အရှင်မီးတောက်၏အသွင်က အလေးအနက်ဖြစ်သွားကာ သူက ပြောလိုက်၏။ “ကောင်းကင်ဘုံအရှင်သခင်က သင့်ရဲ့ကျင့်ကြံမှုအဆင့်ကို ပြန်စုဆောင်းမိချင်ရင် သင်က မူလစွမ်းအင်အမြောက်အမြား လိုအပ်လိမ့်မယ်။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဒီနေရာက ကျင့်ကြံသူတွေကို သတ်ဖြတ်တာထက် ငါနဲ့အတူ မဟာမိတ်ကြယ်အဖွဲ့အစည်းကို လိုက်ခဲ့ပါ။ အဲ့နေရာမှာ သင့်အတွက် အားကောင်းတဲ့ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ကောင်းကင်ဘုံအရှင်သခင်… သင့်ကျင့်ကြံမှုအဆင့်အထွတ်အထိပ်ကို အချိန်မကြာဘဲ ပြန်ရောက်စေမယ်လို့ ငါ ယုံကြည်တယ်…”
ချင်းရွှေက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီအကြောင်းပြချက်က မလုံလောက်သေးဘူး…”
“သင်က ချိပ်ပိတ်ခံရပြီးတဲ့နောက်မှာ ကောင်းကင်ဘုံနယ်မြေဟာ ပြိုကျပျက်စီးခဲ့ရတဲ့ ဘေးကပ်ဆိုးကို ကြုံတွေ့ခဲ့ရတယ်။ ဒါက ဘာကြောင့်ဖြစ်ပျက်ခဲ့သလို သင် မသိချင်ဘူးလား။ ပြောကြတာကတော့ မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းမှာ ခုထိ အသက်ရှင်နေသေးတဲ့ ကောင်းကင်ဘုံသား တစ်ယောက် ရှိတယ်တဲ့။ သင်က ငါနဲ့အတူ လိုက်လာခဲ့ရင် အရာအားလုံးကို သင်သိသွားလိမ့်မယ်…”
ချင်းရွှေက တိတ်ဆိတ်စွာ စဉ်းစားသွားသည်။အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒါလည်း မလုံလောက်သေးဘူး…”
“ငါက ငယ်ရွယ်စဉ်တုန်းက မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းမှာ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းမှာ စာလိပ်တစ်ခု ရှိတယ်။ ပြောကြတာကတော့ ဒီစာလိပ်ဟာ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားတဲ့နောက် ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့တာတဲ့၊ပြီးတော့ ဒီစာလိပ်ထဲမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ သဲလွန်စ ပါဝင်တယ်။ငါ ထွက်လာခဲ့တဲ့ အချိန်တုန်းက ဘယ်သူမှ ဒီစာလိပ်ကို မဖွင့်လှစ်နိုင်ခဲ့ဘူး…”
“ဒါပေမဲ့လည်း ပြောကြတာက ဒီစာလိပ်ထဲမှာ ကောင်းကင်ဘုံနယ်မြေပြိုကျပျက်စီးခဲ့ရတဲ့ အစစ်အမှန်အကြောင်းရင်း ပါဝင်တယ်ဆိုတယ်။ ဒါတွေအားလုံးက အတိတ်တုန်းကသင့်ရဲ့ စိတ်နေစိတ်ထား ရုတ်တရက် ပြောင်းလဲသွားခဲ့ရတာနဲ့ ဆက်စပ်လို့နေတယ်။တကယ်တော့ ဒီကိစ္စမှာ တိုက်ဆိုင်မှုတွေ အများကြီးရှိနေခဲ့တယ်။သင် သတ်ဖြတ်သူတစ်ယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် နှစ်တစ်ရာအတွင်းမှာ ကောင်းကင်ဘုံနယ်မြေက ပျက်စီးခဲ့တာပဲ။သင်က ဒါကို ဘာမှ ပတ်သတ်မှု မရှိဘူးလို့ ပြောရင်တောင် ငါ ယုံမှာ မဟုတ်ဘူး…”
“ချင်းရွှေ…ငါတို့က ရန်သူတွေ မဟုတ်ပါဘူး။ သင်က ဒီအကြောင်းပြချက်တွေကို သဘောမတူသေးဘူးဆိုရင်တော့ ငါထပ်ပြီးပြောစရာမရှိတော့ဘူး…ငါတို့ တိုက်ခိုက်ကြရုံပေါ့။ ငါက ဒီအစိတ်အပိုင်းမြေ(၄၉)ခု ရတနာရဲ့ စွမ်အားအပြည့်အဝကိုလည်း အသုံးပြုရတော့မှာပေါ့…” အရှင်မီးတောက်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့ ပြည့်လာသည်။ ရုတ်တရက် အစိတ်အပိုင်းမြေ(၄၉)သည် လှည့်ပတ်နေရာကနေ ရပ်တန့်သွား၏။ သို့သော် ၎င်းတို့ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာလေသည်။
ချင်းရွှေက အရှင်မီးတောက်ကို အေးစက်စွာ ကြည့်လိုက်သည်။ အေးစက်စက်အော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ အရှင်မီးတောက်၏နှလုံးသားထဲ၌ မသက်မသာ ခံစားနေရကာ သူက သက်ပြင်းချမိ၏။ သူက အမှန်တကယ်ကြိုးစားခဲ့ပြီး ဖြစ်သည်။နှစ်ပေါင်းသောင်းချီကြအောင် သူက များစွာသောအဖြစ်အပျက်များ၏ အကျိုးနှင့်အကြောင်းကို ရှာဖွေရန် ကောင်းကင်ဘုံနယ်မြေ၏ မှတ်တမ်းများကို ရှာဖွေကြည့်ခဲ့ပြီး ဖြစ်၏။တဖြည်းဖြည်းဖြင့် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရတနာတစ်ခုအဖြစ် သန့်စင်မွမ်းမံခြင်းနှင့် ဂျိနယ်ပယ်ကို ရရှိခြင်းတို့သည် သူ့ကို ကူညီနိုင်လိမ့်မည်ဟု အမြင်ရှိလာခဲ့၏။
ကံမကောင်းစွာနှင့် သူက ခုလိုမျိုး ရလဒ်ဖြစ်ပေါ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
ချင်းရွှေက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်း လိမ်နေတာဆိုရင်တော့ ငါက ဂျိနယ်ပယ်ကို ဖောက်ခွဲပစ်လိုက်မယ်…” သူ့မျက်လုံးက နီရဲတောက်လာကာ အနီရောင်အလင်းတန်းတစ်ခုသည် ချက်ချင်း ထိုးထွက်သွားသည်။ထိုအနီရောင်လျှပ်စီးအလင်းတန်းက နီးကပ်လာသည့်အခါ အရှင်မီးတောက် ပတ်လည်ရှိ ရေခဲများအားလုံးသည် ပျောက်ကွယ်သွားလေသည်။အလင်းတန်းက အရှင်မီးတောက်၏ရှေ့ရှိ အစိတ်အပိုင်းမြေများထဲမှ တစ်ခုအပေါ်သို့ ဦးတည်တိုးဝင်သွားသည်။
သိပ်မကြာခင်တွင် ချင်းရွှေ၏ညာမျက်လုံးထဲကနေ တိုးထွက်လာသည့် ဂျိနယ်ပယ်အလင်းတန်းက အစိတ်အပိုင်းမြေတစ်ခုခြင်းစီပေါ်သို့ ကျရောက်သွားလေ၏။
ကောင်းကင်ဘုံအစီအရင်ရတနာတစ်ခုလုံးသည် အေးစက်သောအော်ရာကို ပေးစွမ်းကာ အနီရောင်လျှပ်စီးများ တလက်လက် တောက်ပနေတော့၏။ ထိုရတနာသည် ဂျိနယ်ပယ်၏အော်ရာကို ပေးစွမ်းလာလေသည်။
“ကောင်းကင်ဘုံအရှင်သခင် စိတ်ချနေပါ။ ဒီအဘိုးအိုက မလိမ်ပါဘူး…” အရှင်မီးတောက်က ရယ်မောကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ဖိနှိပ်လိုက်သည်။အစိတ်အပိုင်းမြေ (၄၉)သည် ကောင်းကင်ထက်၌ ပြန်လည် လှည့်လည်လာကာ အနက်ရောင်ဝဲကတော့ကြီးတစ်ခုကို ဖြစ်သွားစေသည်။
“ကောင်းကင်ဘုံအရှင်သခင်…အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက ငါ့မိတ်တွေတွေကို တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါ…။ပြီးရင် ငါတို့က မဟာမိတ်ကြယ်အဖွဲ့အစည်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်ကြမယ်…” အရှင်မီးတောက်က ထိုသို့ပြောနေရင်း ဝဲကတော့ထဲသို့ ခြေလှမ်းရန် ပြင်လိုက်သည်။
ချင်းရွှေကလည်း အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီးနောက် ရှေ့သို့ လှမ်းလိုက်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ လှမ်းအော်လိုက်သည်။ “စီနီယာက ကောင်းကင်ဘုံအစီအရင်ကို သန့်စင်မွမ်းမံပြီးပြီးဆိုတော့ ငါ့ရဲ့ မိုးကြိုးသားရဲကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်…”
အရှင်မီးတောက်သည့် ခဏတန့်သွားကာ ဝမ်လင်းရှိရာသို့ လှမ်းကြည့်လိုက်၏။ သူက ပြုံးလိုက်သည်။ “ငါက မင်းရဲ့မိုးကြိုးသားရဲကို နည်းနည်းသုံးစရာ ရှိသေးတယ်။လမ်းကြောင်းဖွင့်ပြီး ငါတို့ မဟာမိတ်ကြယ်အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးတဲ့အခါကျရင် ငါက မင်းကို ပြန်ပေးပါ့မယ်။မင်းက ဒီအဘိုးအိုနဲ့ ကံစပ်တဲ့လူပဲ။ မင်းက အခုမိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ မင်းအစွမ်းအစနဲ့မင်း ထွက်သွားနိုင်ပြီး မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ငါ့တုန်ကင်နဲ့အတူ တစ်နှစ်အတွင်း ရောက်အောင်သွားနိုင်ရင် ငါက မင်းကိုနောက်ထပ် အခွင့်အရေးတစ်ခုလည်း ပေးဦးမယ်။ပြီးရင် ငါက မင်းကို မဟာမိတ်ကြယ်အဖွဲ့အစည်းကို ခေါ်သွားမယ်…”
သူက ထိုသို့ ပြောလိုက်ရင်း သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သုံးလက်မခန့် ခရမ်းရွှေရောင်ဦးချိုတစ်ခုသည် ဝမ်လင်းထံသို့ ချက်ချင်း ပျံသန်းသွားလေသည်။
အရှင်မီးတောက်သည် ပြန်လှည့်ကာ ဝဲကတော့ထဲသို့ ဝင်ရောက်လိုက်၏။ ချင်းရွှေသည်လည်း ထို့အတူပင်။ သူက မဝင်ခင်အချိန်ခဏ၌ ဝမ်လင်းရှိရာသို့ ဆန်းကြယ်သည့်အကြည့်ဖြင့် ကြည့်လိုက်လေ၏။ သူ့နတ်ဘုရားအာရုံသတင်းပို့လွှတ်မှုကို ချန်ထားခဲ့ပြီးနောက် သူက ဝဲကတော့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ချက်ချင်းလိုလိုပင် ဝဲကတော့က ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းတစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။
“ငါက မင်းရှိကနေ ရင်းနှီးတဲ့အော်ရာတစ်ခု ခံစားမိတယ်…။မင်းက လေဆင့်ခေါ်ခြင်းမန္တန်ကို သင်ယူနိုင်ပြီး ငါ့ဆရာရဲ့ ဆက်ခံသူလို့ ယူဆနိုင်တယ်။ ငါ့ဆရာရဲ့ မဟာမန္တန်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ဒီမန္တန်ကို ကောင်းကောင်းသင်ပါ။ မင်းလက်ထဲမှာ ဒီမန္တန်ကို အချည်းနှီး မဖြစ်ပါစေနဲ့…”
ခရမ်းရွှေရောင်ဦးချိုကို ဖမ်းယူလိုက်ပြီးနောက် ဝမ်လင်းသည် ချင်းရွှေ၏နတ်ဘုရားအာရုံ ပို့လွှတ်မှုနှင့် ပတ်သက်၍ စဉ်းစားနေသည်။အချိန်အတန်ကြာပြီးသည့်နောက် ခရမ်းရွှေရောင်ဦးချိုကို သိမ်းဆည်းလိုက်ပြီး သူက ပျံသန်းထွက်လာခဲ့သည်။
ခုချိန်၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အစိတ်အပိုင်းမြေ(၄၉)ခုက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဝဲကတော့ ပျောက်ကွယ်သွားခဲ့သော်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးမှုက ရပ်တန့်သွားခြင်းမရှိပေ။ထိုအစား ပို၍ပင် ဆိုးဝါးလာသေးသည်။
လေပြင်းများက မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့တွင် တစ္ဆေညည်းသံများကဲ့သို့ တိုက်ခတ်လို့နေ၏။ ၎င်းလေသည် လူတစ်ယောက်၏ နားထဲသို့ တိုးဝင်လာသည့်အခါတွင် ထိုလူသည် သူ့စိတ်ထဲကကို ချမ်းစိမ့်မှု ခံစားမိပေလိမ့်မည်။
ဝမ်လင်းက ပျံသန်းနေရင်း သူက အခုအခြေအနေတွင် လောကနှင့်တစ်သားတည်း နစ်မြုပ်အောင် မပြုလုပ်နိုင်ပေ။ သူက လေဟာနယ်အက်ကြောင်းများကို ရှောင်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ ရည်ရွယ်ချက်မရှိ ပျံသန်းနေသည်။
“ကောင်းကင်ဘုံဂိတ်ပေါက်ကလည်း ပိတ်သွားခဲ့ပြီ။ ဒါကြောင့် ငါက ဒီနေရာကနေ ဘယ်လို ထွက်ခွာနိုင်မလဲ။ ဒါ့အပြင် ဒီကောင်းကင်ဘုံအရှင်သခင်ချင်းရွှေက ငါ့မှာ ဂျိနယ်ပယ် ပိုင်ဆိုင်ခဲ့တာကို သတိပြုမိခဲ့တာများလား…”
ဝမ်လင်း၏ပုံရိပ်သည် တဖျပ်ဖျပ် ဖြစ်သွားကာ သူသည် လေဟာနယ်အက်ကြောင်းများကို ရှောင်သွားနေ၏။သူက လွန်ခဲ့သောနှစ်များက မိုးကြိုးကောင်းကင်ဘုံနယ်မြေနှင့် ပတ်သက်၍ ရှန်ကုန်းဟူ ပြောခဲ့သည့်အကြောင်းကို ပြန်အမှတ်ရလိုက်မိသည်။
“ငါအခု ရှန်ကုန်းဟူကို ရှာရမယ်…” ဝမ်လင်းက သူ့မျက်လုံးကို မှိတ်ကာ ရှန်းကုန်ဟူ သူ့ထံ၌ထားခဲ့သောတာအိုကို အသုံးပြုကာ ရှာဖွေခြင်း ပြုလိုက်၏။ ခဏအကြာတွင် သူသည် ဦးတည်ရာတစ်ခုထံသို့ ပျံသန်းသွားတော့သည်။
ရှန်ကုန်းဟူသည်လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ မြန်ဆန်စွာ ပျံသန်းနေသည်။ ကောင်းကင်ဘုံဂိတ်ပေါက်က ဖျက်ဆီးခံလိုက်ရပြီး ဖြစ်သော်လည်း သူက သည်နေရာကနေ ထွက်ခွာသွားနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုကို သိထားပေသည်။
သည်နေရာတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော် ချခင်းထားသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိပေ၏။ ထို့အတွက်ကြောင့်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များသည် ကောင်းကင်ဘုံဂိတ်ပေါက်ကနေ မဟုတ်ဘဲ သည်နေရာသို့ ဝင်ရောက်လာနိုင်ကြခြင်း ဖြစ်သည်။
သို့ရာတွင် သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပိုင်ဆိုင်ထားကာ လူအများ ထွက်ခွာနိုင်သော်လည်း အကန့်အသတ်များ ရှိပေသည်။ပထမဆုံးအနေဖြင့် ထိုအစီအရင်သည် လူတော်တော်များများကို သယ်ဆောင်နိုင်ခြင်း မရှိပေ။ဒုတိယအနေဖြင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များကသာ အသုံးပြုနိုင်၏။ အခြားလူများ ဝင်ရောက်ခွင့် မရှိပေ။ ဝင်ရောက်သည့်သူ မှန်သမျှ ချက်ချင်း သတ်ပစ်ခြင်း ခံရနိုင်ပေသည်။
ထိုအရာက မိုးကြိုးကောင်းကင်ဘုံကျောင်းတောက် ချမှတ်ထားသည့် စည်းမျဉ်းဖြစ်သည်။လူတစ်ယောက်သည် မတော်တဆ ဝင်ရောက်ခဲ့လျှင်ပင် အသတ်ခံရပေလိမ့်မည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ခွန်အားသည် လျစ်လျူရှုလို့ မရနိုင်ချေ။
ခုချိန်၌ သူနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် ပတ်သက်မှုတွင် ကတောက်ကဆတ် ဖြစ်နေခဲ့၏။ထို့ကြောင့် သူက သည်နေရာကို အစောပိုင်းက မလာရောက်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဘုံဂိတ်ပေါက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကောင်းကင်ဘုံဂိတ်ပေါက်က ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သလို ကောင်းကင်ဘုံနယ်မြေသည်လည်း နေရာအနှံ့တွင် ပျက်စီးလို့နေလေ၏။ ထို့အတွက်ကြောင့် ရှန်ကုန်းဟူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သွားရောက်ရန်သာ ရှိတော့၏။သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။
“ငါ့အရှင်သခင်က ဘယ်နေရာကို ရောက်နေလဲ သိချင်မိတယ်…” ရှန်ကုန်းဟူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။သူက သူ့အရှင်သည် ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု ယုံကြည်နေ၏။
***