အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ၎င်းအပေါ်တွင် လူတစ်ယောက်ပိုလာသော်လည်း ၎င်း၏အမြန်နှုန်းသည် လျော့ကျသွားခြင်း မရှိပေ။အမျိုးသမီး၏ စိတ်ရှုပ်ထွေးနေမှုသည်လည်း ပြန်ကောင်းမွန်လာခဲ့၏။သူမက အစိတ်အပိုင်းမြေသည် လေဟာနယ်အက်ကြောင်းများကို တိုက်ချသွားသည်ကို စောင့်ကြည့်နေရင်း လေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။
“ဒါက ဘယ်လိုရတနာမျိုးလဲ….။ဒါက တော်တော်လေး ကြောက်ဖို့ကောင်းလွန်းလှတယ်…” အမျိုးသမီးက သူမအောက်ရှိ အစိတ်အပိုင်းမြေ၏ ဖိသိပ်မှုကြောင့် အက်ကွဲကြောင်းများစွာ ပျက်စီးသွားသည်ကို ကိုယ်တိုင်တွေ့နေရသည်။ထိုလေဟာနယ်အက်ကြောင်းများထဲက အားက မည်မျှအားကောင်းပါစေ အစိတ်အပိုင်းမြေပေါ်တွင် သက်ရောက်မှု ရှိမနေပေ။
ထိုအခိုက်အတန့်၌ သူမ၏ မျက်လုံးသည် ကျဉ်းမြောင်း သွားသည်။သူမ၏ ညာဘက်ခြမ်း အကွာအဝေးတချို့တွင် အလင်းတန်းသုံးခုသည် ဟင်းလင်းပြင်ထဲကို ဖြတ်၍ ပျံသန်းနေသည်။သူတို့နှစ်ယောက်သည် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြသည်။ သူတို့၏သွင်ပြင်က သုန်မှုန်နေ၏။ သူတို့၏မျက်လုံးများထဲ၌လည်း စိတ်ပူပန်မှုများ ရှိနေကြသည်။
“ရှီဇီဖန်…” အစိတ်အပိုင်းမြေပေါ်ရှိ အမျိုးသမီးက အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
အကွာအဝေးတစ်ခုရှိ သုံးယောက်က သူမကို ချက်ချင်း သတိပြုမိသွားကြသည်။သူတို့၏မျက်လုံးထဲ၌လည်း ပျော်ရွှင်မှုများ ပြည့်နှက်သွားကြသည်။ သူတို့က အစိတ်အပိုင်းမြေရှိရာသို့ ချက်ချင်း ဦးတည်လာကြတော့သည်။
ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းသာ ရှိနေသည်။သူက အရှိန်လျှော့ပေးခြင်းလည်း မပြုဘဲ တူညီသောအမြန်နှုန်းနှင့်သာ ပျံသန်းစေနေသည်။ သူတိုသုံးယောက်သည် ထိုအစိတ်အပိုင်းမြေကို မမီနိုင်သည့်ဟန်ဖြစ်ပေါ်နေကြ၏။
ရှီဇီဖန်လို့ခေါ်သည့် အမျိုးသမီးက ခပ်သွက်သွက် လှမ်းအော်လိုက်၏။ ကျန်ယွမ်…ငါကို စောင့်ပါဦး…”
ကျန်အမျိုးသမီးက ဝမ်လင်းကို အလျင်အမြန် လှမ်းပြောလိုက်၏။ “စီနီယာ…ကျေးဇူးပြုပြီး ရပ်ပေးပါ။ဂျူနီယာရဲ့ သူငယ်ချင်းကောင်းတွေက ဒီအပေါ်မှာ လိုက်ချင်နေပါတယ်…”
ဝမ်လင်းက မျက်လုံးဖွင့်လာသည်။သူက စိတ်မရှည်ဟန် ဖြစ်ပေါ်နေ၏။သူက သူမကို လျစ်လျူရှုထားလိုက်သည်။
ကျန်အမျိုးသမီးက ခြေဆောင့်နင်းကာ သူမ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ အနီရောင်ပိုးသားမျှင်တစ်ခုက ပျံသန်းထွက်သွားသည်။ထိုအနီရောင်ပိုးသားမျှင်က ချက်ချင်း ချဲ့ကားလာကာ နောက်ကလိုက်လာသည့် လူသုံးယောက်ထံသို့ ပျံသန်းသွားသည်။
ရှီဇီဖန်က ထိုအနီရောင်ပိုးသားမျှင်ကို အလျင်အမြန် ဖမ်းဆုပ်ကာ သူမကိုသူမရှေ့သို့ ဆောင့်ဆွဲလိုက်၏။ ကျန်သည့်နှစ်ယောက်ကလည်း ထို့အတူ လုပ်ဆောင်လိုက်ကြသည်။နောက်ဆုံးတွင် သူတို့သုံးယောက်သည် လိုက်မီသွားကာ အစိတ်အပိုင်းမြေပေါ်သို့ ရောက်ရှိသွားကြသည်။
သူတို့သုံးယောက်က ခုမှ စိတ်သက်သာရာရသွားကြ၏။ သူတို့က အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို သတိပြုမိလိုက်ကြသည်။ အမျိုးသားကျင့်ကြံသူနှစ်ယောက်က ကျန်ယွမ်ကိကို ကြည့်ကာ မေးလိုက်သည်။ “ဒီရောင်းရင်းကျင့်ကြံသူက…”
ကျန်ယွမ်၏ အပြောကို စောင့်မနေတော့ဘဲ ရှီဇီဖန်က အနီးကပ်လှမ်းကြည့်လိုက်ရာ သူမ၏ အသွင်သည် ချက်ချင်း ပြောင်းလဲသွားလေသည်။ သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုး၍ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။ “ဂျူနီယာရှီဇီဇန်က စီနီယာ့ကို နှုတ်ဆက်ပါတယ်။ စီနီယာက ငါတို့ကို နှစ်ကြိမ်နှစ်ခါ ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…”
သူမက ထိုသို့ ပြောလိုက်ရင်း သူမ၏မျက်နှာသည် နီမြန်းသွားသည်။
ဝမ်လင်းက ထိုအမျိုးသမီးကို ကြည့်လိုက်၏။ သူမသည် ကျန်ယွမ်ထက် အတော်လေး ပိုလှ၏။ သူသည် ထိုအမျိုးသမီးကို ကောင်းကင်ဘုံဂိတ်ပေါက်၌ အရှင်မီးတောက်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့တုန်းက ဟင်းလင်းပြင်ထဲသို့ ကန်ထုတ်လိုက်သည့် လူများထဲမှ တစ်ယောက်ဖြစ်မှန်း ခပ်ရေးရေး မှတ်မိသွားသည်။
မျက်မှောင်ကြုတ်နေရင်း ဝမ်လင်းသည် အလိုမကျ ဖြစ်နေ၏။သူက သည်လိုသာ ဖြစ်မည်မှန်း သိခဲ့လျှင် ကျန်ယွမ်ကိုလည်း ကယ်တင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူက မေးလိုက်သည်။ “မင်းတို့သုံးယောက်မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရှိကြလား…”
ရှီဇီဖန်က ကြောင်သွား၏။ သူက ပြန်မဖြေခင်မှာပင် ကျန်ယွမ်က ခပ်သွက်သွက် ပြောလာသည်။ “နင့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း၊ ဒီမှာ နေဖို့အတွက် တစ်နာရီစာအတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း ထပ်ပေးရမယ်….”
ဇီရှီဖန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါက ဖြစ်သင့်ပါတယ်…” သူမနှင့်သူမဘေးရှိနှစ်ယောက်တို့သည် သူတို့၏ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူကာ ဝမ်လင်းထံသို့ လေးလေးစားစား ကမ်းပေးလိုက်သည်။
ဝမ်လင်းက ၎င်းတို့ကို လက်ခံလိုက်၏။ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ သူတို့အား လျစ်လျူရှုထားလိုက်လေသည်။
ကျန်ယွမ်နှင့်အတူ အခြားလူများသည် အတူထိုင်လိုက်ကြကာ သူတို့က ဟင်းလင်းပြင်ထဲသို့ ကြည့်လိုက်၏။ သူတို့အားလုံးသည် အသက်ဘေးမှ လွတ်သွားသလို ခံစားနေရသည်။
ထိုအစိတ်အပိုင်းမြေက အလွန်မြန်ဆန်လှ၏။ သူတို့က ကောင်းကင်ဘုံနယ်မြေထဲသို့ ပို၍ တိုးဝင်နေရင်း ဝမ်လင်းသည် မျက်မှောင်ကြုတ်လျက်သာ ရှိနေ၏။လမ်းတစ်လျှောက်တွင် သူက ကျင့်ကြံသူတော်တော်များများနှင့် တွေ့ခဲ့ရသည်။
သည်လူများက အစိတ်အပိုင်းမြေကို မြင်သည်နှင့် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ရှာတွေ့သည့်အလား ထိုအစိတ်အပိုင်းမြေပေါ်တက်ရောက်နိုင်ရန် အကောင်းဆုံးကြိုးစား ကြတော့သည်။သူတို့ထဲက အချို့သည် အစိတ်အပိုင်းမြေပေါ်ရှိ ကျန်ယွမ်တို့လေးယောက်နှင့်ပင် မိတ်ဆွေအသိများ ဖြစ်နေကြသေးသည်။
ထို့အတွက်ကြောင့် အစိတ်အပိုင်းမြေပေါ်သို့ ပိုပိုများပြားသည့် ကျင့်ကြံသူများ ရောက်လာကြ၏။ သို့ရာတွင် ဝမ်လင်းက ထိုအရာနှင့် ပတ်သက်၍ စိတ်ပူပန်ခြင်း မရှိပေ။အစိတ်အပိုင်းမြေပေါ်သို့ အသစ်တစ်ယောက် ရောက်လာတိုင်း ကျန်ယွမ်က ကောင်းကင်ဘုံကျောက်စိမ်းပြား လိုအပ်ချက်ကို ပြောပြပေလိမ့်မည်။
သည်အခိုက်အတန့်၌ ဝမ်လင်းတွင် သိုလှောင်အိတ်အတော်များများ ရှိနေလေပြီ။ ထိုသိုလှောင်အိတ် တစ်ခုချင်းစီတွင်လည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ပါဝင်နေ၏။ ယခုအခါတွင် အစိတ်အပိုင်းမြေပေါ်၌ ကျင့်ကြံသူနှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သည်။
သည်လူများက အတူထိုင်နေကြခြင်း မဟုတ်ပေ။ အချို့က တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်စကားပြောနေကြသည်။အခြားသူများကတော့ သူတို့ဟာ သူတို့ ထိုင်နေကာ ဟင်းလင်းပြင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
သူတို့ထဲက အချို့ကတော့ ဝမ်လင်းကို ချက်ချင်း သတိပြုမိကာ စိတ်သက်သာရာ ရသွားကြ၏။ သူတို့၏ စိတ်ထဲတွင် ဝမ်လင်းသာ သည်နေရာမှာ ရှိနေပါက သူတို့သည် လုံခြုံအန္တရာယ်ကင်းလိမ့်မည်ဟု ခံစားရသည်။
အစိတ်အပိုင်းမြေသည် ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်း ပျံသန်းနေရင်း ပိုပိုများပြားသည့်လူများက အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာကြ၏။ ခုချိန်တွင် အစိတ်အပိုင်းမြေပေါ်၌ လူငါးဆယ်ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ဟင်းလင်းပြင်ထဲကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေ၏။ သူက သည်အစိတ်အပိုင်းမြေထံသို့ အလင်းတန်း ဆယ့်နှစ်ခုကျော်က ကပ်လိုက်နေသည်ကိုလည်း တွေ့မြင်နေ၏။
ထိုအလင်းတန်းများထဲရှိ ကျင့်ကြံသူများသည် သည်အစိတ်အပိုင်းမြေကို မမီနိုင်ဖြစ်နေကာ အစိတ်အပိုင်းမြေပေါ်ရှိ မည်သူနှင့်မှလည်း မသိကြချေ။ အစိတ်အပိုင်းမြေပေါ်ရှိ တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ သူတို့က သူတို့ကိုယ်တိုင် သည်အစိတ်အပိုင်းမြေကို မီလာနိုင်ကြခြင်း မရှိပေ။
သို့သော်လည်း သည်အစိတ်အပိုင်းမြေနောက်ကနေ ကပ်လိုက်ခြင်းက သူတို့အတွက် များစွာ ပိုလုံခြုံစေ၏။ အစိတ်အပိုင်းမြေ ဖြတ်ကျော်သွားပြီးသည့်နောက် လေဟာနယ်အက်ကြောင်းများသည် အားပျော့သွားကာ ပျက်စီးမည့်အရိပ်လက္ခဏာများ ပြသလာကြ၏။ထို့ကြောင့် သူတို့အတွက် ပို၍ လုံခြုံအန္တရာယ်ကင်းခြင်း ဖြစ်လေ၏။
ပိုပိုများပြားသော ကျင့်ကြံသူများက စုဝေးလာနေကြ၏။ ထိုအခါ အစိတ်အပိုင်းမြေနောက်၌ အမြီးတန်းတစ်ခုလို ဖြစ်လာတော့၏။ လူအများသည် အစိတ်အပိုင်းမြေနောက်ကနေ ကပ်၍ လိုက်ပါလာကြသည်။
သူတို့အမြင်၌ ထိုအရာကသာ တစ်ခုတည်းသော အသက်ရှင်သန်နိုင်သည့် လမ်းကြောင်း ဖြစ်နေပေသည်။အချို့အားကောင်းသော ကျင့်ကြံသူများကမူ အစိတ်အပိုင်းမြေပေါ်မှလူ၏ အကူအညီမပါဘဲ သူ့တို့ဘာသာ ရောက်အောင်တက်လာနိုင်ကြ၏။
သို့ရာတွင် သူတို့က အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာသည်နှင့် မည်သည့်ကျင့်ကြံမှုအဆင့်၌ ရှိသည်ဖြစ်စေ သည်နေရာတွင် နေဖို့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ချက်ချင်း ပေးဆောင်ရပေ၏။
ထိုသို့ ဖြစ်ရခြင်းသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံဂိတ်ပေါက်နားရှိ ဝမ်လင်းနှင့်ဆံဖြူလူတို့၏ တိုက်ပွဲကြောင့် ဖြစ်လေ၏။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများပင် ဝမ်လင်းကို မြင်တွေ့သည့်အခါ စီနီယာဟု တလေးတစား ခေါ်ဝေါ်ကြပေသည်။
ကောင်းကင်ဘုံကျောက်စိမ်းပြားများ ပါဝင်သည့် သိုလှောင်အိတ်များကို ထိကြည့်ပြီးသည့်နောက် ဝမ်လင်းသည် သက်ပြင်းချကာ ထိုလူများကို လစ်လျူရှုထားလိုက်၏။ သူက ရှန်ကုန်းဟူနှင့် သိပ်မဝေးတော့ဟု ခံစားမိနေ၏။
ထိုအခိုက်အတန့်၌ မြေကြီးထုတစ်ခုသည် သူတို့၏ ရှေ့၌ ရုတ်တရက် ပေါ်လာ၏။ သည်မြေကြီးထုသည် ပေတစ်သောင်းခန့် ကျယ်ဝန်းကာ ၎င်း၏အစွန်အဖျားပိုင်းများသည် ပြိုကျလျက် ရှိနေသည်။ ထိုမြေကြီးထုက လေဟာနယ်အက်ကြောင်းများနှင့် ထိတိုက်မိသည့်အခါတိုင်း ပဲ့ကျလို့နေ၏။
ထိုမြေကြီးထုပေါ်တွင် လူသုံးယောက် မတ်တတ်ရပ်နေ၏။ သူတို့အားလုံးသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိနေကြသည်။သူတို့နောက်တွင်မူ ဝမ်လင်း၏ ပေတစ်ထောင်ခန့်ရှိသော အစိတ်အပိုင်းမြေကို လောဘတကြီး ကြည့်နေကြသော ကျင့်ကြံသူတစ်ရာကျော် ရှိလေသည်။
“ဒီအစိတ်အပိုင်းမြေကို ထားခဲ့လိုက်…” သုံးယောက်ထဲမှ ရွှေရောင်ဝတ်စုံနှင့်တစ်ယောက်၏ အသံသည် ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။
ဝမ်လင်းက ပဲ့ကြွေနေသော ပေတစ်သောင်းခန့်ရှိသည့် အစိတ်အပိုင်းမြေပေါ်ရှိ သုံးယောက်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သူတို့သည်လည်း ဝမ်လင်းကဲ့သို့ အစိတ်အပိုင်းမြေကို အသုံးပြု၍ ပျံသန်းသွားမည့်အကြံကို ရရှိခဲ့ကြသူများ ဖြစ်ကြသည်။
သို့ရာတွင် သူတို့၏အစိတ်အပိုင်းမြေသည် နတ်ဘုရားပြစ်ဒဏ်ဖြင့် မွမ်းမံထားခြင်း မဟုတ်သည့်အတွက် လုံလောက်အောင် မာကျောခြင်း မရှိပေ။
ရွှေရောင်ဝတ်စုံနှင့်လူက ရှေ့သို့ တိုးဝင်လာခဲ့သည်။သူက လေဟာနယ်အက်ကြောင်းများကို ရှောင်၍ ဝမ်လင်းတို့ ရှိနေသော အစိတ်အပိုင်းမြေထံသို့ တည့်တည့်တိုးဝင်လာနေ၏။ သူတို့သုံးယောက်ထဲတွင် အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ရှေ့ဆုံးတွင် ရှိနေ၏။
သူတို့နှစ်ယောက်က အစိတ်အပိုင်းမြေပေါ်တွင် အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်ကိုသာ ချန်ခဲ့လေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ရှိနေသည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လေထဲသို့ လက်ညွှန်လိုက်၏။ထိုအခါ သူ့လက်ခုံပေါ်ရှိ သားရဲအရိုးအမှတ်အသားသည် ချက်ချင်း ပျံသန်းထွက်သွားကာ သားရဲအရိုးအဖြစ် ဟင်းလင်းပြင်ထဲတွင် ပြောင်းလဲသွားသည်။
ထိုအခါ သားရဲအရိုး၏မျက်လုံးအိမ်နေရာကနေ တစ္ဆေအလင်းတစ်ခု ပေါ်လာခဲ့ကာ သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သည်ဧရိယာတွင် ပြည့်နှက်လာခဲ့သည်။
ချက်ချင်းလိုလို ရွှေရောင်ဝတ်စုံနှင့်လူသည် မန္တန်တစ်ခု အသုံးမပြုလိုက်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ မီးခိုးရောင်သည် သူ့ကိုယ်အနှံ့တွင် စတင်ပျံ့နှံ့သွား၏။ ထိုအခါ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ပြည့်နှက်သွားသည်။ချက်ချင်းပင် သူက သူ့နဖူးကို ရိုက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ပျံသန်းထွက်စေလိုက်၏။
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ စိတ်ဝိညာဉ်အလံသည် ပျံသန်းထွက်သွား၏။၎င်းက အနက်ရောင်မြူများအဖြစ်သို့ ပြောင်းလဲကာ ထိုလူ၏မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်သွားသည်။
သည်အခိုက်အတန့်၌ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက နီးကပ်လို့လာ၏။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အော်ပြောလိုက်၏။ “ကောင်းကင်ဘုံမန္တန်…မိုးကြိုးခုတ်ပိုင်းခြင်း…” မိုးကြိုးက သူ့ရှေ့တွင် အရူးအမူး လာရောက်စုဝေးကာ မိုးကြိုးဓားသွားအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ တိုးဝင်သွားလေသည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ မိုးကြိုးဓားသွားနီးကပ်လာခြင်း မရှိခင်မှာပင် သူက ၎င်းအတွင်းရှိ ပေါကြွယ်ဝသောမူလစွမ်းအင်များကို ခံစားမိလိုက်၏။ ၎င်းက နီးကပ်လာသည့်အခါ ဝမ်လင်းခန္ဓာကိုယ်မှ ဆက်ခနဲ လင်းလက်သွားပြီး သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာပြီး မိုးကြိုးဓားသွားကို ဝါးမျိုသွားသည်။
သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာပြီးသည့်နောက် ဝမ်လင်း၏မျက်နှာသည် အနည်းငယ် နီမြန်းသွား၏။ သူက မတ်တတ်ထရပ်ကာ အဘိုးအိုကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ထိုးထွက်သွားသည်။
အဖြူရောင်ဝတ်စုံနှင့်အဘိုးအို၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။သူက နောက်သို့ ချက်ချင်း ပြန်ဆုတ်လိုက်သည်။ သူက နောက်ဆုတ်နေသည့်အခါ အပြာရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်သွားပြီး သူရှိနှင့်နေသော အစိတ်အပိုင်းမြေပေါ်ကနေ ခုန်ထွက်လာလေ၏။
ဝမ်လင်း၏မျက်လုံးက အေးစက်သွား၏။ သူက ပုံမှန်အားဖြင့် အခြားလူများကို ရန်မစပေ။ သို့သော် သူ့ကို လာစော်ကားလျှင်လည်း သူက ချက်ခြင်း ပြန်တုံ့ပြန်မည် ဖြစ်သည်။
သည်အခိုက်အတန့်၌ သူက အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုထံသို့ လက်ညွှန်ကာ ရပ်တန့်ခြင်းကောင်းကင်ဘုံမန္တန်ကို အသုံးပြုလိုက်သည်။အဘိုးအို၏ ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်သာ ရပ်တန့်သွားခြင်း မဟုတ်ဘဲ သူ့မူလစိတ်ဝိညာဉ်အပေါ်သို့ပါ သက်ရောက်သွားလေ၏။
ဝမ်လင်းက ခြေတစ်လှမ်းတိုးကာ သူ့လက်ကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေလိုက်၏။ သူက ထိုအဘိုးအိုကို ဖြတ်ကျော်သွားစဉ် သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ထိုအခါ အဘိုးအိုသည် သွေးအန်ထုတ်လိုက်ရကာ သူ့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပျက်စီးသွားလေ၏။သူ့မူလစိတ်ဝိညာဉ်သည်လည်း အကြောက်အကန် ထွက်ပြေးတော့၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် လက်ဆန့်တန်း၍ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို လှမ်းဖမ်းလိုက်လေသည်။
“ရောင်းရင်းကျင့်ကြံသူ…ရပ်လိုက်ပါ…” ကျယ်လောင်သောအသံတစ်သံသည် အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူထံမှ ထွက်ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်သည်လည်း ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။ သူက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့မျက်ခုံးနှစ်ခုကြားထဲကနေ ပုံရိပ်ယောင်ဓားတစ်လက် ပျံသန်းထွက်လာခဲ့တော့သည်။ထိုဓားက တည်နေရာရွှေ့ပြောင်းလိုက် သကဲ့သို့ ရုတ်တရက် ဝမ်လင်းရှေ့တွင် ပေါ်လာကာ သူ့အား ကြမ်းတမ်းစွာ ထိုးစိုက်ချလာသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်နေကာ သူက သူ့လက်ထဲရှိ မူလစိတ်ဝိညာဉ်ကို ခြေမွှပစ်လိုက်သည်။ သည့်နောက် သူက ခေါင်းလှည့်လိုက်ရာ တတိယမျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။ အနီရောင်အလင်းက ယပ်တောင်အသွင် ပြောင်း၍ ချက်ချင်းပင် ပုံရိပ်ယောင်ဓားကို ပိတ်ဖုံးသွားသည်။
ထိုအနီရောင်အလင်းအောက်၌ ပုံရိပ်ယောင်ဓားသည် အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်ပြီး ချက်ချင်း ပျက်စီးသွားလေသည်။
အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်တန့်လိုက်သည်။ သူက ဝမ်လင်းကို သုန်မှုန်စွာ စူးစိုက်ကြည့်၍ ပြောလိုက်၏။ “သင့်ရဲ့မန္တန်တွေက တကယ်အံ့မခန်းပဲ။ ငါတို့ ဒီကိစ္စကို ဒီနေရာမှာပဲ ထားလိုက်ကြရအောင်…” ထိုသူသည် သူ့မျက်လုံးထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖိနှိပ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားလေသည်။
***