Switch Mode

အပိုင်း(၈၅၇)

:အံ့ဖွယ်ယင်မီးပြင်းဖို

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ လှုပ်ရှားလိုက်ရာ ချက်ခြင်းလိုလို ထိုမြူသားရဲဘေးနားသို့ ရောက်ရှိသွားသည်။သူက သူ့လက်နှစ်ဖက်ဖြင့် ဓားအသွင် ဖြစ်ပေါ်စေလိုက်ပြီး ၎င်းမြူသားရဲ၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ထိုအခါ ၎င်းမြူသားရဲသည် ပေါက်ကွဲထွက်သွားလေ၏။

သို့ရာတွင် ၎င်းက ပျက်စီးသွားသည့်နောက်တွင် လုံးဝပျောက်ကွယ်သွားခြင်း မရှိဘဲ မြူလွှာထုတစ်ခုအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။၎င်းမြူလွှာက တွန့်လွန်ကာ သားရဲအသွင် ပြန်လည်ဖြစ်တည်မည့် အရိပ်လက္ခဏာ စတင် ပြသလာလေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မြူသားရဲအသွင် ပြန်ဖြစ်ပေါ်နေသော နေရာအနားသို့ ရောက်ရှိသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများက သူ့လက်ချောင်းထိပ်တွင် စုဝေးလာခဲ့လေသည်။

မိုးကြိုးလုံးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ဝမ်လင်း၏ လက်ညွှန်ချက်တစ်ချက်နှင့်အတူ ၎င်းမိုးကြိုးလုံးသည် ဖြစ်ပေါ်နေသောမြူသားရဲထံသို့ တဟုန်ထိုး တိုးဝင်ကာ သွားသည်။

ထိုအခါ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ၎င်းမြူလွှာထုသည် အခိုးအငွေ့အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားလေ၏။ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာခဲ့ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူက လက်ညွှန်လိုက်လေသည်။ ထိုအခါ အကြွင်းအကျန်မြူများအားလုံးကပါ ချက်ခြင်း ပျောက်ကွယ်သွားလေတော့၏။

ထိုအခိုက်အတန့်၌ ကျန်သည့် မြူသားရဲများကလည်း စူးစူးရှရှ အော်မြည်ပြီး ၎င်းတို့ပတ်လည်ရှိ လူအများထံသို့ တရကြမ်း တိုးဝင်နေကြသည်။ဝမ်လင်းသည် တည်ငြိမ်လျက်ပင် ရှိကာ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

ဝမ်လင်းက လေထဲ၌ ရှိနေရင်း သူ့လက်ညှိုးကို ကောင်းကင်ထက်သို့ ညွှန်ကာ ခပ်ဖြည်းဖြည်းချင်း ပြောလိုက်၏။ “တစ္ဆေလောကမြစ်…”

ကောင်းကင်ထက်၌ တုန်ခါသောအသံတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်းနှင့်အတူ တစ္ဆေလောကမြစ်သည် ပေါ်ထွက်လို့လာသည်။၎င်းမြစ်က လေဟာနယ်ထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်ကာ ၎င်းထံကနေ အားကောင်းသော မကျေမချမ်းအော်ရာတစ်ခုက ပျံ့နှံ့လို့လာလေ၏။

ဝမ်လင်းသည် အရှင်သခင်တစ်ပါးကဲ့သို့ တစ္ဆေလောကမြစ်၏ အထက်၌ မားမားရပ်နေသည်။

“တတိယမြောက်စွမ်းရည်…တစ္ဆေလောကမြစ်ရဲ့ စွမ်းအား…”

တစ္ဆေလောကမြစ်ထံကနေ အံ့မခန်းစုပ်အားတစ်ခု ထွက်ပေါ်လာလေတော့၏။ တရကြမ်းတိုးဝင်နေကြသော မြူသားရဲများသည် ချက်ခြင်း ထိုစုပ်အား၏ သက်ရောက်ခြင်းကို ခံရကာ တစ္ဆေလောကမြစ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေတော့သည်။

၎င်းစုပ်အားသည် မြူသားရဲတစ်ကောင်တည်း၏ အပေါ်သို့သာ သက်ရောက်ခြင်း မဟုတ်ဘဲ သားရဲအားလုံးနီးပါး အပေါ်သို့ သက်ရောက်ခြင်း ဖြစ်လေ၏။ ထိုစုပ်အားအောက်၌ မြူသားရဲများသည် မြူလွှာများအဖြစ်သို့ ပြန်ပြောင်းလဲကာ လွတ်မြောက်ရန် ရုန်းကန်ရလေတော့သည်။

သည်အခိုက်အတန့်၌ စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးသည် စိုးရိမ်ပူပန်သည့်အသွင် ဖြစ်ပေါ်နေရင်း ဝမ်လင်းကို ရပ်တန့်ရန် အသည်းအသန် လှမ်းအော်ပြောလိုက်သည်။ “အထက်ကောင်းကင်ဘုံသား…မလုပ်ပါနဲ့ဦး…”

ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ အဘိုးအို လှမ်းအော်လိုက်သည့်အခါ၌ ဝမ်လင်းသည် တစ္ဆေလောကမြစ်၏ စုပ်ယူခြင်းခံထားရသည့် အနက်ရောင်မြူများသည် သန့်စင်မွန်းမံပစ်ခြင်း မခံရသည်ကို ခံစားလိုက်မိသည်။ထိုအစား ၎င်းမြူများက စုဝေးလာရင်း လူသားအသွင်ပင် ဖြစ်ပေါ်လာလေသည်။

ယင်းလူသားအသွင်က ရှင်းလင်းသည့် ပုံပန်းအသွင်တော့ မရှိသေးချေ။ သို့ရာတွင် ၎င်းပေါ်လာသည်နှင့် တစ္ဆေလောကမြစ်သည် ၎င်း၏စွမ်းအားပါ ဆုံးရှုံးသွားသလို ဖြစ်ကာ ယင်းလူသားအသွင်ပုံရိပ်က တစ္ဆေလောကမြစ်အတွင်းကနေ ခုန်ထွက်လာခဲ့လေ၏။

ထိုမြူကနေ ဖြစ်ပေါ်လာသည့် လူသားအသွင်ပုံရိပ် ပေါ်ထွက်လာသည့်အခါ ၎င်း၏ အသွင်အပြင်က မှုန်ဝါးဝါးနှင့်ဖြစ်နေကာ ညာမျက်လုံးတစ်ခုကသာ ရှင်းလင်းစွာ တည်ရှိနေသည်။

စွန့်ပစ်ခံမသေမျိုးကလန်၏ ဘိုးဘေးသည် ကောင်းကင်ထက်ကနေ အလျင်အမြန် ဆင်းသက်လာလေ၏။သူသာမက အခြားကလန်အဖွဲ့ဝင်များသည်လည်း မြန်ဆန်စွာ အောက်ဆင်းလာကြတော့သည်။ အဘိုးအိုက ညာမျက်လုံးနှင့်လူသားပုံရိပ်က မြင်လိုက်မှ သူက စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ လှမ်းအော်ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံသား…ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ။ ဒါမှ ငါက ကောင်းကင်ဘုံအစီအရင်ကို အသက်သွင်းနိုင်မှာ မလို့။ဒါက လူသားအသွင် မြူသားရဲတစ်ကောင်သာ ဖြစ်တယ်။ ဒီလူသားအသွင် မြူသားရဲဟာ သူ့အပေါ်ကို ကျရောက်တဲ့ ဘယ်မန္တာန်ဖြစ်ဖြစ် သူ့ကို တစ်ကြိမ်တည်း မသတ်ပစ်နိုင်ဘူးဆိုရင် အဲ့မန္တာန်ကို နောက်တစ်ကြိမ်အသုံးပြုရင်တောင် သူ့ကို ဒဏ်ရာရစေမှာ မဟုတ်တော့ဘူး…”

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက နောက်သို့ အလျင်အမြန် ပြန်ဆုတ်ပေးလိုက်သည်။ သူက နောက်ဆုတ်လိုက်စဉ်မှာပင် ၎င်းက မျက်လုံးတစ်လုံးနှင့်လူသားအသွင်မြူသားရဲက ဝမ်လင်းနောက်သို့ ချက်ခြင်းပင် တရကြမ်း လိုက်ပါလာလေတော့၏။

ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့ကာ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများသည် စုဝေးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း လက်သီးစုပ်ခန့် မိုးကြိုးလုံး ဆယ့်နှစ်လုံးကျော်သည် ဝမ်လင်းပတ်လည်၌ ‌ ဖြစ်ပေါ်လာခဲ့သည်။လက်ညှိုးတစ်ချက်ဖြင့်ပင် မိုးကြိုးလုံးများ အားလုံးသည် လူသားအသွင်မြူသားရဲထံသို့ တရကြမ်း တိုးဝင်သွားသည်။

သို့ရာတွင် မိုးကြိုးလုံးများ နီးကပ်သွားသည့် အခိုက်တွင် ဝမ်လင်းသည် နောက်ဆုတ်နေရင်း အော်ပြောလိုက်လေ၏။ “စုစည်းစမ်း…”

မိုးကြိုးလုံးများအားလုံးသည် ချက်ခြင်းပင် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားကာ ၎င်းလူသားအသွင်မြူသားရဲထံသို့ ကျရောက်သွားလေတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ လူသားအသွင်မြူသားရဲသည် ပျက်စီးလို့သွား၏။ သို့သော် ချက်ခြင်းလိုလိုပင် ၎င်းက မည်သည့်ထိခိုက်မှုမှ မရှိသကဲ့သို့ ပြန်ဖြစ်ပေါ်လာခဲ့သည်။ သည့်နောက် ၎င်းက ဝမ်လင်းနောက်သို့ ဆက်လိုက်လံ လာသည်။

၎င်းလူသားအသွင်မြူသားရဲ၏ ခန္ဓာကိုယ်ထဲ၌ ယခုအခါတွင် မိုးကြိုးစွမ်းအားတစ်ခု ထပ်တိုး ရှိလာခဲ့သည်။၎င်းခန္ဓာကိုယ်ထဲရှိ မိုးကြိုး၏စွမ်းအားသည် ဝမ်လင်း၏မိုးကြိုးနှင့် အတူတူသာ ဖြစ်နေ၏။၎င်းလူသားအသွင်မြူသားရဲက ဝမ်လင်းနောက်သို့ ဆက်၍ လိုက်ပါလာခဲ့သည်။ ယင်းမိုးကြိုးကြောင့် လူသားအသွင်မြူသားရဲသည် ပို၍ပင် မြန်ဆန်လာသေး၏။ ဖျပ်ခနဲပင် ၎င်းက ဝမ်လင်းကို မှီလာခဲ့သည်။

ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လို့သည့် စိတ်ဆန္ဒတစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။ သူက သူ့သိုလှောင်အိတ်ကို ညာလက်ဖြင့် ထိလိုက်ရာ ကောင်းကင်ဘုံဓားသည် ချက်ခြင်း ပေါ်ထွက်လာခဲ့တော့သည်။ဝမ်လင်းက ၎င်းကောင်းကင်ဘုံဓားကို ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်လေ၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ချက်ခြင်း ပေါ်ထွက်လာခဲ့လေသည်။ လူသားအသွင်မြူသားရဲက ရပ်တန့်သွားကာ ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့ဟန် ဖြစ်ပေါ်လာခဲ့သည်။၎င်းက နောက်သို့ ဆုတ်လိုသော်လည်း နောက်ကျသွားခဲ့လေပြီ။

လူသားအသွင်မြူသားရဲက နှစ်ခြမ်းကွဲထွက်သွားကာ အထိတ်တလန့်ကြောက်လန့်တကြား ငြီးတွားသံတစ်ခုနှင့်အတူ မြူမြောက်များစွာသည် လွင့်ပြယ်ထွက်လာခဲ့တော့သည်။ ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ထိုမြူလွှာများအနားသို့ ရောက်ရှိသွားပြီးနောက် သူက နောက်တစ်ကြိမ် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို အသုံးပြုလိုက်ပြန်၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် ပေါ်လာသည်နှင့် မြူများက ဆက်တိုက် ပြိုပျက်လာခဲ့တော့သည်။သို့ရာတွင် ခဏအကြာ၌ ၎င်းမြူများက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို ခုခံနိုင်သည့်အသွင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏ ပျက်စီးနှုန်းကလည်း နှေးကျသွားကာ ပြန်လည် ဖြစ်ပေါ်မည့် အရိပ်အယောင်များပါ ပြသလာခဲ့သည်။

ဝမ်လင်း၏မျက်လုံးများက တလက်လက် ဖြစ်နေကာ သူ့ညာလက်ကို ရှေ့သို့ ညွှန်၍ အော်ပြောလိုက်လေ၏။ “ရပ်တန့်စမ်း…”

ထိုအခါ ဤဧရိယာတွင် ကောင်းကင်ဘုံရပ်တန့်ခြင်းမန္တာန်က ချက်ခြင်း ပြည့်နှက်လာကာ ပြန်လည်ဖြစ်ပေါ်နေသော မြူများသည် ချက်ခြင်း ရပ်တန့်သွားရလေ၏။

ကြီးမားသည့်သားရဲပေါ်လာသည့် အခိုက်အတန့်တွင် ၎င်း၏မျက်လုံးကနေ တစ္ဆေဆန်သောအလင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ သိပ်သည်းသော မကောင်းဆိုးဝါးအော်ရာက သည်ဧရိယာတွင် ပြည့်နှက်လာခဲ့တော့သည်။မြူကလည်း မီးခိုးရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ ကျောက်သားအဖြစ်သို့ ပြောင်းလဲလာလေ၏။

ဝမ်လင်း၏မျက်လုံးက အေးစက်လာကာ သူက ၎င်းကျောက်သားမြူထံသို့ လက်ညွှန်လိုက်ရာ မူလစွမ်းအင်အမြောက်အများသည် သူ့လက်ညွှိုးကနေ ထိုးထွက်လို့သွားသည်။၎င်းကျောက်သားမြူသည် အပိုင်းအစများအဖြစ်သို့ ချက်ခြင်း ပျက်စီးသွားခဲ့ကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့၏။

ထိုမြင်ကွင်းက စွန့်ပစ်ခံမသေမျိုးကလန်၏အဖွဲ့ဝင်များ၏ မျက်လုံးကို ပြူးကျယ်သွားစေသည်။ ထိုအရာက သူတို့အဖို့ အစီအရင်ကို သုံး၍သာ သတ်ပစ်နိုင်သော လူသားအသွင်မြူသားရဲကို လူတစ်ယောက်က အချိန်တိုအတွင်း ဖျက်စီးပစ်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်လေတော့သည်။

သူတို့အတွက် ပို၍ တုန်လှုပ်စေသည့်အရာက ထိုလူသားအသွင်မြူသားရဲသည် မည့်သည့်ခုခံမှုမှ မပြုလိုက်နိုင်ခြင်းပင်။

ဝမ်လင်း၏အစိတ်အပိုင်းမြေတံဆိပ်တုံးကြောင့် မြေကြီးထက်၌ ဖိနှိပ်ခြင်းခံထားရသည့် ဗလတောင့်တောင့်လူသည် ကြိုးစား၍ ထလာခဲ့၏။သူက လေထဲရှိ ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း လုံးဝမှင်သက်ကာ နေသည်။

“ဒါ…ဒါက ကောင်းကင်ဘုံသားတစ်ယောက်လား…”

ဝမ်လင်း၏မန္တာန်များက လူတိုင်းစိတ်ကူးနိုင်သည်ထက် ပိုနေပေသည်။စွန့်ပစ်ခံမသေမျိုးကလန်၏ဘိုးဘေးပင် မှင်သက်လိုနေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ခြောက်သွေ့တာအိုတစ်စုံ…”

ဝမ်လင်းက လူသားအသွင်ပျောက်ကွယ်သွားသော နေရာကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။ထို့နောက် သူက အဘိုးအိုထံသို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ခု ငါ့ကို အံ့ဖွယ်ယင်မီးပြင်းဖို ရှိတဲ့နေရာကို ခေါ်သွားတော့…”

အဘိုးအိုက အသက်ဝဝရှုသွင်းလိုက်၏။သူ့မျက်လုံးထဲရှိ လေးစားမှုကလည်း ပိုအားကောင်းလာကာ သူက အလျင်အမြန် ပြောလိုက်၏။ “ဒီလမ်းပါ…အထက်ကောင်းကင်ဘုံသား…” သူက ထိုသို့ပြောလိုက်ရင်း လေထဲသို့ ပျံဝဲတက်လာကာ အဆောက်အဦအစုများ ရှိရာသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားလေသည်။

ဝမ်လင်းက အဘိုးအိုနောက်ကနေ အေးအေးဆေးဆေး လိုက်ပါသွားလေ၏။

သည်တစ်ကြိမ်၌ မည်သည့်စွန့်ပစ်ခံမသေမျိုးကလန်ဝင်ကမှ ဝမ်လင်းကို တားဆီးဝံ့ခြင်း မရှိတော့ချေ။ ဗလတောင့်တောင့်နှင့်လူက မတ်တပ်ထရပ်လာကာ အသက်အနည်းငယ် ရှုသွင်းပြီးနောက် ဝမ်လင်းတို့နောက်သို့ ပျံသန်းလိုက်ပါသွားလေ၏။

အဘိုးအိုက နောက်သို့ ပြန့်လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “ထာရှန်…မင်းက မလေးမစား ထပ်လုပ်ချင်နေတာလား…။အထက်ကောင်းကင်ဘုံသားက မင်းကို သနားညှာတာမှု ပေးခဲ့ပြီးပြီးနော်…”

ဝမ်လင်းက ထာ့ရှန်အပေါ်၌ အမှန်ပင် ငဲ့ညှာမှုကို ပြသခဲ့ပေသည်။တကယ်တော့ သူက သည်နေရာအကြောင်း ဘာတစ်ခုမှ မသိဘဲ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ ထို့အတွက်ကြောင့် သူက တစ်စုံတစ်ယောက်ကို သတ်ပစ်ခဲ့လျှင်နောက်ထပ်အကျိုးဆက်များ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ပေ၏။ ထိုသို့သာ မဟုတ်ပါက ထာ့ရှန်သည် ကျိန်းသေပေါက် သေနှင့်နေခဲ့လေပြီ။

ထာ့ရှန်က ပြောလိုက်၏။ “ဘိုးဘေး…ထာရှန် မှားမှန်းသိပါပြီ။ ငါက သင်တို့နဲ့အတူ အံ့ဖွယ်ယင်မီးပြင်းဖိုရှိ လိုက်ပါချင်ရုံပါပဲ။တကယ်တော့ ငါက ဒီနေရာနဲ့ အတော်လေး ရင်းနှီးတယ် မဟုတ်လား…”

အဘိုးအိုက မျက်မှောင်ကြုတ်သွားကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။ “လိုက်လာပါစေ…”

အဘိုးအိုက ဝမ်လင်းကို ဦးညွတ်ကာ ထာရှန်ကို လစ်လျူရှု၍ ရှေ့သို့ ဆက်ပျံသန်းလာခဲ့သည်။သူတို့သုံးယောက်က ခပ်မှန်မှန်သာ ပျံသန်းလာခဲ့ကြရင်း အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် အဆောက်အဦများ အကျော်၌ လွတ်လပ်နေသောနေရာတစ်ခုရှိ ပလ္လင်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ထိုပလ္လင်သည် ကြီးမားလှခြင်း မရှိဘဲ ၎င်းအပေါ်၌လည်း အက်ကွဲရာများစွာ ရှိနေသည်။ထိုပလ္လင်၏အောက်ဘက်၌ ခရမ်းရောင်ဝင်ပေါက်တစ်ခု ရှိလို့နေ၏။၎င်းဝင်ပေါက်အပေါ်၌ မှော်စာလုံးလိုအရာတစ်ခုက တဖျပ်ဖျပ် လင်းလက်နေသည်။

ထိုဝင်ပေါက်တံခါးရှေ့၌ အဘိုးအိုက လေထဲကနေ ဆင်းသက်လိုက်၏။ ထို့နောက် သူက သူ့လက်ထိပ်ကို ကိုက်ကာ တံခါးအပေါ်ရှိ မှော်စာလုံးမျိုးကို သူ့သွေးနှင့် ရေးဆွဲလိုက်သည်။ထိုအခါ ဤဧရိယာ၌ ပဲ့တင်သံ ထွက်ပေါ်လာကာ တံခါးသည် ပွင့်ဟလာရင်း အနီရောင်လင်းလက်လာကာ အတွင်းရှိ မှောင်နက်နေသည့်ဝင်ပေါက်ကို လှစ်ဟပြသသွားသည်။

အတွင်းဘက်ကနေ အေးစက်စက်အော်ရာများ ထွက်ပေါ်လာခဲ့လေသည်။လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကသာ ကင်းမဲ့နေပါက ယင်းအေးစက်စက်အော်ရာက ဒဏ်ရာများကိုပါ ဖြစ်စေနိုင်ပေလိမ့်မည်။

အဘိုးအိုက ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ရင်း ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံသား…ဒီနေရာက အံ့ဖွယ်ယင်မီးပြင်းဖို ရှိတဲ့နေရာပါ…”

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ထိုအော်ရာအောက်၌ ကောင်းစွာပုန်းကွယ်တည်ရှိနေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမြောက်အမြား ရှိလို့နေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “အထဲ ဝင်ကြတာပေါ့…”

အဘိုးအိုက ခေါင်းညိတ်ကာ ဝင်ပေါက်ထဲသို့ လျှောက်လှမ်းသွားသည်။ထာရှန်က အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ်ပြီးနောက် ပြတ်သားစွာဆုံးဖြတ်ချက်ချကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုး၍ အဘိုးအိုရှေ့တွင် ကာဆီးပေးလိုက်သည်။

အဘိုးအိုက မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။ “ထာရှန်…မင်း ဒါ ဘာလုပ်တာလဲ…”

ထာရှန်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ “ဒီနေရာက အေးစက်တဲ့စွမ်းအင်တွေနဲ့ ပြည့်နေပါတယ်။ ဘိုးဘေးက အသက်ကြီးလှပြီ။ ဒါ့ကြောင့် ဒီအအေးစွမ်းအင်ကြောင့် သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူး။ဒါ့ကြောင့် ငါ့ကို ရှေ့က သွားခွင့်ပေးပါ…အဆင်ပြေတယ်မလား…”

အဘိုးအိုက မှင်သက်သွားရင်း ပြောလိုက်သည်။ “ဒီအအေးစွမ်းအင်က အားကောင်းပေမဲ့လည်း ငါ့ခန္ဓာကိုယ်က ဒါကို တောင့်ခံနိုင်ပါသေးတယ်…”

ထာရှန်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံသား…ထာရှန်က ဒီမျိုးဆက်ရဲ့ ပလ္လင်ကို ထိန်းသိမ်းသူ ဖြစ်ပါတယ်။ငါ့မှာ သင့်ကို အထဲကို ခေါ်သွားပေးဖို့ အရည်အချင်း ပြည့်မှီမှု ရှိပါတယ်…”

ဝမ်လင်းက ထာရှန်ကို တည်ငြိမ်စွာသာ ကြည့်လိုက်၏။

ထိုအကြည့်အောက်၌ပင် ထာရှန်က ဝမ်လင်းကို တန်ပြန်ကြည့်ကာ ဝမ်လင်း၏ အကြည့်ကို ရှောင်ဖယ်ရန် မကြိုးစားပေ။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ တည်ငြိမ်စွာ ပြောလိုက်၏။ “ကောင်းပြီ…”

ထာရှန်က ဆက်၍ စကားမဆိုတော့ပေ။သူက လှည့်၍ ဝင်ပေါက်ထံသို့ လျှောက်လှမ်းဝင်သွားသည်။ဝမ်လင်းက နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ပါသွား၏။ အဘိုးအိုကတော့ မျက်မှောင်ကြုတ်လို့နေသည်။သူက ထာရှန်၏ အတွေးကို ခပ်ရေးရေး ဖြတ်မြင်မိနေ၏။ သို့ရာတွင် သူက နောက်ကနေ လိုက်ပါသွားခြင်း မပြုတော့ဘဲ မြေပြင်ပေါ်၌သာ ထိုင်ချလိုက်သည်။

ထိုဝင်ပေါက်ထဲ၌ လှေကားအလွှာများ ရှိလေ၏။သူတို့က လှေကားထစ်အတိုင်း အောက်သို့ ဆင်းလာလေလေ အေးစက်မှုအော်ရာက ပို၍ အားကောင်းလာလေ ဖြစ်နေသည်။အမွှေးတိုင်တစ်တိုင်ဝက်စာခန့် ကြာမြင့်ပြီးသည့်နောက် ထာရှန်၏ ဦးဆောင်မှုဖြင့် သူတို့က အောက်ခြေသို့ ရောက်လာခဲ့ကြသည်။

သူတို့ အောက်ခြေသို့ ရောက်သွားသည့်အခိုက်တွင်ပင် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းကာ သွား၏။

ထိုဝင်ပေါက်၏ အောက်ခြေသည် အခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေ၏။ သည်နေရာသည် ပေတစ်ထောင်ခန့် ကျယ်ပြောကာ အလယ်တွင် ပေတစ်ရာရှိသည့် မီးပြင်းဖိုတစ်ခု ရှိလို့နေသည်။ထိုမီးပြင်းဖို၏ မျက်နှာပြင်ပေါ်တွင်လည်း မရေမတွက်နိုင်သော တက်တူးအမှတ်အသားများစွာ ရေးထွင်းလို့ထားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset