Switch Mode

အပိုင်း(၈၄၄):

အရှင်မီးတောက်

အနည်းငယ် စဉ်းစားပြီးသည့်နောက် လူငယ်သည် အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏ပုံရိပကို တစ်ချက်လှမ်းကြည့်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။သူက ဝမ်လင်းထံသို့ လက်ညွှန်လိုက်ရာ အနီရောင်အလင်းလုံးတစ်လုံးသည် ချက်ချင်း ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သောခပ်ပါးပါးလိုင်းများကလည်း ပေါ်လာခဲ့ကာ အလင်းလုံးထဲ၌ မြန်ဆန်စွာ သိပ်သည်းသွားသည်။ထို့နောက် အလင်းလုံးသည် အနီရောင်ခပ်တောက်တောက်ကို ထုတ်လွှတ်ပေးကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံးသည် ထောင်မတ်သွားကာ သူက ကြမ်းကြုတ်စွာ ဆဲဆိုလိုက်သည်။ဆန်းကြယ်သောအဘိုးအိုကြောင့်သာ မဟုတ်ပါက သူသည် အစောကတည်းက လွတ်မြောက်နေခဲ့လောက်ပြီ ဖြစ်သည်။ခုချိန်တွင် သူ့၌ သွေးခန္ဓာကိုယ်လည်း မရှိတော့သည့်အတွက် သူက ထပ်မံ၍ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

သေရေးရှင်ရေးဟု ခံစားမိကာ ဝမ်လင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူက သည်တစ်ကြိမ်၌ လွတ်မြောက်ရန် မဖြစ်နိုင်သည်ကို သိနေ၏။ ထို့ကြောင့် သူ သူ့ရှေ့တွင် အစိတ်အပိုင်းမြေတံဆိပ်တုံးကို ထွေးထုတ်ကာ ပိတ်ဆို့ထားစေလိုက်သည်။ ထိုအနီရောင်အလုံးက တံဆိပ်တုံးနှင့် ထိသွားသည့်အချိန်တွင် တံဆိပ်တုံးတစ်ခုလုံးသည် အပြင်းအထန် စတင် တုန်ခါလာ၏။သို့သော် ၎င်းက ပျက်စီးသွားခြင်းတော့ မရှိပေ။

သို့သော်လည်း ပြင်းထန်သောအားတစ်ခုက ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေသည်။သူ့မျက်နှာက ချက်ချင်း ဖြူရော်သွားကာ သွေးအန်ထုတ်ရင်း ထိုအားနှင့် ဝေးရာ အနောက်သို့ ဆုတ်လိုက်ရသည်။

ထိုမျှနှင့်မပြီးသေးပေ။ ပြင်းထန်သောအားက အစိတ်အပိုင်းမြေတံဆိပ်တုံးကို ဖြတ်ကျော်၍ လှိုင်းလုံးများကဲ့သို့ ဆင့်ကဲဆင့်ကဲ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။သူက သွေးများဆက်တိုက် အန်ထုတ်လိုက်ရ၏။သို့သော် သူ့မျက်နှာက ကြမ်းကြုတ်သောအသွင် ဖြစ်ပေါ်နေသည်။

“ငါ့ကို သတ်ဖို့ အဲ့လောက် မလွယ်ဘူး…” ဝမ်လင်းက လက်တစ်ဖက်ဖြင့် အစိတ်အပိုင်းမြေတံဆိပ်တုံးကို ကိုင်ထားရင် ကျန်လက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အကာအရံတစ်ခု ထွက်ပေါ်လာလေ၏။

ထိုအကာအရံသည် တောင်နှင့်မြစ်ပန်းချီကားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ထိုအခါ ကမ္ဘာတစ်ခုလုံးသည် တောင်နှင့်မြစ်ပန်းချီကား ဖြစ်လာသည့်အလား ထင်မှတ်ရသည်။

တောင်နှင့်မြစ်ပန်းချီကားထံကနေ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်နေ၏။ ဝမ်လင်းသည် တောင်နှင့်မြစ်ပန်းချီကား၏ ထိပ်တွင် မတ်တတ်ရပ်နေကာ သူ့ထံသို့ တိုးဝင်လာနေသည့်အားက လွင့်ပါးလာသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် တောင်နှင့်မြစ်ပန်းချီကား၏ ပြင်းထန်သောအားက အစိတ်အပိုင်းမြေတံဆိပ်တုံးထဲသို့ ဝင်ရောက်သွားကာ ၎င်းတံဆိပ်တုံးထဲရှိအားများကို ချေဖျက်ပစ်လိုက်သည်။

“တောင်နဲ့မြစ်ပန်းချီကား…” မကောင်းဆိုးဝါးဆန်သောလူငယ်၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။သို့သော် ခဏကြာပြီးနောက် သူက နှာခေါင်းရှုံ့လိုက်၏။ ဒါက “တုပထားတဲ့ အမှိုက်သာသာပဲ…” သူက ညာလက်ကို ပင့်မြှောက်ကာ ၎င်းပန်းချီကားပေါ်သို့ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။စူးရှသောဆုတ်ဖြဲသံ တစ်ခုထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးသည် တွန့်လိမ်သွားသည်။ဝမ်လင်း၏ခန္ဓာကိုယ်သည်လည်း တောင်နှင့်မြစ်ပန်းချီကားထဲကနေ လွင့်စဉ်ထွက်လာခဲ့သည်။သူ့မျက်နှာက အလွန်အမင်း ဖြူရော်နေ၏။ သူက ချက်ချင်းပင် နောက်ဆုတ်လေ၏။

“အတိတ်တုန်းက ငါက တောင်နဲ့မြစ်ပန်းချီကားကို လေ့လာဖို့ နှစ်တစ်ထောင် ငှားခဲ့ဖူးတယ်။မင်းမှာ တောင်နဲ့မြစ်ပန်းချီကားအစစ် ရှိနေရင်တောင် မင်းလို လူမျိုးရဲ့ ကျင့်ကြံမှုအဆင့်လေးနဲ့ဆိုရင် ငါက ဒါကို လွယ်လွယ်ချိုးဖျက်ပစ်နိုင်တယ်…”

လူငယ်က နှာခေါင်းရှုံ့လိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးရန် ပြင်လိုက်သည်။သို့ရာတွင် သူက ချက်ချင်း ရပ်တန့်သွားပြီး သူ့အောက်ဘက်ရှိ မြေပြင်ကို အေးစက်စွာ ကြည့်လိုက်၏။

သူက သူတို့ရှိနေသော အစိတ်အပိုင်းမြေသည် ပြင်းပြင်းထန်ထန် စတင် တုန်ခါလာသည်ကို တွေ့မြင်လိုက်၏။ ထိုတုန်ခါမှုက အစိတ်အပိုင်းမြေ၏ အပိုင်းတစ်ခုတစ်လေက တုန်ခါခြင်း မဟုတ်ဘဲ အစိတ်အပိုင်းမြေတစ်ခုလုံး တုန်ခါခြင်း ဖြစ်နေတော့၏။

ချက်ခြင်းလိုလိုပင် သည်အစိတ်အပိုင်းမြေက လေထဲသို့ မြောက်ကြွလာ၏။၎င်းက လေထဲတွင် ရှိနေသော မကောင်းဆိုးဝါးလူငယ်နှင့် မြန်ဆန်စွာ နီးကပ်လာသည်။သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ ထိုလူငယ်သည် ချက်ချင်း အပေါ်သို့ ပျံတက်လိုက်၏။

ဝမ်လင်းကမူ သူ့ရတနာများကို သိမ်းဆည်းရင်း နောက်သို့သာ အမြန်ဆုတ်နေ၏။သူ့မျက်လုံးက တည်ငြိမ်လျက်ရှိပြီး သူက ကြွတက်လာသည့်အစိတ်အပိုင်းမြေကို မကြည့်ပေ။ ထိုအစား သူက နောက်သို့ ဆုတ်နေရင်း လောကနှင့်တစ်သားတည်းဖြစ်ရန်သာ တာဆူနေ၏။

အကွာအဝေးတစ်ခုကနေ မရေမတွက်နိုင်သောမိုးကြိုးသားရဲများ၏ ဟိန်းဟောက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။အစိတ်အပိုင်းမြေကလည်း လေထဲသို့ ကြွတက်လာရင်း အစိတ်အပိုင်းမြေ၏အစွန်းနားရှိ အစိတ်အပိုင်းမြေတစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော မိုးကြိုးကွင်းဆက်များသည်လည်း ပြင်းထန်စွာ တုန်ယင်လာသည်။ထိုကွင်းဆက်တစ်ခုချင်းစီ၏ အထက်၌ မိုးကြိုးသားရဲတစ်ကောင်စီ ရှိကာ ၎င်းတို့သည် ဟိန်းဟောက်ရင်း လေထဲသို့ မြင့်တက်လာကြ၏။

မရေမတွက်နိုင်သော မိုးကြိုးသားရဲများ၏ စိုက်ထုတ်မှုကြောင့် သည်အစိတ်အပိုင်းမြေသည် ကြွတက်လာခဲ့ခြင်း ဖြစ်သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းနှင့်မကောင်းဆိုးဝါးလူငယ်တို့ ရှိနေကြသော အစိတ်အပိုင်းမြေတစ်ခုတည်းသာ တုန်ခါနေသည် မဟုတ်တော့ပေ။စုစုပေါင်း အစိတ်အပိုင်းမြေ(၄၉)ခု၊မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ (၄၀)ရာခိုင်နှုန်းလောက်က စတင်တုန်ခါကာ လေထဲသို့ ကြွတက်လာကြခြင်း ဖြစ်တော့၏။

အစိတ်အပိုင်းမြေများသည် ကြီးမားသည့်အစီအရင်တစ်ခုကို ဖြစ်ပေါ်စေကာ ဝမ်လင်းနှင့်မကောင်းဆိုးဝါးဆန်သည့်လူငယ်တို့ ရှိနေသည့် အစိတ်အပိုင်းမြေကမူ အလယ်ဗဟိုချက်တွင် ရှိနေ၏။

ထို(၄၉)ခုသော အစိတ်အပိုင်းမြေအားလုံးသည် မိုးကြိုးကွင်းဆက်များနှင့် ချိတ်ဆက်ထားကာ ကွင်းဆက်တစ်ခုစီကို မိုးကြိုးသားရဲတစ်ကောင်စီက ဆွဲယူ၍ လေထဲသို့ မြောက်တက်လာနေစေ၏။

ထို့အတွက်ကြောင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ အစိတ်အပိုင်းမြေများ ဆွဲယူခံရသည့်အသံနှင့် ပြည့်နေတော့လေ၏။

ဝမ်လင်းတို့ ရှိနေသောအစိတ်အပိုင်းမြေကို ဗဟိုပြုကာ ကျန်သည့် အစိတ်အပိုင်းမြေ(၄၈)ခုသည် ဖြည်းဖြည်းချင်း လှည့်လည်လာ၏။ ပထမ၌ ၎င်းတို့သည် ခပ်ဖြည်းဖြည်းသာ လှည့်ပတ်သော်လည်း တဖြည်းဖြည်း ပို၍ပို၍ မြန်လာခဲ့တော့သည်။

ထိုအခါ အစိတ်အပိုင်းမြေတစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် မိုးကြိုးကွင်းဆက်မျာသည် ပျက်စီးကုန်ကြကာ လှည့်ပတ်ခြင်းကလည်း ရပ်တန့်ခြင်း မရှိတော့ပေ။

၎င်း၏အမြန်နှုန်းက တဖြည်းဖြည်း ကျင့်ကြံသူတစ်ယောက် ပျံသန်းသည့်နှုန်းနှင့် ယှဉ်၍ ရလာ၏။၎င်းက လှည့်ပတ်နေရင်း ဝဲကတော့တစ်ခု ဖြစ်ပေါ်လာလေ၏။သိသာစွာပင် ထိုဝဲကတော့က အလွန်ကြီးမားလှ၏။

ထို့နောက် အစိတ်အပိုင်းမြေ(၄၉)ခုပေါ်ရှိ တောင်များအားလုံးသည်လည်း ပြိုလဲပျက်စီးကုန်ကြသည်။ ပြင်းထန်သောတုန်ခါမှုများက မိုးကြိုးကောင်းကင်ဘုံမြေတစ်ခုလုံးကို စတင်ပြောင်းလဲစေတော့၏။

အထူးသဖြင့် အစိတ်အပိုင်းမြေ(၄၉)ခု၏ လှည့်ပတ်နေမှုကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့သည် အံ့မခန်းစုပ်အားတစ်ခုပါဝင်သည့် တွင်းကြီးတစ်ခုကို ဖြစ်ပေါ်စေ၏။

ထိုစုပ်အားနှင့်တုန်ခါမှုများအောက်၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် တုန်ခါနေကာ အမှန်တကယ် စတင်ပျက်စီးလာတော့၏။

သည်ပြိုလဲပျက်စီးမှုသည် ပထမဆုံးအကြိမ် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မရေမတွက်နိုင်သောအစိတ်အပိုင်းမြေများအဖြစ်သို့ ပျက်စီးသွားခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် အတော်များများစတင်ပျက်စီးပြိုလဲလာခဲ့ခြင်း ဖြစ်တော့သည်။

ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်အက်ကွဲကြောင်းများ ပေါ်လာခဲ့ကာ ထိုအက်ကွဲကြောင်းများထဲကနေ အေးစက်စက်လေများ ထွက်ပေါ်နေ၏။ မရေမတွက်နိုင်သောအက်ကွဲကြောင်းများသည် ဆက်လက်ပျံ့နှံ့လို့နေသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးသည် မဖော်ပြနိုင်သောကြောက်ရွံ့မှုမျိုးနှင့် ပြည့်နှက်လို့နေ၏။

မကောင်းဆိုးဝါးဆန်သောလူငယ်ပင် လုံးဝ မှင်သက်နေခဲ့၏။သူက သူ့ကို သည်နေရာသို့ ခေါ်လာသည့်လူသည် ယခုလိုမျိုး ကြီးမားသည့်ရွေ့လျားမှုကို စီစဉ်ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။

“မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး အစီအရင်တစ်ခု ပြုလုပ်တာ….။ဒါကို ကြည့်ရသလောက်တော့ ဒါဟာ အစီအရင်တစ်ခုလို ရိုးရိုးရှင်းရှင်း မဟုတ်နေမှာ ငါ စိုးရိမ်မိတယ်။ဒီလူက မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လက်နက်ရတနာတစ်ခုအဖြစ်များ သန့်စင်မွမ်းမံချင်နေတာလား…” ထိုလူငယ်ပင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။ သူက စိတ်ထဲကပင် ထိုလူ့ကို အရူး ဟုတွေးနေမိသည်။

ဝမ်လင်းက အံ့အားသင့် မှင်တက်နေ၏။သူကြားနေရသည့် အရာအားလုံးသည် လေဟာနယ်ပြိုလဲရာမှ ထွက်ပေါ်လာသည့် အက်ကွဲကြောင်းများကြောင့် ဖြစ်ကာ မိုးကြိုးကောင်းကင်ဘုံမြေတစ်ခုလုံးသည် တုန်ဟည်းသံများ အနှံ့ ဖြစ်ပေါ်နေတော့၏။သူ့ပတ်ဝန်းကျင်တွင်လည်း အဖျက်အဆီးအားများကို ဝါးမျိုထားသည့် အက်ကွဲကြောင်းများနှင့် ပြည့်နေသည်။ထိုအရာက သူ့စိတ်ကို တုန်ယင်သွားစေကာ သူ့ဦးရေပြားကိုပါ တင်းကျပ်သွားစေသည်။

သည့်နောက် မောက်မာလှသောရယ်သံတစ်ခုက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ပဲ့တင်ထပ် ပျံ့နှံ့လာ၏။ တစ်ချိန်တည်းမှာလည်း ထူးဆန်းသောအဘိုးအိုက ပေါ်လာခဲ့ကာ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ခဲ့တာ အကြိမ်ပေါင်း ရာချီနေပြီ။ငါက ဒီအစီအစဉ်ကို နှစ်ပေါင်းသောင်းနဲ့ချီပြီး စီစဉ်ခဲ့တာ။ဒီကမ္ဘာမှာ ဒီအဘိုးလိုများ ဘယ်သူ သတ္တိရှိနိုင်ပါ့မလဲ။ကောင်းကင်ဘုံနယ်မြေကို သန့်စင်ခြင်းနဲ့ ကျော်ကြားလှတဲ့ကောင်းကင်ဘုံအရှင် ချင်းရွှေကို ဆန့်ကျင်လှည့်ဖြားခြင်း….ဟားဟား…ဘယ်သူကများ ဒီလိုလုပ်ဝံ့ပါ့မလဲ…”

“ဒီအဘိုးအိုက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ တစ်ဝက်တိတိကို ရတနာတစ်ခုအဖြစ် အသုံးပြုမယ်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲမှာ ဘယ်သူကများ ငါ့ ပြိုင်ဘက် ဖြစ်နိုင်ဦးမလဲ။ ဒါကို အသုံးပြုပြီး ငါက လေဟာနယ်အတားအဆီးကို ဖွင့်လှစ်နိုင်ပြီးတဲ့နောက် ငါ့ရဲ့အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဝင်ရောက်ဖို့အတွက် အလုံးစုံကျောက်တုံးလည်း မလိုအပ်တော့ဘူး။ အရှင်ကျောင်းရှန် ငါက အတင်းနှင်ထုတ်ခံရတုန်းက တစ်နေ့မှာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူသန်းချီကို ခေါ်လာခဲ့ပြီး မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းကို ခြေမွှပစ်မယ်လို့ ပြောခဲ့ဖူးတယ်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset