Switch Mode

အခန်း(၁၁)

ဘယ်သူကများ တွေးမိမှာလဲ

အခန်း (၁၁) : ဘယ်သူကများ တွေးမိမှာလဲ

ရုတ်တရက်ကြီး ပေါ်လာသည့် ရှန်ထျန်းကြောင့် ဝိညာဉ်နတ်မိမယ်လေးက လန့်သွားသည်။

မိုးပေါ်က ကျလာတာ ဘယ်သူကြီးလဲ…

ချောလိုက်တာ… ချောတာမှ ဝိညာဉ်နတ်မိမယ်လေးကို ရင်တွေခုန်လာအောင် လုပ်နိုင်တဲ့အထိကို ချောတာရယ်… ဒါပေမဲ့ သူက ဟိတ်ဟန်ထုတ်လွန်းအားကြီးတယ်…

မိုးပေါ်က ဆင်းဆင်းချင်းပဲ ငှက်ပျောသီးခွံအပေါ်ကို တက်နင်းမိလျက်သား ဖြစ်သွားရှာတယ်လေ…

“နတ်မိမယ်လေး… မကြောက်ပါနဲ့… ကိုယ် မင်းကို ကာကွယ်ပေးမယ်။ ကိုယ် ရှိနေသရွေ့ အဲ့ကောင် မင်းကို လက်ဖျားနဲ့တောင် ထိရဲမှာ မဟုတ်ဘူး”

ရှန်ထျန်းက ခက်ခက်ခဲခဲနှင့် မနည်း မတ်တပ်ပြန်ရပ်ကာ ဝိညာဉ်နတ်မိမယ်လေးကို သူ့နောက်မှာ ထားပြီး ကာကွယ်ပေးလိုက်လေသည်။

သူက လူယုတ်မာကို လက်ညိုးထိုးပြီး ဖြောင့်မတ်တည်ကြည်ဟန်အပြည့်နှင့် ပြောလိုက်သည်။

“ဟိတ် အယုတ်တမာကောင်… မင်းက နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလို ကြင်နာလှပတဲ့ အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားရဲတယ်ပေါ့လေ… မင်းကို မှတ်လောက်သားလောက်အောင် ဆုံးမပစ်ရမယ်”

ထိုလူယုတ်မာက ကြောင်အသွားသည်။

“ဟမ်… ဘာအယုတ်တမာကောင်လဲ… ဘယ်သူက ကြင်နာလှပတဲ့ အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်နေလို့လဲကွ”

ရှန်ထျန်းနောက်မှ ဝိညာဉ်နတ်မိမယ်လေးက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ပြီးမှ ပြောလိုက်သည်။

“ကျွန်မက အခုထိ မိန်းကလေးပဲ ရှိသေးတာပါနော်… အမျိုးသမီးတစ်ယောက် မဖြစ်သေးပါဘူး”

ရှန်ထျန်းတစ်ယောက် ပါးစပ်တွန့်သွား၏။

အဲ့ဒါက အဓိကကျလို့လား…

အဓိကကျတာက… ငါလေး မိုးပေါ်က ဆင်းလာပြီး သူမကို ဖြောင့်မတ်မှုအပြည့်နဲ့ ကူညီလိုက်တဲ့အချက် မဟုတ်ဘူးလားလို့… ငါလေးက မိန်းမလှလေးကို ကယ်တင်လိုက်တဲ့ သူရဲကောင်းဖြစ်သွားပြီလေ…

“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်…”

ရှန်ထျန်းက ထိုလူယုတ်မာအား အေးစက်စွာ ကြည့်လိုက်ပြီး “မိန်းကလေး ဝိညာဉ်နတ်မိမယ်လေးကို ဝိညာဉ်ကျောက်တုံးတွေ ပြန်ပေးလိုက်… အဲ့ဒါဆို ငါမင်းကို ချမ်းသာပေးမယ်… မဟုတ်ရင်…”

ထိုလူယုတ်မာက ရှန်ထျန်းအား မထီမဲ့မြင် ကြည့်လိုက်ရင်း ရယ်မောလိုက်ကာ “မဟုတ်ရင် ဘာဖြစ်လဲ”

ရှန်ထျန်းက လှောင်ပြုံး ပြုံးလိုက်သည်။ သန်းထောင်ချီသော မိန်းကလေးများစွာကို အရူးအမူးစွဲလမ်း ကြွေဆင်းသွားစေနိုင်လောက်သည့် ခပ်ထဲ့ထဲ့အပြုံးတစ်ချက်ကိုပေါ့…

ပြီးတော့ သူက ခေါင်းကို အသာယမ်းရင်း သက်ပြင်းချကာ ပြောလိုက်သည်။

“ငါမင်းကို အခွင့်အရေး ပေးပြီးသွားပြီ။ အဲ့ဒါကို တန်ဖိုးမထားတာ မင်းပဲ”

အနောက်ဘက်မှ ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်း၏အင်္ကျီလက်စကို ဆွဲကာ “အဲ့ဒါ ရှင်နဲ့မဆိုင်ပါဘူး… ပြီးတော့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလည်း မဟုတ်ဘူး။ ရှင် ထွက်သွားလိုက်တာ ပိုကောင်းမယ်ရှင့်”

“တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးတဲ့လား… ဟားဟား”

ရှန်ထျန်းက ခေါင်းကို နည်းနည်းမော့၊ ကောင်းကင်ကြီးကို ၄၅ ဒီဂရီစောင်းပြီး ကြည့်ကာ ဝမ်းနည်းညှိုးငယ်နေသောမျက်နှာပေးနှင့် ပြောလိုက်၏။

“မြစ်နံဘေးနားမှာ အထီးကျန်ပုံရိပ်တစ်ခုကို မြင်နိုင်ပါတယ်။ ကိုယ်တို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေဟာ… လမ်းကြုံလာလို့ မေတ္တာထား ကူညီရိုင်းပင်းတဲ့အခါမှာ ကိုယ်တို့တွေ သိကျွမ်းနေမှ ဖြစ်မှာလား”

ရှန်ထျန်း၏ ခန့်ညားလှသည့် ဘေးတိုက်မျက်နှာချောချောကို ကြည့်နေရင်း ထိုစာတတန်ပေတတန်နှင့် ပြောဆိုလာသည့် စကားလုံးများကို ကြားရသောအခါ ဝိညာဉ်နတ်မိမယ်လေး၏ မျက်နှာမှာ အနည်းငယ် နီရဲသွားလေသည်။

“ဒါပေမဲ့…”

ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေး ပြောနေသည်ကို ကြားဝင်ဖြတ်ကာ “ဒါပေမဲ့ဆိုတာတွေ မရှိဘူး”

ထို့နောက် သူက ဖြောင့်မတ်စွာ ပြောလိုက်၏။

“ကိုယ်တို့တွေက မတရားတာတွေ့ရင် ဟစ်ကြွေးမယ်… တိုက်ချိန်တန်ရင် တိုက်ကြမယ်… ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ကိုယ်က မင်းဒုက္ခရောက်နေတာကို ဘယ်လိုလုပ် မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲနိုင်မှာလဲ”

လူယုတ်မာက ရှက်ဒေါသတို့ဖြင့် ပေါက်ကွဲလေတော့သည်။ သူက မဲ့ရွဲ့ကာ ပြောလိုက်၏။

“သူများကြားထဲ ဝင်ရှုပ်ပြီး မင်းက မိန်းမလှလေးကိုကယ်တဲ့ သူရဲကောင်းလုပ်ချင်တယ်ပေါ့လေ… ငါ မင်းကို ဘယ်လိုဆုံးမမလဲဆိုတာ ကြည့်လိုက်စမ်း”

ပြောပြီးသည်နှင့် သူက ကျယ်လောင်စွာ ဟစ်ကြွေးလျက် ရှန်ထျန်းဆီသို့ တရှိန်ထိုး ပြေးဝင်သွားလိုက်သည်။

အားကောင်းသည့် အရှိန်အဝါတစ်ခုက သူ့ဆီမှ ထွက်ပေါ်လာသည်။ သည်လူက ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေသည့်သူပါတကား။

ဝိညာဉ်နတ်မိမယ်လေးက စိုးရိမ်သွားပြီး “မတိုက်ကြပါနဲ့… ကျေးဇူးပြုပြီး တိုက်ခိုက်တာတွေ ရပ်လိုက်ကြပါတော့ရှင်”

“မိန်းကလေး… ကိုယ့်အတွက် မစိုးရိမ်ပါနဲ့… ဒီအယုတ်တမာကောင်ကို စာရင်းရှင်းဖို့ဆိုတာက လွယ်လွယ်လေးပါဗျာ”

ရှန်ထျန်းက ထိုလူယုတ်မာကို အထင်သေးဟန်ဖြင့် ကြည့်ကာ “ကွေ့ကုန်းကုန်း”

ချက်ချင်းပင် ကွေ့ကုန်းကုန်းဆီမှ တုံ့ပြန်သံကို ကြားလိုက်ရသည်။

“ဟုတ်ကဲ့… အရှင့်သား”

“ချ”

“နားလည်ပါပြီ”

အသံပင် မပျောက်သေးခင် လူက ဟရူးဂါ နတ်ဆိုးကျမ်းမှ တိုက်ကွက်တို့ကို စသုံးလိုက်လေပြီ။

ပြိုင်ဖက်ကင်းအစွမ်းတို့နှင့် အနီရင့်ရောင် ဝိညာဉ်ချီက ကွေ့ကုန်းကုန်းဆီမှ ပွင့်ထွက်လာသည်။ ထိုဝိညာဉ်ချီပုံစံက ထူးဆန်းကာ စိတ်ကူးယဉ်ဆန်နေသဖြင့် ကွေ့ကုန်းကုန်းကို ကြည့်ရသည်မှာ အရိုင်းဆန်ပြီး နတ်ဆိုးတစ်ကောင်နှင့် တူနေလေတော့သည်။

သူ့ကို ဝိညာဉ်ချီတို့က လွှမ်းခြုံကာ အရိပ်နီနီတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ ထို့နောက် သူက ရှန်ထျန်းနှင့် လူယုတ်မာတို့ ကြားထဲမှာ ချက်ချင်း ပေါ်လာလေ၏။

“တယ်သတ္တိကောင်းတဲ့ အယုတ်တမာကောင်ပါလား… မင်းကများ မင်းသားလေးကို မခန့်လေးစားလုပ်ရဲတယ်ပေါ့လေ”

ကွေ့ကုန်းကုန်းက တမင်သက်သက် ထိုသို့အော်ပြောလိုက်ခြင်း ဖြစ်သည်။

စောစောလေးတုန်းက ရှန်ထျန်းတစ်ယောက် ငှက်ပျောသီးခွံအပေါ် တက်နင်းမိကာ အဝင်မှားသွားခဲ့သည်။ ထိုအဖြစ်ကြောင့် ဝိညာဉ်နတ်မိမယ်က မင်းသားလေးအပေါ် အထင်သိပ်ကြီးတော့မည် မဟုတ်ပေ။

သို့သော် ကိစ္စမရှိချေ… ရှန်ထျန်း၏ ကံနှင့်ဆို သူ့အတွက် ငှက်ပျောသီးခွံပေါ် တက်နင်းမိသည့် အဖြစ်မျိုးမှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ရပ်သာ…

ကွေ့ကုန်းကုန်းက တွေးလိုက်သည်မှာ ရှန်ထျန်းက တော်ဝင်မင်းသားတစ်ပါး ဖြစ်ကြောင်းကို သူက “မရည်ရွယ်ဘဲနှင့်” ထုတ်ပြောလိုက်မည်။ ထိုသို့ဆိုလျှင် ရှန်ထျန်းအတွက် ဝိညာဉ်နတ်မိမယ်လေး၏ အသည်းနှလုံးကို ဖမ်းစားဖို့ရာမှာ ခက်ခဲတော့မည် မဟုတ်ပေ။

မင်းသားလေးရဲ့ ပျော်ရွှင်မှုက ငါ့ဘဝမှာ အလိုချင်ဆုံးအရာပဲ…

သေပေတော့… အယုတ်တမာကောင်…

အသက်(၅၀)ကျော်နေပြီ ဖြစ်သည့် ကွေ့ကုန်းကုန်းက သူ့လက်သီးအိုကြီးနှင့် အသားကုန် ထိုးချလိုက်သည်။ ပြင်းထန်သည့် လက်သီးချက်များက လူယုတ်မာ၏ ကိုယ်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်လာသည်။

အမြန်ဆုံးအလျင်နှုန်းက အကောင်းဆုံးအင်အားနှင့် ညီမျှသည်။

ကမ္ဘာပေါ်မှ ကျင့်ကြံရေးကျင့်စဉ်များအနက် အမြန်ဆုံးအလျင်နှုန်း ရှိသည့်သူများကလွဲ၍ ကျန်လူများအားလုံးကို အနိုင်တိုက်လို့ရနိုင်သည်။

ကွေ့ကုန်းကုန်း၏ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်နှုန်းရှေ့၌ ထိုလူယုတ်မာမှာ ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေသည့်တိုင်အောင် အားနည်းကာ လုံးလုံးမခုခံနိုင်ဘဲ ဖြစ်နေလေ၏။

မျက်တောင်တစ်ခပ်စာအတွင်း သူ့ခမျာ အချက်တစ်ရာမက အထိုးခံလိုက်ရပြီး ဒဏ်ရာအပြည့်နှင့် ဖြစ်သွားရလေသည်။

“အရှင့်သား… ဒီအယုတ်တမာကောင်ကို နှိမ်နှင်းပြီးသွားပါပြီ”

လူယုတ်မာအား မထနိုင်အောင်ထိ ချပြီးသွားသည့်နောက် ကွေ့ကုန်းကုန်းက ဘေးသို့ ရိုကျိုးလေးစားမှုအပြည့်နှင့် နောက်ဆုတ်လိုက်ပြီး ရှန်ထျန်းအတွက် နေရာဖယ်ပေးလိုက်သည်။

ကဲ… အခု မင်းသားလေး တောက်ပရမယ့်အချိန် ရောက်ပြီ…

ဝိညာဉ်နတ်မိမယ်လေးတစ်ယောက် အံ့သြလွန်းပြီး ကြက်သေသေသွားပုံလေးက နည်းနည်းပင် ချစ်စရာကောင်းနေသည်ကို မြင်သောအခါ ရှန်ထျန်းက အသာပြုံးလိုက်သည်။

“မိန်းကလေး… အခု ဘေးကင်းလုံခြုံသွားပါပြီ။ ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ကျင့်ကြံသူတိုင်း ဘယ်သူမဆို လုပ်သင့်တဲ့အရာတစ်ခုပါ”

သို့သော်… ရှန်ထျန်းအား အံ့သြသွားစေသည်မှာ ဝိညာဉ်နတ်မိမယ်လေးက သူ့ကို တကယ် ကျေးဇူးမတင်ပေ။

မျှော်လင့်ချက်နှင့်တခြားစီ သူမက လူယုတ်မာဘေးသို့ အပြေးရောက်သွားလေသည်။ သူမက ထိုလူ ဘယ်လိုတောင် အဖြစ်ဆိုးနေသလဲကို သွားကြည့်လိုက်သည်။ ထို့နောက် သူမက ရယ်သံမထွက်အောင် ထိန်းနေသကဲ့သို့ သူမ၏ ပါးစပ်ကို အုပ်လိုက်လေ၏။

သို့သော်လည်း သူမက အတင်းပြန်ထိန်းကာ စိုးရိမ်သည့်လေသံဖြင့် မေးလိုက်သည် “ရှင် အဆင်ပြေရဲ့လား”

လူယုတ်မာမှာ မည်းပြာနေအောင်အထိ အချခံထားရပြီး သူ့သွားတစ်ဝက်လောက်မှာလည်း ကျွတ်ထွက်ကုန်ပြီလေ။ သူ စကားပြောလိုက်တိုင်း ပါးစပ်ထဲမှ လေတွေပါ ထွက်ထွက်လာသဖြင့် စကားတောင် ပီအောင် မပြောနိုင်တော့ချေ။

“ငင်း သော်သော်ရူဝါးဝရဲ့တောင်ဝဲ”

ရှန်ထျန်းက သိချင်စိတ်အပြည့်နှင့် သူမဆီသို့ လျှောက်သွားလိုက်သည် “သူမင်းကို အဲ့လိုလုပ်ထားတာတောင် မင်းက သူအဆင်ပြေမပြေကို စိတ်ပူနေသေးတာလား… ဒါနဲ့… သူဘာတွေပြောနေတာလဲ”

ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းအား မျက်ဖြူလှန်ပြလိုက်သည်။ သူမကြည့်ရတာ စိတ်လည်း ဆိုးနေသလို ပျော်လည်း ပျော်နေပုံ ပေါ်နေသည်။ ပြီးတော့…အင်း… ငိုချင်နေပုံလည်း ပေါ်နေလေသည်။

“သူပြောတာက “မင်း တော်တော် လူပါးဝတဲ့ကောင်ပဲ” တဲ့”

ရှန်ထျန်းက ကြောင်သွားကာ “ဘာကိုလူပါးဝတာလဲ”

လူယုတ်မာက ရှန်ထျန်းကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။

“ငင်းရှောင့်ငေရိုက်… ငင်း သီအသွက် ကျန်ပေးရှပ်ရရိမ့်မယ်”

ရှန်ထျန်းက ခေါင်းကုတ်ကာ “သူဘာပြောနေပြန်တာလဲ”

ဝိညာဉ်နတ်မိမယ်လေးက အနိုင်ကျင့်ခံရသလိုမျိုး ခံစားမိရင်း ပြောပြလိုက်သည်။

“သူ ပြောတာက “မင်းစောင့်နေလိုက်… မင်း ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်” တဲ့”

ရှန်ထျန်းက ဒေါသထွက်သွားသည်။

“မင်း ငါ့ကို စိတ်တိုအောင် လုပ်နေတာပဲ… မင်းကလည်း နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလို ကြင်နာလှပတဲ့ အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားသေးတယ်… ပြီးတော့… မင်းကပဲ ငါ့ ပြန်ပြီး ခြိမ်းခြောက်ရတယ် ရှိသေးတယ်… မင်း သေချင်နေတာလားကွ”

ကွေ့ကုန်းကုန်းက ရှန်ထျန်းကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

“အရှင့်သား… ဒေါသကိုလျော့ပါ။ ဒီလိုဆိုရင်ကော ကျွန်တော်မျိုးတို့ သူ့ကို ထပ်ချလိုက်ရမလား… ဒါမဟုတ်… တစ်ခါတည်း သတ်ပစ်လိုက်ရမလား”

ထိုအချိန်ရောက်မှ ထိုလူယုတ်မာက ကြောက်လန့်တကြား ဖြစ်သွားလေတော့သည်။

“ရှမ်းတာပေးဝါဂျာ… ကျုပ်တို မတတ်ကြဝါနဲ့”

ဝိညာဉ်နတ်မိမယ်လေးက ပြောရန် ပါးစပ်ဟန်ပြင်လိုက်သည်ကို မြင်သောအခါ ရှန်ထျန်းက ခေါင်းယမ်းလိုက်ပြီး “ပြန်ရှင်းပြစရာ မလိုပါဘူး… ကိုယ် အဲ့ဒါကို နားလည်တယ်။ “ချမ်းသာပေးပါဗျာ… ကျုပ်ကို မသတ်ကြပါနဲ့” တဲ့”

လူယုတ်မာက သက်ပြင်းမောကြီးကို ချကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

ဝိညာဉ်နတ်မိမယ်လေးက ခေါင်းကိုခါရင်း ပြောလိုက်သည်မှာ “ကျွန်မပြောမယ့်ဟာက… ကျွန်မက အမျိုးသမီး မဟုတ်ဘူး… အမျိုးသမီး မဟုတ်ဘူး… အမျိုးသမီး တစ်ယောက် တကယ်ကို မဟုတ်ပါဘူးလို့ဆို”

ရှန်ထျန်းတစ်ယောက် ပြောစရာစကားမရှိ ဆွံ့အသွားရ၏။

ဝိညာဉ်နတ်မိမယ်လေးက သုံးယောက်စလုံး၏ သံသယအကြည့်တို့ကို သတိပြုမိသည်။ သူမက ခဏလောက် တွေဝေနေသော်လည်း နောက်ဆုံးတွင်တော့ အဖြစ်မှန်ကို ထုတ်ပြောပြလိုက်လေသည်။

တကယ့်တကယ်တွင် ဝိညာဉ်နတ်မိမယ်လေးက ဘာဝိညာဉ်သတ္တုရိုင်းတုံးအကဲဖြတ်သူမှ မဟုတ်ချေ။

မြေကြီးပေါ်မှာ လဲကျနေသည့်လူကလည်း ဘာလူယုတ်မာမှ မဟုတ်ဘဲ ကောင်းကင်ဝိညာဉ်ပြခန်းမှ ဆိုင်ပိုင်ရှင်သူဌေးစုန့်၏ အသုံးမကျသည့်သား ဖြစ်နေလေသည်။

တစ်ခါသားတွင် ဝိညာဉ်နတ်မိမယ်လေးက ကံကောင်းပြီး အပေါစား ဝိညာဉ်သတ္တုရိုင်းတုံးအကဲဖြတ်ပညာရပ် တစ်ခုကို သင်ခွင့်ရခဲ့ဖူးသည်။

ထိုပညာဖြင့် သတ္တုရိုင်းတုံးများကို အကဲဖြတ်လို့ မရနိုင်သော်လည်း သာမန်လူသားတွေကိုတော့ လိမ်ညာလို့ ရနိုင်ဆဲ ဖြစ်သည်။

သည့်အပြင် ဝိညာဉ်နတ်မိမယ်လေးမှာ ကောင်းကင်ဘုံမှ နတ်သမီးလေးတစ်ပါးလို လှပလေသည်။ ပြီးတော့ သူမဆီမှာ လူတွေကို သူမအား နှစ်လိုသဘောကျစေသည့် သွင်ပြင်အမူအယာလေး ရှိနေပြန်သည်။

ထို့ကြောင့် သူမက အကြံတစ်ခု ရသွားပြီး ထိုဝိညာဉ်သတ္တုရိုင်းတုံး အရောင်းဆိုင်တွေဆီ သွားကာ သူတို့နှင့် ပူးပေါင်းစီးပွားရှာဖို့ ဆုံးဖြတ်လိုက်သည်။ သည်လိုနှင့် သူမက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲတွင် “ဈေးကွက် လွှမ်းမိုးခြယ်လှယ်သူ” တစ်ယောက် ဖြစ်လာလေသည်။

အရောင်းဆိုင်တစ်ဆိုင်တွင် ပစ္စည်းသစ် တင်လိုက်တိုင်း သူတို့က ဝိညာဉ်နတ်မိမယ်လေးကို သရုပ်ဆောင်ပေးဖို့ ဖိတ်ခေါ်ကြလိမ့်မည်။ သူတို့က ကြိုတင်စီစဉ်ထားသော ဝိညာဉ်သတ္တုရိုင်းတုံးတစ်ခုကို ထုတ်ပေးမည်။ ပြီးလျှင် ဝိညာဉ်နတ်မိမယ်လေးက ထိုဟာကို ဝယ်ယူဟန်ဆောင်မည်။

ထို့နောက် ထိုဝိညာဉ်သတ္တုရိုင်းတုံးကို ချက်ချင်းပဲ ထိုနားလေးတင် လှီးဖြတ်ဖွင့်ပြပြီးသွားသည်နှင့် သူ့ဈေးမှာလည်း ဆယ်ဆလောက် မြင့်တက်သွားလိမ့်မည်။

ထို့အပြင် ဝိညာဉ်နတ်မိမယ်လေး၏ အမာခံပရိသတ်တွေနှင့်ဆို ဝိညာဉ်သတ္တုရိုင်းဆိုင်တွေအတွက် ဈေးဝယ်သူအများကြီးကို ဆွဲဆောင်ရသည်မှာ လွယ်ကူသွားပေလိမ့်မည်။

ထိုဈေးဝယ်သူများက ထိုအရောင်းဆိုင်များ၌ ပိုက်ဆံသုံးနိုင်ချေမှာလည်း တော်တော်များနေပြန်သည်။

တစ်ဖက်တွင်မူ အရောင်းဆိုင်များက ထိုဝယ်သူများဆီမှ ရရှိသည့် အမြတ်အစွန်း၏ (၁)ရာခိုင်နှုန်းအား လစာအဖြစ် ဝိညာဉ်နတ်မိမယ်လေးကို ပေးမည် ဖြစ်သည်။

သည်လိုအခြေအနေများမှာ ရှားပါးလှသည်တော့လည်း မဟုတ်ချေ။ ရှန်ထျန်းက အရင်ဘဝတွင်လည်း အသိုင်းအဝိုင်းမျိုးစုံထဲက ဒီလိုလူမျိုးတွေ အများကြီးကို တွေ့ဖူးပြီးသားဖြစ်သည်။

ဒီလိုလုပ်ဇာတ်တွေက လုပ်ငန်းအမျိုးမျိုးမှာ ရှိကြသည်သာ… ဥပမာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ အိမ်ယာရောင်းဝယ်ရေး၊ အလောင်းကစားဝိုင်းတွေ၊ မျက်လှည့်တွေ၊ လူလိမ်တွေ … အမျိုးမျိုးပါပဲလေ…

သူက… ရှန်ထျန်းက ကျင့်ကြံရေးကမ္ဘာကို ရောက်ပြီးသွားတာတောင်မှ ဒီလိုလုပ်ဇာတ်တွေနှင့် တွေ့ရလိမ့်ဦးမည်လို့ လုံးဝမထင်ထားခဲ့ခြင်းသာ…

သူမကို ကြည့်လိုက်ရင်တော့ တခြားကမ္ဘာက နတ်သမီးလေးတစ်ပါးလိုပါပဲ… ဒါပေမဲ့… သူမက လူလိမ်တစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ…


Comment

Leave a Reply

Options

not work with dark mode
Reset