Switch Mode

အခန်း(၉)

သေလောက်အောင်လှသည့် ဝိညာဉ်နတ်မိမယ်လေး

အခန်း (၉) : သေလောက်အောင်လှသည့် ဝိညာဉ်နတ်မိမယ်လေး

ရှန်ထျန်းက ဝိညာဉ်နတ်မိမယ်လေးကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ဒီကောင်မလေးက ဘာတွေများ ထူးခြားနေသလဲဆိုတာကို သူ သိချင်မိသည်လေ…

“အရှင့်သား… အဲ့ကောင်မလေးကို စိတ်ဝင်စားလို့လား”

ကွေ့ကုန်းကုန်းက အကြံပေးလိုက်သည်။

“သူ့ကို နန်းတွင်းထဲ တစ်ခါတည်း ခေါ်သွားကြမလား… အရှင်မင်းသားလေး လက်ထပ်တော့မယ် ဆိုတာကို ကိုယ်လုပ်တော်လန်သာ သိခဲ့ရင် သခင်မတစ်ယောက် သေချာပေါက် ပျော်သွားမှာပဲ”

ချင်ကောင်းကလည်း ခေါင်းငြိမ့်ကာ ခပ်သွက်သွက်လေး ဝင်ပြောလိုက်သည်။

“ဟုတ်ပါတယ်… အဲ့ဒီဝိညာဉ်နတ်မိမယ်လေးက ပြိုင်ဖက်ကင်းအလှပိုင်ရှင်ပဲ။ အရှင့်သားနဲ့ဆို အရမ်းကို လိုက်ဖက်မှာပါ”

ရှန်ထျန်း ဘယ်လိုတောင် ဝိညာဉ်နတ်မိမယ်လေးအား မျက်စိမခွာတမ်း စိုက်ကြည့်နေသလဲ ဆိုတာကို သူမြင်သည်လေ…

ချင်ကောင်းက ဟရူးဂါ နတ်ဆိုးကျမ်းကို စတင်ကျင့်ကြံနေပြီ ဖြစ်ကာ တော်တော်လေးလည်း ခရီးရောက် တိုးတက်နေလေပြီ။ ကျင့်ကြံရေးလောကထဲသို့ ခြေချဝင်ရောက်လိုက်မှ ထိုကျင့်ကြံစဉ်က ဘယ်လောက်အစွမ်းထက်ပြီး ဘယ်လောက် အဖိုးတန်မှန်းကို ချင်ကောင်း နားလည်သွားတော့သည်။

သို့သော် … တစ်ချိန်တည်းမှာပဲ ချင်ကောင်းတစ်ယောက် ပိုပိုပြီး စိုးရိမ်လာမိသည်။ မင်းသားလေးက သူ့အသက်ကို ကယ်ခဲ့ပြီး ဒီလိုမျိုးရှားပါးကျမ်းတစ်ခုကိုပင် သင်ကြားပေးခဲ့သည်။ ထိုကြင်နာမှုနှင့် ကျေးဇူးတရားတို့ကို သူ ပြန်မဆပ်နိုင်သေးပေ။

တကယ်လို့သာ မင်းသားလေးက သူ့ကို အိပ်ဆောင်မှာ ခစားဖို့ ပြောလာခဲ့ရင်…

ငါလေး ဘာလုပ်ရမလဲ…

သည်အတွေးများကြောင့် ချင်ကောင်းက ရှန်ထျန်းတစ်ယောက် ဝိညာဉ်နတ်မိမယ်လေးအပေါ် မျက်စိကျသွားစေဖို့ကို မျှော်လင့်မိ၏။ သည်လိုဆိုလျှင် အားလုံးအတွက် ကောင်းသွားမည်လေ…

ရှန်ထျန်းကတော့ ချင်ကောင်း ဘာတွေတွေးနေသလဲ မသိရှာပေ။ သိများသိခဲ့လျှင် ချင်ကောင်း ဘယ်လောက်ပဲ လာဘ်ကံကောင်းကောင်း၊ ရှန်ထျန်းက သူ့ကို သေချာပေါက် အပြတ်ရှင်းပစ်လိုက်မည်သာ…

…………………

လောလောဆယ်တွင် ကောင်းကင်ဝိညာဉ်ပြခန်း၏ တံခါးပေါက်၌ လူများ ကြိတ်ကြိတ်တိုးနေလေ၏။

သူတို့သုံးယောက်သား လူအုပ်ကြီးထဲမှ ခက်ခက်ခဲခဲ မနည်းတိုးဝင်လာကြရသည်။ ငွေစနည်းနည်း ထုတ်ပေးလိုက်မှ နေရာကောင်းတွေကို လုယူနိုင်တော့သည်။ ထိုအချိန်ကျမှသာ သူတို့က ဝိညာဉ်နတ်မိမယ်လေး၏ ရုပ်ရည်သွင်ပြင်ကို သေချာမြင်ရလေတော့သည်။

ဝိညာဉ်နတ်မိမယ်လေး၏ နောက်ပိုင်းအလှက လူတို့အား အတွေးရိုင်းတို့ ပေါ်လာအောင် လုပ်နိုင်သည်ဆိုပါက သူမ၏ ရှေ့ပိုင်းအလှသည် မဟုတ်မဟန် အတွေးတို့ တစ်စိုးတစ်စိပင် ပေါ်မလာရဲလောက်အောင်အထိ လူတို့အား မိမိကိုယ်မိမိ အငုံ့စိတ်ဝင် သိမ်ငယ်သွားသယောင် ခံစားသွားစေနိုင်လေသည်။

သူမက စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခါးစည်းကြိုးပြားက လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်လို့ရနိုင်သည့် ခါးသိမ်သိမ်လေး၏ ကောက်ကြောင်းကို ပို၍ပေါ်လွင်သွားစေသည်။

သူမကို ကြည့်ရသည်မှာ ကျက်သရေရှိပြီး လင်းလက်နေကာ ကမ္ဘာလောကထဲသို့ ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးနှင့် တူနေလေသည်။

တစ်ဖက်တွင်လည်း သူမ၏ ရုပ်ရည်မှာ မိုးနတ်မင်းကြီး ထုဆစ်ဖန်ဆင်းထားသည့် အပြောင်မြောက်ဆုံး လက်ရာတစ်ခုပမာ အင်မတန် ဖြူစင်လှပလွန်းလှသည်။

သူမ၏ မျက်ဝန်း၊ သူမ၏ အပြုံး၊ သူမ၏ အကြည့်တစ်ချက်… သူမ၏ အရာအားလုံးက တောက်ပနေသယောင်…

သူမ၏ ရုပ်ရည်သည်ကား ရှန်ထျန်းကိုပင် ယှဉ်နိုင်နေလေသည်။

အံ့သြစရာက… လူတိုင်းက ဝိညာဉ်နတ်မိမယ်လေးကို မြင်ချင်နေသည်တော့လည်း မဟုတ်ပေ။ ဥပမာကတော့ ကောင်းကင်ဝိညာဉ်ပြခန်း၏ ဆိုင်ပိုင်ရှင် သူဌေးစုန့်ပင်…

“နတ်မိမယ်လေး… မင်း ဘာဖြစ်လို့ ရောက်လာပြန်ရတာလဲ”

သူဌေးစုန့်က ဝိညာဉ်နတ်မိမယ်လေးကို မြင်လိုက်ရတော့ ပြုံးပြနေသည့် သူ့အပြုံးမျက်နှာကြီးမှာ ငိုနေသည်ထက်ပင် ရုပ်ဆိုးနေလေ၏။

“အရင်တစ်ခေါက်က မင်းရလိုက်တဲ့ “လက်ရာမြောက် နီလာကျောက် သုံးချောင်းထောက်စင်” ကြောင့် ကျုပ်မှာ လဝက်လုံးလုံး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာ”

ဝိညာဉ်နတ်မိမယ်လေးက ခပ်ရေးရေးလေး ပြုံးပြလိုက်သည်။ ထိုအခိုက် ပုရိသများမှာ ငေးမောမှင်သက်သွားကြလေ၏။

“သူဌေးစုန့်ဆီမှာ အရည်အသွေးကောင်းတဲ့ ဝိညာဉ်သတ္တုရိုင်းတုံး တစ်သုတ် ထပ်ရောက်နေတယ် ကြားလို့လေ… အဲ့ဒါလေးတွေကို ကြည့်ရအောင် တကူးတက လာခဲ့တာ…

ဆိုင်မပိတ်ဘူးဆိုမှတော့ အရောင်းအဝယ်လုပ်လို့ ရရမှာပေါ့… ဘာလဲ… သူဌေးစုန့်က ကျွန်မကို မကြိုဆိုဘူးလား”

“အမလေး မဟုတ်တာ… မကြိုဆိုဘဲ နေရဲပါ့မလားဗျာ။ နတ်မိမယ်လေး ကျူပ်ကို သနားညှာတာပေးဖို့ပဲ မျှော်လင့်မိတာပါ”

သူဌေးစုန့်က ချွေးစေးများကို သုတ်လိုက်သည်။ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲတွင် ဝိညာဉ်နတ်မိမယ်လေးကို အပြစ်ပြုရဲသည့်သူဆိုလို့ လူနည်းစုသာ ရှိသည်။

ဝိညာဉ်နတ်မိမယ်လေးကို သူ့ဆိုင်ထဲ အဝင်မခံဘဲ နေကြည့်လိုက်ပါလား… သူမအား တမ်းတမ်းစွဲနေသည့် ထိုပရိသတ်များက သူ့ဆိုင်ဝင်ပေါက်ဝကို လာပိတ်ကြပေလိမ့်မည်။

ဝိညာဉ်နတ်မိမယ်လေးက ကောင်းကင်ဝိညာဉ်ပြခန်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားလိုက်သည်။ သူမ၏ မျက်လုံးများကတော့ ဝိညာဉ်သတ္တုရိုင်းတုံးများနှင့် ပြည့်နေသည့် အရောင်းစင်များအား အကဲခတ်နေလေသည်။

သူမ၏ မျက်လုံးတွေက ရွှေရောင်အလင်းတစ်ခုနှင့်အတူ ရေးရေးလေး တောက်ပနေသည်။

ရုတ်တရက် အံ့သြရေရွတ်သံများကို လူအုပ်ကြီးထဲမှ ကြားလိုက်ရသည်။

“ရွှေရောင်လက်နေတဲ့ မျက်လုံးတွေ… မဟုတ်မှလွဲရော် ဒါက “သတ္တုရိုင်း ထိုးထွင်းသိမျက်လုံး” ဆိုတဲ့ ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူတွေရဲ့ အထွတ်အထိတ် နတ်ပညာရပ်များလား”

“ပြောကြတာတော့ သတ္တုရိုင်း ထိုးထွင်းသိမျက်လုံးကျင့်စဉ်ကို ကျွမ်းကျင်တတ်မြောက်သွားရင် သတ္တုရိုင်းတုံးတွေကို ကြည့်ရတာက ကောင်းကင်ကြီး ကြည်ပြာနေသလိုမျိုးကို ကြည်လင်သွားတယ်ဆိုပဲ။ ဘာအတားအဆီးမှ မရှိတော့ဘဲ သတ္တုရိုင်းတုံးတွေထဲကို ဖောက်မြင်နိုင်သွားရော်တဲ့။ ပြိုင်ဖက်ကင်း ပညာရပ်လို့တောင် ပြောရမယ်”

“အဲ့လိုမျိုး နတ်ပညာရပ်ကို (၁၆)နှစ်ပဲ ရှိသေးတဲ့အချိန်မှာ သင်ယူနိုင်တာ… တကယ့်ကို ဝိညာဉ်နတ်မိမယ်လေးလို့ ခေါ်ယူထိုက်ပါပေတယ်”

လူအုပ်ကြီး ပြောဆိုနေကြသည်ကို နားထောင်ပြီးသွားသည့်နောက် ရှန်ထျန်းကို ကြည့်ရသည်မှာ အတွေးနက်နေဟန်ရှိသည်။

ဝိညာဉ်နတ်မိမယ်လေးက သတ္တုရိုင်းတုံးတွေကို ရွေးဖို့ သူမအစွမ်းကို သုံးတဲ့အတွက်ကြောင့်များလား… သူမက တခြားလူတွေလိုမျိုး ကံအပေါ် မူတည်နေတာ မဟုတ်ဘူး… ဒါကြောင့်မို့လို့ ငါက သူမရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို မမြင်နိုင်တာလား…

ဒါပေမဲ့ ဒီအဖြေကြီးကလည်း အတင်း တွေးယူနေသလိုမျိုးကြီးရယ်…

ရှန်ထျန်းက သင်္ကာမကင်းသလို ခံစားရသဖြင့် ဝိညာဉ်နတ်မိမယ်လေးကိုသာ တစိုက်မတ်မတ် စိုက်ကြည့်နေလိုက်သည်။

သူမကတော့ ကောင်းကင်ဝိညာဉ်ပြခန်းမှ သူမလိုချင်သည့် ဝိညာဉ်သတ္တုရိုင်းတုံးကို ရှာတွေ့သွားလေပြီ။

“ကျွန်မ ရွေးပြီးသွားပြီ… ဒီတစ်ခုပဲ”

ထိုသတ္တုရိုင်းတုံးမှာ လူခေါင်းလောက် ကြီးသည်။ မီးခိုးမည်းရောင်ဖြစ်ကာ လုံးဝမွဲခြောက်နေပြီး သတိထားမိချင်စရာပင် မရှိပေ။ ထိုသတ္တုရိုင်းတုံးကို စင်ပေါ်တွင်ပင် တင်မထားချေ။

သူ့ရှေ့မှ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး (၁၅)တုံး ဟူ၍ ဖြစ်သည်။ ငွေစအဖြစ် ပြောင်းလိုက်လျှင် ငွေစ တစ်သောင်းငါးထောင်သာ ရှိသည်။ အရမ်းအရမ်းကို ဈေးချို၏။

“ဒါ…”

ဝိညာဉ်နတ်မိမယ်လေးက ဆုံးဖြတ်ချက်ချပြီးသွားတာကိုလည်း မြင်ရော် သူဌေးစုန့်တစ်ယောက် ထိတ်လန့်သွားပါလေရော…

အတုံး အကြီးကြီး ရွေးထားတာပါလား…

သူ့အတွက် ကံဆိုးသွားသည်မှာ ဝိညာဉ်နတ်မိမယ်လေးက သူမ၏ ပိုက်ဆံအိတ်ထဲမှ ဝိညာဉ်ကျောက်တုံး (၁၅)တုံးကို ထုတ်ပြီး ငွေရှင်းခုံပေါ်သို့ တင်ပြီးသွားလေပြီ။

သူမက နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

“ရွေးပြီးတော့ ငွေချေပြီးသွားတာနဲ့ ကျွန်မအပိုင် ဖြစ်သွားပြီ။ ကျွန်မဘာသာ အမြတ်ပဲထွက်ထွက်… အရှုံးပဲပေါ်ပေါ်…ပြန်အမ်းလို့မရတော့ဘူး။ သူဌေးစုန့်… ရှင် ကတိဖျက်လို့တော့ မရဘူးနော်”

“ကောင်းပါပြီဗျာ…”

ဒီတစ်ကြိမ်လည်း သူ အရှုံးပေါ်ဦးမည်ကို ရှောင်လွှဲ၍ မရပြန်မှန်း သိနေသလိုမျိုးနှင့် သူဌေးစုန့်က သက်ပြင်းချလိုက်၏။

“နတ်မိမယ်လေး… မင်းဘာသာ လှီးဖွင့်မလား… ဒါမှမဟုတ် ကျုပ် မင်းကို ကူလှီးဖွင့်ပေးဖို့ လူခေါ်လိုက်ရမလား”

ဝိညာဉ်သတ္တုရိုင်းတုံး အရောင်းဆိုင်များ၌ သတ္တုရိုင်းတုံးများကို လှီးဖြတ်ခြင်းကလည်း လက်မှုပညာရပ် တစ်မျိုးပင်။

ဝိညာဉ်သတ္တုရိုင်းတုံးတစ်ခုကို မှန်မှန်ကန်ကန် လှီးဖြတ်ဖွင့်နိုင်ပြီး အထဲမှ ဝိညာဉ်ချီကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ပါက သူ့ကို အမြင့်ဆုံးဈေးနှုန်းနှင့် ရောင်းချနိုင်လေသည်။

သို့သော် မှားယွင်း လှီးဖြတ်မိသွားပါက အတွင်းရှိ ဝိညာဉ်ကျောက်တုံး အမြုတေကိုပါ ထိခိုက်သွားနိုင်ချေရှိသည်။ ထိုသို့ထိခိုက်သွားပါက ဝိညာဉ်ချီတို့ စိမ့်ထွက်သွားပေလိမ့်မည်။ ဝိညာဉ်ချီများကို အကြာကြီး ထိန်းမထားနိုင်တော့သဖြင့် သူ့တန်ဖိုးမှာလည်း ဟိုးဇောက်ထိုးထိ ကျဆင်းသွားပေလိမ့်မည်။

ထို့ကြောင့် အရောင်းဆိုင်များက ဈေးဝယ်သူများ ဝယ်ယူလိုက်သည့် သတ္တုရိုင်းတုံးများကို ကူညီလှီးဖြတ်ပေးရန်အတွက် ကျွမ်းကျင်သတ္တုရိုင်းဖြတ်သမားများကို ခန့်ထားကြလေသည်။

ထိုကဲ့သို့ ဝန်ဆောင်မှုမျိုးမှာ အလကားတော့ မဟုတ်ချေ။ တန်ဖိုးရှိသည့် ဝိညာဉ်ကျောက်တုံးများ ရရှိခဲ့ပါက သတ္တုရိုင်းတုံးကို လှီးဖြတ်ပေးရသည့် ဝန်ဆောာင်ခအဖြစ် အရောင်းဆိုင်ကို အကျိုးအမြတ်၏ (၁၀)ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

ဒီဝန်ဆောင်ခက အရောင်းဆိုင်များ၏ အဓိက ငွေဝင်ပေါက်တစ်ခုလည်း ဖြစ်နေပြန်သည်။ ဝယ်သူများက ကံကောင်းလျှင် အမြတ်ရနိုင်မည်။ သို့သော် အရောင်းဆိုင်များကတော့ ဘယ်တော့မှ အရှုံးမပေါ်ပေ။

ဝိညာဉ်နတ်မိမယ်လေးက သူမ၏ ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။

“သူဌေးစုန့်… ကျွန်မရဲ့စည်းကမ်းကို ရှင်လည်း သိရဲ့သားနဲ့။ ကျွန်မက ရွေးပဲရွေးတယ်… ဘယ်တော့မှ ကိုယ်တိုင် မလှီးဖြတ်ဘူး”

ဝိညာဉ်နတ်မိမယ်လေးက သူမကိုယ်တိုင် လှီးဖြတ်ဖွင့်ဖို့ အစီအစဉ်မရှိမှန်း ကြားရသောအခါ သူဌေးစုန့်၏ မျက်နှာမှာ ပိုပြီး ဝင်းပသွားလေ၏။

အင်းလေ… ဒီလိုမျိုး သတ္တုရိုင်းတုံးကြီးတွေက အနှေးနဲ့အမြန် သေချာပေါက် ရောင်းထွက်သွားမှာပါပဲ… ဒီတော့ ဘယ်သူ့ကိုပဲ ရောင်းရောင်း အတူတူပဲလေ… ဝိညာဉ်နတ်မိမယ်လေးကို ရောင်းလိုက်ရင် အနည်းဆုံးတော့ ဝန်ဆောင်ခ (၁၀)ရာခိုင်နှုန်းစာ ပြန်ရနိုင်ပါသေးတယ်…

“နတ်မိမယ်လေး… ခဏလောက် စောင့်ပါဗျာ။ မင်းရဲ့သတ္တုရိုင်းတုံးကို ကူညီလှီးဖွင့်ပေးဖို့အတွက် အကောင်းဆုံး သတ္တုရိုင်းတုံးဖြတ်သမားကို ကျုပ် အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်”

သိပ်မကြာခင်မှာပဲ သတ္တုရိုင်းတုံး၏ အပြင်အကာများကို ဂရုတစိုက် ဖယ်ရှားလို့ပြီးသွားလေသည်။ ကျန်နေသေးသည့် သတ္တုရိုင်းတုံးက လက်သီးအရွယ်သို့ ရောက်သွားသည့်အခိုက် အစိမ်းရင့်ရောင် အလင်းတစ်ခုက သတ္တုရိုင်းတုံးကို ဖောက်ထွက်ကာ ရောင်ခြည်ဖြာ လင်းလက်လာလေသည်။

သူ့အရောင်အဆင်းက ကြည့်ရုံနှင့်တင် လူကို စိတ်လက်ပေါ့ပါးသွားစေသည်။

“သူမ လုပ်နိုင်ခဲ့ပြီ… လုပ်နိုင်ခဲ့ပြီဟေ့”

“သူမက တကယ့် ဝိညာဉ်နတ်မိမယ်လေးပါဆို… ဒီဟာက လက်သီးအရွယ် ဝိညာဉ်ကျောက်တုံးရိုင်းပဲ။ အနည်းဆုံးတော့ ဒါကို ဝိညာဉ်ကျောက်တုံး အတုံး တစ်ရာလောက်ရအောင် ဖြတ်ယူနိုင်မှာကွ”

“မင်း ဘာသိလို့လဲ… ဒါ လက်သီးတစ်လုံးလောက် ကြီးတဲ့ ဝိညာဉ်ကျောက်တုံးရိုင်းကွ… အထဲမှာ ဝိညာဉ် သလင်းကျောက်တွေတောင် ရှိရင်ရှိနေမှာ”

“အထဲမှာ တကယ်ပဲ ဝိညာဉ်သလင်းကျောက်တွေ ရှိနေခဲ့ရင် တစ်တုံးဆိုရင်တောင် ဝိညာဉ်ကျောက်တုံး အတုံး တစ်ထောင်လောက် တန်နေပြီ”

“မနာလိုလိုက်တာဟယ်”

……………………

နောက်ဆုံးမှာတော့ သတ္တုရိုင်းတုံး၏ အပြင်ခွံကို အကုန်ဖယ်ပြီးသွားလေပြီ။ ကျောက်စိမ်းလေးလို ကြည်လင်နေသည့် အစိမ်းရင့်ရောင် ဝိညာဉ်ကျောက်တုံးရိုင်းတစ်ခုက အားလုံးရှေ့၌ ပေါ်လာသည်။

ဝိညာဉ်ကျောက်တုံးရိုင်း၏ အလယ်တည့်တည့်၌ အစိမ်းရောင် ပဲစေ့အရွယ် သလင်းကျောက်လေးဆီမှ အလင်းရောင် ခပ်ရေးရေးလေးတစ်ခုကို မြင်နိုင်လေသည်။

“ဝိညာဉ်သလင်းကျောက်ပဲ… တကယ်ကြီး ဝိညာဉ်သလင်းကျောက်တွေ ထွက်လာတာဟ”

ဆိုင်သူဌေးစုန့်က မျက်နှာအိုကြီးနှင့် “ကြည့်ရတာ ဝိညာဉ်ကျောက်တုံးရိုင်းထဲကနေ ဝိညာဉ်သလင်းကျောက်တွေ ထွက်လာပုံပဲ… ဈေးနှုန်းကတော့ ဝိညာဉ်ကျောက်တုံး အတုံး (၈၀၀)ကနေ (၁၂၀၀)အတွင်းလို့ ခန့်မှန်းထားတယ်”

ဝိညာဉ်နတ်မိမယ်လေးက ပြုံးပြီး ပြောလိုက်သည်။

“ဒါဆို ကျွန်မ ဝိညာဉ်ကျောက်တုံး အတုံး (၈၀၀)လို့ပဲ သတ်မှတ်လိုက်ပါ့မယ်။ ပြီးတော့… သူဌေးစုန့်ဆီမှာ ရောင်းမယ်လေ”

သူဌေးစုန့်၏ မျက်နှာက ချက်ချင်းဆိုသလို ဝမ်းသာမှုအပြည့် ဖြစ်သွားသည်။

“ဒီလိုဆိုမှတော့ ကျုပ် နတ်မိမယ်လေးဆီကနေ ဝန်ဆောင်ခ မယူတော့ပါဘူးဗျာ။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး… ကျုပ် ဝိညာဉ်ကျောက်တုံးတွေ သွားယူလိုက်ဦးမယ်”

“ဒါမှ ဝိညာဉ်နတ်မိမယ်လေးဗျ… တကယ့်ကို စေတနာကောင်းလွန်းပါပေတယ်”

“သူဌေးစုန့်… ခင်ဗျား ကျေနပ်လိုက်တော့။ ဝိညာဉ်နတ်မိမယ်လေးကို သတ္တုရိုင်းတုံးတွေ ရွေးခိုင်းလိုက်ရင် ခင်ဗျားလည်း ဝိညာဉ်ကျောက်တုံး အတုံး (၄၀၀-၅၀၀)လောက်ပဲ ရမှာဗျ”

“ဟုတ်ပ… ကျုပ်ရဲ့ဝိညာဉ်နတ်မိမယ်လေးကပဲ ဒီလောက် သဘောကောင်းပြီး ဒီလောက် ရက်ရောနိုင်တာ။ တခြားသူတွေသာဆို သူတို့က ခင်ဗျားကို ဝိညာဉ်ကျောက်တုံး တစ်ခြမ်းတောင် အယူခံမှာမဟုတ်ဘူး”

“မင်း ဘာစကားပြောလိုက်တယ်… မင်းရဲ့ဝိညာဉ်နတ်မိမယ်လေး ဟုတ်လား… မဟုတ်မဟတ် လျှောက်မပြောနဲ့ကွ”

“ဘာလဲ… ဘာလာကြည့်တာလဲ… ရန်လာစတာလားကွ”

…………………

အခြေအနေတွေက တဖြည်းဖြည်းနှင့် ပိုပိုပြီး တင်းမာလာသည်။ သို့သော်… ဝိညာဉ်နတ်မိမယ်လေးကတော့ တည်ငြိမ်မြဲ တည်ငြိမ်ဆဲသာ။ ရာချီသည့် ဝိညာဉ်ကျောက်တုံးများကို ရရှိသည့်အဖြစ်က သူမအပေါ် ဘာသက်ရောက်မှုမှ ရှိပုံမပေါ်ချေ။

သူမက နတ်မိမယ်တစ်ပါးအလား သီးခြားဆန်နေသည်။

“သူဌေးစုန့်က စီးပွားရေးလုပ်တဲ့နေရာမှာ အရမ်းရက်ရောတာပဲ။ ကျွန်မ နောက်တစ်ခါလည်း ထပ်လာဦးမယ်နော်”

သူဌေးစုန့်၏ မျက်နှာကြီး တစ်ခါ ထပ်မည်းသွားပြန်တာကို မြင်သောအခါ ဝိညာဉ်နတ်မိမယ်လေးက ပါးစပ်ကလေးကို အုပ်၍ အသာပြုံးလိုက်သည်။

“ပြီးတော့… ဒီတစ်ခေါက် သူဌေးစုန့်ဝယ်လာတဲ့ သတ္တုရိုင်းတုံးတွေထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပါတယ်ရှင့်”

ဝိညာဉ်နတ်မိမယ်လေးက အေးအေးဆေးဆေး လှည့်ပြန်သွားလိုက်သည်။

“ကျွန်မ တစ်ရက်ကို သတ္တုရိုင်းတုံးတစ်တုံးပဲ ဖွင့်မယ်လို့ သစ္စာဆိုထားခဲ့ဖူးတယ်… ဒါကြောင့် ဒီနေ့အဖို့ ကျွန်မ နောက်တစ်ခု ထပ်မရွေးတော့ဘူး။

တကယ်လို့များ စိတ်ဝင်စားတဲ့သူ ရှိခဲ့မယ်ဆိုရင် ကံစမ်းကြည့်ပေါ့ရှင်။ ပြောမရဘူး… ကံအပြောင်းအလဲတွေ့ကိန်း အကြီးကြီးကိုတောင် တွေ့ရင်တွေ့နိုင်မှာ”

ဝိညာဉ်နတ်မိမယ်လေး၏အသံ ပျောက်ကွယ်မသွားသေးခင် သူမက အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားနှင့်လေပြီ။

သူမက သူမ၏အင်္ကျီလက်စကို ခါထုတ်လိုက်ကာ သူမနှင့်အတူ ဖုန်တစ်စက်ကိုပင် ယူဆောင်မသွားချေ။

Comment

Leave a Reply

Options

not work with dark mode
Reset