အနက်ရောင်မြူလှိုင်းများက ထိုမီးပြင်းဖို၏ ထိပ်ဝပတ်လည်တွင် လှည့်ပတ်နေကြသည်။၎င်းအနက်ရောင်မြူလှိုင်းများက အပြင်သို့ လွတ်ထွက်နိုင်ရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်ရသည်။သို့ရာတွင် ၎င်းတို့ မထွက်ခွာနိုင်အောင် ကာဆီးထားသော ထူးဆန်းသောစွမ်းအားတစ်ခု ရှိနေခဲ့၏။
ထိုကြီးမားသောမီးပြင်းဖို၏ ပတ်လည်တွင် ဦးခေါင်းခွံကိုးခု ရှိလေ၏။ထိုဦးခေါင်းခွံများသည် သားရဲအရိုးများ မဟုတ်ဘဲ လူသားဦးခေါင်းခွံများ ဖြစ်နေကြသည်။ အနှီဦးခေါင်းခွံတစ်ခုစီ၏ မျက်ခုံးနှစ်ခုကြားတွင်လည်း အလွန်ရှုပ်ထွေးသောတက်တူးတစ်ခု ရှိနေ၏။
ထိုဦးခေါင်းခွံများကနေ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်နေကာ အစီအရင်တစ်ခုဖြစ်ပေါ်နေသည့်အလား ရှိနေသည်။
ထာရှန်က ထိုမီးပြင်းဖိုကြီးကို ရှုပ်ထွေးဟန်နှင့် ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ဒါက အံ့ဖွယ်ယင်မီးပြင်းဖို ဖြစ်တယ်…”
ဝမ်လင်း၏ မျက်လုံးက တောက်ပနေ၏။သူ့နတ်ဘုရားအာရုံက ထိုမီးပြင်းဖိုပတ်လည်တွင် လွှမ်းပတ်ခြုံထားသည်။ခဏတာ တုံ့ဆိုင်းပြီးသည့်နောက် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို မီးပြင်းဖိုထဲသို့ တိုးဝင်စေလိုက်သည်။
သူ့နတ်ဘုရားအာရုံက မီးပြင်းဖိုထဲသို့ ဝင်သွားသည့်အခိုက်တွင် ခပ်ရှရှအသံတစ်ခုသည် မီးပြင်းဖိုအတွင်းထဲကနေ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အလွန်အမင်း ထူးဆန်းလှကာ နတ်ဘုရားအာရုံဖြင့်သာ ကြားနိုင်ပေ၏။၎င်းအသံထဲ၌ ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။ ယင်းအသံက ဝမ်လင်း၏နတ်ဘုရားအာရုံကိုပင် ပျက်ပြယ်လုနီးပါး ဖြစ်သွားစေသည်။
ဝမ်လင်းက ဖျပ်ခနဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။သူ့မျက်နှာက အနည်းငယ် ဖြူရောသွား၏။သို့သော် သူ့မျက်လုံးကတော့ လွန်စွာတောက်ပလာခဲ့၏။
ဝမ်လင်းက မီးပြင်းဖိုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ဒီနေရာမှာ ရက်အနည်းငယ် နေဦးမယ်…မင်းအရင် ထွက်နှင့်တော့…”
ထာရှန်က တိတ်ဆိတ်စွာ စဉ်းစားသွား၏။ထို့နောက် သူက ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ဝမ်လင်းကို မေးလိုက်၏။ “သင်…သင်က တကယ့်ကို အစစ်အမှန်ကောင်းကင်ဘုံသားလား…”
ဝမ်လင်းက ထာရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ထာရှန်အသွင်က ခါးသီးဟန် ဖြစ်ပေါ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ…ကလေးဘဝတုန်းက အကြီးအကဲတွေဆီကနေ ကြားခဲ့ရတာတော့ ငါတို့ဟာ ကောင်းကင်ဘုံသားတွေရဲ့ ရွေးချယ်ခြင်း ခံခဲ့ရတဲ့ လူတွေ ဖြစ်တယ်တဲ့။ငါတို့က ကောင်းကင်ဘုံသားတွေထံမှ ဘဝတစ်လျှောက် အမှုထမ်းရွက်ကြရတယ်တဲ့။ ဒါကပဲ ငါတို့က ကလန်ရဲ့ ဂုဏ်ယူစရာ ဖြစ်တယ်လို့ သိကြားခဲ့ရတယ်…”
