Switch Mode

အပိုင်း(၈၄၆):

သဘောတူညီမှု

စိတ်ရှုပ်ထွေးနေရင်း သွေးနီရောင်အလင်းတစ်ခုသည် လူငယ်၏မျက်လုံးထဲကနေ ပေါက်ကွဲထွက်လာသည်။ထိုအလင်းက ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ထို့နောက် သူက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ခြေမွှပစ်ကာ မျိုချလိုက်သည်။ သူက အရှင်မီးတောက်ကို ကြမ်းကြုတ်သည့်အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

အရှင်မီးတောက်က တစ်ခုခုမှားနေသည်ကို သိလိုက်၏။ သူက ညာလက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ အစိတ်အပိုင်းမြေ(၄၉)သည် သူ့ရှေ့တွင် ချက်ချင်း ပေါ်လာ၏။ သည်အခိုက်အတန့် ချင်းရွှေသည် အလွန်ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်လေသည်။

ထိုအခါ ချင်းရွှေ၏ရှေ့၌ အက်ကွဲကြောင်းမြောက်မြားစွာ ပေါ်ထွက်လာခဲ့၏။ ထိုအက်ကွဲကြောင်းများသည် တစ်စစီ ဆုတ်ပြဲသွားကာ အရှင်မီးတောက်ထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ဆုတ်ပြဲနေသည့် လေဟာနယ်ထဲကနေ အေးစက်စက်လေများ အတောမသတ်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။၎င်းလေများက မုန်တိုင်းတစ်ခုအသွင်ပြောင်း၍ အရှင်မီးတောက်ထံသို့ တရကြမ်းတိုးဝင်သွားသည်။

အရှင်မီးတောက်၏အသွင်ဟန်ပန်က သုန်မှုန်လာလေ၏။သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် အစိတ်အပိုင်းမြေ(၄၉)သည် ချက်ချင်းပင် လှည့်ပတ်ကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ပြင်းထန်သောစုပ်အားက ထိုဝဲကတော့ကနေ ထွက်ပေါ်လာကာ လေမုန်တိုင်းကော၊အက်ကွဲကြောင်းများကိုပါ စုပ်ယူသွားသည်။

အရှင်မီးတောက်က အော်ပြောလိုက်၏။ “ချင်းရွှေ…ဒီအဘိုးအိုက မင်း အတိတ်ကို ပြန်မှတ်မိဖို့ ကူညီတဲ့အနေနဲ့ ဒီကျောက်စိမ်းပြားကို ပေးလိုက်တာ။ ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး…”

ဝမ်လင်းက အလွန်ဝေးသောနေရာတွင် ရှိနေ၏။ သို့သော် သူက နောက်သို့ ဆက်၍ ဆုတ်နေဆဲ ဖြစ်သည်။သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ အတားအဆီးများကို နေရာချနေ၏။ သူက လွတ်မြောက်နိုင်ရုံမျှသာ ရှိနေသေး၏။သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်နေရင်း သူ့မျက်နှာသည် အလွန်ဖြူရော်ကာနေသည်။

“ငါ မင်းကို သတ်မယ်…” ချင်းရွှေက ကြမ်းကြုတ်သည့်အသွင်နှင့် ရှိနေ၏။သူက အလွန်မြန်ဆန်လှကာ သူ့လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ကို ချိုးဖျက်လေသည်။ သူက အရှင်မီးတောက်၏ နောက်တွင် ပေါ်လာခဲ့လေ၏။သူ့မျက်လုံးက နီရဲတွတ်နေကာ သူသည် အရှင်မီးတောက်အား ကြမ်းကြုတ်စွာ ကုတ်ဆွဲချလိုက်၏။

အရှင်မီးတောက်၏ အစိတ်အပိုင်းမြေ(၄၉)သည် ရုတ်တရက် သူ့အနောက်၌ ပေါ်လာခဲ့ကာ ချင်းရွှေ၏လက်နှင့် ထိပ်တိုက်တွေ့ဆုံတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွား၏။ ချင်းရွှေက မည်မျှပင် သန်မာပါစေ သူက နောက်သို့ ပေတစ်ထောင်လောက် ဆုတ်သွားလိုက်ရသည်။သူ့မျက်လုံးက ပို၍ နီရဲလာခဲ့ကာ သူက ထူးဆန်းသောအခြေအနေ တစ်ခုထဲသို့ ဝင်ရောက်သွား၏။ထို့နောက် သူက မာန်သွင်းကာ ထိုးထွက်လာပြန်သည်။

အရှင်မီးတောက်က မျက်မှောင်ကြုတ်သွား၏။သူက သည်မကောင်းဆိုးဝါးဆန်သောလူငယ်သည် ကောင်းကင်ဘုံကျောက်စိမ်းပြားကို ရရှိပြီးသည့်နောက် ခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထားခြင်း မရှိ ဖြစ်၏။ သူက အခြားတစ်ဖက်ကလူသည် သည်လိုအခြေအနေသို့ ရောက်ရှိသွားသည်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ၌ မသက်မသာ ဖြစ်သွားရသည်။

“ဖြစ်နိုင်တာက သူက ခုချိန်မှာ အတိတ်တုန်းကလို စိတ်ဖောက်ပြန်သွားပြီး နတ်ဆိုးဆန်တဲ့အတွေးတွေပဲ ရှိနေတော့တာလား….” အရှင်မီးတောက်က စိတ်ထဲ၌ ဒေါသထွက်နေ၏။ ချင်းရွှေက ထပ်မံ တိုးဝင်လာသည့်အခါတွင် အရှင်မီးတောက်သည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ အစိတ်အပိုင်းမြေ(၄၉)ခုသည် ရုတ်တရက် ပြန့်ကျဲသွားကာ ရွှေရောင်တောက်ပမှုအလင်းကို ထုတ်လွှတ်လာသည်။

ရွှေရောင်အလင်းများသည် ထွေးယှက်လိမ်ကာ အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။

“ကောင်းကင်ဘုံအစီအရင်…ဥပဒေသလွဲပြောင်းခြင်း…” အရှင်မီးတောက်က အော်ပြောလိုက်ရာ ထိုရွှေရောင်အစီအရင်သည် အစိတ်အပိုင်း(၄၉)ထဲသို့ ဝင်ရောက်ကာ လေထဲသို့ ထိုးတက်သွားသည်။၎င်းက ချက်ချင်းပင် တိုးဝင်လာနေသော ချင်းရွှေအား လွှမ်းခြုံသွားသည်။

ချင်းရွှေက မာန်သွင်းဟစ်ကြွေးနေ၏။ သူ့ခန္ဓာကိုယ်ကလည်း ထိုနေရာ၌ ပိတ်လှောင်ခြင်း ခံလိုက်ရသလို ဖြစ်သွားသည်။သည်အခိုက်အတန့်၌ အရှင်မီးတောက်သည် အော်ပြောလာသည်။ “ကောင်းကင်ဘုံသတ်ဖြတ်ခြင်းဆူး…”

ချက်ခြင်းလိုလိုပင် ရွှေရောင်အစီအရင်သည် စတင်လှည့်ပတ်ကာ ရွှေရောင်ဆူများ ပေါ်လာပြီး ချင်းရွှေကို ထိုးစိုက်လာ၏။ သည်ရွှေရောင်ဆူးများထဲပ အဖျက်အဆီးအော်ရာတစ်ခု ပါဝင်နေသည်။ဝမ်လင်းသည် အလွန်ဝေးသောနေရာတွင် ရှိနေသော်လည်း ၎င်းအော်ရာကို ခံစားမိနေ၏။

မရေမတွက်နိုင်သော ရွှေရောင်ဆူးများသည် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်လာသည့်အခါ ချင်းရွှေ၏မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုသည် ပိုပြင်းထန်လာတော့၏။

“ငါက အတိတ်ကို မေ့နေခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ပြန်မှတ်မိအောင် လာလုပ်တယ်..”

ချင်းရွှေ၏ နီရဲနေသည့် မျက်လုံးထဲ၌ ဝမ်းနည်းမှုအရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။သည်ဝမ်းနည်းမှုက အလွန်ပြင်းထန်လှပေ၏။

“လေဆင့်ခေါ်ခြင်း…” ချင်းရွှေသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။

ဝမ်လင်း၏မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားကာ သူက ချင်းရွှေ၏ ပတ်လည်တွင် အနက်ရောင်တစ်ခု ထွေးပတ်လာသည်ကို တွေ့မြင်လိုက်ရသည်။၎င်းလေက ရုတ်တရက် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်း၍ အထက်သို့ ဆန်တက်၏။

ရွှေရောင်အစီအရင်သည် ရုတ်တရက် ပျက်စီးသွားကာ အနက်ရောင်လေသည် အနက်ရောင်နဂါးရှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။၎င်းတို့၏ခန္ဓာကိုယ်သည်လည်း ဟင်းလင်းပြင်ထဲ၌ ပေါင်းစပ်နစ်မြုပ်နေကာ ခေါင်းများသာ ပေါ်ထွက်နေသည်။နဂါးရှစ်ကောင်သည် ၎င်းတို့၏ပါးစပ်ကိုဟကာ အေးစက်စက်လေများကို အရှင်မီးတောက်ထံသို့ မှုတ်ထုတ်လိုက်လေသည်။

လေအေးများက ရှေ့သို့ ပေါက်ကွဲထွက်သွားချိန်၌ ကမ္ဘာလောကသည်ပင် ဆက်လက်မတည်ရှိတော့ဘဲ အကုန်ပျက်စီးကုန်ပလား မှတ်ထင်ရသည်။

အရှင်မီးတောက်၏အသွင်သည် ပို၍ သုန်မှုန်လာခဲ့ကာ သူက နောက်သို့ အမြန်ဆုတ်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံအစီအရင်…မူလစုဝေးခြင်း…” အစိတ်အပိုင်းမြေ(၄၉)ကနေ မူလစွမ်းအင်မြောက်မြားစွာသည် အလင်းတန်း(၄၉)ခုအသွင် ဖြစ်ပေါ်၍ တိုးဝင်လာနေသောလေအေးများထံသို့ ထိုးထွက်သွားလှသည်။

မရေမတွက်နိုင်သောပေါက်ကွဲသံများသည် လောက၌ ပဲ့တင်ထပ်သည်။ဝမ်လင်းက နောက်သို့ ဆက်ဆုတ်နေ၏။သို့သော် သူ့ဒွါရပေါက်များထံမှ သွေးများ ယိုစီးကျနေ၏။ပေါက်ကွဲမှုတိုင်းသည် သူ့စိတ်ကို တုန်ယင်စေသည်။သူ့မျက်လုံးများကလည်း အဝေးရှိတိုက်ပွဲကို ကြည့်နေမိသည်။

“လေဆင့်ခေါ်ခြင်း…ဒါက လေဆင့်ခေါ်ခြင်းမန္တန်ရဲ့စွမ်းအားပဲ…”

ပေါက်ကွဲမှုလေးဆယ့်ကိုးခု ဖြစ်ပွားသွားပြီးနောက် အရှင်မီးတောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။သူ့အသွင်က အနည်းငယ် ဖြူရော်နေသည်။သည်အစီအရင်ကို အသုံးပြုရခြင်းက သူ့အပေါ်တွင် များစွာဝန်ပိစေလေ၏။ ပုံမှန်အားဖြင့် ချင်းရွှေလိုတစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့က ခုလောက်ထိ မခက်ခဲသင့်ပေ။သို့သော် သူ့အတွက် အခက်တွေ့ဆုံးက ချင်းရွှေ၏မန္တန်များသည် အားကောင်းလွန်းနေခြင်း ဖြစ်တော့သည်။

“ဒါက တကယ့်ကို သာမန်ကောင်းကင်ဘုံမန္တန် မဟုတ်ဘူးပဲ…” အရှင်မီးတောက်က ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်သည့်အချိန်၌ သူသည် ဝမ်လင်း ထိုမန္တန်ကို အသုံးပြုခဲ့ခြင်းအား တွေ့မြင်ခဲ့ခြင်း မရှိပေ…”

“ပြောကြတာကတော့ ကောင်းကင်ဘုံနယ်မြေ ပြိုကျခဲ့တုန်းက ကောင်းကင်ဘုံအင်ပါယာပေဖန်က အသေဆိုးနဲ့သေခဲ့ရတယ်လို့ ဆိုတယ်။ ပေဖန်ရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းက သူ့အတွက် အကြောင်းပြချက်ရှာပြီး လက်စားမချေပေးချင်ဘူးလား…” အရှင်မီးတောက်သည် မျက်မှောင်ကြုတ်နေ၏။ သူက ရွေးချယ်ခွင့်ရှိပါက ကောင်းကင်ဘုံ အရှင်သခင်ချင်းရွှေနှင့် မတိုက်ခိုက်လိုပေ။သည်အရာက သူ့မူလအစီအစဉ်အပေါ်၌ အကြီးအကျယ် အနှောင့်အယှက် ဖြစ်သွားနိုင်ပေသည်။

ချင်းရွှေ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နှက်နေသည်။သူက ရှေ့သို့ ထိုးတက်လာ၏။ တစ်ပြိုင်နက်တည်းမှာပင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ရင်ဘတ်ကို ထိလိုက်သည်။သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ သူ့ချိပ်တံဆိပ်သည် ချက်ချင်း ထိုးထွက်သွားသည်။ သူက အော်ပြောလိုက်လေ၏။ “မိုးဆင့်ခေါ်ခြင်း…”

ချက်ချင်းပင် သည်ဧရိယာ၏ ပေငါးထောင်အတွင်း မိုးစက်များ ပေါ်ထွက်လာ၏။ ထိုမိုးစက်များသည် သွေးကဲ့သို့ နီသည်။

အနီရောင်အလင်းက ပေတစ်သောင်းလောက်ကို ဖုံးလွှမ်းသွားပြီးနောက် ချင်းရွင်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်ရင်း ပြောလိုက်သည်။ “မိုးဆင့်ခေါ်ခြင်း…ရေခဲချိပ်စည်း…”

ထိုအရာ ရေစက်များအားလုံးသည် ရေခဲသလင်းကျောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုရေခဲက မြန်ဆန်စွာ ချဲ့ထွက်လာကာ ချက်ချင်းလိုလို တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။ထိုရေခဲများသည် အရူးအမူး ပျံ့နှံ့ကာ အရှင်မီးတောက်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။

“ကောင်းကင်ဘုံအရှင်သခင်ရဲ့ တုန်လှုပ်ဖွယ်ပြောင်းလဲမှုက သူ့ရဲ့ စိတ်အမှန်ကို ဆုံးရှုံးစေပြီး မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံသားတွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒါကို ကောင်းကင်ဘုံအရှင်ရဲ့ နှလုံးသားထဲမှာ ဘာကြောင့်ဖြစ်ခဲ့လဲ သံသယ မရှိဘူးလား…”

အရှင်မီးတောက်က အော်ပြောလိုက်ရင်း အစိတ်အပိုင်းမြေ(၄၉)သည် သူ့အားဝန်းရံကာ ဧရာမဝဲကတော့ကြီးတစ်ခုကို ဖန်တီး၏။ အစိတ်အပိုင်းမြေများသည် ချက်ချင်းလိုလို ကြီးထွားလာကြ၏။

“ငါ သိရှိခဲ့တာက သင်ဟာ အဲ့လိုမျိုး သတ်ဖြတ်သူတစ်ယောက်လို ပြောင်းလဲသွားတဲ့အချိန်မှာပဲ တခြားကောင်းကင်ဘုံနယ်မြေသုံးခုမှာလည်း ဒီလိုမျိုး ကံကြမ္မာကို ခံစားရခဲ့တဲ့ လူတွေ ရှိခဲ့တယ်။ ဖြစ်နိုင်တာက ငါတို့ဟာ မိုးကောင်းကင်ဘုံနယ်မြေရဲ့ အောက်မှာ ရှိတဲ့ မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့မှာ သင့်စိတ်ဓာတ်ဘာကြောင့်ပြောင်းလဲသွားခဲ့တာလည်း ဆိုတဲ့ အဖြေရှိနိုင်တယ်။ ငါက အဲ့နေရာမှာ အဖြေမတွေ့ခဲ့ရင်တောင် လေနဲ့မိုးကြိုးကောင်းကင်ဘုံနယ်မြေတွေမှာ အကြောင်းပြချက်ရှာဖို့အတွက် သင့်ကို ခေါ်သွားပြီး အကောင်းဆုံး ကူညီပေးနိုင်တယ်…”

အရှင်မီးတောက်၏ ပတ်လည်တွင် အစိတ်အပိုင်းမြေ(၄၉)သည် အရူးအမူး လှည့်လည်ကာ ကြီးမားသည့်ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်စေနေ၏။ ထိုဝဲကတော့သည် ပျံ့နှံ့ကာ အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသည့် ရေခဲများကို စတင်ခုခံလေသည်။

အရှင်မီးတောက်က ဒေါသထွက်လာခဲ့၏။ သူက လှမ်းအော်လိုက်သည်။ “ငါက သင့်ကို ကြောက်နေတာ မဟုတ်ဘူး။ သင်နဲ့ မတိုက်ခိုက်ချင်ရုံပဲ။ သင်က ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်တဲ့အကြောင်းကလည်း ငါ့ကိုလျှို့ဝှက်ပြီး ကူညီပေးခဲ့တာကြောင့် ဖြစ်တယ်…။မဟုတ်ရင် သင်က ဘယ်လိုလုပ်အောင်မြင်နိုင်ပါ့မလဲ။ ချင်းရွှေ ငါ့ကို တိုက်ခိုက်ဖို့ အတင်းဖိအား မပေးနဲ့…”

ချင်းရွှေသည် သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ဖိနှိပ်ကာ အရှင်မီးတောက်ကို ကြည့်၍ ပြောလိုက်၏။ “ငါက မင်းကို ငါ့ဂျိနယ်ပယ် လက်ဆောင်အဖြစ် ပေးဖို့ အကြောင်းပြချက်ပေး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset