Switch Mode

အပိုင်း(၈၄၈):

အတင်းထိုးထွက်ခြင်း(၁)

ကျန်ခုန်လီသည်လည်း ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေ၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အသစ်ကမ်းလှမ်းခံထားရသည့် တမန်တော်ဖြစ်သည့်အတွက် သူသည်လည်း ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ နေရာကို သိပေသည်။သူက ထိုနေရာသို့ မြန်ဆန်စွာ ပျံသန်းနေသည်။

သူက ရှန်ကုန်းဟူနှင့် အတူရှိခဲ့တုန်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရန် စဉ်းစားခဲ့သေး၏။သို့ရာတွင် ရှန်ကုန်းဟူ၏ အဆင့်အတန်းကို တွေးမိပြီး သူက ထိုအကြောင်းကို မဖော်ပြတော့ဘဲ ရှန်ကုန်းဟူနှင့်အတူ ကောင်းကင်ဘုံဂိတ်ပေါက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ကောင်းကင်ဘုံဂိတ်ပေါက်နားရှိ တိုက်ပွဲက သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့ပေသည်။ ကောင်းကင်ဘုံနယ်မြေက မတည်မငြိမ် ဖြစ်နေသော်လည်း သူ့စိတ်က ခိုင်မာနေ၏။ သူက ရှန်ကုန်းဟူကဲ့သို့ပင် ဝမ်လင်းကို ရှုံးလိမ့်မည် မဟုတ်ဟု ယုံကြည်နေသည်။

“ရှန်ကုန်းဟူ ဘယ်နေရာမှာ ရောက်နေလဲ ငါ မသိဘူး။ ငါက သူလည်း ငါ့လိုပဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိတဲ့ဆီ သွားနေလိမ့်မယ်လို့ ယုံကြည်တယ်…”

ကျန်ခုန်လီ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ ဖျတ်ခနဲ လေဟာနယ်အက်ကြောင်းများကို ရှောင်၍ ပျံသန်းနေသည်။

အမှန်တော့ သူက ကောင်းကင်ဘုံဂိတ်ပေါက်နားရှိ တိုက်ပွဲရှိရာသို့ သွားရောက်ပြီးသည့်နောက် ထိုနေရာတွင် သူနှင့်ရှန်ကုန်းဟူတို့အပြင် ကျန်သည့် တမန်တော်များ ရှိမနေသည်ကို သိရှိလိုက်၏။ ထို့နောက် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရှိ တမန်တော်များအားလုံးသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရောက်ခဲ့ပြီး ဖြစ်ကြောင်း သိလိုက်သည်။

ကျန်ခုန်လီနှင့်ရှန်ကုန်းဟူတို့သည် မတူညီသောနေရာနှစ်ခုကနေ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ ဦးတည်သွားနေကြသည်။

ဝမ်လင်းကလည်း ဟင်းလင်းပြင်ထဲ၌ ရှန်ကုန်းဟူ ရှိသောနေရာသို့ ပျံသန်းနေသည်။သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးပြိုကျမှုက ပို၍ ပြင်းထန်လာခဲ့သည့်အတွက် လေဟာနယ်အက်ကြောင်းများကလည်း ပိုပေါ်လာနေသည်။ထို့ကြောင့် သူက အနည်းငယ် ဂရုမစိုက်မိလျှင် ဝါးမျိုခံလိုက်ရနိုင်သည်။

သည့်အတွက်ကြောင့် သူက မြန်ဆန်စွာ မသွားနိုင် ဖြစ်နေ၏။ သူက သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ် ပြောင်းလဲမှုများကိုလည်း အာရုံစိုက်ထားရပေသည်။

သူက ပျံသန်းနေရင်း ဟင်းလင်းပြင်ထဲ၌လည်း ပေါက်ကွဲမှုများ ဖြစ်လို့နေသည်။ထိုပေါက်ကွဲသံများက ပို၍ ပြင်းထန်လာနေသည့်အတွက် ဝမ်လင်းသည် အစိတ်အပိုင်းမြေများ၏ ပျက်စီးပြိုပျက်မှုက ပို၍ နီးကပ်လာနေသည်ကို သိနေပေသည်။

လမ်းတစ်လျှောက်တွင် သူက ကိုယ်တိုင်ပင် အစိတ်အပိုင်းမြေနှစ်ခုသည် အစအနများအဖြစ်သို့ ပျက်စီးသွားသည်ကို ကိုယ်တိုင် တွေ့မြင်နေရသည်။

အချို့အပိုင်းအစများသည် ဝမ်လင်းထံသို့ပင် တိုက်ရိုက် တိုးဝင်လာခဲ့သည်။ထိုတိုးဝင်လာသည့်အားက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အပြည့်အဝတိုက်ခိုက်မှုထက် အားမနည်းပေ။

သည်တိုက်ခိုက်မှုများက ပထမအဆင့်ရှိ ကျင့်ကြံသူများအတွက် သေလောက်အောင် မဆိုးရွားစေဘူးဆိုလျှင်ပင် ကံမကောင်းပါက ထိုအချိန်အတွင်း လေဟာနယ်အက်ကြောင်းတစ်ခု သူတို့၏အနီးအနားတွင် ပေါ်လာခဲ့လျှင် သေရေးရှင်ရေးအခြေအနေ ဖြစ်သွားနိုင်ပေသည်။

ဝမ်လင်းအတွက်မူ သည်အရာနှင့် ပတ်သက်၍ လုံးဝ စိုးရိမ်စရာ မလိုပေ။သူပိုင်ဆိုင်ထားသည့် ရပ်တန့်ခြင်းမန္တန်နှင့်အခြားမန္တန်များကြောင့် သူက ထိုလေဟာနယ်အက်ကြောင်းကို လွယ်ကူစွာ ရှောင်နိုင်ပေ၏။ ဝမ်လင်းက တည်ငြိမ်စွာ ပျံသန်းနေ၏။

သူက ပို၍ ပျံသန်းလေ‌လေ လေဟာနယ်အက်ကွဲကြောင်းများက ပိုမိုများပြားလာလေ ဖြစ်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက သူနှင့်ရှန်ကုန်းဟူတို့ကြား အကွာအဝေးသည် အတော်လှမ်းနေသေးသည်ကို ခပ်ရေးရေးခံစားမိနေ၏။ သူက အချိန်တိုအတွင်း ရှန်ကုန်းဟူကို မီနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ထို့နောက် သူက ပါးစပ်ဟာ သဲမှုန်တစ်ခုကို ထွေးထုတ်လိုက်၏။ ထိုသဲမှုန်က ပေတစ်ထောင်လောက် ကြီးမားသည့် အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ဒီအစိတ်အပိုင်းမြေက နတ်ဘုရားပြစ်ဒဏ်နဲ့ သန့်စင်မွမ်းမံထားတာ ဖြစ်တယ်။ကောင်းကင်ဘုံအရှင်သခင်ရဲ့ အနက်ရောင်လေတောင် ဒါကို မချိုးဖျက်နိုင်ဘူး။ ဒါ့ကြောင့် ဒီဟာက လေဟာနယ်အက်ကြောင်းတွေကို တောင့်ခံနိုင်စွမ်း ရှိသင့်တယ်…”

ဝမ်လင်းက သူ့လက်ကို ညွှန်လိုက်၏။ ထိုအခါ အစိတ်အပိုင်းမြေတံဆိပ်တုံးသည် ရှေ့သို့ ပျံသန်းထွက်သွားသည်။ဝမ်လင်းက ၎င်းကို သေချာစောင့်ကြည့်နေ၏။

သူက အစိတ်အပိုင်းမြေသည် မရေမတွက်နိုင်သော လေဟာနယ်အက်ကြောင်းများနှင့် ထိတိုက်မိသွားသည်ကို တွေ့မြင်လိုက်ရ၏။ ထိုအက်ကွဲကြောင်းများထဲကနေ ထွက်ပေါ်လာသည့်အားက အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့၏။ သို့သော် ၎င်းအားက အစိတ်အပိုင်းမြေပေါ်တွင် သက်ရောက်ခြင်းမရှိဘဲ ဖြတ်သန်းကာ သွားသည်။

တစ်ချိန်တည်းမှာပင် လေဟာနယ်အက်ကြောင်းများက ပျက်စီးမည့်အရိပ်လက္ခဏာကို ပြသလေ၏။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက်ချင်းပင်အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ခုန်တက်လိုက်၏။ထို့နောက် သူက ၎င်းအပေါ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။မူလစွမ်းအင်သည် ၎င်းအစိတ်အပိုင်းမြေထဲသို့ စီးဝင်သွားကာ တောက်ပလာစေ၏။ ၎င်း၏အမြန်နှုန်းကလည်း များစွာတိုးတက်လာကာ ရှေ့တည့်တည့်သို့ ထိုးထွက်သွားတော့သည်။

ထို့အတွက်ကြောင့် သူ့အမြန်နှုန်းသည် အရင်ထက် များစွာ ပိုမြန်လာခဲ့လေသည်။ဝမ်လင်းသည် ပေတစ်ထောင်ထက်ကြီးမားသည့် အက်ကွဲကြောင်းများကိုသာ အာရုံစိုက်ရန် လိုတော့၏။ ကျန်သည့်အရာများကို သူက လုံးဝလျစ်လျူရှုထားနိုင်သွားသည်။

အစိတ်အပိုင်းမြေက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။ နာရီဝက်ခန့်ကြာပြီးသည့်နောက်မှ ဝမ်လင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် ထိုအခိုက်အတန့်၌ သူသည် သူ့အရှေ့တည့်တည့်သို့ ကြည့်ကာ သူ့အသွင်က ပြောင်းလဲသွားသည်။

သူက အကွာအဝေးတစ်ခု၌ ဖြတ်သန်းပျံသန်းနေသော မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခုကို တွေ့မြင်လိုက်ရ၏။ထိုအလင်းတန်းအတွင်း၌ လှပသောအမျိုးသမီးတစ်ယောက် ရှိနေသည်။သို့သော် သူမမျက်နှာက ဖြူရော်နေကာ မျက်လုံးထဲ၌လည်း ကြောက်ရွံ့မှုများ ပြည့်နေ၏။ သူမက လေဟာနယ်အက်ကြောင်းများကို ဆက်တိုက် ရှောင်နေရကာ အကြိမ်များစွာ ဝါးမျိုခံရမလို ဖြစ်နေသည်။

အစိတ်အပိုင်းမြေတံဆိပ်တုံးကြီးကို စီးနင်းလာသည့် ဝမ်လင်းသည် ဟင်းလင်းပြင်ထဲ၌ တစ်ဘာသာထူးလို့နေသည်။ထို့ကြောင့် အမျိုးသမီးသည် အစိတ်အပိုင်းမြေပေါ်ရှိ ဝမ်လင်းကို ချက်ချင်း တွေ့မြင်သွားသည်။သူမမျက်နှာပေါ်၌ ပျော်ရွှင်မှုနှင့် ပြည့်နှက်သွားကာ သူမက ဝမ်လင်းရှိရာ လှမ်းလာရန် ဟန်ပြင်လိုက်သည်။သို့သော် ထိုအခိုက်အတန့်မှာပင် ပေတစ်ရာခန့်ရှည်သော လေဟာနယ်အက်ကြောင်းတစ်ခုက ရုတ်တရက် ထိုအမျိုးသမီး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သူမက ၎င်းအက်ကြောင်းကို ရှောင်ရန် ကြိုးစားလိုက်ရင်း သူ့မျက်နှာသည် ဖြူရော်ကာသွားသည်။သို့ရာတွင် သူမက နောက်ကျလွန်းသွားခဲ့လေပြီ။ သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်သွားသည်။

ဝမ်လင်းက သူ့အကြည့်ကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူ့စိတ်နေစိတ်ထားအရ သူသည် တစ်စုံတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ မကယ်တင်တတ်ပေ။ သူ့အစိတ်အပိုင်းမြေက ရပ်တန့်ခြင်းမရှိဘဲ ရှေ့တည့်တည့်သို့ ဆက်၍ ပျံသန်းသွားလေသည်။

မျှော်လင့်ချက်မဲ့နေသည့် အမျိုးသမီးက အက်ကြောင်းထဲကနေ အတင်းရုန်းကန်ထွက်ကာ အလျင်စလို လှမ်းအော်ပြောလိုက်သည်။ “စီနီယာ…ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါ။ ကျန်ခုန်လီက ငါ့စီနီယာအစ်ကို တစ်ယောက်ပါ….”

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက အရင်ကတည်းက ထိုအမျိုးသမီးကို တွေ့မြင်ဖူး၏။ ကျန်ခုန်လီက လူဆယ်ယောက်နှင့် သူ့ကို ဖြတ်ကျော်သွားခဲ့တုန်းက သူမသည်လည်း ထိုလူအုပ်ကြားတွင် ပါဝင်နေခဲ့ပေသည်။

သူတို့ အရင်က တွေ့ခဲ့တုန်းက သူမ၏ ကျင့်ကြံမှုအဆင့်သည် ပုံရိပ်ယောင်ယင်အဆင့်သို့သာ ရောက်သေးသည်။သို့ရာတွင် ခုချိန်၌ သူမ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေကာ မူလစွမ်းအင်အားလုံးနီးပါး ဆုံးရှုံးနေသည့်ပုံ ဖြစ်နေသည်။ သူမက ခုချိန်၌ အာဏာတက်ခြင်းကျင့်ကြံမှုအဆင့်ရှိ စွမ်းဆောင်ရည်သာ ရှိနိုင်တော့သည်။

ဝမ်လင်းအောက်ရှိ အစိတ်အပိုင်း‌မြေက ရုတ်တရက် လှည့်သွားကာ ထိုအမျိုးသမီးထံသို့ ဦးတည်သွား၏။ချက်ချင်းပင် ထိုအစိတ်အပိုင်းမြေက ပေတစ်ရာ လေဟာနယ်အက်ကြောင်းကို ရိုက်ချသွားခဲ့သည်။ထိုအက်ကြောင်းက ပျက်စီးသွားပြီးနောက် ထိုအမျိုးသမီးသည် ဝမ်လင်း၏အစိတ်အပိုင်းမြေတံဆိပ်တုံးပေါ်သို့ ခုန်တက်လိုက်လေသည်။

သူမ၏မျက်နှာက ဖြူရော်နေကာ သူမမျက်လုံးထဲတွင်လည်း တုန်လှုပ်နေမှုများ ရှိနေသေးသည်။သူမသည် ဝမ်လင်းကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်…စီနီယာ…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို ကြည့်လိုက်၏။ သူက တည်ငြိမ်စွာမေးလိုက်သည်။ “နင့်မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရှိလား…”

အမျိုးသမီးက ကြောင်သွားကာ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက တည်ငြိမ်စွာပင် ဆက်၍ ပြောလိုက်သည်။ “နင့်အသက်ကို ကယ်ပေးတဲ့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းပေးရမယ်။ ဒါ့အပြင် ငါနဲ့အတူ ဒီနေရာမှ နေဖို့အတွက် တစ်နာရီစာကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းနှုန်း ပေးရမယ်…”

ဝမ်လင်းအောက်ရှိ အစိတ်အပိုင်းမြေသည် အကွာအဝေးတစ်ခုသို့ တစ်ဟုန်ထိုး ပျံသန်းသွားနေသည်။

အမျိုးသမီးက စဉ်းစားသွားသည်။သူမမျက်လုံးထဲ၌လည်း အထင်သေးဟန် ဖျတ်ခနဲ ပေါ်သွားသေး၏။ သူမက သူမ၏စီနီယာအစ်ကိုကျန်က အလွန်လေးစားသည့်လူက ခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားမိခြင်း မရှိပေ။သူမကိုယ်တိုင်သာ သူနှင့်ထူးဆန်းသောဆံဖြူလူတို့ တိုက်ပွဲကို မတွေ့မြင်ခဲ့ရပါက သူမရှေ့က လူကို စီနီယာတစ်ယောက်ဟုပင် ထင်မိလိမ့်မည် မဟုတ်ချေ။

စကားတစ်ခွန်းမှ မဆိုတော့ပဲ သူမက သိုလှောင်အိတ်တစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။ “ဒီထဲမှာ ကောင်းကင်ဘုံကျောက်စိမ်းပြား ငါးသောင်း ပါပါတယ်။ စီနီယာ ကျေးဇူးပြုပြီး ရေကြည့်လိုက်ပါ…”

ဝမ်လင်းက ၎င်းသိုလှောင်အိတ်ကို ဖမ်းယူကာ အိတ်ပေါ်ရှိ နတ်ဘုရားအာရုံကို ပယ်ဖျက်လိုက်သည်။ သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည့်အခါ ကောင်းကင်ဘုံကျောက်စိမ်းပြားအရေအတွက်သည် မှန်ကုန်သည်ကို တွေ့လိုက်ရ၏။ထို့နောက် ဝမ်လင်းသည် မျက်လုံးမှိတ်ထားလိုက်ပြီး ထိုအမျိုးသမီးကို အာရုံမစိုက်တော့ပေ။

အမျိုးသမီးက ဝမ်လင်းသည် အမှန်တကယ်ရေတွက်လိမ့်မည်ဟုလည်း မထင်မိပြန်ပေ။သူမက စိတ်ထဲ၌ အထင်သေးနေမိ၏။ သက်ပြင်းမှုတ်ထုတ်လိုက်ပြီးနောက် သူမသည် ဝမ်လင်းနှင့် ခပ်လှမ်းလှမ်းနေရာတွင် ထိုင်ချလိုက်သည်။ သူမက ဟင်းလင်းပြင်ကို ကြည့်နေရင်း သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်ကာနေသည်။

“အစ်ကိုကျန်…နင်ကော ဘယ်ရောက်နေလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset