ကြီးမားသည့်တုန်ခါလှိုင်းသည် ကမ္ဘာလောကထဲ၌ ကြမ်းတမ်းသောလှိုင်းများကဲ့သို့ ပဲ့တင်ထပ် မြည်ဟည်းနေတော့သည်။သည်အခိုက်အတန့်၌ လူအများသည် ဤအသံတစ်ခုကိုသာ ကြားနေရတော့သည်။
“လမ်းဖယ်…”
ထိုအသံသည် အသက်ရှင်သန်ဖို့အတွက် ထုတ်ဖော်သည့်အသံ ဖြစ်သည်။သည်နေရာရှိ လူတိုင်းသည် ထိုအသံကို ထုတ်ဖော်နေကြသည်။ထိုကျင့်ကြံသူတစ်ရာကျော်၏ အော်ဟစ်သံသည် နိဗ္ဗာနအဆင့်ကျင့်ကြံသူတစ်ယောက်၏စိတ်ကိုပင် တုန်ယင်သွားစေနိုင်သည်။
“လမ်းဖယ်စမ်း…” ထိုအသံသည် ပြီးခဲ့သောအသံများထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာပြီး အံ့မခန်းစိတ်ဇောအဟုန်ကို သယ်ဆောင်လာသည်။
ဝမ်လင်းသည် ထိုအသံဖြင့် ဝန်းရံကာထားသည်။ သည့်နောက် သူက ရှေ့သို့ ရုတ်တရက် ခြေတစ်လှမ်းတိုးလိုက်သည်။
ထိုခြေလှမ်းက ဝမ်လင်းတစ်ယောက်တည်း ရွေ့လျားသွားခြင်း မဟုတ်ပေ။ကျင့်ကြံသူများအားလုံးသည်လည်း ရှေ့သို့ တိုးလာကြသည်။ သည်ခြေလှမ်းများက တုန်လှုပ်စရာကောင်းလှသည့် တော်လည်းသံကို ဖြစ်ပေါ်စေသည်။
ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ မိုးကြိုးကောင်းကင်ဘုံကျောင်းတောင်၏ တမန်တော်ခြောက်ယောက်ရှိရာသို့ တစ်လှမ်းချင်း လှမ်းတိုးလာသည်။
ကျင့်ကြံသူများ၏ စိတ်ဇောအဟုန်ခြေလှမ်းသည် သန်မာလွန်းလှသည့်အတွက်ကြောင့် တုန်လှုပ်မှုမဖြစ်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။ကျင့်ကြံသူတစ်ရာကျော်သည် ရှင်သန်လိုသည့် စိတ်ဇောအဟုန်ဖြင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိရာသို့ တိုးလာနေကြသည်။
ထိုမြင်ကွင်းသည် တမန်တော်ခြောက်ယောက်၏ စိတ်နှလုံးကို တုန်ယင်စေ၏။သူတို့သည် သန်မာအားကောင်းသူများ ဖြစ်ကြသော်လည်း ထိုစိတ်ဇောအဟုန်ကြောင့် တုန်လှုပ်ရပေသည်။
ကျင့်ကြံသူများက ရှေ့သို့ တိုးလာသည့်အခါတွင် သူတို့၏ခြေခြသံများက သည်အစိတ်အပိုင်းမြေအနှံ့တွင် ပဲ့တင်ထပ်လေ၏။ သွေးနံ့များကလည်း လေထဲတွင် ပြည့်လာခဲ့ကာ သည်အရာများ၏အောက်၌ တမန်တော်များထဲမှ တစ်ယောက်၏မျက်နှာသည် ဖြူရော်လာခဲ့ကာ သူသည် နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်မိသွား၏။
သူက ခြေတစ်လှမ်းလှမ်းသည်နှင့် မပြီးသေးဘဲ နောက်ထပ်တစ်လှမ်း ထပ်ဆုတ်သည်။ အခြားကျင့်ကြံသူများသည်လည်း ထို့အတူသာ ဖြစ်၏။ သည်အရူးအမူစိတ်ဇောအဟုန်၏ ဖိအားအောက်၌ သူတို့သည် နောက်သို့ စတင်ဆုတ်လာကြသည်။
တမန်တော်ခြောက်ယောက်က နောက်သို့ ဆက်၍ ဆုတ်နေ၏။ သူတို့သည် နောက်ဆုတ်ကို ဆုတ်ရမည် ဖြစ်နေသည်။သူတို့ရှေ့၌ တောင့်ခံနိုင်စွမ်းမရှိသည့် စိတ်ဇောအဟုန်က တိုးဝင်လာနေသည် မဟုတ်လား။
တမန်တော်တို့သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသူများဖြစ်၏။ သို့သော် သူတို့သည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် သူတို့၏မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ် မပျက်စီးခင် လက်မတင်လေးအချိန်၌ သူတို့အား ကိုက်ရန် ကြိုးစားသည်ကိုတော့ လုံးဝတွေ့မြင်ခဲ့ဖူးခြင်း မရှိကြပေ။
ထိုသို့ဆိုလျှင်ပင် သူတို့က အခုလောက်ထိ အလွန်သွေးနည်းကြောက်ရွံ့လိမ့်ဦးမည် မဟုတ်ပေ။ သို့သော် သည်နေရာရှိ လူများကြားတွင် ဝမ်လင်းနှင့်အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်လည်း ရှိနေသေး၏။
ထိုသူတို့၏တည်ရှိမှုနှင့် လူအများ၏ ပေါင်းစပ်မှုက တမန်တော်များ၏စိတ်နှလုံးကို တင်းကျပ်သွားစေကာ ကြောက်ရွံ့မှုအာရုံများ ဖြစ်ပေါ်လာကြတော့၏။အထူးသဖြင့် သူတို့ထဲကတစ်ယောက်ကို သတ်ပစ်ခဲ့သော ဝမ်လင်းပင်။
သူတို့က မခုခံနိုင်ပေ။သူတို့သည် နောက်သို့ ဆုတ်နေရန်သာ ရှိ၏။ သူတို့သည် အဆက်မပြတ်နောက်ဆုတ်နေကြသည်။
နောက်ဆုံးတွင် သူတို့ခြောက်ယောက်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ ဝင်ပေါက်နားထိ ရောက်ရှိလာကြ၏။
“အစီအရင်ဖွင့်လိုက်တာက ငါတို့ ထွက်သွားနိုင်လိမ့်မယ်။ ဒီလူတွေရဲ့ ရူးသွပ်မှုက တစ်ဖက်စွန်းရောက်နေကြပြီ…” တမန်တော်များထဲမှ တစ်ယောက်ဖြစ်သူ သက်လတ်ပိုင်းလူကြီး၏အသွင်သည် ဖြူရော်နေကာ သူက သူတို့ထံသို့ လှမ်းလာနေသည့် နီရဲတွတ်နေသောမျက်လုံးများနှင့် ကျင့်ကြံသူများကို ကြည့်နေမိ၏။
တမန်တော်သုံးယောက်သည် ချက်ချင်းထိုင်ချကာ ချိပ်တံဆိပ်များဖြစ်ပေါ်စေပြီး သည်နေရာကနေ ထွက်ခွာရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းရန် ကြိုးစားလိုက်ကြ၏။
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုများ ဖြစ်ပေါ်သွားကာ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နားသို့ ထိုးထွက်သွားသည်။များစွာသောကျင့်ကြံသူများကလည်း သူ့နောက်ကနေ လိုက်ပါသွားကြသည်။
ထိုတမန်တော်သုံးယောက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းနေရင်း ကျန်သည့်သုံးယောက်သည် အံတင်းတင်းကြိတ်ကာ ရှေ့သို့ တိုးထွက်လိုက်၏။ တစ်ယောက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်၏။ ထိုသွေးအဆီအနှစ်ထဲ ရွှေရောင်သော့ခလောက်တစ်ခု ပါရှိသည်။၎င်းသော့ခလောက်က ချက်ချင်း ကြီးမားလာ၏။
“မူလပိတ်ဆို့ခြင်းနဲ့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း…” သူ့အသွင်က ကြမ်းကြုတ်နေသည့်အသွင် ဖြစ်ပေါ်နေ၏။ ထိုသော့ခလောက် ကြီးထွားလာပြီးသည့်နောက် မရေမတွက်နိုင်သော ရွှေရောင်အစက်အပြောက်များ ပေါ်လာခဲ့ကာ ဝမ်လင်းနှင့်သူ့နောက်ရှိ ကျင့်ကြံသူများထံသို့ တိုးဝင်လာလေသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။အနက်ရောင်လေက ရုတ်တရက် ပေါ်လာပြီး သူ့လက်တွင် လာရောက်စုဝေးသည်။ထိုအနက်ရောင်လေက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။၎င်းနဂါးက ချက်ချင်း ဟိန်းသံ ပြုလိုက်၏။
ထိုနဂါး၏ ပါးစပ်ထဲကနေ အေးစက်စက်လေများ ထွက်ပေါ်လာခဲ့သည်။ထိုလေအေးများက မရေမတွက်နိုင်သော ရွှေရောင်အလင်းစက်များကို သည်အတိုင်း ဖြတ်ကျော်သွားသည်။ထို့နောက်တွင် ကျင့်ကြံသူများ၏ ရှေ့ရှိ ရွှေရောင်အစက်အပြောက်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်နဂါးသည် ကောင်းကင်ထက်ကနေ သက်ဆင်းလာ၏။၎င်းက ဝမ်လင်း၏လက်ဝါးထဲတွင် မြန်ဆန်စွာ လာရောက်စုဝေးကာ ရွှေရောင်သော့ခလောက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဒီရတနာက တော်တော်လေး ကောင်းသားပဲ…” ဝမ်လင်းက ထိုရွှေရောင်သော့ခလောက်ကို မျိုချပစ်လိုက်၏။ သူ့မျက်လုံးများကလည်း အေးစက်နေသည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးက ချက်ချင်းပေါ်ထွက်လာခဲ့က ၎င်းသော့ခလောက်ကို စတင်သန့်စင်ပစ်တော့၏။
ရွှေရောင်သော့ခလောက်ကို ထုတ်လွှတ်လိုက်သော တမန်တော်၏မျက်နှာသည် ဖြူရော်သွား၏။သူက နောက်သို့ ဆုတ်လိုက်သည်။ သို့ရာတွင် ဝမ်လင်းက သူ့ထက်မြန်၏။ သူက ရှေ့သို့ ထိုးထွက်ကာ သူ့ညာလက်ဖြင့် ထိုတမန်တော်အပေါ်သို့ ဖိရိုက်ချလိုက်သည်။
ထိုလူက နောက်ဆုတ်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သူ့ပတ်လည်၌ အလံငယ်သုံးခု ထွက်ပေါ်လာခဲ့သည်။ထိုအလံများထဲကနေ ခရမ်းရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ ဝဲကတော့များ ဖြစ်တည်သည်။
ဝမ်လင်း၏လက်ချောင်းက ထိုခရမ်းရောင်အခိုးငွေ့ပေါ်သို့ ကျရောက်သွားချိန်၌ သူသည် အထဲမှ ပြင်းထန်သောအားတစ်ခုကို ခံစားမိသည်။သူက ခဏတာ ရပ်တန့်သွားရ၏။ဝမ်လင်း၏ မျက်လုံးသည် ကျဉ်းမြောင်းလို့သွားသည်။
တမန်တော်က ထိုအခိုက်အတန့်ကို အသုံးချကာ နောက်သို့ ထပ်ဆုတ်လိုက်သည်။ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ထိုအခါ သားရဲအရိုးအမှတ်အသားသည် ချက်ချင်း ပျံသန်းထွက်သွားသည်။ သည့်နောက် မကောင်းဆိုးဝါးဆန်သောအော်ရာတစ်ခု ပေါ်လာခဲ့ပြီးနောက် ထိုတမန်တော်၏ ခြေထောက်အောက်၌ မီးခိုးရောင်အလင်းတစ်ခု ဖြစ်ပေါ်သွားသည်။
ထိုတမန်တော်၏မျက်နှာသည် သေလောက်အောင် ဖြူရော်သွားကာ သူက သူ့ပတ်လည်တွင် ခရမ်းရောင်အခိုးငွေ့များကို ဝန်းရံထားရင်း ထိုမီးခိုးရောင်အလင်းကို ခုခံရန် ကြိုးစားနေ၏။ သည်အခိုက်အတန့်မှာပင် ဝမ်လင်းက နီးကပ်လာခဲ့ကာ ရပ်တန့်ခြင်းမန္တန်ကို အသုံးပြုလိုက်သည်။
ထိုတမန်တော်၏ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွား၏။ ထိုအရာက ခဏတာသာ ဖြစ်သော်လည်း မီးခိုးရောင်အလင်းသည် သူ့ခန္ဓာကိုယ်အနှံ့ ပျော်ဝင်သွားလေ၏။ ဝမ်လင်းသည် ထိုးထွက်လိုက်ရင်း ထိုတမန်တော်ကို ညာခြေထောက်ဖြင့် ဆောင့်ကန်ချလိုက်သည်။
အက်ကွဲသံတစ်ခုက ချက်ချင်း ထွက်ပေါ်လာကာ တမန်တော်၏ခန္ဓာကိုယ်သည် ကျောက်စကျောက်နများအဖြစ်သို့ ပြောင်း၍ မြေပေါ်သို့ ပြုတ်ကျသွားသည်။သို့သော်လည်း တမန်တော်၏ ပတ်လည်ရှိ ဝန်းရံထားသည့် အလံသုံးခုက သူ့မူလစိတ်ဝိညာဉ်ကို ခေါ်ဆောင်ကာ ပျံသန်းထွက်ပြေး၏။
“ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့…။ငါက…” ထိုတမန်တော်၏စကား မဆုံးသေးခင်မှာပင် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက ရှေ့သို့ ထိုးထွက်လာခဲ့သည်။သူက သူ့ညာလက်ဖြင့် ညွှန်လိုက်ရာ ကံကြမ္မာကျာပွတ်သည် ပျံသန်းထွက်သွားသည်။ထိုအခါ ခရမ်းရောင်အခိုးငွေ့များ၏ အတွင်းကနေ ညည်းညူသံတစ်ခု ထွက်ပေါ်လာတော့၏။ဝမ်လင်းက မူလစိတ်ဝိညာဉ်နှင့် အလံငယ်သုံးခုကို ဖမ်းယူလိုက်သည်။ ထို့နောက် သူက သူ့မူလစွမ်းအင်များကို ထွေးထုတ်ပြီး မရေမတွက်နိုင်သောအတားအဆီးများကို မူလစိတ်ဝိညာဉ်နှင့်အတူ အလံများပေါ်သို့ ချိပ်ပိတ်ပစ်ကာ သူ့သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်တော့၏။
ထိုအခိုက်အတန့်မှာပင် ရှေ့သို့ ထိုးထွက်လာကြသော အခြားတမန်တော်နှစ်ယောက်သည်လည်း အခြားကျင့်ကြံသူများ၏ ဝန်းရံထားခြင်းကို ခံလိုက်ရသည်။ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူအချို့နှင့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများစွာ၏ အချိတ်အဆက်မိမိ တိုက်ခိုက်မှုအောက်တွင် ထိုတမန်တော်နှစ်ယောက်သည်လည်း နောက်သို့ အတင်း ဆုတ်သွားရပေ၏။
သည်အခိုက်အတန့် ငွေရောင်အလင်းတန်းတစ်ခုသည် ဖျပ်ခနဲ ထွက်ပေါ်လာကာ တမန်တော်နှစ်ယောက်ထဲမှ တစ်ယောက်၏ ရင်ဘတ်ထဲကနေ သွေးများ ပန်းထွက်သွားစေသည်။ထိုတမန်တော်၏မျက်လုံးက မှိန်ဖျော့သွားကာ သူ့မူလစိတ်ဝိညာဉ်သည် ထွက်ပြေးရန် ပျံသန်းလေ၏။
ဝမ်လင်း လှုပ်ရှားခြင်း မရှိသေးခင်မှာပင် ငွေရောင်အလင်းတန်းနှင့်အတူ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်က ထိုမူလစိတ်ဝိညာဉ်နောက်သို့ အတင်းလိုက်ပါသွားကြသည်။ ခဏအကြာတွင် ထိုတမန်တော်သည်လည်း အသတ်ခံလိုက်ရလေ၏။
သည်အခိုက်အတန့်၌ ကျန်တမန်တော်သုံးယောက်သည် အစီအရင်ကို အသက်သွင်းပြီးသွားကြပြီ ဖြစ်သည်။ထို့နောက် သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် လက်ချင်းချိတ်ကာ ရှုပ်ထွေးသောမန္တန်ကို ချက်ချင်း ရွတ်ဆိုလိုက်ကြ၏။ သည့်နောက်တွင်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အစွန်ဖျားပိုင်း၌ စတင်ပျက်စီးလာတော့၏။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပျက်စီးမှုကို အသုံးချကာ သူတို့၏ အစီအရင်အပေါ် အသက်သွင်းမှုနှုန်းသည် ပိုမြန်ဆန်လာခဲ့သည်။ချက်ခြင်းလိုလိုပင် လှိုင်းတွန့်များ ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ထိုလှိုင်းတွန့်များအတွင်း၌ တမန်တော်သုံးယောက်သည် ရက်စက်သည့်အကြည့်နှင့် ရှိနေကြကာ သူတို့၏ပုံရိပ်များသည်လည်း ဝေဝါးကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။
လှိုင်းတွန့်များ ပျံ့နှံ့နေစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အလင်းသည် အလယ်ဗဟိုတွင် စုစည်းလာသည်။အလင်းက စုဝေးလာလေ အစီအရင်၏အစွန်အဖျားများသည် မြန်ဆန်စွာ ပျက်စီးလာကြသည်။
ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော နောက်ဆုံးတမန်တော်သည် ထိုအစီအရင်ကနေ ထွက်ပေါ်နေသည့် အလင်းတန်းထံသို့ ချက်ချင်း မြန်ဆန်စွာ တိုးဝင်သွားသည်။
သို့ရာတွင် သူတို့က ပျောက်ကွယ်တော့မည့် အခိုက်အတန့်လေး၌ ဝမ်လင်းသည် ရှေ့သို့ လှမ်းတိုးလိုက်၏။ သူ့လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေ၍ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို အလင်းတန်းပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်၏။
အလင်းတန်းသည် ရုတ်တရက် ပျက်စီးသွားကာ ချက်ချင်း ပျောက်ကွယ်သွား၏။ အစီအရင်အတွင်းရှိ တမန်တော်လေးယောက်သည် ကြောက်လန့်ဟန် ဖြစ်ပေါ်သွားကြ၏။ သူတို့၏ပုံရိပ်များသည် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ဖြစ်ကာ ပျက်စီးပျောက်ကွယ်သွား၏။
အလင်းတန်းပျောက်ကွယ်သွားသည်နှင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ လှိုင်းတွန့်များသည် ပိုမို ပြင်းထန်လာခဲ့သည်။ သည့်နောက် စူးရှသောအလင်းတန်းများသည် တစ်ဖန် စုဝေးလာကာ နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံးသည် တစ်ခဏတာ နောက်ကျသွားလျှင် သူတို့က သည်နေရာကနေ ဘယ်တော့မှ ထွက်သွားနိုင်စွမ်း ရှိတော့မည် မဟုတ်သကဲ့သို့ တစ်ဟုန်ထိုး တိုးဝင်လာကြ၏။
ရှန်ကုန်းဟူသည် တစ်ချိန်လုံး မတိုက်ခိုက်သည့် တစ်ဦးတည်းသောလူ ဖြစ်လေ၏။ သူ့တာအိုစိတ်ဝိညာဉ်ကို တခြားတစ်ယောက်အား ကမ်းလှမ်းခဲ့ပြီးနောက် သူသည် ခွဲခြားဆက်ဆံခံရသည်ဆိုဦးတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် သူ့အပေါ်တွင် ကျေးဇူးရှိပေ၏။
မည်သို့ပင်ဖြစ်စေ သူက မလှုပ်ရှားနိုင်ပဲ ပြဿနာများကို ရှောင်နိုင်ရန်အတွက် အစိတ်အပိုင်းမြေ၏ ငါးကီလိုမီတာအတွင်းသို့ ရောက်လာသည့်အခါ သူ့ကိုယ်သူ ရုပ်ဖျက်ထားခဲ့ပေသည်။အခုအခိုက်အတန့်တွင် သူသည် ထပ်မံထွက်ပေါ်လာသော အလင်းတန်းရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
ကျင့်ကြံသူများက အလင်းတန်းထဲသို့ ပို၍ တိုးဝင်လာလေလေ အလင်းသည် ပို၍ ပြင်းထန်သိပ်သည်း လာခဲ့တော့သည်။ ရှီဇီဖန်ကလည်း အလင်းတန်းထဲသို့ တိုးဝင်နေရင်း ဝမ်လင်းကို ပြန်လှည့်ကြည့်လိုက်၏။သူမက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခုကို ပြောချင်နေသည့်ပုံ ရသည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အစွန်းဖျားများ ပျက်စီးလာမှုသည် မြန်ဆန်စွာ ပျံ့နှံ့လာသည်။မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်းရှိနေသောနေရာထိ ရောက်ရှိလာလုနီးပါး ဖြစ်လာ၏။တည်နေရာရွှေ့ပြောင်းခြင်း ပျက်စီးနေမှုကြောင့် သည်အစီအရင်သည် အကန့်အသတ်သို့ ရောက်လာလုနီး ဖြစ်နေသည်။
ဝမ်လင်းက အလင်းတန်းထဲသို့ ခြေတစ်လှမ်းလှမ်းကာ ဝင်ရောက်လိုက်သည်။သူ့စိတ်ထဲ၌လည်း တွေးနေမိ၏။ “အခုက ထွက်သွားဖို့ အချိန်တန်ပြီ…တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပျက်စီးတာက ကောင်းတဲ့အရာပဲ…ဒီလိုပျက်စီးသွားတဲ့အတွက် ဒီအစီအရင်ရဲ့ ဦးတည်ရာနေရာက ပြန့်ကျဲသွားနိုင်တယ်…။ဒီလိုနည်းနဲ့ ငါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို တည်နေရာရွှေ့ပြောင်းသွားတာကနေ ရှောင်လွှဲသွားနိုင်လောက်တယ်…”
အလင်းတန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားသည့်အချိန်၌ ပြင်းထန်သောအားတစ်ခု ဖြစ်ပေါ်လာသည်။ထိုအလင်းတန်းက ပျက်စီးလုနီးပါး ဖြစ်သွားသည့်အခါတွင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲရင်း အော်ပြောလိုက်လေ၏။ “စီနီယာ…ကျေးဇူးပြုပြီး…သင့်ရဲ့နာမည် ငါတို့ကို ပြောခဲ့ပါ။ဒီကြီးမားတဲ့အကြွေးကို ဘယ်တော့မှာ မေ့ပစ်မှာ မဟုတ်ပါဘူး…”
“ရှုမူ…” ဝမ်လင်းက အလင်းတန်းနှင့်အတူ ပျောက်ကွယ်နေရင်း ထိုသို့ပြောလိုက်သည်။ရှီဇီဖန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် စိတ်ထဲကနေ တွေးလိုက်မိသည်။ “ရှုမူ…”
ထိုအလင်းတန်းပျောက်ကွယ်သွားသည့်အခါတွင် ကျင့်ကြံသူအားလုံးက ခပ်တိုးတိုး ရေရွတ်လိုက်ကြ၏။ “ငါတို့က ဒီကြီးမားတဲ့အကြွေးကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး…”
သူတို့အားလုံးသည် ရှုမူ ဆိုသည့်နာမည်ကို သတိရနေပေတော့မည်။ သူတို့၏ ဘဝတစ်လျှောက်တွင် ထိုနာမည်ကို မေ့သွားနိုင်လိမ့်မည် မဟုတ်တော့ချေ။
***