“ဒီဂုဏ်ယူမှုက ငါ ကြီးပြင်းလာတဲ့ အချိန်ကစပြီး ငါ့နှလုံးသားထဲမှာ ယုံကြည်မှုတစ်ခုလို ဖြစ်နေခဲ့တယ်။ ဒါက ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့ကလန်က လူတွေအားလုံးကလည်း ဒီလို ယုံကြည်ကြတာပဲ…”
“ဒါပေမဲ့လည်း ငါ အရွယ်ရောက်လာတာနဲ့အမျှ ဒါက အမှန်တကယ် မဟုတ်ကြောင်း တဖြည်းဖြည်း သိရှိလာခဲ့တယ်။ဘယ်သူကမှ ဘုရားကျောင်းထဲမှာ ရှိတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားကလွဲပြီး ကောင်းကင်ဘုံသားတစ်ယောက်ကို မမြင်တွေ့ခဲ့ကြဖူးဘူး…”
“ငါတို့ကလန်က စောင့်ကြပ်ပေးနေတဲ့ အံ့ဖွယ်ယင်မီးပြင်းဖိုကနေ မြူတွေကို ထွေးအန်ထုတ်တက်တယ်။ ဒီမြူတွေထဲကနေ ထွက်လာတဲ့ အရာတွေက ငါတို့ကလန်ကို သတ်ဖြတ်ပြစ်ကြတယ်။ငါဟာ ငါ့ကလန်က တစ်ယောက်ယောက် သေသွားရတိုင်း ပူဆွေးမှုနဲ့ မကျေနပ်မှုတို့ကို ခံစားခဲ့ရတယ်။ဒါ့ကြောင့် ငါက ကောင်းကင်ဘုံသားတွေသာ တကယ်ရှိရင်ဆိုတဲ့ မေးခွန်းကို စတင် မေးမြန်းလာခဲ့တာပဲ…”
“ဒီကနေ့အထိ ငါ…ထာရှန်က ကောင်းကင်ဘုံသားတွေ တကယ်ရှိတယ်ဆိုတာကို မယုံကြည်တော့ဘူး။ သူတို့က တကယ်ရှိခဲ့ရင်တောင်မှ ဒီလောက်နှစ်တွေကြာတဲ့အထိ ငါတို့ကို ဘာကြောင့် မေ့ထားခဲ့ရတာလဲ…”
ဝမ်လင်းက စဉ်းစားနေ၏။ သူသည် အဘိုးအိုက သူ့ကို စွန့်ပစ်ခံမသေမျိုးကလန်(အရွေးချယ်ခံကလန်)အကြောင်း ရှင်းပြခဲ့ချိန်ကတည်းက ခန့်မှန်းမှုတစ်ခု ရှိနေခဲ့၏။
“ရွေးချယ်ခံကလန်…စွန့်ပစ်ခံကလန်…ဒီကလန်က ရွေးချယ်ခံပြီးမှ စွန့်ပစ်ခံခဲ့ရတာ…”
“ငါ့ကို ပြောပါ။ ဒီကမ္ဘာမှာ ကောင်းကင်ဘုံသားတွေ တကယ်ရှိရဲ့လား။ သင်ကကော ကောင်းကင်ဘုံသားလား…” ထာရှန်က ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်နေ၏။ သူ့အသကံလည်း တိုးညင်းကာ နေသည်။ သို့သော် မာန်ပါလေ၏။
ဝမ်လင်းက တည်ငြိမ်စွာပင် ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါက ကောင်းကင်ဘုံသားတစ်ယောက် မဟုတ်ဘူး…”
ထာရှန်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သူ့မျက်နှာပေါ်ရှိ ခါးသီးမှုကလည်း ပို၍ ပြင်းထန်လာခဲ့လေသည်။
“ကောင်းကင်ဘုံသားတွေကတော့ တကယ်ရှိနေနိုင်ပါသေးတယ်။ဒါပေမဲ့လည်း ကောင်းကင်ဘုံနယ်မြေကတော့ အလွန့်အလွန်ကြာတဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီးပြိုပျက်သွားခဲ့ပြီး ဖြစ်တယ်…” ဝမ်လင်း၏ အကြည့်က အံ့ဖွယ်ယင်မီးပြင်းဖိုအပေါ်သို့ ပြန်ကျရောက်လာ၏။
ထာရှန်က အထိတ်တလန့်ပြုံး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သေချာပြီ…ငါမှန်တယ်…။ကောင်းကင်ဘုံသား…ဘာကောင်းကင်ဘုံသားမှ မရှိဘူး။ ငါ့ကလန်ကလည်း ဒီနေရာကို တစ်ချိန်လုံး စောင့်ကြပ်ရမယ်ဆိုပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချခဲ့တာပဲ…”
ဝမ်လင်းက အံ့ဖွယ်ယင်မီးပြင်းဖိုကို စူးစိုက်ကြည့်ကာ ခပ်ဖြည်းဖြည်းချင်း မေးလိုက်၏။ “ဒီမီးပြင်းဖိုရဲ့ အထဲမှာ ဘာရှိလဲ…”
ထာရှန်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ “ငါ မသိဘူး။ ကလန်ရဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားတာတော့ လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်တွေတုန်းက ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့က ငါ့တို့ကလန်ကို ငှက်မွှေးသားရဲရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းခဲ့ပြီး သူပြန်လာတဲ့အချိန်အထိ ဒီအံ့ဖွယ်ယင်မီးပြင်းဖိုကို စောင့်ကြပ်ခိုင်းခဲ့တယ်လို့ ဆိုတယ်…”
“ငါက ဒီနေရာကနေ ဘယ်လိုနည်းနဲ့ ထွက်သွားနိုင်မှာလဲ…”
ထာရှန်က အသက်ဝဝရှုသွင်းကာ ခါးသီးဟန်နှင့် ပြောလိုက်သည်။ “ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်း မရှိဘူး။ဒီနေရာက လုံးဝချိပ်ပိတ်ထားတာ။ ငါက ဒီနေရာကနေ ထွက်ပြီး ကောင်းကင်ဘုံသားတွေကို ရှာတွေ့ဖို့ အကြိမ်များစွာ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ငါက ကျရှုံးခဲ့ရတယ်။ ဒီကောင်းကင်က အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ ငါက ဒါကို ဖြတ်ကျော်မသွားနိုင်ဘူး။ အပြင်ဘက် အသားနံရံအက်ကြောင်းတွေက အဆုံးမဲ့တဲ့ ဟင်းလင်းပြင်တစ်ခုလို ဖြစ်နေခဲ့တယ်…”
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက မေးလိုက်၏။ “အတိတ်တုန်းက ကောင်းကင်ဘုံကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ခဲ့တာက ဘာလဲ…”
“ငါမသိဘူး…။ဘယ်သူကမှလည်း ဒီကျောက်စိမ်းပြားထဲကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ဘူး…”
ထာရှန်က တဖြည်းဖြည်းဖြင့် တုန်လှုပ်နေရာကနေ ပြန်သက်သာလာခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ရှေ့သို့ ခြေလှမ်းကာ သူ့လက်ဖြင့် အံ့ဖွယ်ယင်မီးပြင်းဖိုကို ဖိသိပ်ချလိုက်သည်။ သူ့နတ်ဘုရားအာရုံက ၎င်းအထဲသို့ နောက်တစ်ဖန် ဝင်ရောက်သွားပြန်သည်။
ချက်ခြင်းလိုလိုပင် စူးရှရှအသံက နောက်တစ်ဖန် ပေါ်လာပြန်သည်။သည်တစ်ကြိမ်၌ ထိုအော်သံက ပထမတစ်ခေါက်ထက် ပို၍ သိပ်သည်းပေသည်။၎င်းစူးရှရှအသံက ဝမ်လင်း၏ နတ်ဘုရားအာရုံကို ထွင်းဖောက်ကာ သူ့စိတ်ထဲတွင် ချက်ခြင်းပဲ့တင်ထပ်လာခဲ့သည်။
ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို ကာကွယ်နိုင်ရန် မူလစွမ်းအင်ကို အာရုံစိုက်၍ အသုံးပြုကာ ထိုစူးရှရှအသံကို ခုခံလိုက်၏။ထိုအသံသည် သူ့စိတ်ထဲ၌ ပိုပို၍ ပြင်းထန်လာခဲ့သည်။ အဆုံးသပ်၌ ယင်းအသံ၏ ထွင်းဖောက်နိုင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ဝမ်လင်း၏အသွင်သည် ဖြူရောသွားကာ သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရသလို နောက်သို့လည်း ဆုတ်လိုက်ရသည်။
သူက နောက်သို့ ခြေခုနစ်လှမ်းခန့် ဆုတ်ပြီးမှ သူ့အသွင်သည် ပြန်ကောင်းမွန်လာခဲ့လေသည်။အေးစက်စက်နှာခေါင်းရှုံ့ပြီးနောက် သူက ရှေ့သို့ တစ်ဖန် ပြန်တိုးကာ မီးပြင်းဖို၏ နှာခမ်းဝအနားသို့ ရောက်လာခဲ့ပြန်သည်။သူက အထဲသို့ ကြည့်လိုက်သည့်အခါ မီးပြင်းဖိုတစ်ခုလုံးသည် လုံးဝနက်မှောင်နေသည်ကို တွေ့မြင်လိုက်ရ၏။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့လက်ကိုလည်း လေထဲသို့ ပင့်မြှောက်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ မိုးကြိုးသည် တရကြမ်းထွက်လာခဲ့ကာ သူ့လက်ထဲ၌ မိုးကြိုးလုံးတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူက ၎င်းမိုးကြိုးလုံးကို မီးပြင်းဖိုအဝသို့ ပစ်လွှတ်လိုက်လေ၏။
မိုးကြိုးလုံးသည် မီးပြင်းဖိုအဝသို့ တုန်ခါသံနှင့်အတူ ကျရောက်သွားသည်။သို့ရာတွင် ထိုအခိုက်အတန့်၌ အနက်ရောင်မြူတစ်ခုက စုစည်းလာကာ ယင်းမိုးကြိုးလုံးကို ဝါးမြိုလာ၏။
ဝမ်လင်းက အော်ပြောလိုက်သည်။ “ပေါက်ကွဲလိုက်စမ်း…”
ခပ်အုတ်အုတ်အသံတစ်ခု ပဲ့တင်သွားကာ မိုးကြိုးလုံးသည် ပျက်စီးသွားပြီး အနက်ရောင်မြူသည် ထိုးထွက်လာ၏။ ဝမ်လင်း၏မျက်လုံးက အနက်ရောင်မြူကို ထွင်းဖောက်ကြည့်နေကာ မီးပြင်းဖို၏အောက်ခြေကို ထွင်းဖောက်မြင်နေရသကဲ့သို့ တလက်လက် ဖြစ်နေသည်။
မီးပြင်းဖို၏အတွင်းဘက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ငယ်တစ်ခု ရှိလို့နေသည်။
အနက်ရောင်မြူက ရွှေ့လျားသွားပြီးနောက် ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ဖုံးအုပ်သွားသည်။ထို့နောက် အနက်ရောင်မြူသည် အလျင်အမြန် သိပ်သည်းလာခဲ့ကာ လူသားအသွင်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။၎င်းက အမျိုးသမီးအသွင်ပင်။သို့သော် သူမ၏ခန္ဓာကိုယ်သည် မြူကနေ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကာ မည်သည့်ပုံပန်းအသွင်ရှိကြောင်း မြင်တွေ့ရဖို့ မဖြစ်နိုင်ပေ။
