Switch Mode

အပိုင်း(၈၅၅):

ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်

ရိုးရှင်းသောအဝတ်အစားများနှင့် ယောက်ျား၊မိန်းမတို့သည် အဆောက်အဦများထဲကနေ ပျံသန်းထွက်လာကြ၏။ သို့ရာတွင် သူတို့သည် ဝမ်လင်းအနီးအားသို့ တိုးလာဝံ့ကြခြင်းမရှိဘဲ အဝေးကနေသည်ကဲ ကြည့်နေသည်။

အဆောက်အဦများ၏အောက်တွင်တော့ ဝမ်လင်းကို မျက်လုံးအပြူးသားနှင့်ကြည့်နေကြသော ကလေးများ ရှိနေကြသည်။

ဝမ်လင်းသည် ထိုကလေးများကို တွေ့မြင်သည့်အခါ မှင်သက်သွားသည်။စွန့်ပစ်ခံမသေမျိုးကလန်တစ်ခုလုံးသည် သည်နေရာတွင် ရှိနေသည်မှာ သိသနေ၏။သူတို့က မည်မျှကြာမြင့်မှန်းမသိရသော အချိန်ကတည်းက သည်နေရာတွင် ရှိနေခဲ့ကြပြီး အခုချိန်ထိ မျိုးဆက်များ ပြန့်ပွားခဲ့ကြပေသည်။

ဝမ်လင်း နီးကပ်လာသည်နှင့် သူတို့သည်နောက်ဆုတ် ပျံသန်းသွားကြသည်။သူတို့က ဝမ်လင်းအနားသို့ ကပ်လာမည်ကို စိုးရွှံ့နေကာ သူတို့၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုများ ရှိနေကြသည်။

ဝမ်လင်းကို ခေါ်ဆောင်လာသည့် အဘိုးအို၏အသွင်က ချက်ခြင်းသုန်မှုန်သွားသည်။သူက ပျံသန်းထွက်လာကြသည့် ထိုလူများကို ထူးဆန်းသောဘာသာစကားနှင့် ပြောလိုက်၏။

ထိုအခါ ထိုလူများသည် လူစုခွဲ၍ သွားကြ၏။အဘိုးအိုသည် ဝမ်လင်းဘက်သို့ ပြန့်လှည့်ကြည့်၍ လေးစားစွာပြောလိုက်သည်။ “အထက်ကောင်းကင်ဘုံသား…။ဒီလမ်းပါ…ဒါက ငါတို့မိသားစုတွေရဲ့ နေထိုင်ရာ နေရာဖြစ်ပါတယ်…”

အဘိုးအိုက ထိုသို့ ပြောလိုက်ရင်း ကောင်းကင်ထက်ကနေ အမြင့်မားဆုံးအဆောက်အဦတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

ဝမ်လင်းကလည်း လိုက်ပါဆင်းသက်လိုက်သည့်အခါ၌ သူ့မျက်လုံးသည် တလက်လက်ဖြစ်နေပြီး သူ့နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်လေသည်။သူက မည်သည့်အန္တရာယ်ကိုမှ မခံစားမိသော်လည်း အဆောက်အဦထဲသို့ မဝင်သေးဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီနေရာက အဆင်ပြေပါတယ်။ အထဲကိုသွားစရာ မလိုသေးပါဘူး…”

အဘိုးအိုသည် ခါးသီးသည့်ဟန် ဖြစ်ပေါ်သွား၏။သူက ခေါင်းညိတ်ပြကာ ဝမ်လင်းကို အထဲသို့ဝင်ရန် အတင်းမတိုက်တွန်းပေ။

“အထက်ကောင်းကင်ဘုံသား…”အဘိုးအို၏စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက ကြားဖြတ်ပြောလိုက်၏။ ဝမ်လင်းသည် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်ကာ မေးလိုက်၏။ “သူတို့က ငါ့ကို ကြည့်တဲ့အခါ ဘာလို့ ကြောက်ရွှံ့နေကြတာလဲ…”

အဘိုးအိုမျက်နှာပေါ်ရှိ ခါးသီးမှုက ပို၍ ပြင်းထန်လာခဲ့သည်။ခဏတာတိတ်ဆိတ်သွားပြီးသည့်နောက် သူက သက်ပြင်းချကာ ပြောလိုကသည်။ “ကောင်းကင်ဘုံနယ်မြေက တစ်စုံတစ်ယောက် ရောက်လာခဲ့တာက အချိန်အရမ်းကြာမြင့်ခဲ့ပါပြီ။ ကောင်းကင်ဘုံဘုရင်က ငါတို့ကို စွန့်ပစ်ခဲ့သလိုပဲ။ငါက ဒီနေရာမှာ ရှိတဲ့ အသက်ကြီးဆုံးလူပါ။ ဒါပေမဲ့…ရိုးရိုးသားသား ပြောရရင် သင်ဟာ ငါပထမဆုံး မြင်တွေ့ဖူးတဲ့ ကောင်းကင်ဘုံသား ဖြစ်တယ်…”

“ငါ့မသေမျိုးကလန်ရဲ့ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေကြောင့်သာ မဟုတ်ရင် ငါက ကောင်းကင်ဘုံသားတစ်ယောက်ကို သိရှိနိုင်မှာ မဟုတ်ပါဘူး…”

ဝမ်လင်းက စကားမဆိုဘဲ အဘိုးအိုကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။

အဘိုးအိုက တုံ့ဆိုင်းစွာ ခပ်တိုးတိုး ဆိုလာသည်။ “ငါတို့ကလန်က ကောင်းကင်ဘုံဘုရင်အပူအပင်မဲ့ရဲ့ အမိန့်ကိုနာခဲ့ပြီး ဆန်းကြယ်ယင်မီးပြင်းဖိုကို စောင့်ကြည့်ပေးရတာပါ။ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်သုံးသောင်းလောက်ကတည်းက ဒီဆန်းကြယ်ယင်မီးပြင်းဖိုက နှစ်တစ်ရာကြာတိုင်း တစ်ကြိမ်ပွင့်လာခဲ့တယ်။ဒီမီးပြင်းဖို ပွင့်ဟတိုင်းလည်း အနက်ရောင်မြူတွေအမြောက်အများ ထုတ်လွှတ်တယ်။ ဒီအနက်ရောင်မြူတွေက နက်ဆိုးသားရဲတွေအဖြစ် ပြောင်းသွားကြပြီး အားကောင်းတဲ့သားရဲတွေဟာဆိုရင် လူသားအသွင်တောင် ပြောင်းသွားကြတယ်…”

“ငါ့ကလန်ရဲ့ မရေမတွက်နိုင်တဲ့အဖွဲ့ဝင်တွေဟာ ဒီလူသားအသွင်မြူသားရဲတွေကြောင့် သေဆုံးခဲ့ရတယ်…”

“ဒါ့ကြောင့်ပဲ လူစိမ်းတစ်ယောက်ပေါ်လာတိုင်း ဒီသားရဲအမျိုးအစားတွေ ဖြစ်ကြတယ်။ငါ့ကလန်က လူတွေမှာတော့ ငါတို့ရဲ့ တက်တူးအမှတ်အသားတွေကြောင့် ဒီမြူသားရဲတွေဟာ ငါတို့လိုပုံစံကို မပြောင်းနိုင်ကြဘူး…”

“ဒါ့ကြောင့်လဲ ငါကလွဲလို့ ကျန်တဲ့လူတွေဟာ သင့်ကို ကောင်းကင်ဘုံသားလား မြူသားရဲလား မပြောနိုင်ကြဘူး။အခု အချို့ဆိုရင် ငါရှင်းပြတာတောင် မယုံကြသေးဘူး…”

အဘိုးအိုသည် ဝမ်လင်းမေးသည့်အကြောင်းပြချက်ကို သက်ပြင်းရှည်ချ၍ ပြောပြလိုက်သည်။

ဝမ်လင်းက မသိမသာခေါင်းညိတ်ပြလိုက်၏။အဘိုးအို ပြောပြသည့်အကြောင်းရင်းများက ယုံကြည်လက်ခံနိုင်ဖွယ် ရှိနေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။ “ဆန်းကြယ်ယင်မီးပြင်းဖိုက ဘယ်နေရာမှာလဲ…”

အဘိုးအိုက တလေးတစား ပြန်ဖြေလိုက်သည်။ “ဒါက ငါတို့ကလန်ရဲ့ တားမြစ်နေရာမှာပါ။ ကောင်းကင်ဘုံသားက အခု သွားချင်ပါသလား…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူက သည်ဆန်းကြယ်ယင်မီးပြင်းဖိုက မည်သည့်အရာဖြစ်သည်ကို သိမြင်ချင်နေသည်။

အဘိုးအိုက စကားပြောဟန် ပြင်လိုက်၏။သို့သော် အော်သံတစ်ခုက ကောင်းကင်ထက်မှ လူအုပ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဘိုးဘေး….ဒီလူ့ကို ဆန်းကြယ်ယင်မီးပြင်ဖို့ ရှိတဲ့နေရာ မခေါ်သွားပါနဲ့…” ထိုအသံက ကောင်းကင်ထက်ကနေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။သည့်နောက် လေဟာနယ်ထဲကနေ အရပ်ဆယ်ပေလောက်ရှိသည့် လူတစ်ယောက်သည် လှမ်းလျှောက်ထွက်လာသည်။

ထိုသူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် တက်တူးများနှင့် ဖုံးအုပ်ပျံ့နှံ့နေကာ သူ့တစ်ကိုယ်လုံးနီးပါး ရှိနေ၏။ သူ့လည်ပင်းနှင့်မျက်နှာပင် တက်တူးအမှတ်အသားများနှင့် ဖုံးအုပ်ထားသည်။

သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း သစ်ရွက်ဆယ့်သုံးရွက်က လှုပ်ရှားနေ၏။ သူ့ထံကနေ နတ်ဆိုးအော်ရာတစ်ခု ပေးစွမ်းနေသည်။

“သစ်ရွက်ဆယ့်သုံးရွက်…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူ့မှတ်ညာဏ်ထဲ၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စွန့်ပစ်ခံမသေမျိုးကလန်မှ အားအကောင်းဆုံးသူသည် သစ်ရွက်ဆယ့်တစ်ရွက်သာ ပိုင်ဆိုင်ထားပေ၏။

“ဒါက အထည်ဒြပ်ယန်ကျင့်ကြံသူနဲ့ ညီမျှတာပဲ…” ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက အဘိုးအိုကို အေးစက်စွာ ကြည့်နေသည်။

ထိုလူသည် ခြေလှမ်းအနည်းငယ်ဖြင့်ပင် ရောက်ရှိလာ၏။သူ့ကို ကြည့်နေကြသော ပတ်ဝန်းကျင်မှ လူများ၏မျက်လုံးထဲ၌ လေးစားမှုများ ပါဝင်နေသည်။

ဝမ်လင်းဘေးရှိ အဘိုးအိုက ရုတ်တရက် အော်ပြောလိုက်၏။ “ထာရှန်…ကောင်းကင်ဘုံသားကို လေးစားမှုပြစမ်း…”

ဗလတောင့်တောင့်ထိုလူ၏ မျက်လုံးက အဘိုးအိုကို အေးစက်စွာ ကြည့်ကာ ပြောလာသည်။ “ဘိုးဘေး….သင်က အိုနေပြီ။ သင်က ခုထိ ကောင်းကင်ဘုံသားတွေ အကြောင်းတွေးပြီး ရူးသွပ်နေတုန်းလား။ ဒီကမ္ဘာမှာ ဘာကောင်းကင်ဘုံသားမှ မရှိဘူး။အရင်ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေကလည်း လုပ်ကြံဇာတ်တွေပဲ။ တကယ်လို့ ကောင်းကင်ဘုံသားတွေသာ ရှိရင် ငါတို့ကလန်ဟာ ဒီလောက် မရေမတွက်နိုင်တဲ့ နှစ်တွေကြာမြင့်ခဲ့တာတောင် ဘာကြောင့် ကောင်းကင်ဘုံသားတစ်ယောက်ကိုတောင် မတွေ့ခဲ့ရတာလဲ…”

အဘိုးအို၏အသွင်က သုန်မှုန်သွားကာ သူက အော်ပြောလိုက်လေ၏။ “ပါးစပ်ပိတ်ထားစမ်း….ငါတို့ အရွေးချယ်ခံမသေမျိုးကလန်က ကောင်းကင်ဘုံသားတွေရဲ့က တမန်တော်တွေ ဖြစ်တယ်။ ကောင်းကင်ဘုံသားတွေ မတည်ရှိတော့ဘူးဆိုရင် ငါတို့ကလန်က ဘယ်လိုများ တည်ရှိနိုင်ပါ့မလဲ။ ဒါ့အပြင် ကောင်းကင်ဘုံဘုရင်ရဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ဒီမှာရှိနေတာကို မင်းကို မယုံကြည်ပဲ နေဝံ့လား…”

“ယုံကြည်မှု..ဟုတ်လား…။ ဒီကောင်းကင်ဘုံဘုရင်လို့ခေါ်တဲ့ဟာက တစ်စုံတစ်ယောက်ရဲ့ စွမ်းအားက နတ်ဘုရားအာရုံအကြွင်းအကျန်မျှသာပဲ။ငါက ဒါကို ဘယ်လိုများ ယုံကြည်ပေးရပါ့မလဲ။ လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့နှစ်တွေကတည်းက ချန်ထားခဲ့တဲ့ နတ်ဘုရားအာရုံကို ယုံကြည်မဲ့အစား…ငါက ငါ့ကိုယ်ပိုင်ခွန်အားကိုပဲ ပိုယုံကြည်တယ်….”

ထိုဗလတောင့်တောင့်လူက လက်သီးခပ်တင်းတင်း ဆုပ်လိုက်၏။ သူ့မျက်လုံးထဲ၌လည်း ယုံကြည်မှုတို့နှင့် ပြည့်နေသည်။

“တိတ္ထိကောင်…” အဘိုးအို၏ခန္ဓာကိုယ်သည် အံတင်းတင်းကြိတ်ထားရင်း တုန်ယင်နေသည်။

“တိတ္ထိဖြစ်တော့ကော ဘာဖြစ်လို့လဲ။ ကောင်းကင်ဘုံသား…ကောင်းကင်ဘုံသားတွေ…ငါ့ကလန်ဟာ မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ဒီသားရဲအသိုက်အမြုံထဲမှာ ရှိနေခဲ့ရပြီး ကောင်းကင်ဘုံကျောက်စိမ်းပြားက ညွှန်ကြားထားတဲ့ ဆန်းကြယ်ယင်မီးပြင်းဖိုကို စောင့်ကြပ်နေခဲ့ရတယ်။ဒါပေမဲ့ ငါတို့က ဒီအတွက် ဘာပြန်ရခဲ့လဲ…။ဒီမီးပြင်းဖိုထဲကနေ ထွက်လာတဲ့ မြူသားရဲတွေကြောင့်ပဲ ငါတို့ကလန်ဝင်တွေဟာ သေဆုံးခဲ့ကြတယ်။ ဒီမြူသားရဲတွေ ငါတို့ကလန်ဝင်တွေကို သတ်ဖြတ်နေခဲ့တဲ့အချိန်မှာ ဒီကောင်းကင်ဘုံသားတွေက ဘယ်ရောက်နေခဲ့လဲ။ဘိုးဘေး…ကောင်းကင်ဘုံသားဆိုတဲ့ဟာကို ထပ်မပြောပါနဲ့တော့။ ဒီလူက ကောင်းကင်ဘုံသား ဖြစ်နေရင်တောင့် ဒီနေ့မှာ ငါ..ထာရှန်က ကောင်းကင်ဘုံသားတစ်ယောက်ကိုပါ သတ်ပစ်မယ်…”

ဗလတောင့်တောင့်နှင့်လူက ထိုသို့ ပြောလိုက်ရင်း သူ့မျက်လုံးက ဝမ်လင်းပေါ်သို့ အေးစက်စက် ကျရောက်သွားသည်။ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့ပြီး လက်သီးတစ်လုံး ပစ်သွင်းလာသည်။

သူ့လက်သီးချက် ထိုးချလိုက်သည့်နောက် ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့လေသည်။သည့်နောက် ထိုလူ၏ ပတ်လည်တွင်လည်း တက်တူးအမှတ်အသားများက ထူးဆန်းသောအစီအရင်တစ်ခုဖြစ်ပေါ်သကဲ့သို့ ခြံရံလာခဲ့သည်။

“ကောင်းကင်ဘုံသား…သင့်ရဲ့ ကောင်းကင်ဘုံသားစွမ်းအားကို ထုတ်ပြစမ်းပါ။ သင်က ကောင်းကင်ဘုံသားလို့ ခေါ်ထိုက်ဖို့ အရည်အချင်းရှိရဲ့လား ငါ ကြည့်ကြည့်မယ်…”

ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ သူက စွန့်ပစ်ခံမသေမျိုးကလန်နှင့်ပတ်သတ်၍ အတော်လေးနားလည်ထားပေ၏။ ယခု ဗလတောင့်တောင့်လူသည် နတ်ဆရာမဟုတ်ဘဲ ခန္ဓာကိုယ်၏စွမ်းအားအပေါ် စူးစိုက်ထားသည့်သူတစ်ယောက်ဖြစ်မှန်း ဝမ်လင်းက သိနေပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset