သေရေးရှင်ရေး အခိုက်အတန့်တစ်ခု ဖြစ်ပျက်သွားပြီးတိုင်း ဆံဖြူလူက ရုပ်တုတစ်ခုအသွင်သို့ ဖြစ်ပေါ်လာပေသည်။သူက ရုပ်တုကနေ ပြန်ချိုးဖျက် ထွက်လာနိုင် သူ့အသွင်က ပြောင်းလဲသွားကာ ပို၍လည်း ငယ်ရွယ်ပုံပေါက်သွားသည်။
သူသည် ဆံဖြူအဘိုးအိုကနေ သက်လတ်ပိုင်းလူ အဖြစ်သို့ တစ်ခါ ပြောင်းလဲခဲ့သည်။အခု သူက လူငယ်တစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။ထိုအံ့ဖွယ်မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို ရူးသွပ်သွားမတက် ခံစားရစေသည်။
ဝမ်လင်း၏ခန္ဓာကိုယက် အလေးအနက် ဖြစ်လာကာ သူက လူငယ့်ကို စူးစိုက်ကြည့်နေသည်။ထိုလူငယ် ပေါ်လာသည်နှင့် သူက ညာလက်ဖြင့် ပျက်စီးနေသော ရုပ်တုကို ထိလိုက်သည်။ ထိုအခါ ၎င်းရုပ်တုပျက်က အရည်ပျော်ပြီး လှံအဖြစ်သို့ ပြောင်း ၍ လူငယ်၏လက်ထဲသို့ ရောက်ရှိသွားလေသည်။
ထိုလူငယ်က ဝမ်လင်းကို သုန်မှုန်သောအပြုံးဖြင် ကြည့်နေ၏။ သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် လောကနှင့်တစ်သားတည်း ဖြစ်သွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
သည့်နောက် ထိုလူငယ်သည် အဝေးရှိပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဘေးနားတွင် ပေါ်လာခဲ့သည်။ထိုကျင့်ကြံသူ၏ အသွင်က ကြီးစွာ ပြောင်းလဲ၍ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
သူသာမက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကပါ နောက်ဆုတ်သွားကြ၏။
လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍မနှစ်မြို့စရာ ကောင်းလာပြီး သူက သူ့လက်ထဲရှိ လှံကို ပစ်သွင်းလိုက်လေသည်။ ဟင်းလင်းပြင်ထဲ၌ လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့၏။ သိပ်မဝေးသောနေရာရှိ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လွင့်စဉ်ထွက်သွားသည်။သူ့မျက်နှာက ဖြူရော်သွားကာ သူက ဆက်လက်၍ ပျံသန်းသွားရန် ဟန်ပြင်သည်။သို့သော် သူ့ခန္ဓာကိုယ်သည်ချက်ချင်း တုန်ယင်သွားကာ ပေါက်ကွဲထွက်သွား၏။ သည့်နောက် သူ့အသွေးအသားနှင့်မူလစိတ်ဝိညာဉ်တို့သည် လူငယ်၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
ထိုအရာက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။လူငယ်၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ကျင့်ကြံသူများကြား၏ ရွေ့လျားနေတော့၏။ သူပေါ်လာသည့်အခါတိုင်း ကျင့်ကြံသူတစ်ယောက်က သေဆုံးသွားရပေသည်။
ဝမ်လင်းကို ထိန်းချုပ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောလိုက်သည်။ “စုစည်းစမ်း…”
ဟင်းလင်းပြင်ထဲကနေ ခရမ်းရောင် အလင်းတန်းများသည် ပေါ်ထွက်လာပြီး ဝမ်လင်း၏ညာဘက်လက်ပေါ်တွင် စုစည်းသွားသည်။မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင်အလင်းလုံး ဖြစ်ပေါ်လာ၏။များပြားလှသေ ာခရမ်းရောင်အလင်းများသည် ထိုအလုံးထဲကနေ ထွက်ပေါ်လာခဲ့ကာ ၎င်းအလုံးအတွင်း၌ ပါးလွှာသောမြူလွှာတစ်ခု ရှိလေ၏။
“ပြန့်ကျဲလိုက်စမ်း…” ဝမ်လင်းထံကနေ စူးရှသောအသံတစ်ခု ထွက်ပေါ်လာပြီးပြီးချင်း ခရမ်းရောင်အလုံး၏ အလင်းများသည် ပြိုပျက်သွား၏။ထိုအခါ တုန်ခါမှုလှိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့တွင် မြင့်တက်လာခဲ့သည်။
ထိုတုန်ခါမှုလှိုင်းထဲ၌ မူလစွမ်းအင် ပါဝင်နေ၏။၎င်းက ပျံ့နှံ့သွားသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ပြင်းထန်သောဖိသိပ်မှုက သူတို့၏ခန္ဓာကိုယ်အား ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရ၏။ထိုအားက ကျင့်ကြံသူများလုံးကို အလျင်အမြန် နောက်ဆုတ်သွားစေသည်။
ရှန်ကုန်းဟူ၊ကျန်ခုန်လီနှင့် သူ့လူများသည်လည်း အတူတူသာဖြစ်၏။
ချက်ချင်းလိုလိုပင် ငါးကီလိုမီတာအတွင်း၌ ဝမ်လင်းနှင့်လူငယ်တို့သာ ကျန်ရစ်လေတော့၏။
လူငယ်က နှုတ်ခမ်းသပ်လိုက်သည်။သူ့မျက်နှာပေါ်၌ အနီရောင်အလင်းတစ်ခု ပေါ်လာ၏။အချိန်တိုအတွင်းမှာပင် သူက ကျင့်ကြံသူနှစ်ဆယ်ကျော်ကို ဝါးမျိုခဲ့ပြီး ဖြစ်သည်။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဝမ်လင်းနှင့်ဆက်လက်တိုက်ခိုက်မည့်အစား အခြားကျင့်ကြံသူများထံသို့သာ ဦးတည်ဝင်သွားလေသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ အဘိုးအို၏ ဆဲဆိုသံကို ကြားလိုက်ရသည်။သူ့ခန္ဓာကိုယ်သည် ထိုးထွက်သွားကာ အော်ပြောလိုက်သည်။ “မြင့်မြတ်တဲ့ကောင်းကင်ဘုံအရှင်ချင်းရွှေက သူ့ရဲ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်ဖို့အတွက် ဂျူနီယာလေးတွေကို ဝါးမျိုပစ်ချင်နေတာလား။ သင်က အမှန်တကယ် အစွမ်းအစ ရှိရင် ဒီအဘိုးအိုနဲ့လာတိုက်ခိုက်လိုက်။ သင့်သိက္ခာကို သင်ကိုယ်တိုင် ဆက်ပြီး ချမနေတော့နဲ့…”
လူငယ်က မှင်တက်သွားကာ ပြန်လှည့်လာ၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်လာကာ သူက တစ်လုံးချင်း ပြောလိုက်သည်။ “ငါက ချင်းရွှေမဟုတ်ဘူး…”
“သောက်ရေးမပါတာ…သင်က ချင်းရွှေပဲ။ချင်းရွှေ…ချင်းရွှေ…” အဘိုးအို၏ အသံက ဝမ်လင်းထံကနေ ဆက်လက် ထွက်ပေါ်လာသည်။
လူငယ်၏ သတ်ဖြတ်ချင်စိတ်က ပို၍ အားကောင်းလာခဲ့သည်။သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူက လှည့်၍ ထွက်ပြေးသွားကြသော ကျင့်ကြံသူများနောက်သို့ ဆက်လိုက်လေသည်။
ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အဘိုးအိုက သက်ပြင်းချကာ ဆိုလိုက်သည်။ “ကြည်လင်သောရေနိုင်ငံရဲ့ အမွေဆက်ခံသူက သူ့နာမည်တောင်သူ မမှတ်မိနိုင်တော့ပါလား….။ဒါက တကယ် စိတ်မကောင်းစရာပဲ…”
လူငယ်သည် ကျင့်ကြံသူများကို ဆက်လက်၍ ဝါးမျိုပစ်နေသည်။
ဝမ်လင်းက အဘိုးအို၏မူလစိတ်ဝိညာဉ်ထံမှ ဖုံးကွယ်မျိုသိပ်ထားမှုကို ရှင်းလင်းစွာတွေ့မြင်နေရသည်။ ထို့နောက် သူသည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါတွင် အဝေးရှိ အာဏာတက်ခြင်း ကျင့်ကြံသူတစ်ယောက်နားသို့ ရောက်နေလေ၏။
“သင်က ဝါးမျိုချင်မှတော့ ငါကလည်း သူတို့ကို အဝေးမောင်းထုတ်ရတော့မှာပေါ့…” ဝမ်လင်း၏ခန္ဓာကိုယ်သည် လှုပ်ရှားနေသည်။အာဏာတက်ခြင်းကျင့်ကြံသူ၏ ကြောက်ရွံ့နေသော အကြည့်အောက်၌ပင် ဝမ်လင်းက ထိုလူ့ကို ကန်ထုတ်လိုက်၏။
ပြင်းထန်သောအားတစ်ခုက ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာခဲ့သည်။ထိုကျင့်ကြံသူကလည်း လောကနှင့်တစ်သားတည်းဖြစ်သွားကာ ချက်ချင်းလိုလို ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။ သူက ထိုကျင့်ကြံသူကို ကန်ထုတ်လိုက်ပြီးနောက် နောက်တစ်ယောက်ကိုလည်း ကန်ထုတ်လိုက်ပြန်သည်။
သည်လိုနည်းဖြင့် ဝမ်လင်းနှင့်လူငယ်တို့သည် ဆက်လက်မတိုက်ခိုက်တော့ဘဲ သူတို့၏အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားနေကြတော့သည်။တစ်ယောက်က ဝါးမျိုလိုက်နေစဉ် တစ်ယောက်က ထိုလူများကို အဝေးသို့ ပို့ပစ်နေလေ၏။ သူတို့နှစ်ယောက်က အမြန်နှုန်းခြင်း ပြိုင်နေသကဲ့သို့ ဖြစ်လာခဲ့သည်။
ရှန်ကုန်းဟူသည် ထွက်ပြေးနေရင်း တည်နေရာရွှေ့ပြောင်းလိုက်၏။သို့ရာတွင် သူ့တည်နေရာရွှေ့ပြောင်းမှုသည် ချက်ချင်း နှောင့်ယှက်ခြင်း ခံလိုက်ရသည်။တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါးလူငယ်က သူ့ဘေး၌ ပေါ်လာခဲ့လေ၏။ လူငယ်၏ လက်က သူ့ခေါင်းထံသို့ ဆန့်တန်းလိုက်သည်။
ရှန်ကုန်းဟူ၏မျက်နှာသည် ကြမ်းကြုတ်မှုနှင့် ပြည့်နေ၏။သူက မောက်မာသည့်လူတစ်ယောက်သာ။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်ရာ မိုးကြိုးတန်းတစ်ခုသည် သူ့လက်ပေါ်တွင် ပေါ်လာခဲ့သည်။
ထိုမိုးကြိုးက အနီရောင့်ရောင်ရှိသည်။၎င်းပေါ်လာသည့် အခိုက်၌ ဟင်းလင်းပြင်ထဲတွင်ပင် လှိုင်းတွန့်များ ဖြစ်ပေါ်သွားစေကာ မရေမတွက်နိုင်သောမိုးကြိုးအမျှင်တန်းများသည် လာရောက်စုဝေးသလား ထင်မှတ်ရသည်။
ရှန်ကုန်းဟူတွင် သည်လိုမိုးကြိုးမျှင်မျိုး တစ်ခုသာ ရှိကာ ၎င်းက သူ့ကျင့်ကြံမှုအဆင့်၏ အထွတ်အထိပ်ပင်။သူက ၎င်းကို ဝမ်လင်းထံမှ ဉာဏ်အလင်းအချို့ ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်နိုင်ခဲ့ခြင်းပင်။သူက ၎င်းမူလမိုးကြိုးကို နှစ်များစွာ လေ့လာကြည့်ပြီး သူ့ခန္ဓာကိုယ်ထဲပ အချိန်တိုင်း ဆက်လက် သန့်စင် မွမ်းမံနေခဲ့သည်။
နှစ်များစွာကြာလာသည့်နောက် သူက ယခုလိုမိုးကြိုးတန်းတစ်ခုကို ဖြစ်ပေါ်လာနိုင်စွမ်း ရှိလာခဲ့သည်။သည်မိုးကြိုးသည် မပြည့်စုံသေးသော်လည်း သူသည် အရင်က မည်သည့်တိုက်ပွဲတွင်မှ ၎င်းမိုးကြိုးကို အသုံးမပြုခဲ့ရသေးပေ။
ထိုမိုးကြိုးက သူ့အတွက် အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။ထိုမိုးကြိုးကြောင့်လည်း သူကူ ဝမ်လင်းကို ယုံကြည်နေခဲ့ခြင်း ဖြစ်၏။သူ့စိတ်ထဲတွင် ဝမ်လင်း၏လမ်းညွှန်မှုသည် တိကျမှန်ကန်နေ၏။ သူက ထိုမိုးကြိုးကို အချိန်အတန်ကြာ ဆက်လက်၍ သန့်စင် မွမ်းမံနေလျှင် တစ်နေ့၌ သူသည် မူလမိုးကြိုးကို ရှာတွေ့နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။
သို့ရာတွင် ယခုလို သေခြင်းရှင်ခြင်းအခိုက်အတန့်၌ သူက များစွာတွေးနေရန် အချိန်မရှိတော့ဘဲ သည်မိုးကြိုးကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေ၏။
မကောင်းဆိုးဝါးလူငယ်ပင် ထိုမိုးကြိုးကို တွေ့မြင်လိုက်သည့်အခါ အံ့အားသင့်သွား၏။သို့သော်လည်း သူ့အေးစက်စက်လက်သည်းကုတ်ချက်က အားနည်းသွားခြင်း မရှိသည့်အပြင် ရှေ့သို့ တိုက်ရိုက် ဆန့်ထွက်လာသည်။
ရှန်ကုန်းဟူက မာန်သွင်း၍ သူ့လက်ထဲရှိမိုးကြိုးကို ပစ်လွှတ်လိုက်သည်။ထိုမိုးကြိုး ထိုးထွက်သွားသည်နှင့် ၎င်းက အနီရောင်တောက်ပမှုကို ပေးလာ၏။လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့၍ ထိုမိုးကြိုးတန်းကို ဖမ်းကာ သူ့လက်ထဲ၌ ခြေမွှပစ်လိုက်၏။
ရှန်ကုန်းဟူသည် ထိုအခွင့်အရေးကို အသုံးပြု၍ ချက်ချင်း နောက်ဆုတ်သွားသည်။သည်အခိုက်အတန့်၌ ဝမ်လင်းသည် ရှန်ကုန်းဟူကို အကွာအဝေးတစ်ခုကနေ လှမ်းမြင်လိုက်ရ၏။ သူက သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သော်လည်း သည်ဆန်းကြယ်သောအဘိုးအိုနှင့် ဆက်သွယ်နိုင်ပေ၏။
“သူ့ကို ကယ်ပေးပါ…” ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သတင်းပို့လွှတ်လိုက်သည်။
အဘိုးအို၏မူလစိတ်ဝိညာဉ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။သို့သော် သူက ငြင်းဆိုခြင်းတော့ မပြုပေ။သူ့ဘေးနားရှိ ကျင့်ကြံသူတစ်ယောက်ကို ကန်ထုတ်လိုက်ပြီးနောက် သူက ရှန်ကုန်းဟူဘေးနားသို့ ရောက်ရှိသွား၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး တိုးဝင်လာနေသော လူငယ်နှင့် တွေ့ဆုံစေလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားပြီးနောက် လူငယ်ကော ဝမ်လင်းကော နှစ်ယောက်လုံးသည် နောက်အနည်းငယ် ဆုတ်လိုက်ရသည်။ သို့ရာတွင် ဝမ်လင်းက နောက်ဆုတ်လိုက်ရရင်း စိတ်လှုပ်ရှားနေသော ရှန်းကုန်ဟူကို လှမ်းကန်လိုက်သည်။ ရှန်းကုန်ဟူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားကာ ကမ္ဘာလောကနှင့် တစ်သားတည်းဖြစ်ပြီး ပျောက်ကွယ်သွားလေ၏။
မကောင်းဆိုးဝါးဆန်သည့် လူငယ်က ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားကာ ကိုယ်ပွားများအဖြစ် ခွဲထွက်သွားသည်။သူက မျက်စိတစ်မှိတ်အတွင်း ကိုယ်ပွား(၃၂)ခုထိ ကွဲထွက်လို့သွားသည်။
ထိုကိုယ်ပွားများ ပေါ်လာသည်နှင့် သူတို့က ချက်ချင်း ဖြန့်ကြက်ကာ အလွန်မြန်သောအရှိန်နှုန်းဖြင့် ထွက်ပြေးနေသော ကျင့်ကြံသူများထံသို့ ရွေ့လျားသွားကြသည်။
ဝမ်လင်းသည် အဘိုးအို၏မူလစိတ်ဝိညာဉ်မှာ တုန်ယင်သွားသည်ကို ခံစားမိလိုက်၏။သူက မာန်သွင်းလိုက်သည်။ ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အဘိုးအိုသည် ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ မူလစွမ်းအင်က အရူးအမူး ပျံ့နှံ့လာကာ လောကထဲသို့ ဝင်ရောက်၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည်ပင် ကမ္ဘာလောက ဖြစ်လာသည့်အလား။ သူ့မျက်လုံးက ထူးဆန်းသော အလင်းတစ်ခုကို ထုတ်လွှတ်နေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောင်းကင်ဘုံမန္တန်….ပျောက်ကွယ်ခြင်း…”
ချက်ခြင်းပင် မူလစွမ်းအင်များက ထွက်ပြေးနေသော ကျင့်ကြံသူတိုင်း၏ ပတ်လည်တွင် ဖြစ်ပေါ်လာကြ၏။
သည့်နောက် ဝမ်လင်းခန္ဓာကိုယ်ထံကနေ အသံတစ်ခု ထွက်ပေါ်လာ၏။ “ကောင်းကင်ဘုံမန္တန်…ပြန့်ကျဲခြင်း…”
ချက်ချင်းလိုလိုပင် ကျင့်ကြံသူအားလုံးသည် မူလစွမ်းအင်နှင့် ဝန်းရံထားခြင်း ခံလိုက်ရကာ လောကနှင့်တစ်သားတည်း နစ်မြုပ်သွားကြ၏။သည့်နောက် ပျောက်ကွယ်သွားကြတော့သည်။
အခုဆိုလျှင် လူငယ်နှင့် ကိုယ်ပွား(၃၂)ယောက်တို့သာ ကျန်ရစ်ခဲ့တော့၏။
ဝမ်လင်းက အဘိုးအို၏မူလစိတ်ဝိညာဉ်သည် သိသာစွာအားနည်းသွားသည်ကို ခံစားမိလိုက်၏။
“သေစမ်း…ဒီတစ်ကြိမ် ဒီအဘိုးအိုက ရှုံးနိမ့်မှုတစ်ခုကို လုပ်လိုက်မိပြီ…”
လူငယ်၏ မျက်လုံးက အနီရောင်တောက်လာကာ သူက ဝမ်လင်းရှိရာသို့ လှမ်းလာ၏။
“မင်းက သေချင်နေတယ် ဆိုတော့လည်း ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”
လူငယ်က နီးကပ်လာနေရင်း သူ့လက်ထဲရှိ လှံရှည်ကို ပစ်လွှတ်လိုက်၏။ထိုလှံက ချက်ခြင်းပင် ဝမ်လင်းထံသို့ အနက်ရောင် အလင်းတန်းတစ်ခုကဲ့သို့ တိုးဝင်လာတော့သည်။
ဝမ်လင်း၏ ဦးရေပြားက ထုံထိုင်းသွားမိ၏။ အဘိုးအို၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို လွတ်မြောက်နိုင်ရန်မျှသာ သူ့အား ထိန်းချုပ်ထားနိုင်တော့၏။
လူငယ်သည် နောက်ကနေ လိုက်ပါလာ၏။ ဆန်းကြယ်သောအဘိုးအိုသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
သူ့နောက်မှ လူငယ်ကလည်း ထိုသို့ လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ အဘိုးအိုနောက်သို့ လိုက်လံလာလေ၏။
သူတို့နှစ်ယောက်သည် အလွန်မြန်ဆန်လှ၏။ ချက်ချင်းလိုလိုပင် သူတို့က မရေမတွက်နိုင်သောအစိတ်အပိုင်းများစွာကို ဖြတ်သန်းလာကြသည်။လူငယ်က တဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ပေါ်လာတဲ့အချိန်ကတည်းက ငါက မင်းရဲ့ ရည်ရွယ်ချက်ဟာ ငါ့ကို မင်းအစစ်အမှန်ခန္ဓာကိုယ် ရှိတဲ့နေရာဆီ ခေါ်သွားဖို့ ဆိုတာ သိပြီးသား။ဘာပဲဖြစ်ဖြစ် ငါက မင်းနဲ့အတူ လိုက်လာပြီး မင်းကို ဝါးမျိုမယ်။ ဒါဆိုရင် ငါက ဒီနေရာမှာ ရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို ဝါးမျိုတာထက် မင်းကို ဝါးမျိုလိုက်တာက ငါ့ကျင့်ကြံမှုအဆင့်ကို ပိုကောင်းသွားစေလိမ့်မယ်။
***