Switch Mode

အပိုင်း(၈၅၁):

ရူးသွပ်ခြင်း၏စွမ်းအား

ယုံကြည်မှုသည် လောက၌ အခြားအင်အားများထက် သန်မာလှပေသည်။

ထိုယုံကြည်မှုသည် အသက်ရှင်သန်လို့သည့် စိတ်ဆန္ဒ မည်၏။

ယခုရုန်းကန်နေမှုသည် ရှင်သန်လိုခြင်း မည်ပေသည်။

အစောပိုင်းတုန်းတည်းက သည်အစိတ်အပိုင်းမြေ၏ပုံပန်းအသွင်က ကျင့်ကြံသူများကို ရှင်သန်ဖို့ မျှော်လင့်ချက် တစ်ခု ဖြစ်ခဲ့သည်။ အခုသူတို့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့ကြခြင်းသည်တော့ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေမှု မည်လေသည်။ဤအခိုက်အတန့်သည် သူတို့အတွက် သေခြင်း၊ရှင်ခြင်းကို ဆုံးဖြတ်ပေးသွားနိုင်ပေသည်။

ရှင်သန်လိုမှု ယုံကြည်ချက်နှင့် ရုန်းကန်မှုခွန်အားသည် ကျင့်ကြံသူအားလုံးကို ရူးသွပ်လာစေသည်။

အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများသည်ပင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူများကို တိုက်ခိုက်ဖို့အတွက် သတ္တိရှိလာကြသည်။သူတို့သည် သူတို့ကြားရှိ ကွာဟမှုကိုပင် မေ့လျော့ကုန်ကြသည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေသာ မပျက်စီးခဲ့လျှင် သို့မဟုတ် အပြင်ဘက်တွင်သာ ရှိနေခဲ့လျှင် သူတို့သည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူများကို လေးစားသမှု ပြသကြမည် ဖြစ်၏။ သို့သော် သည်အရာများက ခုချိန်တွင်တော့ မဟုတ်တော့ပေ။ သူတို့၏ စိတ်ထဲ၌ ရှင်သန်လိုမှုသာ ရှိတော့လေသည်။

အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုသို့ ဖြစ်လျှင် ကိစ္စမရှိသေးပေ။ဆယ်ယောက်၊အယောက်နှစ်ဆယ်၊ငါးဆယ်…တစ်ရာ ဖြစ်လာခဲ့လျှင်တော့….၎င်းသည် အားတစ်ခုဖြစ်လာခဲ့ကာ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူများကိုပါ ကြောက်ရွံ့မှုခံစားရစေလေ၏။

အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်အဖို့ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ရာ ကျော်ကို သတ်ပစ်နိုင်ဖို့က အလွန်ခက်ခဲလှခြင်း မရှိဘူးဆိုလျှင်ပင် ယခု သူတို့၏စွမ်းအားများသည် ဇောအဟုန်များ ဖြစ်လာကြသည်။ သည်လို ရှင်သန်လိုမှုဇောအဟုန်နှင့် ကျင့်ကြံသူများကို ရင်ဆိုင်ရသည့်အခါတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏တမန်တော်ခုနစ်ယောက် အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားကြတော့၏။

ထို့အပြင် သည်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ တစ်ရာကျော်ကြား၌ မျက်လုံးများ နီတွတ်နေသော ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ တော်တော်များများလည်း ရှိနေသေး၏။ သူတို့၏ခွန်အားက အာဏတက်ခြင်းအဆင့်ကျင့်ကြံသူများထက် များစွာသန်မာကာ သူတို့က ဦးဆောင်လိုက်သည့်အခါ ထိုအုပ်စု၏စွမ်းအားသည် တုန်လှုပ်ဖွယ် ဖြစ်လာကြတော့သည်။

သည်အရာများက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များ၏အသွင်ဟန်ပန်ကို ပြောင်းလဲသွားစေတော့၏။ထိုကျင့်ကြံသူများကြား၌ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ နှစ်ယောက်လည်း ရှိနေကြ၏။သူတို့နှစ်ယောက်ကြောင့်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည် မှင်တက်သွားကြရသည်။

သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များကို အမှန်တကယ် တုန်လှုပ်စေသည့်အရာက ဝမ်လင်းပင် ဖြစ်တော့၏။

ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း တမန်တော်များသည် ဝမ်လင်းပတ်လည်ရှိ သတ်ဖြတ်ခြင်းအော်ရာကို ခံစားမိနေ၏။ ထိုအော်ရာသည် တူညီသောကျင့်ကြံခြင်းအဆင့်ရှိ လူများကို သတ်ဖြတ်ပြီးမှ ရရှိသည့် အော်ရာများ ဖြစ်ပေသည်။

အခုချိန်၌ သည်ရူးသွပ်သောကျင့်ကြံသူများပင် ဝမ်လင်းကို တလေးတစား ကြည့်နေကြ၏။ အထည်ဒြပ်ယန်အဆင့်နှစ်ယောက်ပင် ဝမ်လင်းကို လေးလေးစားစား ရှိနေကြခြင်း ဖြစ်တော့၏။

သည်မြင်ကွင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အပြင်ဘက်ရှိ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ခုနစ်ယောက်ကို မှင်တက်သွားစေ၏။

“သတ်…” ထိုကျင့်ကြံသူများကြားထဲမှ တစ်ယောက်သည် ရုတ်တရက် အော်ပြောလိုက်ခြင်း ဖြစ်လေ၏။ ထိုလူသည် လောကကို မီးမြှိုက်လိုက်သလို ဖြစ်သွားကာ ကျင့်ကြံသူများအားလုံးသည် ထိုးထွက်လာကြတော့သည်။

သတ်…သတ်…သတ်…သတ်…။

မရေမတွက်နိုင်သောမန္တန်များသည် လေထဲသို့ ဝဲပျံနေသလို မရေမတွက်နိုင်သော လက်နက်ရတနာများသည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသော အစိတ်အပိုင်းမြေပေါ်တွင် ပေါ်နေပေသည်။သည်အခိုက်အတန့်တွင် မန္တန်များနှင့် လက်နက်ရတနာများထံမှ အလင်းများသည် ယခုအစိတ်အပိုင်းမြေကို ဖုံးလွှမ်းနေချေတော့၏။

အရူးအမူးတိုက်ခိုက်မှုများသည် ထိန်းချုပ်မှုကနေ ပေါက်ကွဲထွက်ကုန်ကြသည်။

“သတ်…” အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်သည် ဓားပျံအလက်တစ်ရာကို ထိန်းချုပ်ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက်ထံသို့ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်သွားသည်။ထိုဓားများသည် လေခွင်းသံနှင့်အတူ ထိုတမန်တော်ထံသို့ တရကြမ်းတိုးဝင်သွားသည်။

သူ့နောက်တွင်လည်း နီရဲနေသောမျက်လုံးများနှင့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ (၁၄)ယောက်၊(၁၅)ယောက်တို့သည် သူတို့၏တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်လွှတ်ကြလေ၏။

အခြားတစ်ဖက်တွင်လည်း ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏အမိန့်အောက်၌ ကျင့်ကြံသူခြောက်ယောက်၊ခုနစ်ယောက်တို့သည် သူတို့၏စွမ်းအားကို ပေါင်းစပ်ကာ တမန်တော်တစ်ယောက်ကို တိုက်ခိုက်လိုက်ကြပြန်သည်။

“သတ်…”

တခြားတစ်ဖက်တွင်တော့ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်တစ်နေရာစီခွဲ၍ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက်ကို တိုက်ခိုက်ရန် သွားကြသည်။သူတို့က သူတို့၏မန္တာန်များကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုကြသည်။သူတို့နောက်တွင်လည်း အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် သူတို့၏ မန္တန်များနှင့် လက်နက်ရတနာများကို အရူးအမူး ပစ်လွှတ်တိုက်ခိုက်သည်။

“သတ်…”

ရှီဇီဖန်သည်လည်း ပုံရိပ်ယောင်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်၏ အမိန့်အောက်၌ ရှိနေသော အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူအုပ်စုနှင့်အတူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်နောက်တစ်ယောက်ကို တိုက်ခိုက်နေသည်။

ကျန်သည့်ကျင့်ကြံသူများသည်လည်း သူ့အစုနှင့်သူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ နောက်ဆုံးကျင့်ကြံသူနှစ်ယောက်ထံသို့ တိုးဝင်သွားကြသည်။ ပေါက်ကွဲထွက်နေသည့်စိတ်ဇောအဟုန်နှင့် ရူးသွပ်မှုအော်ရာတို့သည် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လုနီးပါးပင်။ ထိုမုန်တိုင်းက ရှင်သန်လိုမှုအတွက် မုန်တိုင်း မည်သည်။

သည်အခိုက်အတန့်၌ အရူးအမူးတိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များကို လုံးဝ ဂရုမစိုက်ကြတော့ပေ။

လူတိုင်းလူတိုင်းသည် သူတို့အား ပိတ်ဆို့မည့်လူများကို သတ်ပစ်ကြပေလိမ့်မည်။ကောင်းကင်ဘုံသားတစ်ယောက် ပိတ်ဆို့လျှင်ပင် ထိုကောင်းကင်ဘုံသားကို သတ်မည်။ နတ်ဆိုးတစ်ပါး ပိတ်ဆို့လျှင် ထိုနတ်ဆိုးကို သတ်ပစ်မည့် ပုံစံမျိုး ဖြစ်နေတော့သည်။

ကျင့်ကြံသူများအားလုံးသည် ရှင်သန်လိုမှုအတွက် ရူးသွပ်သွားကြပြီ ဖြစ်၏။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်တစ်ယောက်သည် သူ့လက်ချောင်းကို ပင့်မြှောက်ကာ သူ့ထံသို့ တိုးဝင်လာနေသည့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ပျက်စီးသွား၏။သူ့မူလစိတ်ဝိညာဉ်ပင် ပျောက်ပျက်သွားရသည်။ သို့ရာတွင် သူက မသေဆုံးခင် အတင်းထိုးထွက်၍ ထိုတမန်တော်၏လက်တစ်ဖက်ကို ကိုက်ချပစ်လိုက်သည်။ သူ့နီရဲနေသည့်မျက်လုံးတွေက ထိုတမန်တော်၏စိတ်ကို တုန်လှုပ်သွားစေပေသည်။

“သတ်…”

အခြားတမန်တော် တစ်ယောက်သည်လည်း သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် သူက သူ့တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်၏။ ဖျပ်ခနဲပင် များစွာသောကျင့်ကြံသူများသည် သွေးအန်ထုတ်လိုက်ရာ သူတို့၏ခန္ဓာကိုယ်သည် အားနည်းသွားရသည်။သို့ရာတွင် မည်သူကမျှ နောက်မဆုတ်ကြပေ။ သူတို့က အတင်းရုန်းကန်ကာ ရှေ့သို့ ဆက်၍ တိုးလာကြသည်။

တုန်ခါပေါက်ကွဲမှုများက သည်အစိတ်အပိုင်းမြေအနှံ့တွင် ပဲ့တင်ထပ် မြည်ဟိန်းနေတော့၏။

“သတ်…” အော်ဟစ်သံ၊မာန်သွင်းသံတို့သည့် ပေါင်းစပ်ကုန်ကြကာ ကောင်းကင်ထက်၌ လှိုင်းများ ဖြစ်ကုန်ကြသည်။သည်အခိုက်အတန့်၌ ထိုအသံများသည် ကျယ်လောင်သထက် ကျယ်လောင်လာခဲ့သည်။

ရှင်သန်လိုသည့်စိတ်ဆန္ဒသည် ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးထဲတွင် ရေးထွင်းထားတော့သည်။ ၎င်းစိတ်ဆန္ဒက ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းပင်။

ထိုအရာသည် တမန်တော်များကို တုန်လှုပ်သွားစေရုံသာမက ဝမ်လင်းကိုပါ တုန်လှုပ်သွားစေပေသည်။

ဝမ်လင်းသည် အသက်ဝဝရှူသွင်းလိုက်၏။ သည်အခိုက်အတန့်၌ သူ့စိတ်ထဲတွင်လည်း ယုံကြည်မှုတစ်ခု ပေါ်လာခဲ့သည်သာ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှပ်စီးတန်းတစ်ခုအလား ထိုးထွက်လိုက်သည်။ထို့နောက် တမန်တော်တစ်ယောက်၏ ဘေးနားတွင် ပေါ်လာခဲ့သည်။ထို့နောက် ဝမ်လင်းသည် သူ့လက်ချောင်းနှစ်ချောင်းဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြုလိုက်သည်။

မ်လင်း၏ တိုက်ခိုက်လာမှုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ဇောအဟုန်တို့သည် ပိုပြင်းထန်လာခဲ့သည်။ သည်အဟုန်သည် ပို၍ ပို၍ သန်မာလာလေသည်။ ၎င်းစိတ်ဇောအဟုန်က အထွတ်အထိပ်သို့ ရောက်လာခဲ့သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်လည်း ပင်လယ်လှိုင်းများကဲ့သို့ ရုန်းကြွထန်လာခဲ့သည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ပေါ်ထွက်လာကာ တိုက်ရိုက် ကျဆင်းလာသည်။အထည်ဒြပ်ယန်အဆင့်တမန်တော်၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ချက်ချင်း ဖြစ်ပေါ်စေလိုက်ပြီး ဝမ်လင်းထံသို့ မရေမတွက်နိုင်သောမိုးကြိုးလုံးများကို ပစ်လွှတ်လိုက်သည်။

၎င်းမိုးကြိုးလုံးများသည် ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။ထိုမိုးကြိုးလုံးများထဲ၌ သိပ်သည်းသောမူလစွမ်းအင်တို့ ပါဝင်နေသည်။

သို့ရာတွင် ထိုမိုးကြိုးလုံးများသည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည့်အခါ ၎င်းတို့သည် တစ်ခုပြီးတစ်ခု ပျက်စီးသွားတော့သည်။ဝမ်လင်း၏မျက်လုံးက အေးစက်လာကာ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

တမန်တော်သည် နောက်သို့ ထပ်ဆုတ်သွားကာ သူ့ပါးစပ်ကိုဟ၍ မီးခိုးရောင်မြူတစ်ခုကို ထွေးထုတ်သည်။ထိုမီးခိုးရောင်မြူထွက်လာသည်နှင့် ၎င်းက လက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းကာ ဝမ်လင်းကို ကြမ်းတမ်းစွာ ဖမ်းဆုပ်နိုင်ရန် ကြိုးစားလာသည်။

သို့ရာတွင် သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ ငွေရောင်အလင်းတန်းသည် တစ်ဟုန်ထိုး တိုးတင်လာလေ၏။တမန်တော်သည် မီးခိုးရောင်မြူကို ထွေးထုတ်လိုက်ပြီးနောက် ငွေရောင်အလင်းသည် ထိုတမန်တော်နှင့် နီးကပ်လာခဲ့လေပြီ။

တမန်တော်၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။သူက ‌ရှောင်လိုသော်လည်း အချိန်မမီတော့ပေ။သည်လို သေရေးရှင်ရေးအခြေအနေ၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို ပေါက်ကွဲထွက်စေလိုက်သည်။မူလစွမ်းအင်က မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ထိုအလစ်တိုက်လာသည့်လူကို နောက်လွန့်သွားအောင် ရည်ရွယ်လိုက်သည်။

သို့သော်လည်း ထိုငွေရောင်အလင်းတန်းက မြန်ဆန်လွန်းလှသည့်အတွက် ငွေရောင်အလင်းတန်းသည် ထိုတမန်တော်၏ ရင်ဘတ်ကို ထွင်းဖောက်လို့သွားတော့သည်။

ထိုတမန်တော်သည် သွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်စဉ်သွားသည်။သည်အခိုက်အတန့်တွင် ဝမ်လင်း၏မျက်လုံးများသည် အေးစက်လာခဲ့သည်။ သည်မြူကနေ ဖြစ်ပေါ်လာသည့် လက်ကြီးကို လုံးဝလျစ်လျူရှုကာ သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ထိုအခါ ခရမ်းရောင်မိုးကြိုးတန်း တစ်ခုသည် ထိုးထွက်သွားလေသည်။

၎င်းက တမန်တော်၏မျက်ခုံးနှစ်ခုကြားသို့ ချက်ချင်း ကျရောက်သွားလေသည်။တမန်တော်၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့သည် ပျက်စီးသွားတော့သည်။

သည်အခိုက်အတန့်၌ ငွေရောင်အလင်းသည် ဖျတ်ခနဲ သက်လတ်ပိုင်းလူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ထိုသူသည် ကျင့်ကြံသူများကြား၌ သူတို့ကိုယ်သူတို့ ဖုံးကွယ်နေခဲ့သော အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

သူက ဝမ်လင်းကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်သည်။သူ့မျက်လုံးထဲ၌လည်း လေးစားမှုတို့ ပြည့်နေသည်။ ထို့နောက် သူက အခြားလူများကို ကူညီရန် ပြန်ထွက်ခွာသွားသည်။

ဝမ်လင်းက ထိုအထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို အစောပိုင်းတည်းက သိနေခဲ့သည်။သို့သော်လည်း သူတို့က ကောင်းကင်ဘုံကျောက်စိမ်းပြားများ ပေးချေခဲ့သည့်အတွက် သူသည် အစိတ်အပိုင်းမြေပေါ်တွင် လက်ခံခဲ့ခြင်း ဖြစ်သည်။

တမန်တော်များထဲမှ တစ်ယောက် အသတ်ခံလိုက်ရပြီးနောက် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ထိုအမြစ်ကို သတိပြုမိသွားကြသည်။ချက်ချင်းလိုလိုပင် သူတို့၏ စိတ်ဇောအဟုန်က တိုးလာပြန်သည်။

“လမ်းဖယ်စမ်း…” ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ ဖြစ်သွားကာ ဒုတိယမြောက်တမန်တော်နားသို့ ရောက်သွားသည်။သူ့မူလစွမ်းအင်နှင့်လက်ချောင်းတစ်ခုကို ဖြစ်ပေါ်စေကာ ဖိချလိုက်သည်။

တမန်တော်၏မျက်နှာသည် အလွန်ဖြူရော်သွားသည်။သူက ပြန်တိုက်ခိုက်ခြင်း မပြုဘဲ နောက်သို့ ချက်ချင်း ဆုတ်သည်။သူတစ်ယောက်တည်းသာ မဟုတ် ကျန်သည့်တမန်တော်များသည်လည်း နောက်ဆုတ်ကုန်ကြသည်။

သူတို့က နောက်သို့ဆုတ်နေရင်း ငွေရောင်အလင်းတစ်ခုသည် လက်ခနဲ ဖြစ်သွားသည်။ထိုငွေရောင်အလင်းသည် နောက်ဆုတ်နေကြသော တမန်တော်များထဲမှ တစ်ယောက်ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိကာ ထိုတမန်တော်ကို သွေးများစွာ ပန်းထွက်စေလိုက်သည်။ထိုတမန်တော်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာကာ သူက အော်ပြောလိုက်လေသည်။ “စိတ်ဝိညာဉ်လိုက်လံခြင်း…”

လေထဲရှိ သွေးများသည် ချက်ချင်း ရွေ့လျားလာကာ ရုတ်တရက် ပုံရိပ်ယောင်သွေးဓားတစ်လက်သို့ ပြောင်း၍ ထိုငွေရောင်အလင်းနောက်သို့ လိုက်လံသည်။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ထိုအခိုက်အတန့်၌ သွေးဓားသည် ငွေရောင်အလင်းနှင့် နီးကပ်လာကာ သူက ၎င်းဓားကို ဖမ်းဆွဲလိုက်လေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် မြင့်တက်လာခဲ့ကာ ၎င်းသွေးဓားကို တစ်စစီ ဖြစ်သွားစေသည်။

သည့်နောက် ဝမ်လင်းသည် ခေါင်းပြန်လှည့်လိုက်သည်။သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ခြောက်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “လမ်းဖယ်…”

“လမ်းဖယ်…”

“လမ်းဖယ်…”

လမ်းဖယ် ဟု ဝမ်လင်းအော်လိုက်ပြီးသည့်နောက် ကျန်သည့်ကျင့်ကြံသူအားလုံးသည် ချက်ချင်းပင် သူ့နောက်ကနေ လိုက်အော်လိုက်ကြသည်။

ထိုအသံထဲ၌ ရှင်သန်လိုသည့်စိတ်ဆန္ဒများ အပြည့်အဝ ပါဝင်ပေသည်။

ထိုအသံလှိုင်း၏စွမ်းအားအောက်တွင် တမန်တော်ခြောက်ယောက်သည် နောက်သို့ အလိုလို ဆုတ်မိသွားသည်။

သည်အခိုက်အတန့်၌ တမန်တော်ခြောက်ယောက်နောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ရုတ်တရက် လင်းလက်လာသည်။တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ၌ ရှိနေကြသော ကျန်ခုန်လီအပါအဝင် ကျန်သည့်တမန်တော်များသည် အစီအရင်ထဲကနေ တုန်လှုပ်သောအကြည့်နှင့် အပြင်ကို ကြည့်နေကြသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အသက်သွင်းပြီးသွားခဲ့ပြီ ဖြစ်သည်။တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်းဘက်၌ ရှိနှင့်နေကြသော ကျန်ခုန်လီနှင့်အခြားတမန်တော်များသည် ထွက်ခွာမသွားခင် သူတို့ရှေ့၌ တွေ့မြင်ခဲ့သော မြင်ကွင်းကို ကျန်သည့်လက်ကျန်တစ်ဘဝလုံး မေ့နိုင်တော့လိမ့်မည် မဟုတ်ပေ။

ထို့နောက် သူတို့၏ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံကနေ အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားခြင်းနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset