ဝမ်လင်းက အပြာရောင်ဝတ်စုံနှင့်လူကို အေးစက်စွာ ကြည့်၍ စိတ်ဝိညာဉ်အလံကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် အစိတ်အပိုင်းမြေ ရှိရာသို့ ပြန်လာခဲ့လိုက်၏။ သည်အခိုက်အတန့်၌ အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူများသည် အားလုံးမတ်တတ်ရပ်ကာ လှမ်း၍ ကြည့်နေကြ၏။
သူက အစိတ်အပိုင်းမြေပေါ်သို့ ပြန်ခြေချလိုက်ပြီးနောက် ဝမ်လင်းသည် ထိုင်ချလိုက်ရာ အစိတ်အပိုင်းမြေသည် ထိုးထွက်သွားတော့သည်။
ဝမ်လင်းက ထိုင်နေရင်း သူ့လက်ထဲရှိ မူလစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်၏။ထို့နောက် သူ့လက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “လေဆင့်ခေါ်ခြင်း…”
အနက်ရောင်က ချက်ချင်း ပေါ်ထွက်လာခဲ့သည်။၎င်းက အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အပြာရောင်ဝတ်စုံနှင့်လူထံသို့ တန်းမတ်စွာ တိုးဝင်သွားသည်။ ထိုသူ၏ အသွင်က ချက်ချင်းပြောင်းလဲသွားကာ သူကနောက်သို့ အမြန်ဆုတ်လိုက်သည်။ သို့ရာတွင် သည်အခိုက်အတန့်၌ အနက်ရောင်နဂါးသည် ပါးစပ်ဟလာကာ အေးစက်စက်အနက်ရောင်လေကို မှုတ်ထုတ်လိုက်လေ၏။
လေတိုးသံများက လောက၌ ပြည့်နှက်လာခဲ့သည်။အပြာရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများသည် မှိန်ဖျော့သွားကာ ရုန်းကန်နေရသည့်အရိပ်အယောင် ဖြစ်ပေါ်နေသည်။သို့ရာတွင် သူက သူ့နောက်တွင် ပေသုံးဆယ်ခန့်ရှည်လျားသည် လေဟာနယ်အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်ကိုတော့ သတိပြုမိခဲ့ခြင်း မရှိပေ။ သူက နောက်သို့ ဆုတ်နေရင်း ထိုအက်ကြောင်းထဲသို့ တိုက်ရိုက် တိုးဝင်မိသွားသည်။
သူ့ခန္ဓာကိုယ်က သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
အဝေးရှိ နီးကပ်လာနေသော အခြားအစိတ်အပိုင်းမြေပေါ်မှ ကျင့်ကြံသူအများစုသည် ဝမ်လင်းကို ကြောက်ရွံ့စွာ ကြည့်နေကြတော့၏။
ဆံဖြူလူနှင့်ဝမ်လင်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးသောလူများကမူ ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူသုံးယောက်ကို သတ်ပစ်လိုက်ခြင်းကို တုန်လှုပ်မိကြခြင်း မရှိပေ။သူတို့က ဒါသည် သဘာဝကျသည်ဟုပင် ခံစားမိနေသေးသည်။
သို့ရာတွင် ဝမ်လင်းကို အရင်က တွေ့မြင်ခဲ့ဖူးခြင်း မရှိသည့် ကျင့်ကြံသူများအဖို့ကတော့ တုန်လှုပ်ချောက်ချားကုန်ကြ၏။ ထိုသူများထဲတွင် ဝမ်လင်းထံမှ အစိတ်အပိုင်းမြေကို ခိုးယူချင်သည် သူများလည်းပါဝင်နေကာ သူတို့သည် ချွေးများနှင့် ရွှဲနစ်ကာ ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားကြလေသည်။
ထိုသို့ဖြစ်ပျက်ပြီးသည့်နောက် အစိတ်အပိုင်းမြေသည် လုံးဝတိတ်ဆိတ်လာခဲ့သည်။ထိုသို့ဖြစ်ရခြင်းသည် ကျင့်ကြံသူအများအပြားက ဝမ်လင်းအပေါ် လေးစားမှုနှင့်ကြောက်ရွံ့မှုတို့ကြောင့် ငြိမ်သက်သွားခြင်းသာ ဖြစ်တော့သည်။
အစိတ်အပိုင်းမြေက မြန်သထက်မြန်ဆန်လာ၏။ နာရီများစွာ ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ ဓားစွမ်းအင်တန်းတစ်ခုသည် အကွာအဝေးတစ်ခုတွင် ပျံသန်းနေသည်ကို တွေ့မြင်လိုက်၏။ ထိုအလင်းတန်းထဲပ ရှန်ကုန်းဟူ ရှိလို့နေသည်။
ရှန်ကုန်းဟူက ပျံသန်းနေရင်း ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ အလွန်မြန်ဆန်စွာ နီးကပ်လာသော အစိတ်အပိုင်းမြေကို ရုတ်တရက် တွေ့မြင်သွားသည်။သူက ဝမ်လင်းကိုပါ တွေ့မြင်လိုကရသဖြင့် သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာကာ သူက ဝမ်လင်းရှိရာသို့ ပျံသန်းလို့လာသည်။
ရှန်ကုန်းဟူသည် ဝမ်လင်းရှေ့တွင်ရပ်ကာ တလေးတစား ပြောလိုက်၏။ “ရှန်ကုန်းဟူက အရှင်သခင်ကို နှုတ်ဆက်ပါတယ်…” ဝမ်လင်းထံသို့ ကြည့်နေသော သူ့အကြည့်က လေးစားမှုတို့နှင့် ပြည့်နေသည်။
ဝမ်လင်းက ခပ်ရေးရေး ပြုံးလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါ့ဘေးနားမှာ လာထိုင်ချေ…ပြီးရင် ငါ့ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိရာ ခေါ်သွားပါ…”
ရှန်ကုန်းဟူက အစိတ်အပိုင်းမြေပေါ်ရှိ အခြားလူများကို ကြည့်ပင်မကြည့်ပေ။ သူက ချက်ချင်းပင် ထိုင်ချ၍ လေးစားစွာ ပြောလိုက်သည်။ “ငါ့အရှင်….ငါတို့က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နဲ့ သိပ်မဝေးတော့ပါဘူး…” သူက ထိုသို့ ပြောလိုက်ရင်း လမ်းညွှန်ပြလိုက်သည်။
အစိတ်အပိုင်းမြေပေါ်ရှိလူများသည် ထိုမြင်ကွင်းကြောင့် ပို၍ တုန်လှုပ်သွားကြရပြန်သည်။ အစိတ်အပိုင်းမြေပေါ်ရှိ လူအများက ရှန်ကုန်းဟူကို သိရှိကြ၏။ သူတို့က ဝမ်လင်းကို သူ ‘ငါ့အရှင်’ ဟုခေါ်သည်အား ကြားလိုက်ရသည့်အခါ သူတို့သည် ကိုယ့်အတွေးနှင့်ကိုယ် တွေးမိလိုက်ကြသည်။
ဇီရှီဖန်က လှပသောမျက်လုံးမျာဖြင့် ဝမ်လင်း၏ နောက်ကျောကို ကြည့်နေသည်။သူမ၏ မျက်နှာက တစ်ခုခုကို မှတ်မိသွားသကဲ့သို့ နီမြန်းသွားပြန်သည်။ သို့သော် သူမသည် သူ့အကြည့်ကို ပြန်ဖယ်ရှားခြင်းတော့ မရှိပေ။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးနေမှုကို အထွတ်အထိပ်သို့ ရောက်လာခဲ့ကာ ဝမ်လင်း၏အစိတ်အပိုင်းမြေကလည်း ဟင်းလင်းပြင်ထဲ၌ ဆက်၍ ပျံသန်းသေနည်။ လေဟာနယ်အက်ကြောင်းကြီးများထဲကနေ အေးစက်စက်လေများက ထွက်ပေါ်တိုက်ခတ်နေသည်။
ဟင်းလင်းပြင်တစ်ခုလုံးသည် အက်ကွဲကြောင်းများနှင့် ပြည့်လို့နေ၏။အချို့အက်ကွဲကြောင်းများသည် အတူချိတ်ဆက်သွားကြကာ ပေတစ်ထောင်ထက်ပင် ရှည်လျားနေသေး၏။
ဝမ်လင်းက သူ့အစိတ်အပိုင်းမြေကို ထိန်းချုပ်နေရင်း သူ့မျက်လုံးသည် အလေးအနက် ဖြစ်လာခဲ့သည်။ သည်အခိုက်အတန့် သူ့အောက်ရှိ အစိတ်အပိုင်းမြေသည် လှည့်ကာ ကွေ့၍ ပျံသန်းသွားစဉ် သူ့မျက်လုံးသည် ပြူးကျယ်သွားသည်။
သူ လှည့်လိုက်သည့်အခိုက်တွင် ပေနှစ်ထောင်ခန့်ရှည်လျားသည် လေဟာနယ်အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေသည်။ နောက်ကနေလိုက်ပါလာသည့် ကျင့်ကြံသူများသည် အချိန်မီ ပြန်မတုံ့ပြန်နိုင်ဘဲ အကူအညီတောင်းသံများနှင့်အတူ အက်ကွဲကြောင်း၏ဝါးမျိုခြင်း ခံလိုက်ရလေသည်။
ဝမ်လင်းက အစိတ်အပိုင်းမြေကို ထိန်းချုပ်ရာ၌သာ အာရုံအပြည့်စိုက်ထားသည်။ထို့ကြောင့် သူက အခြားလူများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူက ထိုအက်ကြောင်းကြီးကို ရှောင်နိုင်ရန် အစိတ်အပိုင်းမြေကို ထိန်းချုပ်လိုက်ရင်း သူ့အသွင်က ပို၍ သုန်မှုန်လာခဲ့၏။
ဝမ်လင်းက မေးလိုက်သည်။ “ဘယ်လောက်လိုသေးလဲ…”
“ငါးကီလိုမီတာတောင် မလိုတော့ဘူး…” ရှန်ကုန်းဟူသည် အလွန်စိတ်ပူပန်နေ၏။ သူ့ရှေ့ရှိ အက်ကြောင်းများသည် သူ့ဦးရေပြားကိုပင် တင်းကျပ်စေလေ၏။
ဝမ်လင်းတိုသည့် တဖြည်းဖြည်းနီးကပ်လာရင်း သူသည် ပေတစ်သောင်းလောက်ဗြက်ရှိသည့် အလင်းမျက်နှာပြင်တစ်ခုကို အာရုံခံမိလိုက်၏။ ထိုအလင်းမျက်နှာပြင်ထဲ၌ အစိတ်အပိုင်းမြေနေရာတစ်ခု ရှိလို့နေသည်။
ထို့အပြင် အထဲ၌ အစီအရင်တစ်ခုလည်း ရှိနေသည်။ ထိုအစီအရင်ထဲ၌ လူတော်တော်များများ ထိုင်နေကာ သူတို့က တည်နေရာရွှေ့ပြောင်းရန် အဆင်သင့် ပြင်ဆင်ထားကြ၏။ သူတို့ထဲကတစ်ယောက်သည် ကျန်ခုန်လီ ဖြစ်၏။ အစီအရင်၏ပြင်ပတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေကြကာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေဟန် တူသည်။
သည်အခိုက်အတန့်၌ သူတို့သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်ပုံဖြင့် ဝမ်လင်းရှိနေသော နေရာသို့ အေးစက်စွာ လှည့်ကြည့်လိုက်ကြသည်။သူတို့ထဲကတစ်ယောက်သည် လက်မြှောက်ကာ အလင်းမျက်နှာပြင်၏ သော့ချက်ထံသို့ လက်ညွှန်လိုက်၏။ထိုအခါ အလင်းမျက်နှာပြင်ထံကနေ မူလစွမ်းအင်တုန်ခါလှိုင်းတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာတော့၏။
မူလစွမ်းအင်သည် စုစည်းသွားကာ ဧရာလက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ သည်ဧရိယာကို ချက်ချင်း ဝှေ့ယမ်းသွားသည်။အလင်းမျက်နှာပြင် ပတ်လည်ရှိ အက်ကွဲကြောင်းများအားလုံးသည် ပို၍ ချဲ့ထွင်သွားကြကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန် တာဆူသွားသည်။
၎င်းလေဟာနယ်အက်ကြောင်းများ ချိတ်ဆက်သွားသည်နှင့် မည်သူကမျှ အလင်းမျက်နှာပြင်အောက်ရှိ အစိတ်အပိုင်းမြေထံသို့ ဖြတ်ကျော်လာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
“ထွက်သွားစမ်း…” တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲ၌ နတ်ဘုရားအာရုံ အသံတစ်သံသည် အေးစက်စွာ ထွက်ပေါ်လာလေ၏။
ဝမ်လင်း၏ မျက်လုံးကလည်း အေးအစက်လာခဲ့ကာ သူ့ခန္ဓာကိုယ်ရှိ မူလစွမ်းအင်အားလုံးသည် အစိတ်အပိုင်းမြေထဲသို့ ဝင်ရောက်သွားသည်။သူ့မျက်လုံးကလည်း တောက်ပလာခဲ့ကာ အစိတ်အပိုင်းမြေ၏ အမြန်နှုန်းသည် နှစ်ဆဖြစ်၍ လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားလေ၏။
ချက်ခြင်းပင် ထိုအစိတ်အပိုင်းမြေသည် အရူးအမူးထိုးထွက်သွားကာ ၎င်း၏လမ်းကြောင်းရှိ လေဟာနယ်အက်ကြောင်းများအားလုံးကို ခြေမွှဖျက်ဆီးပစ်သည်။ အစိတ်အပိုင်းမြေနောက်ရှိ ကျင့်ကြံသူများသည် အံတင်းတင်းကြိတ်ကာ အစိတ်အပိုင်းမြေနှင့် ကင်းကွာမသွားအောင် လိုက်ပါလာကြ၏။
သည်အခိုက်အတန့်၌ သူတို့၏ ရှေ့တွင် အသက်ရှင်သန်နိုင်မည့် လမ်းကြောင်းတစ်ခု ရှိနေပေ၏။ သူတို့က အထဲသို့ ဝင်ရောက်နိုင်လျှင် ရှင်သန်နိုင်မည်။သူတို့က မဝင်ရောက်နိုင်ပါက သေဆုံးရပေလိမ့်မည်။
ဝမ်လင်း၏အစိတ်အပိုင်းမြေက အလင်းမျက်နှာပြင်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည့်အခါ ကျယ်လောင်သော တုန်ဟည်းသံများပင် ဖြစ်ပေါ်ကြကုန်၏။ထိုအချိန်မှာပင် လေဟာနယ် အက်ကြောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ရန် ကြိုးစားနေကြသည်။
ဝမ်လင်းက မတ်တတ်ရပ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ကောင်းကင်ဘုံဓားက သူ့လက်ထဲတွင် ပေါ်လာခဲ့တော့သည်။ သူက ဓားကို ပင့်မြှောက်ကာ သူ့နောက်သို့ ခုတ်ပိုင်းချလိုက်၏။ သည်တစ်ကြိမ်၌ ဝမ်လင်းက တစ်ကြိမ်တည်း ခုတ်ပိုင်းခြင်း မဟုတ်ဘဲ ကိုးကြိမ်တိတိ ခုတ်ပိုင်းချလိုက်လေသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်အလင်းတန်းကိုးခုသည် အံ့မခန်းဓားဥပဒေသ ပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်း၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဟန် ပြင်နေသော လေဟာနယ်အက်ကြောင်းများပေါ်သို့ ကျရောက်သွားပေသည်။
ဘုန်း…။
သည်လေဟာနယ်အက်ကြောင်းတော်တော်များများက ချိတ်ဆက်သွားကြပြီး ဖြစ်သော်လည်း ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်၏ အားကြောင့် စုတ်ပြဲသွားကြသည်။ ထိုအခါ အဟတစ်ခု ဖြစ်ပေါ်လာလေ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်က၏ စွမ်းအားက လေဟာနယ်အက်ကြောင်းများကြားကို ဖြတ်၍ ပျဿန်းသွားကာ အလင်းမျက်နှာပြင်ပေါ်ထိ ကျရောက်သွားသည်။ထိုအခါ အလင်းမျက်နှာပြင်ပေါ်၌ လှိုင်းတွန့်များ ဖြစ်ပေါ်လာကာ အထဲရှိအရာများကပါ တွန့်ကြေလိမ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အစိတ်အပိုင်းမြေသည် တရကြမ်း တိုးဝင်လာလေသည်။၎င်းသည် အလင်းမျက်နှာပြင်ပေါ်သို့ ကြယ်ပျံတစ်စင်းအလား ဆောင့်ချလာခဲ့သည်။
ထိုအခါ ပတ်ဝန်းကျင်ရှိ အက်ကြောင်းများသည် ဟင်းလင်းပြင်ထဲသို့ ပျံ့နှံ့လွင့်ကုန်ကြသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များက လှမ်းကဲကြည့်လိုက်ကြ၏။ ကျန်ခုန်လီက ဝမ်လင်းကို တွေ့မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်လာခဲ့သည်။
ထို့နောက် အလင်းမျက်နှာပြင်ပေါ်၌ အက်ရာများ ပေါ်ထွက်လာက ပျံ့နှံ့ကုန်ကြသည်။
တစ်ချိန်တည်းမှာပင် အစိတ်အပိုင်းမြေ၏ အနောက်မှလိုက်ပါလာသည့် ကျင့်ကြံသူများသည် အဟကိုဖြတ်၍ တိုးဝင်လာကြ၏။
ဝမ်လင်း၏၏မျက်လုံးက အေးစက်လာ၏။ သူက အစိတ်အပိုင်းမြေကို ထိန်းချုပ်၍ နောက်သို့ ဆယ့်နှစ်ပေခန့် ပြန်ဆုတ်လိုက်သည်။ အနီးအနားရှိ မရေမတွက်နိုင်သောကျင့်ကြံသူများ၏ အကြည့်အောက်တွင် သူက သူ့အစိတ်အပိုင်းမြေ၏ အရှိန်ကို မြှင့်တင်ကာ နောက်တစ်ကြိမ်အလင်းမျက်နှာပြင်ကို ဆောင့်ချသည်။
အလင်းမျက်နှာပြင်ပေါ်၌ ပိုမိုများပြားသည့် အက်ရာများပေါ်လာကာ နေရာအနှံ့သို့ ပျံ့နှံ့၏။ အလင်းမျက်နှာပြင်ထံမှ အလင်းသည်ပင် မှိန်ဖျော့လို့သွားသည်။
ထိုအဖြစ်အပျက်က အလွန်မြန်ဆန်လွန်းလှ၏။ အသက်ရှူစာ အကြိမ်အနည်းငယ်လောက်သာ ကြာမြင့်ပေသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များထဲမှ တစ်ယောကသည် အလွန်သုန်မှုန်လာ၏။ သူ့ခန္ဓာကိုယ်သည် မိုးကြိုးများနှင့် ဖုံးလွှမ်းလာကာ သူက အလင်းမျက်နှာပြင်ထဲကနေ လှမ်းထွက်လာသည်။
“သိပ်သတ္တိကောင်းနေတယ်ပေါ့။ မင်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ တားမြစ်နေရာကို ကျူးကျော်ပြီး ရန်စဝံ့တယ်လား…” ထိုမိုးကြိုးများလွှမ်းခြုံထားသည့် လူသည် ရှေ့သို့ လှမ်းလျှောက်လာသည်။ သို့ရာတွင် ဝမ်လင်းက ဘာမှ မလုပ်ရသေးခင်မှာပင် အစိတ်အပိုင်းမြေပေါ်မှ ကျင့်ကြံသူများသည် ရှေ့သို့ ခုန်ထွက်လာကြကာ ထိုလူနှင့် တိုက်ပွဲစတင်ပစ်တော့သည်။
ထိုမိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်နှင့် တိုက်ခိုက်နေကြသော လူအများထဲမှ တစ်ယောက်သည် ခပ်သွက်သွက်လှမ်းအော်လိုက်သည်။ “စီနီယာ…ဒီလူ့ကို အရေးမစိုက်ပါနဲ့။ ငါတို့ သူ့ကို ရင်ဆိုင်လိုက်မယ်…”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။အစိတ်အပိုင်းမြေကို နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သည်တစ်ကြိမ်၌ သူက ဆယ်စက္ကန့်ခန့် ကြိုတင်ပြင်ဆင်လိုက်သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ သူတစ်ယောက်တည်းသာ မဟုတ်တော့ပေ။ အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးသည် ပျံသန်းလာကြကာ သူတို့၏လက်များကို ၎င်းအစိတ်အပိုင်းမြေပေါ်သို့ တင်လိုက်ကြ၏။
လူတိုင်းသည် သူတို့၏စွမ်းအားများကို အပြည့်အဝသုံး၍ ဝမ်လင်း၏လမ်းညွှန်မှုအောက်၌ ပေါင်းစပ်ထားလိုက်ပြီးနောက် စုပေါင်းအားဖြင့် ထုတ်လွှတ်လိုက်ကြပေသည်။
သည့်နောက် ကျယ်လောင်သောတုန်ဟည်းသံကြီးနှင့်အတူ အစိတ်အပိုင်းမြေသည် အလင်းမျက်နှာပြင်ကို ခွဲခြေပစ်လိုက်တော့သည်။ နောက်ဆုံးတွင် ၎င်းအလင်းမျက်နှာပြင်သည် ပျက်စီးသွားခဲ့လေပြီ။
အလင်းမျက်နှာပြင်၏ မရေမတွက်နိုင်သောအပိုင်းအစများသည် နေရာတိုင်းသို့ ပျံ့နှံ့ကာ အစိတ်အပိုင်းမြေ တစ်ဝက်ကျော်သည် အလင်းမျက်နှာပြင်အတွင်းရှိ အစိတ်အပိုင်းမြေပေါ်သို့ ဆောင့်ချသွားခဲ့တော့သည်။ကျင့်ကြံသူများအားလုံးသည် အသည်းအသန် ထိုးထွက်လာကြကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိနေသည့် ကောင်းကင်ဘုံအစိတ်အပိုင်းမြေသည် အသက်ရှင်သန်လိုနေကြသည့် ကျင့်ကြံသူများနှင့် အရူးအမူး ပြည့်နှက်သွားလေတော့သည်။
***