလုံးကို သေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ငါက မင်းတို့ကို နောက်မျိုးဆက်တွေ ပြန့်ပွားစေဖို့အတွက် လိုအပ်နေသေးလို့ပဲ…” အပြာရောင်ဝတ်စုံနှင့်လူ၏အသံက အလွန်ပင် တည်ငြိမ်နေသည်။
သည်အခိုက်အတန့်တွင် မြူသားရဲများထဲမှ တစ်ကောင်သည် အကွာအဝေးတစ်ခုထံသို့ တဟုန်ထိုး ပျံသန်းသွား၏။၎င်း၏ ပစ်မှတ်က အဆောက်အဦများထဲတွင် ပုန်းကွယ်နေကြသော ကလေးများထံသို့ ဖြစ်လေသည်။
အပြာရောင်ဝတ်စုံနှင့်လူက အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။သို့သော် သူက ၎င်းသားရဲတို့ကို မတားပေ။
အဘိုးအိုသည် မြူသားရဲတစ်ကောင်သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာသည့်အခါ ကြောက်မက်ဖွယ်ပြုံး၍ သူက ပျက်စီးလုနီးပါး ဖြစ်သွားသည်။သည်အခိုက်အတန့်၌ ဝမ်လင်းသည် သက်ပြင်းချကာ လေဟာနယ်ထဲသို့ လက်ညွှန်သည်။မြူသားရဲသည် အဘိုးအိုကို ရုတ်တရက် ဝါးမြိုပစ်လာ၏။အဘိုးအိုသည် အဆောက်အဦနားသို့ နီးကပ်သွားနေသည် မြူသားရဲကိုသာ ကြည့်နေသည်။သူက ကလေးငယ်များ၏ ထိတ်လန့်တကြား အော်သံများကိုပါ ကြားနေရသည်။
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များသည် ရုန်းကန်၍ ထလာကြသည်။အော်ဩစ်သံများကလည်း သူတို့၏ ပါးစပ်ထဲကနေ ရူးသွပ်ဖွယ် ထွက်ပေါ်လာကြသည်။
ထာရှန်၏ ဒူးနှစ်ဖက်သည် စုတ်ပြတ်သတ်နေသော်လည်း သူ့မျက်လုံးများက နီရဲလို့နေကာ ကြိုးစားရုန်းကန်၍ ထနေသည်။သူ့အရိုးများက နောက်တစ်ဖန် အက်ကွဲကြေကုန်ကာ သူက အနိုင်နိုင်ရပ်နိုင်လာခဲ့သည်။
“ကောင်းကင်ဘုံသား…ကောင်းကင်ဘုံသား…သင်က ငါတို့ကလန်ကို ဘယ်လို ထင်နေလဲ…။ငါ့ကလန်က အံ့ဖွယ်ယင်မီးပြင်းဖိုက နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် စောင့်ကြပ်ခဲ့တယ်။ဒါပေမဲ့လည်း ငါတို့က ဒီအတွက် ဘာများ ရခဲ့လဲ။ ဒီမြူသားရဲတွေကလည်း ငါတို့ကလန်ရဲ့ မရေမတွက်နိုင်တဲ့ ကလန်သားတွေကို သတ်ပစ်ခဲ့ကြတယ်…”
“ခုတော့ ငါသိလိုက်ပြီ…။ငါတို့ကလန်ရဲ့ တာဝန်က ဒီမြူသားရဲတွေအတွက် အစာ ဖြစ်တယ်ဆိုတာကို…”
“ဒီလို ဖြစ်လာမှတော့ ငါက ခုခံရလိမ့်မယ်။ငါ့ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြစ်သွားရင်တောင် ငါက ဦးညွတ်မှာ မဟုတ်ဘူး…” ထာရှန်၏ မာန်ပါသောအသံက သူ့လည်ချောင်းထဲကနေ ထွက်ပေါ်လို့လာသည်။
သူသာမက ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်အားလုံးသည်လည်း အော်ဟစ်လာကြသည်။သူတို့မျက်ခုံးနှစ်ခုကြားရှိ သစ်ရွက်များသည်လည်း တလက်လက် ဖြစ်လာခဲ့ကာ သူတို့အားလုံးက ကုန်းရုန်း ထလာကြသည်။
အပြာရောင်ဝတ်စုံနှင့်လူ၏အသွင်သည် အေးဆဲနေကာ သူက အထင်သေးဟန်နှင့် ပြောလိုက်သည်။ “အတိတ်တုန်းက မင်းတို့ကလန်ဟာ ရှုံးနိမ့်ခဲ့ပြီး ကျေးကျွန်တွေဖြစ်လာခဲ့ကြတယ်။ ဒါကပဲ မင်းတို့ရဲ့ ဘဝ ဖြစ်တယ်။မင်းတို့က ဒါကို မပြောင်းလဲနိုင်ဘူး…”
သူက ထိုသို့ ပြောနေရင်းဖြင့် သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချလိုက်ရာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သွားသည်။သွေးများက ရွေးချယ်ခံမသေမျိုးကလန်ဝင်များ၏ ခန္ဓာကိုယ်ကနေ ပန်းထွက်ကုန်ကာ သူတို့သည် ရုန်းထနေရာကနေ ရပ်တန့်သွားရ၏။
ထာရှန်၏အသံတစ်သံသာ ဟိန်းထွက်လာခဲ့သည်။သူက ထိုးထွက်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံများ ထွက်လာကာ သူ့အရိုးများသည် ကွဲကြေကုန်ကြ၏။သို့သော် သူက ရှေ့သို့ အတင်း ထွက်လာနိုင်သည်။
အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။သူက ရှေ့သို့ လက်ညွှန်၏။ ဝမ်လင်းသည် သက်ပြင်းချသည်။မူလတုန်းက သူသည် ကြားမဝင်လိုခဲ့ပေ။သည်အပြာရောင်ဝတ်စုံနှင့်လူ၏ ဇာစ်မြစ်သည် အတော်လေးဆန်းကြယ်နေသည်။သူက အမှန်တကယ်ပင် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လို့နေ၏။
သို့သော်လည်း သူက သက်ပြင်းချလိုက်ရင်း သူ့ပါးစပ်ကို ဖွင့်ဟလိုက်ရာ အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ပျံသန်းထွက်လာခဲ့၏။၎င်းပေါ်လာသည်နှင့် ထာရှန်နှင့်အပြာရောင်ဝတ်စုံနှင့်လူတို့၏ ကြားသို့ ပျံသန်းလို့သွားသည်။
အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့အကြည့်သည် အေးစက်သွားသည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ပြည့်ဝနေသည့် စာလုံးတစ်လုံးသည် ဝမ်လင်းရှိရာသို့ တန်းမတ်စွာ တိုးဝင်သွားသည်။
“မင်း ဝင်မရှုပ်သင့်ဘူးလို့ ငါထင်တယ်…” သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်ကာ မှော်စာလုံးကို ပစ်လွှတ်လိုက်ပြီးနောက် ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာခဲ့သည်။
ဝမ်လင်းက သူ့ညာလက်ဖြင့် အစိတ်အပိုင်းမြေကို ညွှန်ကာ လှည်ပတ်စေပြီး ထိုအပြာရောင်ဝတ်စုံနှင့်လူကို ရိုက်ချစေသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ထာရှန်ဘေးနားသို့ ရောက်ရှိသွားသည်။သူက ထာရှန်ကို ဘယ်လက်ဖြင့် ထိကာ ထာရှန်၏ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအင်အချို့ ပို့လွှတ်ပေးလိုက်သည်။
ထာရှန်၏ခန္ဓာကိုယ်က အဆောက်အဦများထံသို့ တိုးဝင်လာနေသည့် မြူသားရဲထံသို့ ဦးတည် ရောက်ရှိသွားသည်။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် လှည့်၍ သူ့လက်နှစ်ဖက်ကို ဓားတစ်လက်အသွင် ပြောင်း၍ ချက်ခြင်း ခုတ်ပိုင်းချသည်။တိုးဝင်လာနေသော စာလုံးသည် ချက်ခြင်း ပျက်စီး ပျောက်ကွယ်သွားသည်။
သည်အခိုက်အတန့်တွင် အစိတ်အပိုင်းမြေသည် ကျဆင်းလာကာ အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် အေးစက်လို့လာသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် မြင့်တက်လာခဲ့ကာ သူ့လက်ထဲ၌ လှံတစ်ခု ပေါ်လာခဲ့သည်။
ထိုလှံက အဖြူရောင် ဖြစ်ကာ ပေါများလှသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေသည်။သူက ရယ်မောကာ ယင်းလှံဖြင့် တိုးဝင်လာသည့် အစိတ်အပိုင်းတံဆိပ်တုံးကို တိုက်ခိုက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အပြာရောင်ဝတ်စုံနှင့်လူသည် နောက်သို့ လွင့်စင်သွား၏။ သူ့မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။အစိတ်အပိုင်းမြေသည်လည်း နောက်သို့ ဆယ့်နှစ်ပေခန့် ပြန်ကန်ထွက်သွားရသည်။
သက်လတ်ပိုင်းလူကြီးက နောက်ဆုတ်နေရင်း အော်ပြောလိုက်သည်။ “အဆင့်နိမ့်ကျွန်တွေ…ငါနဲ့အတူ တိုက်ခိုက်ကြ…”
သူ့အသံက ရုန်းကန်နေရသည့် ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ နားထဲသို့ တိုးဝင်လာသည့်အခါ ထိုအသံသည် အမိန့်ဖြစ်လာခဲ့ကာ သူတို့သည် ခုခံနိုင်စွမ်း မဲ့ရသည်။သူတို့၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ရုန်းကန်နေမှုတို့ ရှိနေ၏။သို့သော် သူတို့၏ခန္ဓာကိုယ်ကတော့ ဝမ်လင်းထံသို့ ဦးတည်တိုးဝင်လာကြတော့သည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေကာ သူက နောက်သို့ ဆုတ်၏။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကနေ ဖြစ်ပေါ်လာသည့် လိပ်ပြာသည်လည်း သူ့နောက်ကနေ လိုက်ပါလာခဲ့သည်။၎င်းလိပ်ပြာက ဝမ်လင်း၏အရိပ်တစ်ခုကဲ့သို့ ဝမ်လင်းနှင့်အတူ နောက်လိုက်ဆုတ်ခြင်းပင်။
ဝမ်လင်းတွင် အတွေးတစ်ခု ရှိနေ၏။သူက တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ စွမ်းအားနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်း မသိသေးပေ။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး လိပ်ပြာ၏ကိုယ်ထည်ပေါ်သို့ ဖိချသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပေါ်လာခဲ့ကာ သူက အပြာရောင်ဝတ်စုံနှင့်လူထံသို့ လက်ညွှန်လိုက်သည်။
လိပ်ပြာသည် ရွှေ့လျားခြင်း မပြုဘဲ ၎င်း၏ အတောင်ပံကိုသာ ညင်သာစွာ တဖျပ်ဖျပ် ခတ်နေခဲ့သည်။သို့သော် သည်တစ်ကြိမ်၌ ၎င်း၏ အတောင်ပံခတ်နှုန်းက အနည်းငယ် ပိုမြန်သည်။၎င်း၏ အတောင်ပံနှစ်ဖက်ကနေ ငါးရောင်စုံအမှုန့်တို့ ကျဆင်းလာခဲ့ကာ သည်ဧရိယာတွင် ဖြည်းဖြည်းချင်း ပြည့်လို့လာခဲ့သည်။
အပြာရောင်ဝတ်စုံနှင့်လူသည် ချက်ခြင်း တန့်သွား၏။သူ့မျက်လုံးထဲ၌လည်း သတိထားမှုတို့နှင့် ပြည့်နှက်နေသည်။သူက ထိုလိပ်ပြာကို အစောပိုင်းကတည်းက သတိပြုမိခဲ့ပြီး ဖြစ်ကာ ယင်းလိပ်ပြာက သူ့ကို ခြောက်လန့်စေသော ခံစားမှုကို ပေးစွမ်းနေသည်။မဟုတ်လျှင် သူက ခုချိန်ထိ စောင့်မနေဘဲ အစောကတည်းက ဝမ်လင်းကို တိုက်ခိုက်ပြီး ဖြစ်သည်။
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များသည် ထိန်းချုပ်မှုလွတ်ကင်း၍ လေထဲသို့ ပျံတက်ကာ ဝမ်လင်းထံသို့ ဦးတည်လာကြသည်။သူတို့မျက်လုံးထဲရှိ ရုန်းကန်နေမှုကလည်း ပို၍ အားကောင်းလို့လာသည်။သို့သော် သူတို့သည် ကျွန်အမှတ်အသား၏စွမ်းအားကို မခုခံနိုင်ပေ။
ဝမ်လင်း၏မျက်လုံးက လိပ်ပြာကို စူးစိုက်ကြည့်နေရင်း တောက်ပနေသည်။သူက တတိယမြောက်စစ်နတ်ဘုရား၏ ပိုင်ဆိုင်ထားသည့် စွမ်းအားကို သိချင်နေမိသည်။ဝမ်လင်း၏ ဘေးတွင် ရှိနေသည့် လိပ်ပြာက ရှေ့သို့ ပျံသန်းထွက်သွားသည်။၎င်း၏ တောင်ပံခတ်မှုက ခဏတာ တုံ့ဆိုင်းသွား၏။ သို့သော် ထို့နောက်တွင် ညင်သာစွာ တဖျပ်ဖျပ် ပြန်ခတ်လို့လာသည်။
ထိုတောင်ပံခတ်မှုသည် မည်သည့်အဖျက်အစီးမှ မပါပေ။ သို့သော် အကွာအဝေးတစ်ခု ရှိ အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည် ချက်ခြင်း ဖြူရောကာ သွားသည်။ သူ့ပတ်လည်တွင်လည်း မည်သည့်လေပြင်းမှ တိုက်ခတ်မနေဘဲ လေပြေတစ်ခု တိုက်ခတ်လာသကဲ့သို့ သူ့ဆံပင်များက နောက်သို့ ဝဲလွင့်ကုန်သည်။
သူ့ခန္ဓာကိုယ်ထံကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လို့လာကာ သူ့ကို နောက်သို့ လွင့်စင်ထွက်သွားစေပြီး သွေးအပြည့် အန်ထုတ်သွားစေသည်။ထိုသွေးမြူများက လိပ်ပြာတစ်ကောင်အဖြစ်သို့ သိပ်သည်းသွားသည်။ထိုလိပ်ပြာက ပေါ်လာသည်နှင့် ၎င်း၏တောင်ပံကို ခတ်ထုတ်လေသည်။
အပြာရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သွေးများ ပန်းထွက်လာသည်။သွေးများသည် နောက်ထပ် လိပ်ပြာတစ်ကောင်သို့ ပြောင်းသွားကာ ၎င်း၏ တောင်ပံကို ခတ်ထုတ်ပြန်သည်။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေရင်း အပြာရောင်ဝတ်စုံနှင့်လူသည် ချက်ခြင်း နောက်သို့ ဆက်တိုက် လွင့်စင်နေသည်။ထိုသို့ တစ်ကြိမ်လွင့်စင်တိုင်း သူက သွေးများစွာ အန်ထုတ်ရကာ ယင်းသွေးတို့က လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ သွားသည်။လိပ်ပြာအတောင်ပံတစ်ချက်ခတ်တိုင်းတွင်လည်း သူ့ကို အံ့မခန်း ထိခိုက်စေနေ၏။
သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှု အရိပ်အမြွက်ပင် ထွက်ပေါ်လာခဲ့တော့သည်။သူက မည်သို့မျှ မခုခံနိုင် ဖြစ်နေရ၏။
လိပ်ပြာတစ်ကောင် ပေါ်ပေါ်လာသည်နှင့် အပြာရောင်ဝတ်စုံနှင့်လူသည် နောက်သို့ လွင့်လွင့်ထွက်နေသည်။ထိုဖြစ်စဉ်က ပေတစ်သောင်းကျော်အထိ ဆက်လက် ဖြစ်သွားနေသည်။သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကလည်း အကန့်အသတ်သို့ ရောက်ရှိလာခဲ့သည်။
အပြာရောင်ဝတ်စုံနှင့်လူက ရုန်းကန်နေရင်း တရှူးရှူးဆိုလိုက်သည်။ “မိုးကြိုး…ပေါက်ကွဲလိုက်စမ်း…” သူ့ခန္ဓာကိုယ်ကနေ တုန်ခါသံတစ်ခု ထွက်ပေါ်လာရင်း သူ့ညာလက်သည် ပျက်စီးသွားပြီး အဖျက်အစီးအားတစ်ခု ထုတ်လွှတ်လို့လာသည်။
ထိုပေါက်ကဲမှုအားကို ငှားယမ်း၍ သူက သူ့ခန္ဓာကိုယ်ကို ယာယီပြန်ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်။သို့သော် သူ့မျက်နှာကတော့ လုံးဝ ဖြူရောနေသည်။သူက အလွန်ကြောက်လန့်နေမိ၏။
“ဒါက ဘာမန္တာန်လဲ။ ဘယ်လို ရတနာမျိုးလဲ…” သူက အခုလို ထူးဆန်းသောရတနာတစ်ခုကို သူ့ဘဝတွင် လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။လိပ်ပြာ၏ အတောင်ပံ ရိုက်ခတ်ချက်တစ်ခုက သူ့ကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့ပေ၏။
သည်အခိုက်အတန့်၌ သူက လွတ်မြောက်နိုင်ရန် ပလ္လင်ရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းနေသည်။သူက လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်သည်။သူက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် ထူးဆန်းသောချိတ်ဆက်မှုတစ်ခု ရှိနေသည်။သူက ထိုစစ်ရထားသည် ၎င်း၏စွမ်းအား အထွတ်အထိပ်ကို အခုထိ အသုံးမပြုရသေးဟု ခံစားနေမိသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းဘေးနားရှိ လိပ်ပြာသည် ၎င်း၏ အတောင်ပံကို ညင်သာစွာ ခတ်လိုက်ပြန်သည်။
သက်လတ်ပိုင်းလူကြီးသည် အလျင်အမြန် ထွက်ပြေးနေရင်း ပလ္လင်နားရှိ ဝင်ပေါက်တံခါးနားသို့ ဝင်ရောက်ဟန် ပြင်သည်။သည်အခိုက်အတန့်မှာပင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန် ဖြစ်နေသည်။သူ့ခန္ဓာကိုယ်က ခြေထောက်ကနေ စ၍ ပျောက်ကွယ်လာခဲ့ကာ ချက်ခြင်းလိုလိုပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပျောက်ကွယ်သွားလေတော့၏။
အပြာရောင်ဝတ်စုံနှင့်လူက သေဆုံးသွားခဲ့ချေပြီ။
ငှက်မွှေးသားရဲခန္ဓာကိုယ်၏ တစ်နေရာရာတွင် အဆုံးမဲ့သော အနက်ရောင်လေဟာနယ် တစ်ခု ရှိကာ ၎င်းလေဟာနယ်ထဲ၌ လူတစ်ယောက်သည် ထိုင်လျက်ရှိနေသည်။သူ့ထံကနေ အနက်ရောင်မြူများကို ပေးစွမ်းနေ၏။ထူးဆန်းသည်က ၎င်းအနက်ရောင်မြူများအတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ရှိနေခြင်းပင်။
သည်အခိုက်အတန့်တွင် သူက ရုတ်တရက် မျက်လုံးဖွင့်လာကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ဖြစ်ပေါ်သွားသည်။
“ငါ့ကိုယ်ပွားကိုတောင် အလွယ်တကူ ဖျက်စီးပစ်လိုက်နိုင်တယ်…ဒါက ဘယ်လို ရတနာမျိုးလဲ…”
***