သို့ရာတွင် ထိုအမျိုးသမီးပုံရိပ်က ပေါ်ပေါက်လာသည်နှင့် ချက်ခြင်း ထိုးထွက်လာခဲ့လေသည်။ သူမက စူးရှရှအသံပေးကာ ထိုးထွက်လာရင်း သူမ၏ အောက်ဘက်တွင်လည်း အနက်ရောင်မြူတို့ ရှိနေသည်။
သည်တစ်ကြိမ်၌ ထိုစူးရှရှအော်သံက မူလစိတ်ဝိညာဉ်ကိုသာ ပစ်မှတ်ထားခြင်း မဟုတ်တော့ဘဲ အသွေးအသားများကိုပါ အန္တရာယ်ပြုလာခဲ့လေသည်။ထိုအော်သံသည် ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာချေသည်။
ထာရှန်ကလည်း သိပ်မဝေးသော နေရာတွင် ရှိနေသဖြင့် သူ့အပေါ်တွင်လည်း ယင်းအသံက သက်ရောက်မှု ရှိလို့နေသည်။သူ့မျက်နှာက ဖြူရောသွားကာ နောက်သို့ အလိုလို ဆုတ်မိသွားသည်။ထာရှန်တွင် ဝမ်လင်းကဲ့သို့ မိုးကြိုးစိတ်ဝိညာဉ် မရှိသဖြင့် သူ့မူလစိတ်ဝိညာဉ်သည် ဒဏ်ရာ ရသွားခဲ့ရပေသည်။
ဝမ်လင်းသည်လည်း ချက်ခြင်း နောက်ဆုတ်လိုက်သော်လည်း သူ့အပေါ်တွင် သက်ရောက်မှုကတော့ ရှိလို့နေဆဲ ဖြစ်၏။သူ့အသွင်ကလည်း ဖြူရောသွားကာ ပါးစပ်ထောင့်ကနေ သွေးများစီးကျလာခဲ့သည်။သူက ထာရှန်ကို ဖမ်းကိုင်ကာ ထွက်ပေါက်ဆီသို့ တိုက်ရိုက် ပျံသန်းသွားချေ၏။
မီးပြင်းဖိုထဲမှ အမျိုးသမီး၏အရိပ်က သူတို့နှစ်ယောက်နောက်သို့ လိုက်ပါလာ၏။သူမက အလွန်မြန်ဆန်လှသည်ဖြစ်ရာ ချက်ခြင်းလိုလို သူတို့နှစ်ယောက်အား မှီလာခဲ့ကာ နောက်ထပ် စူးရှစွာ အော်သံပြုပြန်၏။ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲံကာ သူက သွေးအဆီအနှစ်ကို ထွေးထုတ်၏။သွေးမြူတစ်ခုက အမျိုးသမီးအရိပ်ထံသို့ တရကြမ်း တိုးဝင်သွားချေသည်။
ဝမ်လင်းက အော်ပြောလိုက်လေ၏။ “ချိပ်ပိတ်ခြင်း…”
သွေးမြူက အတားအဆီးများစွာအဖြစ်သို့ ပြောင်းလဲကာ သူမ၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်ကာ ကြီးမားသည့် ချိပ်ပိတ်မှုတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏မျက်လုံးက အေးစက်လာခဲ့ကာ သူက လေဟာနယ်ထဲသို့ လက်ညွှန်လေ၏။ ကံကြမ္မာကျာပွတ်သည် ရုတ်တရက် ပေါ်လာခဲ့ကာ ထိုအမျိုးသမီးထံသို့ ကြမ်းတမ်းစွာ လွှဲရိုက်လာခဲ့သည်။
အမျိုးသမီးပုံရိပ်သည် အထိတ်တလန့် ငြီးတွားလိုက်ရလေ၏။သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။သို့သော် ချက်ခြင်းလိုလိုပင် ရှေ့သို့ ပြန်တိုးဝင်လာခဲ့ပြန်၏။သူမ၏ ခန္ဓာကိုယ်က အနက်ရောင်အခိုးငွေ့ကိုးခုအဖြစ်သို့ ပြန့်ကျဲသွားကာ ဝမ်လင်းထံသို့ မြှားများကဲ့သို့ ဦးတည်တိုးဝင်လာခဲ့လေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ နောက်သို့ ဆက်၍ ဆုတ်နေ၏။သူက တံခါးဝထွက်ပေါက်နားသို့ ရောက်လာခဲ့သည့်အခါ ထာရှန်ကို နောက်သို့ ပစ်လွှတ်လိုက်၏။ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားကို လက်ညွှန်လိုက်ရာ တတိယမျက်လုံးက ချက်ခြင်းပွင့်ဟ လာခဲ့ချေသည်။ထို့နောက် အနီရောင်အလင်းတစ်ခုက ထွက်ပေါက်နားကို ဝန်းရံလွှမ်းခြုံကာသွားသည်။
ထိုအနီရောင်အလင်း၏အောက်၌ အနက်ရောင်အခိုးငွေ့တန်းကိုးခုသည် ချက်ခြင်း လွင့်ပြယ်ကာ သွားသည်။ထို့နောက် ၎င်းတို့က မြန်ဆန်စွာပင် အတူတကွပြန်ဖြစ်ပေါ်လာကာ တတိယမျက်လုံး၏ အနီရောင်အလင်းစွမ်းရည်ကို လစ်လျူရှုရင်း ထွက်ပေါက်ထံသို့ အလျင်အမြန် ထိုးထွက်လာခဲ့ပြန်သည်။
ထွက်ပေါက်နားတွင် ရှိနေသော အဘိုးအိုက ယင်းအနက်ရောင်အခိုးငွေ့ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို စတင် ဖြစ်ပေါ်စေသည်။သူ့မျက်ခုံးနှစ်ခုကြားရှိ အပင်သည်လည်း တဖျပ်ဖျပ်ဖြစ်လာခဲ့ရင်း တံခါးဝကို ခပ်နှိပ်ပစ်၏။
ကြီးမားသည့်ဝင်ပေါက်တံခါးသည် တုန်ခါသံနှင့်အတူ ဖြည်းဖြည်းချင်း ပိတ်ဆို့လာခဲ့လေ၏။အမျိုးသမီး၏ စူးရှရှအသံသည် တံခါးအတွင်းဘက်ကနေ ချက်ခြင်း ထွက်ပေါ်လာခဲ့တော့သည်။အဘိုးအို၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် အားနည်းလာခဲ့ရသည်။
တံခါးက ပိတ်လုပိတ်ခု ဖြစ်ခါနီး၌ အမျိုးသမီးပုံရိပ်သည် ထိုးထွက်လာရန် ပြင်သည်။ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘက်စုတ်တံကို ထုတ်ယူ၏။သည့်နောက် သူက ချက်ခြင်းပင် စုတ်ချက်ခြောက်ချက်ကို ချက်ခြင်းရေးဆွဲလိုက်ရာ ဓားကဲ့သို့ အလင်းတန်းများသည် ထိုးထွက်၍ တိုးဝင်လာနေသော အမျိုးသမီး၏အရှေ့သို့ သွားရောက် တားဆီးသည်။
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အမျိုးသမီးအရိပ်သည် တန့်သွား၏။သည်အခိုက်အတန့်၌ တံခါးသည် လုံးဝပိတ်ဆို့သွားကာ သူမကို ကာဆီးပိတ်ဆို့ထားလိုက်တော့သည်။
ထာရှန်က ယခုအဖြစ်အပျက်ကြောင့် အလွန်အမင်း တုန်လှုပ်နေမိ၏။သူက တံခါးဝကို စူးစိုက်ကြည့်နေရင်း ဦးရေပြားပင် ထုံထိုင်းနေခဲ့သည်။
“ဒါက ဘာလဲဟ…”
“အံ့ဖွယ်ယင်မီးပြင်းဖိုရဲ့ စိတ်ဝိညာဉ်…” ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ ဘိုးဘေးသည် သူ့ပါးစပ်ထောင့်မှ သွေးများကို ပတ်သယ်လိုက်ရင်း သူ့အသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လို့နေသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေသည့်အပြင် သူက ထိုင်ချလိုက်၏။ “မင်းတို့နှစ်ယောက်…ထွက်သွားကြ…။ ဒီနေရာရဲ့ ပေတစ်ထောင်အတွင်း ဘယ်သူမှ ရောက်မလာစေနဲ့…”
အဘိုးအိုက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ခဏအကြာ သူက တလေးတစား ခေါင်းညိတ်လိုက်၏။ထို့နောက် သူနှင့်ထာရှန်တို့သည် အလင်းတန်းအဖြစ် ပြောင်းလဲ၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားကြလေသည်။
ဝမ်လင်းက တံခါးဝကိုသာ စူးစိုက်ကြည့်နေသည်။ အဘိုးအိုက တံခါးဖွင့်ခဲ့သည့်အချိန်က သူက အဘိုးအိုသည် သူ့မျက်ခုံးနှစ်ခုကြားရှိ တက်တူးအမှတ်အသားကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းစွာ တွေ့မြင်ခဲ့ပေသည်။ထိုတက်တူးအမှတ်အသားသည် သူ၏ အသက်ဓာတ်တက်တူး ဖြစ်မည်မှ သိသာပေ၏။
စဉ်းစားနေရင်း ဝမ်လင်းသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။အတိတ်တုန်းက သူ ဟင်္သာပြဒါးဂြိုဟ်တွင် ရှိခဲ့စဉ်တုန်းက သူ့တွင် စွန့်ပစ်ခံမသေမျိုးကလန်ကနေ ဦးခေါင်းခွံများစွာ ရရှိခဲ့ပေသည်။အလင်းတစ်ချက်နှင့်အတူ ဝမ်လင်း၏ ပတ်လည်၌ ဦးခေါင်းခွံများစွာ ပေါ်လာခဲ့လေ၏။
ထိုဦးခေါင်းခွံတစ်ခုစီပေါ်၌ ရှုပ်ထွေးသောတက်တူးအမှတ်အသားတစ်ခုစီ ရှိလို့နေကြသည်။အနီးကပ်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက ၎င်းတို့ကို ပြန်သိမ်းဆည်းလိုက်သည်။ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ်သွားကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။
ကောင်းကင်က အပြာရောင် ဖြစ်နေ၏။သို့သော် ဝမ်လင်း၏အမြင်၌ ထိုတိမ်ဖြူတိမ်ပြာများ၏ အနားစွန်းတွင် အသွေးအသားနံရံတစ်ခု ရှိလို့နေသည်ကို ခပ်ရေးရေး တွေ့မြင်နေရပေသည်။
“ဒီနေရာက အမှန်တကယ် ချိပ်ပိတ်ခံထားရတာ ဖြစ်မယ်ဆိုရင် ငါက ဒီနေရာကို ဘယ်လိုများ ပို့လွှတ်ခြင်း ခံလိုက်ရတာလဲ…။ဒီနေရာက ရင်းနှီးလှတဲ့နေရာလည်း မဟုတ်ဘူး။ငါက ဒီနေရာကနေ တက်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ဖို့ နည်းလမ်းတစ်ခု ရှာမှ ရမယ်။ဒါပေမဲ့လည်း ဒီလို အန္တရာယ်ရှိတဲ့နေရာက ပုန်းကွယ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်နေပြန်ကော…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ပစ္စည်းတစ်ခု ပျံသန်းထွက်လာ၏။
ထိုပစ္စည်းက ပေတစ်ရာ့ငါးဆယ်ခန့် ရှည်ကာ ပေလေးဆယ်လောက် ကျယ်ပြောသည်။၎င်းပေါ်လာသည်နှင့် ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းလို့လာ၏။၎င်းပစ္စည်း၏အပေါ်၌ မရေမတွက်နိုင်သော ဆူးချွန်များလည်း ရှိနေ၏။ လူတစ်ယောက်က ၎င်းကို ကြည့်မိပါက ကြောက်ရွှံ့မှုကို ခံစားမိပေလိမ့်မည်။
ယင်းပစ္စည်းက တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ဖြစ်လေတော့၏။
***