Switch Mode

အပိုင်း(၈၆၁):

လိပ်ပြာတောင်ပံခတ်ခြင်း(၁)

ထိုအပြာရောင်ဝတ်စုံနှင့်လူသည် သက်လတ်ပိုင်းအရွယ်သာ ရှိလေ၏။သူ့မျက်လုံးက အေးစက်လို့နေသည်။သို့သော် နတ်ဆိုးဆန်စွာ တောက်ပနေ၏။လွင့်ဝဲနေသည့် သူ့ဆံပင်များက သူ့ကို ကောင်းကင်ဘုံသားများကြားမှ နတ်ဆိုးတစ်ပါးအသွင်နှင့် ဆင်တူစေသည်။

သူက ပလ္လင်၏ ဂိတ်ပေါက်တံခါးကနေ လှမ်းထွက်လာရင်း လေထဲသို့ ခုန်တက်လိုက်သည်။သူ့အသွင်က ခုထိ ပီပီသသမရှိသေးချေ။

ဝမ်လင်းသည်လည်း လေထဲ၌ ရှိနေ၏။သူ့နောက်တွင်တော့ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို အသက်သွင်းပြီးနောက် ပေါ်ထွက်လာသည့် ငါးရောင်စုံလိပ်ပြာတစ်ကောင် ရှိလို့နေသည်။ထိုလိပ်ပြာသည် ၎င်း၏အတောင်ကို ညင်သာစွာ ခတ်နေ၏။

ရွေးချယ်ခံမသေမျိုးကလန်၏အဖွဲ့ဝင်များသည် သတိထားသည့်အသွင်နှင့် သတ်လတ်ပိုင်းလူကြီးကို ကြည့်နေရင်း နောက်သို့ ဆုတ်သွားကြသည်။ထာရှန်၏မျက်လုံးက အေးစက်လာကာ သူက ရှေ့သို့ တက်၍ အော်ပြောလိုက်သည်။ “မင်းက ဘယ်သူလဲ…”

အပြာရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းလူကြီး၏ အကြည့်က ထာရှန်ထံကနေ တစ်ဆင့် ကျန်သည့် ကလန်အဖွဲ့ဝင်များထံသို့ သိမ်းကြုံး ရောက်ရှိသွားသည်။နောက်ဆုံးတွင် သူ့အကြည့်က ဝမ်လင်းထံသို့ ကျရောက်သွားကာ အလေးအနက် ဖြစ်လာခဲ့သည်။

“မင်းက ဒီနေရာက မဟုတ်ဘူး။ မင်း ဘယ်က ရောက်လာခဲ့တာလဲ…”

ဝမ်လင်း၏အသွင်ကလည်း အေးစက်နေသည်။သူက ထိုလူ၏ကျင့်ကြံမှုအဆင့်ကို တစ်ချက်မျှ ကြည့်ရုံနှင့် သိလိုက်ပြီး ဖြစ်သည်။ထို သက်လတ်ပိုင်းလူသည် အထည်ဒြပ်ယန်အဆင့် အထွတ်အထိပ်နှင့် ညီမျှကာ သူ့ထက်အနည်းငယ် ပိုမြင့်လေသည်။

သည်အခိုက်အတန့်မှာပင် ထာရှန်က မျက်မှောင်ကြုတ်သွားကာ သူ့ညာလက်သီးဖြင့် ရှေ့သို့ ကြမ်းတမ်းစွာ ထိုးချလိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက ညာလက်သီးတွင် စုဝေးသွားကာ သက်လတ်ပိုင်းလူထံသို့ လက်သီးချက်တစ်ချက် တိုးဝင်လာလေသည်။

ထာရှန်က အော်ဟစ်လိုက်ပြန်၏။ “မင်းက ဘယ်သူလဲ…”

“ဦးညွတ်စမ်း…” သက်လတ်ပိုင်းလူကြီး၏မျက်လုံးထဲ၌ အထင်သေးမှုတို့ ရှိနေသည်။သူက ထာရှန်ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။သူ့ညာလက်ကို ပင့်မြှောက်ကာ လက်ညှိုးညွှန်လိုက်၏။သူ့လက်ညွှန်မှုနှင့်အတူ လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့ကာ စတင် ပြန်နှံ့လာလေသည်။

ထာရှန်က နီးကပ်လာသည်နှင့် သူ့အသွင်က ချက်ခြင်းဖြူရောကာသွားသည်။သူက သူ့ခန္ဓာကိုယ်ထဲ၌ စွမ်းအားတစ်ခုက သူ့ကို အနားသို့သွားပြီး မတိုက်ခိုက်နိုင်အောင် တားဆီးထားသည်ဟု ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထိုစွမ်းအားသည် အလွန်အားကောင်းလှ၏။သူက သတ်လတ်ပိုင်းလူနှင့် ပေနှစ်ရာသို့ ရောက်လာသည့်အခါတွင် ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။သူ့မျက်နှာပေါ်၌လည်း နာကျင်နေဟန် ဖြစ်ပေါ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ချွေးသီးချွေးပေါက်များ ကျကာ တုန်ယင်ကာ နေသည်။

သူက သူ့အား တားဆီးထားသည့်စွမ်းအားသည် သူ့ကိုယ်ပိုင် တက်တူးအမှတ်အသားများကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်ကိုလည်း ရှင်းလင်းစွာ ခံစားမိသည်။

သူက မည်မျှ သန်မာလာပါစေ ထိုသက်လတ်ပိုင်းလူကို မတိုက်ခိုက်ဝံ့တော့ချေ။

အခြားတစ်ဖက်မှလူက သူ့ကို ဖျက်စီးပစ်ရန် အတွေးတစ်ချက်မျှသာ လိုသကဲ့သို့ ဖြစ်နေသည်။

ထာရှန်က ယခုလိုခံစားမှုမျိုးကို သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မခံစားမိခဲ့ဖူးပေ။

သူက ထိုစွမ်းအားကို လုံးဝ မခုခံနိုင်ပေ။ထာရှန်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သက်လတ်ပိုင်းလူကြီး၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ သူက ချက်ခြင်းပင် ဒူးညွတ်ကာ ထိုလူ့အား ဦးညွတ်ချင်စိတ် တားဆီးမရအောင် ဖြစ်လာရသည်။သို့ရာတွင် သူ့ကိုယ်ပိုင်သိက္ခာကြောင့် ထာရှန်က အံတင်းတင်းကြိတ်ကာ သူ့စိတ်ဝိညာဉ်ထဲမှ လာသည့် ထိုဦးညွတ်ချင်သည့်စိတ်ကို တားဆီးထားလေ၏။

သူ့မျက်လုံးများကလည်း ချင်းချင်းနီရဲလို့လာသည်။သူ့ခန္ဓာကိုယ်ပေါ်၌လည်း ချွေးများအစား သွေးများစီးကျလို့လာသည်။

ရုန်းကန်နေရင်းဖြင့် ထာရှန်က ခြေလှမ်းပင့်မြှောက်ကာ နောက်တစ်လှမ်း လှမ်း၏။

သူက ခြေထောက်မြှောက်ကာ ပြန်မချနိုင်ခင်မှာပင် ထာရှန်၏အမြင်သည် အမှောင်အတိ ဖြစ်သွားကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်ကလည်း ထိုစွမ်းအားကို ဆက်၍ မခုခံနိုင်တော့ချေ။မမြင်ရသော လက်တစ်ဖက်က သူ့ကို ဒူးထောက်ချအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေ၏။

သွေးမျက်ရည်နှစ်ခု သူ့မျက်လုံးထောင့်ကနေ စီးကျလို့လာသည်။သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုနှင့် အညံ့မခံလိုမှုတို့ ရောနှောနေသည်။သို့သော် သူ့ခန္ဓာကိုယ်က ဆက်၍ တောင့်မခံနိုင်တော့ချေ။သူ့အတွက် ဒူးထောက်ချရုံသာ တက်နိုင်တော့၏။

သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့ကာ ဆိုသည်။ “မင်းလို နိမ့်ကျတဲ့ကလန်ရဲ့ လူက ကျွန်အမှတ်အသားကို ခုခံဝံ့တယ်ပေါ့။ငါက မင်းကို မသတ်ချင်လိုသာ မဟုတ်ရင် မင်းက ဒီကောင်းကင်ဘုံသားရဲ့ အတွေးတစ်ချက်နဲ့တင် သေနေခဲ့ပြီ…။ခု ထွက်သွားစမ်း…”

ထာရှန်၏ခန္ဓာကိုယ်သည် ချက်ခြင်းပင် မမြင်ရသော လက်သီးနှင့် ထိုးနှက်ခြင်း ခံလိုက်ရသကဲ့သို့ နောက်သို့ ပြန်လွင့်စင်ထွက်သွားသည်။သူက ပေတစ်ထောင်ကျော်လောက်ထိ လွင့်စင်သွားခြင်းပင်။

ထာရှန်က ကြိုးစားရုန်းကန်ကာ ပြန်ထလာ၏။သူ့မျက်လုံးထဲ၌လည်း အညံ့မခံမှုတို့ ပြည့်နှက်နေကာ ရူးသွယ်သောအကြည့်နှင့် လှမ်းအော်ပြန်သည်။ “သင် ဘယ်သူလဲ…”

သည်အခိုက်အတန့်၌ ထာရှန်သာမ ကျန်သည့် ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြသည်။ ဖြစ်ပျက်နေသည်က ထူးဆန်းလွန်းလှသဖြင့် သူတို့က ၎င်းအခြင်းအရာကို လက်မခံနိုင် ဖြစ်နေသည်။

ဘိုးဘေးသည် ထိုသက်လတ်ပိုင်းလူကို ကြည့်နေရင်း သူ့မျက်နှာက ဖြူရောနေသည်။သူက တစ်စုံတစ်ခုကို ပြန်အမှတ်ရမိသွားကာ သူ့ခန္ဓာကိုယ်က စတင်တုန်ယင်လာခဲ့၏။

အပြာရောင်ဝတ်စုံနှင့်လူ၏ အေးစက်စက်အကြည့်ထဲ၌ မောက်မာမှုတို့ ပြည့်နေကာ သူက တည်ငြိမ်စွာ ဆိုသည်။ “ကောင်းကင်ဘုံသား…မင်းတို့က ဘာကြောင့် ခုထိ ဒူးမထောက်သေးတာလဲ…”

ရွေးချယ်ခံမသေမျိုးကလန်၏ ဘိုးဘေးသည် မချင့်ပြုံးပြုံးသည်။ အခုချိန်၌ သူက ထိုသက်လတ်ပိုင်းလူကြီး၏စကားများကို လုံးဝ သံသယမရှိတော့ပေ။သူက သူ့ရှေ့ရှိအစဉ်အဆက်ဘိုးဘေးများသည် ကောင်းကင်ဘုံသားတစ်ယောက်နှင့် တွေ့ကြုံရချိန်၌ မည်မျှ စိတ်လှုပ်ရှားလေးစားရကြောင်း ဖော်ပြထားသည့် မှတ်တမ်းများကို ပြန်သတိရသွားသည်။

ထိုမှတ်တမ်းများထဲ၌ ဖော်ပြထားခဲ့သည်က “မင်းတို့ဟာ ကောင်းကင်ဘုံသားတစ်ယောက်ကိုတွေ့တာနဲ့ သိလာလိမ့်မယ်” ဟူ၍ပင်။ ထိုစကားသည် ရွေးချယ်ခံကလန်၏ဘိုးဘေးများ ချန်ထားခဲ့သည့် စကားပင်။

ယခုလက်ရှိ ကလန်၏ဘိုးဘေးဖြစ်သူ အဘိုးအိုသည် ထိုစကားကို အစက နားမလည်ခဲ့ချေ။သို့ရာတွင် သူက ကောင်းကင်ဘုံသားကို တွေ့မြင်ရချိန်၌ ရုတ်တရက် နားလည်သွားတော့၏။

“ငါ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ဘူး။ ငါ မလေးစားမိဘဲ မနေနိုင် ဖြစ်ရတယ်…” အဘိုးအိုသည် ကြောက်လန့်တကြားပြုံးကာ မြေပြင်ပေါ်သို့ ဒူးထောက်ချ၍ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ဒီနိမ့်ကျတဲ့လူက အထက်ကောင်းကင်ဘုံသားကို နှုတ်ဆက်ပါတယ်…”

သူတစ်ယောက်တည်း ထိုသို့ ဒူးထောက်ချလိုက်ခြင်း မဟုတ်ပေ။အခြားကလန်ဝင်များ၏ နှလုံးသားလည်း တုန်ယင်နေကာ အညံ့ခံလိုသည့်စိတ် အလိုလို ဖြစ်ပေါ်နေသည်။

အခြားရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင် တစ်ယောက်ပြီးတစ်ယောက်သည် ဒူးထောက်ချကာ‌ ခေါင်းငုံ့ထားလိုက်ကြသည်။

ခဏကြာပြီးနောက် ဒူးမထောက်သူဟူ၍ ဝမ်လင်းနှင့်ထာရှန်တို့ နှစ်ယောက်သာ ကျန်ရှိတော့သည်။

ထာရှန်က တစ်ကြိမ်ဒူးထောက်မိခဲ့ပြီး ဖြစ်သည်။ သည်တစ်ကြိမ်၌ သူ့ခန္ဓာကိုယ်က သွေးမည်မျှကြာပါစေ၊မမြင်ရသောဖိအားက မည်မျှ ကျရောက်ပါစေ သူက ဒူးမထောက်မိရန် အားတင်းထားသည်။

ပေါက်ကွဲသံများသည် ထာရှန်ထံကနေ ထွက်ပေါ်ကာနေသည်။သူ့ခန္ဓာကိုယ်မှ သွေးများသည်လည်း နေရာတိုင်းတွင် ဖြစ်၏။သူက ဝမ်လင်းနှင့်တိုက်ပွဲကတည်းက ဒဏ်ရာရထားခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် ခုချိန်၌ သူ့ခန္ဓာကိုယ်သည် ဆက်၍ တောင့်မခံနိုင်တော့ချေ။သူ့မျက်လုံးက မှိန်ဖျော့လာ၏။သို့သော် သူ့အကြည့်ထဲ၌ အညံ့မခံ၊ဒူးမထောက်မှုတို့ ရှိနေသည်။

ဝမ်လင်းသည် မည်သို့ဖြစ်ပျက်နေသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်သွား၏။သူက သည်အကြောင်းနှင့် ပတ်သတ်၍ တော်တော်များများကို သိရှိနိုင်စွမ်း ရှိနေသည်။

“ရွေးချယ်ခံမသေမျိုးကလန်…ဒါမှမဟုတ် စွန့်ပစ်ခံမသေမျိးကလန် ဘယ်လိုပဲ ခေါ်ခေါ် ဒီကလန်က ကောင်းကင်ဘုံသားတွေအတွက် ကျေးကျွန်တွေ ဖြစ်တယ်ဆိုတာ သိသာထင်ရှားနေတယ်။ ဒီကျေးကျွန်အမှတ်အသားက ကောင်းကင်ဘုံသားတွေအတွက် မျိုးဆက်အားလုံးကို ကျေးကျွန်ဖြစ်စေတာပဲ…”

“ဒီကျေးကျွန်အမှတ်အသားက လီယွမ်ရဲ့ မိသားစုလိုမျိုးပဲ ဒီကလန်ပေါ်မှာ အမွေအနှစ်တစ်ခုလို ချမှတ်ထားခဲ့တာ…” လီယွမ်နှင့်ပတ်သတ်၍ ကိစ္စကိုသာ မသိခဲ့လျှင် ဝမ်ငလ်းသည် ယခုအဖြစ်အပျက်ကို အလုံးစုံ သိမြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သည်အခိုက်အတန့်၌ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်နေပေသည်။

“ဒီကျွန်အမှတ်အသားက ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်တွေရဲ့ တက်တူးအမှတ်အသားတွေနဲ့ ပေါင်းစပ်ထားတာပဲ။ဒီကျွန်အမှတ်အသားက အတော်လေးကို လွှမ်းမိုးနိုင်စွမ်း ရှိလှပြီး လီယွမ်ရဲ့မိသားစုအပေါ်မှာ သုံးခဲ့တဲ့ဟာထက် ပိုမိုပြီး အားကောင်းလွန်းလှတယ်။တကယ်တော့ လီယွမ်ရဲ့ မိသားစုအပေါ်မှာ အသုံးပြုခဲ့တဲ့ ကျွန်အမှတ်အသားက ကောင်းကင်ဘုံသားတစ်ယောက်အပေါ်မှာပဲ ရှိခဲ့တာ…”

“ဒါပေမဲ့လည်း ဒီကျေးကျွန်အမှတ်အသားကတော့ ကွာခြားလှတယ်။ဒီအမှတ်အသားက ရွေးချယ်ခံမသေမျိုးကလန်ဝင်တွေကို ကောင်းကင်ဘုံသားအားလုံးအပေါ်မှာ ဒူးထောက်စေဖို့ လုပ်ဆောင်ခဲ့တာပဲ…”

ဝမ်လင်း၏မျက်လုံးက အလေးအနက်ဖြစ်လာခဲ့ကာ သူ့စိတ်ထဲ၌လည်း မိုက်ရူးရဲသောအကြံဉာဏ်တစ်ခု ပေါ်လာခဲ့လေသည်။

“လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်တွေတုန်းက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်ချိန်က ကလန်တစ်ခု ရှိခဲ့လောက်တယ်။ ဒီကလန်က အလွန်အားကောင်းလှတယ်။ဒီကလန်က ကောင်းကင်ဘုံနယ်မြေကိုတောင် ထိပ်တိုက်တွေ့ဆုံနိုင်လောက်အောင် သန်မာလွန်းနိုင်တယ်။ ဒါပေမဲ့လည်း အဆုံးသတ်မှာ သူတို့ကလန်ဟာ ကောင်းကင်ဘုံသားတွေရဲ့ ဖိနှိပ်ချခြင်းကို ခံလိုက်ရတယ်။ပိုပြီးဖြစ်နိုင်တာက ကောင်းကင်ဘုံနယ်မြေလေးခုလုံးက အတူပူးပေါင်းပြီး အလွန့်အလွန်အားကောင်းတဲ့ မန္တာန်တစ်ခုကို ဖန်တီး၊ ဒီကလန်ရဲ့ အနာဂတ်မျိုးဆက်တွေကို ကောင်းကင်ဘုံသားတွေအတွက် ကျေးကျွန်ဖြစ်အောင် ဇာတ်သွင်းခဲ့တာ ဖြစ်ရမယ်…”

ဝမ်လင်းသည် တုန်ယင်ကာ ဒူးထောက်နေကြသော ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များကို ကြည့်၍ သက်ပြင်းချမိသည်။

အပြာရောင်ဝတ်စုံနှင့်လူ၏ အကြည့်သည် ထာရှန်ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် သူက မျက်မှောင်ကြုတ်ကာ သူ့ညာလက်ကို ပင့်မြှောက်ပြီး ထာရှန်ထံသို့ ညွှန်သည်။ ထာရှန်၏ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့ဒွာရပေါက်များထဲကနေ သွေးမြောက်များစွာ ပန်းထွက်လို့လာသည်။ သူ့တစ်ကိုယ်လုံးက သွေးချင်းချင်းနီ နေသည်။

“ဒူးထောက် ဦးညွတ်စမ်း…” အပြာရောင်ဝတ်စုံနှင့်လူ၏အသံသည် အေးစက်ကာ နေသည်။

ထာရှန်၏ မျက်လုံးထဲကနေ သွေးများစိမ့်ထွက်နေသည်။သို့သော် သူက အညံ့မခံ၊ဦးမညွတ်သည့် အကြည့်တို့ ရှိလို့နေဆဲ။ သို့ရာတွင် သူ့ကိုယ်ပေါ်ရှိ ကျွန်အမှတ်အသားက သူ ခုခံနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ မရေမတွက်နိုင်သော တောင်များက သူ့ကိုယ်ပေါ်သို့ ဆက်တိုက်ဖိနှိပ်လာသလို ဖြစ်ကာ သူ့ဒူးနှစ်ဖက်သည် ညွတ်ကျ၍ မြေပေါ်သို့ ဒူးထောက်ကျရသည်။

သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ အဝေးတွင် ရှိနေသော ရှုလီကောက တစ်ခုခုမှားနေပြီဟု သဘောပေါက်သွား၏။

ခြင်သားရဲကလည်း လေထဲ၌ လှည်ပတ် ပျံသန်းနေရင်း သက်လတ်ပိုင်းလူကို ကြည့်နေ၏။မိုးကြိုးဖားပြုတ်သည် အကွာအဝေးတစ်ခုကနေ အေးစက်စက် ကြည့်နေရင်း ၎င်း၏ ဝမ်းဗိုက်သည် ဖောင်းကြွနေ၏။

အပြာရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သို့သော် သူက အလျင်စလို မလှုပ်ရှားပေ။သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်ခဲ့ပြီး ဖြစ်ကာ ဝမ်လင်းနောက်မှ လိပ်ပြာက သူ့ကို အားကောင်းသည့် အန္တရာယ်အငွေ့အသက်ကိုလည်း ပေးစွမ်းနေသည်။

“ဒီလူက နိမ့်ကျတဲ့ကလန်က လူမဟုတ်ဘူး။ သူက ဒီကို ဘယ်လိုမျိုး ဝင်ရောက်လာတာလဲ။သူ့အော်ရာအရ သူက ကောင်းကင်ဘုံသားတစ်ယောက်လည်း မဟုတ်ဘူး…။သူက ဘယ်သူလဲ…”

အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ဝမ်လင်းကို ရန်မစသေးပေ။ထိုအစး သူက သူ့အောက်ရှိ ပလ္လင်ပေါ်သို့ ဘယ်လက်ဖြင့် ဖိချပြီး ပလ္လင်တံခါးပေါက်ကို ဖွင့်လှစ်စေသည်။

သည်အခိုက်အတန့်၌ ဂိတ်ပေါက်ပွင့်သွားသည်နှင့် အနက်ရောင်အခိုးငွေ့အမျှင်တန်းများသည် ထိုးထွက်လာကာ မြူသားရဲများအဖြစ်သို့ ပြောင်းလဲသွားချေသည်။သည့်နောက် မီးပြင်းဖိုထဲမှ အမျိုးသမီးကလည်း လှမ်းထွက်လာခဲ့သည်။သို့သော် သူမက ဂိတ်တံခါးပေါက်ကနေ လှမ်းထွက်လာခြင်း မရှိဘဲ ဝမ်လင်းကိုသာ အေးစက်စွာ စူးစိုက်ကြည့်နေ၏။

မြူသားရဲ ပေါ်လာသည်နှင့် ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ အသွင်သည် ပြောင်းလဲသွားကြ၏။ သို့ရာတွင် သူတို့ကိုယ်ပေါ်ရှိ ကျွန်အမှတ်အသားက သူတို့ကို မတ်တပ်ထမရပ်နိုင်အောင် ပြုလုပ်ထားသည်။သူတို့က ခုခံနိုင်စွမ်းမဲ့သည့် အနေထားတွင် ရှိနေ၏။

မြူသားရဲများသည် ပုံပန်းသဏ္ဌာန်အစုံ ရှိကာ ၎င်းတို့၏ မျက်လုံးများ မြန်ဆန်စွာ ပွင့်ဟ လာကြ၏။ ၎င်းတို့၏ အေးစက်စက်အကြည့်များသည် တောက်ပနေကာ အပြာရောင်ဝတ်စုံနှင့်လူသည် မြေပြင်တစ်နေရာသို့ လက်ညွှန်ပြသည်။

သည်မြူသားရဲများသည် အလျင်အမြန်ပင် မြေကြီးထဲကနေ ထိုးထွက်လာနေကြ၏။

သည်မြင်ကွင်းက ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကို ကျုံ့သွားစေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset