Switch Mode

အပိုင်း(၈၄၅)

:ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေ…

အစိတ်အပိုင်းမြေ(၄၉)ခု၏ လှည့်လည်မှုကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့ကြီးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ပြိုလဲစေနေသည်။ထိုဝဲကတော့ကြီးထံမှ စုပ်အားသည် နေရာအနှံ့တွင် ပျံ့နှံ့နေသည်။

ထိုမြောက်မြားစွာသော ပျက်စီးမှုက ဆက်တိုက် ဖြစ်လာကာ ပို၍လည်း ပြင်းထန်လာသည်။ကောင်းကင်ထက်၌လည်း အက်ကွဲကြောင်းများ မကြာမကြာ ပို၍ ပေါ်လာနေသည်။ထိုအဖြစ်က ဓားတစ်လက်ဖြင့် ကောင်းကင်ကို ခုတ်ပိုင်း၍ အက်ကွဲရာများ ဖြစ်နေစေသလိုမျိုးပင်။လူတစ်ယောက်က အလွန်နီးကပ်သွားပါက သူတို့သည် ထိုအက်ကွဲကြောင်းများထဲသို့ စုပ်ယူဝါးမျိုခြင်း ခံရပေလိမ့်မည်။

သည်အခိုက်အတန့်၌ အရှင်မီးတောက်၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေသည်။သူက လေထဲတွင် လွင့်မျောနေရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ထိုအခါ သူ့အောက်ရှိ အစိတ်အပိုင်းမြေသည် တဖြည်းဖြည်းချင်း လှည့်လည်လာ၏။

“ဒီအဘိုးအိုရဲ့ မိုးကြိုးကောင်းကင်ဘုံအစီအရင်က ဒီနေ့မှာ ပြည့်စုံသွားလိမ့်မယ်…” အရှင်မီးတောက်က ရယ်မောနေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မူလစွမ်းအင်များသည် သူ့အောက်ရှိ အစိတ်အပိုင်းမြေထံကနေ မြင့်တက်လာခဲ့သည်။

ဝမ်လင်း၏စိတ်က ပြင်းထန်စွာ တုန်ယင်နေ၏။သူ့အသွင်က အကွာအဝေးတစ်ခုရှိ အရှန်မီးတောက်ခေါ် ထူးဆန်းသောအဘိုးအိုကို စူးစိုက်ကြည့်နေရင်း သုန်မှုန်နေတော့သည်။

မကောင်းဆိုးဝါးဆန်သောလူငယ်၏ မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက ပြောလာ၏။ “ကောင်းကင်ဘုံနယ်မြေတစ်ခုကို လက်နက်ရတနာတစ်ခုအဖြစ် သန့်စင်တာက တော်တော်စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့လည်း မင်းက ဒါတွေအားလုံးကို လုပ်ခဲ့တယ် ဆိုရင်တောင် ရတနာရဲ့စိတ်ဝိညာဉ်မရှိရင် ဒီနေရာမှာ ဘာအသုံးဝင်တော့မှာလဲ…”

ကောင်းကင်ထက်၌ အရှင်မီးတောက်သည် ရယ်မောကာ ပြောလာ၏။ “ရတနာစိတ်ဝိညာဉ် မရှိဘူးလို့ ဘယ်သူပြောလဲ…ရတနာစိတ်ဝိညာဉ်…ထွက်ပေါ်လာစမ်း…” သူက ထိုသို့ပြောလိုက်ရင်း မီးခိုးရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။

ထိုမီးခိုးရောင်အလင်းတန်းထဲ၌ လက်ဝါးအရွယ် ရှေးဟောင်းကြေးမုံတစ်ချပ် ရှိနေသည်။၎င်းက ချက်ချင်းပင် အဆများစွာ ကြီးလာပြီး လူတစ်ယောက်အရွယ်ရှိ ဘဲဥပုံကြေးမုံတစ်ချပ် ဖြစ်လာခဲ့သည်။

ထိုကြေးမုံ၏ မျက်နှာပြင်သည် တွန့်လိမ်သွားကာ မူလစိတ်ဝိညာဉ်တစ်ခုသည် ပျံသန်းထွက်လာခဲ့သည်။ထိုမူလစိတ်ဝိညာဉ် ပေါ်လာသည်နှင့် သိပ်သည်းသောမူလစွမ်းအင်က လွင့်ပျံ့လာသည်။

“ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူရဲ့ မူလစိတ်ဝိညာဉ်…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။

မကောင်းဆိုးဝါးဆန်သော လူငယ်သည် ထိုမူလစိတ်ဝိညာဉ်ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဆင့်လေး အထက်ကောင်းကင်ဘုံသား…” သူက လှုပ်ရှားရန် အလျင်မလိုဘဲ အရှင်မီးတောက်လို့ခေါ်သောလူ၏ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို သန့်စင်နေခြင်းအား ကြည့်မြင်ချင်နေပေသည်။

ထို့အပြင် သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ထက်ရှိ ထိုအရှင်မီးတောက်သည် သူ၏မူလခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။

ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်၏ မျက်လုံးသည် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။၎င်းက ပေါ်ထွက်လာပြီးပြီးချင်း အရှင်မီးတောက်က အော်ပြောလိုက်၏။ “(၄၉)ခုမြောက်စိတ်ဝိညာဉ်…သွား…”

သူက ထိုသို့ ပြောလိုက်သည့်နောက် မူလစိတ်ဝိညာဉ်သည် အရှင်မီးတောက်ကို လက်နှစ်ဖက်ယှက် လေးစားဟန်ပြသကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ဝမ်လင်း မသိသော နည်းလမ်းအချို့ကို အသုံးပြုက ထိုမူလစိတ်ဝိညာဉ်သည် (၄၉)ခုမြောက် အစိတ်အပိုင်းမြေထံသို့ ရောက်ရှိသွားပြီး ၎င်းမြေနှင့် ပေါင်းစပ်သွားလေသည်။

(၄၉)ခုမြောက် အစိတ်အပိုင်းမြေသည် ရုတ်တရက် အသက်ဝင်လာသလား ထင်မှတ်ရကာ စိတ်ဝိညာဉ်တစ်ခု ရှိလာခဲ့တော့၏။

ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။ ဝမ်လင်း၏မျက်လုံးရှေ့၌ ထိုရှေးဟောင်းကြေးမုံထဲကနေ လှိုင်းတွန့်များ ပေါ်လာကာ စိတ်ဝိညာဉ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြ၏။ အရှင်မီးတောက်က အော်ပြောလိုက်တိုင်း ၎င်းမူလစိတ်ဝိညာဉ်များသည် အမျိုးမျိုးသော အစိတ်အပိုင်းမြေများအတွင်း၌ ပျောက်ကွယ်သွားကြလေ၏။

သိပ်မကြာခင်တွင် လှည့်လည်နေသော အစိတ်အပိုင်းမြေ(၄၉)ခုမှ (၂၈)ခုသည် ရတနာစိတ်ဝိညာဉ်တစ်ခုစီ ရှိသွားကြလေသည်။

“ရတနာစိတ်ဝိညာဉ် ထပ်ထွက်လာစမ်း…” အရှင်မီးတောက်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ ကြေးမုံမျက်နှာပြင်က တုန်ခါ၍ နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာပြန်သည်။ထိုမူလစိတ်ဝိညာဉ်ထံမှ ထွက်ပေါ်နေသည့် မူလစွမ်းအင်များသည် အရင်(၂၈)ယောက်ထက် သိသာစွာ အားကောင်းလွန်းနေ၏။ဝမ်လင်းသည် ၎င်းမူလစိတ်ဝိညာဉ်မှာ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်မှန်း သိရှိလိုက်၏။

မကောင်းဆိုးဝါးလူငယ်၏အသွင်က တည်ငြိမ်နေဆဲဖြစ်ကာ သူက ပြောလိုက်သည်။ “အဆင့်ကိုးအထက်ကောင်းကင်ဘုံသား…။မဆိုးပါဘူး…”

ထိုယန်ကျင့်ကြံသူ၏ နောက်တွင် နောက်ထပ်မူလစိတ်ဝိညာဉ် (၁၃)ခုက ပျံသန်းထွက်လာပြီးနောက် အစိတ်အပိုင်းမြေများကြားတွင် ပျောက်ကွယ်သွားတော့သည်။သည့်နောက် စုစုပေါင်းအစိတ်အပိုင်းမြေ(၄၉)ခုတွင် (၄၂)ခုက ရုတ်တရက် ပြောင်းလဲသွားကြ၏။ယင်းပြောင်းလဲသွားသော အစိတ်အပိုင်းမြေများသည် စိတ်ဝိညာဉ်တစ်ခုစီ ရှိလာကြတော့၏။ ထိုအခါ အစီအရင်၏စွမ်းအားက အဆုံးမရှိ မြင့်တက်လာနေတော့သည်။

“နောက်တစ်ခု…” အရှင်မီးတောက်က အားပါးတရ ရယ်မောနေ၏။သူက သည်လိုနေ့အတွက် နှစ်သောင်းနှင့်ချီ၍ ပြင်ဆင်ထားခဲ့ခြင်း မဟုတ်လား။

ရှေးကြေးမုံက နောက်ထပ် တုန်ခါသွားကာ မူလစိတ်ဝိညာဉ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။ သည်မူလစိတ်ဝိညာဉ်သည် အလွန်အိုမင်းကာ လွင့်ပြယ်ပျောက်ကွယ်တော့မလား ထင်မှတ်ရသည်။သို့သော် သူ ပေါ်လာသည်နှင့် အရင်မူလစိတ်ဝိညာဉ်လေးဆယ့်နှစ်ခုထက် များစွာပိုသိပ်သည်းသော မူလစွမ်းအင်များ ပျံ့နှံ့လို့လာသည်။

“ဒါက…” ဝမ်လင်း၏မျက်လုံးက ရုတ်တရက် ကျုံ့သွားသည်။မူလစွမ်းအင်သည် အလွန်အားကောင်း ကြောက်မက်ဖွယ်ကောင်းနေ၏။

“ဒါက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်ပဲ ဖြစ်ရမယ်…”

လူငယ်၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက နှုတ်ခမ်းသပ်၍ ဖြည်းဖြည်းချင်း ပြောလာသည်။ “ကောင်းကင်အဆင့်(၃) ကောင်းကင်ဘုံသား…”

ထိုမူလစိတ်ဝိညာဉ် လာသည့်နောက် သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ့မျက်လုံးများက မှုန်ဝါးနေကာ အတိတ်ကို စဉ်းစားနေသည့်ပုံပေါ်သည်။ သို့ရာတွင် အရှင်မီးတောက်၏ အော်သံကြောင့် ထိုမူလစိတ်ဝိညာည်၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ အစိတ်အပိုင်းမြေတစ်ခုနှင့် ပေါင်းစပ် ပျောက်ကွယ်သွားတော့သည်။

ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။ သည့်နောက် ကြေးမုံကို လက်ဖြင့် ဆွဲဖြဲဆုတ်လိုက်သည့်အလား ထင်မှတ်လိုက်ရပြီးနောက် မူလစိတ်ဝိညာဉ်တစ်ခုသည် ကြေးမုံထဲကနေ လှမ်းလျှောက်ထွက်လာပြန်သည်။

ထိုအရာက သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ မူလစိတ်ဝိညာဉ်ပင်။သူက ပေါ်လာသည်နှင့် မွန်းစတားဆန်သော မကောင်းဆိုးဝါးအော်ရာကို ထုတ်လွှတ်ကာ အနီရောင်မုန်တိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်းက အလိုလို နောက်ဆုတ်လိုက်မိ၏။သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုနှင့် ပြည့်နေသည်။ သူက သည်မူလစိတ်ဝိညာဉ်သည် သွေးဘိုးဘေးထက် အနည်းငယ် အားနည်းမည်ဟုတော့ ခံစားမိလေ၏။

“ကောင်းကင်အဆင့်ကိုး ကောင်းကင်ဘုံသား…” မကောင်းဆိုးဝါးလူငယ်၏ မျက်လုံးထဲ လောဘနှင့် ပြည့်လာသည်။ သို့သော် သူက အလျင်စလို လုယူခြင်း မပြုပေ။

အရှင်မီးတောက်က ထိုလူ့ကို ကြည့်၍ ပြောလိုက်၏။ “ဒါက ဒီအဘိုးအိုနဲ့ ကံစပ်ခဲ့တဲ့ လေးယောက်မြောက်လူပဲ။ ကံမကောင်းစွာနဲ့…ခြောက်ခုမြောက်စိတ်ဝိညာဉ် သွားတော့…”

သက်လတ်ပိုင်းလူကြီးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဆတ်ခနဲ ခေါင်းလှည့်ကာ အရှင်မီးတောက်ကို ကြည့်လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက အစိတ်အပိုင်းမြေတစ်ခုနှင့် ပေါင်းစပ်လိုက်တော့သည်။

ထိုအခါ ခြောက်ခုမြောက်အစိတ်အပိုင်းမြေထံကနေ ပြင်းထန်သောမကောင်းဆိုးဝါးအော်ရာတစ်ခုက ပေါက်ကွဲထွက်လာကာ အစီအရင်တစ်ခုလုံးအနှံ့သို့ ပျံ့လွင့်သွားသည်။ ထိုအခါ အစီအရင်၏စွမ်းအားသည် ပို၍ တိုးတက်လာပြန်၏။

သည့်နောက် ကြေးမုံထဲကနေ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်ကာ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်သွားပြီးနောက် နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

သည်မူလစိတ်ဝိညာဉ်က အဘိုးအိုတစ်ယောက်ပင်။ သူ ပေါ်လာသည်နှင့် ကောင်းကင်သည် ရုတ်တရက် အရောင်ပြောင်းလဲသွားသည်။

သူ့ထံမှ မည်သည့်မူလစွမ်းအင်မှ ထွက်ပေါ်နေခြင်း မရှိပေ။သို့သော် ထိုအဘိုးအို၏ပုံပန်းအသွင်ကပင် ဝမ်လင်းကို နောက်ဆုတ်သွားစေ၏။ သည်အဘိုးအိုထံမှ ဖိအားသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။

“အဆင့်နှစ် ကောင်းကင်ဘုံဘုရင်…” မကောင်းဆိုးဝါးဆန်သောလူငယ်၏ မျက်လုံးက တလက်လက် ဖြစ်လာသည်။

ထိုအဘိုးအို၏ မူလစိတ်ဝိညာဉ်သည် စိတ်ရှုပ်ထွေးနေသည့်ပုံ မရှိပေ။ သူက လုံးဝ မိန်းမောနေသည့်အသွင် ရှိ၏။ နောက်ဆုံးတွင် သူ့အကြည့်က အရှင်မီးတောက်ပေါ်သို့ ကျရောက်လာကာ သူက ခေါင်းဆတ်ခနဲ ညိတ်လိုက်၏။ သည့်နောက် ရှေးဟောင်းအသံတစ်ခုသည် ပဲ့တင်ထပ်သွားသည်။ “သင့်ကတိကို အမှတ်ရပါ…”

ထိုသို့ ပြောပြီးသည့်နောက် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် အစိတ်အပိုင်းမြေတစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ထို့နောက် ငါးခုမြောက်အစိတ်အပိုင်းမြေကနေ အားကောင်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

သည့်နောက် ကြေးမုံသည် ပို၍ အက်ကွဲလာခဲ့ကာ နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာ၏။ထိုမူလစိတ်ဝိညာဉ်သည် လုံးဝနီရဲနေကာ သူ့ထံကနေ နက်ရှိုင်းသောအမုန်းတရားတစ်ခု ပေါက်ကွဲထွက်နေသည်။

“သွေးဘိုးဘေး…” ဝမ်လင်းအသွင်က အကြီးအကျယ်ပြောင်းလဲသွားသည်။သူက ချက်ခြင်းပင် နောက်သို့ အတင်းဆုတ်လိုက်သည်။ သို့ရာတွင် ခဏကြာပြီးနောက် သူက ပြန်လည်သတိပြုမိသွား၏။ သည်မူလစိတ်ဝိညာဉ်က သွေးဘိုးဘေး ပိုင်ဆိုင်ခဲ့သော်လည်း သူ့မျက်လုံးများက ဗလာကင်းမဲ့နေသည်ဟု ထင်ရ၏။

သိပ်မကြာခင်တွင် သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် အစိတ်အပိုင်းမြေတစ်ခုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။ သို့သော် သူက မပျောက်ကွယ်ခင်အချိန်လေးတွင် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်သွားသေးသည်။

လေးခုမြောက်စိတ်ဝိညာဉ်က သူ့နေရာသူ ဝင်ရောက် သွားခဲ့သည်။

“အဆင့်ခြောက် ကောင်းကင်ဘုံဘုရင်…” မကောင်းဆိုးဝါးလူငယ်၏ မျက်လုံးက တလက်လက် ဖြစ်လို့နေတော့သည်။ သူက မနှစ်မြိုဖွယ်အပြုံးကို ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ…။ငါက ဒီနေရာမှာ ကောင်းကင်ဘုံအရှင်သခင်တွေတောင် ရှိနေနိုင်လား မသိတော့ဘူး…”

လေထဲရှိ အရှင်မီးတောက်က ဂုဏ်ယူဝင့်ကြွားဟန်နှင့် ပြောလိုက်၏။ “ရှိတာပေါ့…”

ရှေးဟောင်းကြေးမုံပေါ်ရှိ အက်ကွဲရာများသည် ပိုကြီးမားလာ၏။ ကြည့်ရသည်မှာ ရှေးဟောင်းကြေးမုံက အချိန်မရွေး ပျက်စီးတော့မည်ဟု ထင်လာရသည်။

အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားကာ မူလစိတ်ဝိညာဉ်နှစ်ခုသည် တစ်ချိန်တည်းလိုလို ထွက်ပေါ်လာကြ၏။ ထိုအခါ အံ့မခန်းမူလစွမ်းအင်ပမာဏသည် ကမ္ဘာလောကထဲ၌ ပြည့်နှက်လာတော့၏။

ထိုမူလစိတ်ဝိညာဉ်နှစ်ခုက ပြည့်ပြည့်စုံစုံ ရှိမနေပေ။ သူတို့က အနည်းငယ် မှိန်ဖျော့ကာ သူတို့မျက်ခုံးနှစ်ခုကြား ချိပ်စည်းတစ်ခုစီ ရှိနေကြသည်။

ထိုမူလစိတ်ဝိညာဉ်နှစ်ခု ပေါ်လာသည်နှင့် မကောင်းဆိုးဝါးဆန်သောလူငယ်၏ အသွင်သည် ပြောင်းလဲသွားလေသည်။ သူက ထိုမူလစိတ်ဝိညာဉ်နှစ်ခုကို စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အဆင့်တစ် ကောင်းကင်ဘုံအရှင်သခင်…”

ဝမ်လင်းအသွင်က ဖြူရော်သွားကာ သူ့မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့သည်။သူက ထိုမူလစိတ်ဝိညာဉ်နှစ်ခု၏ စွမ်းအားသည် ရှေ့ဖြစ်ဟောသူလောက် သန်မာအားကောင်းနေသည်ကို ခံစားမိနေ၏။

အရှင်မီးတောက်၏ မျက်လုံးထဲ၌ သတိထားဟန်တို့ ထွက်ပေါ်လာကာ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ အော်ပြောလိုက်လေ၏။ “တတိယနဲ့ဒုတိယစိတ်ဝိညာဉ်တွေ…ကိုယ့်နေရာကိုယ်သွားကြ…”

မူလစိတ်ဝိညာဉ်နှစ်ခုသည် အရှင်မီးတောက်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူတို့၏ အသီးသီးအစိတ်အပိုင်းမြေများနှင့်ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေတော့သည်။

သူတို့ ပျောက်ကွယ်သွားသည့်အခိုက်တွင် ရှေးဟောင်းကြေးမုံသည် တုန်ယင်လာကာ အက်ကွဲသံများပင် ကြားလာရသည်။၎င်းက ရုတ်တရက် မရေမတွက်နိုင်သော အစိတ်အမြွှာများအဖြစ် ပျက်စီးသွားလေသည်။ထိုကြေးမုံ ပျက်စီးသွားသည့်အခါတွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ မူလစိတ်ဝိညာဉ်သည် လှမ်းထွက်လာခဲ့သည်။

ထိုသက်လတ်ပိုင်းလူကြီးက အလွန်သာမန်ဖြစ်သည်ဟု ထင်ရ၏။ သူ့ခန္ဓာကိုယ်ကနေ မည်သည့်မူလစွမ်းအင်တုန်ခါမှုမှ ထွက်ပေါ်မနေပေ။ သို့သော် သူထွက်ပေါ်လာသည်နှင့် ကမ္ဘာလောကကိုပါ ဆုတ်ဖြဲပစ်နိုင်လောက်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် သူ့ထံကနေ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကနှင့် ပေါင်းစည်းသွားကာ ကမ္ဘာလောက၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်လာသည်ဟု ထင်မှတ်ရ၏။ ဝမ်လင်းက သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက်သွင်းလိုက်ရ၏။ သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေသည်။သို့သော် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကတော့ ရှိလို့နေဆဲသာ။ သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့ ပြည့်နေပြီး သူ့မျက်နှာက ဖြူရော်နေတော့သည်။

“မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ခြောက် ကောင်းကင်ဘုံအရှင်သခင်…သတ်ဖြတ်သူကောင်းကင်ဘုံအရှင်ပဲ…” မကောင်းဆိုးဝါးဆန်သောလူငယ်၏ အသွင်က ပြောင်းလဲသွား၏။ သူက ထိုသက်လတ်ပိုင်းလူကြီးကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက အေးစက်လာခဲ့တော့သည်။

သက်လတ်ပိုင်းလူကြီးက အလွန်တည်ငြိမ်စွာ ရှိနေ၏။ သူက ပေါ်လာသည်နှင့် အရှင်မီးတောက်ကို ကြည့်လိုက်၏။

အရှင်မီးတောက်က သူ့အောက်ဘက်ရှိ အစိတ်အပိုင်းမြေကို လက်ညွှန်ပြပြီး ပြောလိုက်၏။ “ပထမစိတ်ဝိညာဉ် နေရာကိုသွားပါ…”

သက်လတ်ပိုင်းလူကြီးသည် တိတ်ဆိတ်စွာ စဉ်းစားပြီးသည့်နောက် သူက ထိုအစိတ်အပိုင်းမြေသို့ ရွေ့လျားသွားကာ ပျောက်ကွယ်သွားတော့သည်။ထိုအခါ ဗဟိုချက်ရှိ အစိတ်အပိုင်းမြေထံကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါက်ကွဲထွက်လာ၏။ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အစီအရင်ထဲရှိ အစိတ်အပိုင်းမြေအားလုံးကို လွှမ်းခြုံသွားသည်။

အရှင်မီးတောက်က စိတ်လှုပ်ရှားဟန်အပြည့်ဖြင့် ပြောလာ၏။ “ကောင်းကင်ဘုံအစီအရင်…စုစည်းစမ်း…” သူမူလက ပြင်ဆင်ထားသည့် မူလစိတ်ဝိညာဉ်(၄၉)ခုတွင် သွေးဘိုးဘေးက မပါဝင်ခဲ့ပေ။ သို့သော်လည်း သူက သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်တစ်ဝက်ကို ရရှိခဲ့ပြီးနောက် သူ့စိတ်ကို ပြောင်းလဲကာ အစားထိုးမှုတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

အရှင်မီးတောက်က ထိုသို့ ပြောလိုက်သည်နှင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် အကြီးအကျယ်ပြောင်းလဲသွားလေသည်။ အခုအခါ ရတနာစိတ်ဝိညာဉ်တစ်ခုစီ ပိုင်ဆိုင်ပြီးဖြစ်သော အစိတ်အပိုင်းမြေ(၄၉)တို့သည် ချက်ခြင်း ကျုံ့လာပြီးနောက် တစ်ခုစီသည် လက်ဝါးအရွယ်ခန့်သာ ရှိတော့ကာ အရှင်မီးတောက်၏ ပတ်လည်တွင် လှည့်ပတ်နေကြတော့သည်။

ထိုအစိတ်အပိုင်းမြေတစ်ခုချင်းထံမှ နတ်ဘုရားအာရုံတစ်ခုစီ ထွက်ပေါ်လာကာ ၎င်းတို့သည် အရှင်မီးတောက်၏ ခန္ဓာကိုယ်နားတွင် လွင့်မျောနေလေသည်။နတ်ဘုရားအာရုံ(၄၉)ခုသည် အရှင်မီးတောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ၌ အထည်ဒြပ်ပုံစံပင် ဖြစ်လာခဲ့သည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေကို သန့်စင်မွမ်းမံရန် အလို့ငှာ အရှင်မီးတောက်သည် သူ့မူလစိတ်ဝိညာဉ်ကို အစိတ်အပိုင်း(၄၉)ခုအထိ ခွဲ၍ အစိတ်အပိုင်းမြေ တစ်ခုချင်းစီတွင် ပေါင်းစပ်ထားခဲ့ပေသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သူက ထိုအစိတ်အပိုင်းမြေများကို အပြည့်အဝ ကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ပေမည်။ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်အခွဲများက အတူပြန်ပေါင်းစပ်လာသည့်အတွက်ကြောင့် သူ့မူလခန္ဓာကိုယ်သည် ထွက်ပေါ်လာခဲ့တော့၏။

ခုလက်ရှိတွင် လက်ဝါးအရွယ်ခန့်ကျုံ့နေသော အစိတ်အပိုင်းမြေ(၄၉)သည် သူ့အား လှည့်ပတ်နေလေသည်။ထိုအရာက အရှင်မီးတောက်ကို ခန့်ညားထည်ဝါမှုများနှင့် ပြည့်နှက်နေအောင် ပြုလုပ်ပေးတော့၏။

“အတော်လေးကို စိတ်ဝင်စားစရာပဲ…” မကောင်းဆိုးဝါးဆန်သောလူငယ်က အရှင်မီးတောက်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒီကောင်းကင်ဘုံ အစီအရင်ရတနာက သန်မာလွန်းလှတယ်။ဒါပေမဲ့ ကြမ်းကြမ်းမှုအနည်းငယ် လစ်လပ်နေတုန်းပဲ။ ဒါအတွက်ကြောင့်ပဲ သင်က ငါ့ကို ဒီနေရာထိ ရောက်လာအောင် သွေးဆောင်ခဲ့တာလား…”

အရှင်မီးတောက်က လူငယ့်ကို စူးစိုက်ကြည့်ရင်း ပြောလာ၏။ “ကောင်းကင်ဘုံအရှင်ချင်းရွှေ…ငါက သင့်ရဲ့ဂျိနယ်ပယ်ကို လိုချင်ပါတယ်…”

လူငယ်က မျက်မှောင်ကြုတ်သွားကာ ပွင့်လင်းစွာ ပြောလိုက်၏။ “ငါက ချင်းရွှေမဟုတ်ဘူး…”

“ဒီအဘိုးအိုက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို အကြိမ်ရာချီရောက်လာခဲ့ပြီး ဒီနေရာရဲ့ လျှို့ဝှက်ချက်အားလုံးကို ရှာဖွေနေခဲ့တာ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ချင်းရွှေလို့ ကျော်ကြားတဲ့ လူတစ်ယောက် ရှိခဲ့တယ်။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က အလွန်အားကောင်းလှတဲ့အပြင် သူ့မှာ ဒဏ္ဍာရီလာ ဂျိနယ်ပယ်လည်း ပိုင်ဆိုင်ထားသေးတယ်။သူက ကြည်လင်သောရေနိုင်ငံရဲ့ ဆက်ခံသူလည်း ဖြစ်သေးတယ်…”

“ကောင်းကင်ဘုံနယ်မြေက မြင့်တက်လာခဲ့တဲ့နောက် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့ပြီး ကောင်းကင်ဘုံအရှင်သခင်တစ်ယောက် ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျခဲ့တဲ့ အစောပိင်းနှစ်တွေမှာ သူဟာ ဘာကြောင့်မှန်းမသိ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ သူက မတူကွဲပြားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီး သတ်ဖြတ်ဖို့ပဲ သိတဲ့ နတ်ဆိုးတစ်ပါး၊မကောင်းဆိုးဝါးတစ်ယောက်လို ဖြစ်လာခဲ့တော့တယ်…”

“ကောင်းကင်ဘုံသားအုပ်စုကြီးက သူ့ကို တိုက်ခိုက်ကြတာပေါ့။ ဒါပေမဲ့လည်း သူ့ဂျိနယ်ပယ်ကြောင့် ကောင်းကင်ဘုံသား မြောက်မြားစွာဟာ သေဆုံးသွားခဲ့ရတယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံအင်ပါယာပေဖန် ကိုယ်တိုင် လုပ်ဆောင်တော့မှ အနိုင်ရခဲ့တယ်။ဒါပေမဲ့လည်း အင်ပါယာပေဖန်ဟာ သူ့ကို မသတ်ရက်ခဲ့ဘူး…”

“ဒီလိုအကျပ်ရိုက်နေတဲ့အတောအတွင်း သူက အသိတရား ရုတ်တရက် ပြန်ရလာခဲ့ပြီး သူစိတ်မိုက်ဝင်ခဲ့တဲ့ အချိန်က ဖြစ်ပျက်သမျှဟာ အိပ်မက်တစ်ခုလို ခံစားလိုက်ရတယ်။ သူက အသိပြန်ဝင်လာတဲ့အချိန်မှာ သူဟာ မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံသားတွေကို သတ်ပစ်ခဲ့ပြီး ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်သွားခဲ့တယ်။ သူသတ်ပစ်ခဲ့တဲ့ လူတွေကြားမှာ သူ့မိတ်ဆွေတွေ၊ သူ့တပည့်တွေ၊သူ့မျိုးဆက်တွေလည်း ပါဝင်ခဲ့တယ်။ ပိုဆိုးတာက အဲ့လူတွေကြားမှာ သူနဲ့နှစ်သောင်းနဲ့ချီအတူ ရှိခဲ့တဲ့ သူ့တာအိုလက်တွဲဖော်ကိုယ်တိုင် ပါဝင်နေခဲ့တာပဲ…”

“ဒီအတွက်ကြောင့် သူဟာ ဝမ်းနည်းယူကျုံးမရဖြစ်ပြီး သူ့ကိုယ်သူ တအားနာကြည်းသွားတယ်။ သူကိုယ်တိုင် သူ့နဲ့ပတ်သက်တဲ့လူတွေ၊သူ့တာအိုလက်တွဲဖော်ကိုပါ သတ်ပစ်ခဲ့တာကို ပြန်တွေးမိပြီး သူ့ရဲ့ စိတ်မမှန်မှုက ပြန်ဖြစ်ပေါ်လာခဲ့ပြန်တယ်။ ဒါ့ကြောင့် သူက သူ့စိတ်ထိန်းချုပ်မှု ပြန်လွတ်ကင်းခါနီးအချိန်မှာ သူ့ဓားကို သူကိုယ်တိုင် ထုတ်ပြီး သူ့မူလစိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မလို့ ကြိုးစားတယ်။ သူ့ကို ပြန်ရှင်သန်လာစေနိုင်တဲ့ ဂျိနယ်ပယ်ကို ကာကွယ်ဖို့အတွက် သူက သူ့အံ့ဖွယ်ရတနာ ချိပ်ပိတ်ခြင်းဝဲကတော့ကို အသုံးပြုခဲ့ပြီး သူ့မူလစိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အစိတ်အပိုင်းကိုးခုအဖြစ် ခွဲပြီး ချိပ်ပိတ်ပစ်ခဲ့တယ်…”

“ကောင်းကင်ဘုံအင်ပါယာပေဖန်က ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး သူက ဒီချိပ်ပိတ်မှုတွေကို ကုစားတဲ့ အစီအရင်ကို ချမှတ်ပေးခဲ့တော့တာပဲ။ သူက တစ်နေ့မှာ ပုံမှန်အသိ ပြန်ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့တာပေါ့…”

“ကောင်းကင်ဘုံအင်ပါယာပေဖန်က ဒီလိုဘာလို့လုပ်ခဲ့တာလည်း ဆိုတော့ ဒီချင်းရွှေက သူ့ရဲ့တပည့်ဖြစ်တဲ့အပြင် သူက နောက်တက်လာမယ့် မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အင်ပါယာတစ်ယောက် အဖြစ်နိုင်ဆုံးမလို့ပဲ…” အရှင်မီးတောက်က ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူ့သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် အလွန်ရှေးကျလှကာ အချိန်များစွာကတည်းက တည်ရှိခဲ့သည့်ပုံ ပေါ်နေသည်။

“ဒါက ကောင်းကင်ဘုံအင်ပါယာ သူ့တပည့်၊ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေရဲ့ အကြောင်းနဲ့ပတ်သက်လို့ ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားပဲ။သင်က ဒါကို ကြည့်လိုက်ရင် နားလည်လာပါလိမ့်မယ်…” သည့်နောက် အရှင်မီးတောက်သည် ကျောက်စိမ်းပြားကို မကောင်းဆိုးဝါးဆန်သော လူငယ့်ထံသို့ ပစ်ပေးလိုက်လေ၏။

လူငယ်က ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ပြည့်လာခဲ့တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset