သည်အခိုက်အတန့်၌ ဝမ်လင်းသည် အားလုံး၏အာရုံစိုက်ခံနေရသည့်သူ ဖြစ်နေသည်။ရှန်ကုန်းဟူ၊ကျန်ခုန်လီနှင့်ထျန်ယန်ဖန်၊ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း သူ့ကို ကြည့်နေကြ၏။ထိုမျှမကသေး ကျန်သည့်ကျင့်ကြံသူအားလုံး၏ အကြည့်သည်လည်း ဝမ်လင်းပေါ်တွင်သာ ရှိနေကြ၏။
ထိုသို့ဖြစ်ရခြင်းသည် ဝမ်လင်းက ကောင်းကင်ဘုံဂိတ်တံခါး၏ ပေငါးရာအတွင်းတွင် ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်လေ၏။ပို၍အရေးကြီးသည်က သူသည် လီယွမ်ကို အပြင်သို့ ပို့လွှတ်ပေးနိုင်လိုက်ခြင်းပင်။လီယွမ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ အောင်အောင်မြင်မြင်ထွက်သွားနိုင်သည့် ဦးဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့၏။
ထိုအရာများကြောင့် ဝမ်လင်းသည် ကျင့်ကြံသူအားလုံး၏ အာရုံစိုက်ခံလာရသည်။
ဝမ်လင်းက သူ့နောက်ဆုတ်မည့် လမ်းကြောင်းများအားလုံး ပိတ်ဆို့ထားခြင်း ခံရသည်ကို သတိပြုမိသည့်အခါ သူ့အသွင်က သုန်မှုန်သွားသည်။
ထိုချိပ်ပိတ်ထားမှုက မျက်လုံးဖြင့် မမြင်နိုင်ပေ။သို့သော် သူ့နတ်ဘုရားအာရုံဖြင့် အရပ်မျက်နှာအနှံ့တွင် ထက်ရှသောဓားသွားများ ရှိနေသကဲ့သို့ ခံစားမိနေ၏။ သူက မည်သည့်နေရာသို့သွားသွား ထိုဓားထက်ထက်များ ရှိနေသောနေရာသို့ တိုးဝင်သွားသည်နှင့် မခြားတော့ပေ။
တည်နေရာရွှေ့ပြောင်းခြင်းကိုပင် အသုံးမပြုနိုင် ဖြစ်ရ၏။သူက သည်နေရာတွင်ပင် လုံးဝ ပိတ်မိနေတော့သည်။
ဆံဖြူလူက သူ့ညာလက်ကို ဆန့်ထုတ်ကာ ကုတ်ဆွဲဟန်တစ်ခု ဖြစ်ပေါ်စေလိုက်၏။ ရုတ်တရက် သူက ဝမ်လင်းနောက်တွင် ပေါ်လာကာ ဝမ်လင်း၏နှလုံးသားထံသို့ လက်ဆန့်ထုတ်လိုက်၏။
လေဟာနယ်အက်ကြောင်း ငါးခုက ဝမ်လင်းထံသို့ တဝီဝီတိုးဝင်လာတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ အ အမွေးအမှင်များပါ ထောင်မတ်ကုန်၏။ သည်လို သေရေးရှင်ရေး ခံစားမှု၌ သူက တုံ့ဆိုင်းမနေဘဲ သူ့လက်ညှိုးကို မြှောက်ကာ အော်ပြောလိုက်၏။ “လေ…”
ချက်ချင်းပင် အနက်ရောင်လေက ဝမ်လင်း၏ ညာလက်ပေါ်တွင် ပေါ်လာခဲ့၏။ ၎င်းက ပေါ်လာပြီးသည့်နောက် လောကနှင့် တစ်သားတည်း ပေါင်းစပ်သွားလေ၏။
အနက်ရောင်လေ ပေါ်လာသည့်အခါ ၎င်းသည် ပတ်ဝန်းကျင်ဧရိယာသို့ ချက်ချင်း ပျံ့နှံ့သွား၏။ ဝမ်လင်းသည်လည်း အနက်ရောင်လေထဲ၌ ရှိနေကာ သူက ရုတ်တရက် လှည့်လာ၏။ သူ့မျက်လုံးကလည်း နက်မှောင်လာကာ ဆံပင်များက လေနှင့်အတူ လွင့်မျောနေ၏။ ခုချိန်၌ သူက နတ်ဆိုးတစ်ပါးနှင့် ပို၍ တူနေသည်။
သူ့အကြည့်က ဓားသွားတစ်စင်းအလား တိုးဝင်လာနေသော ဆံဖြူလူအပေါ်သို့ ကျရောက်သွားသည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းရှေ့တွင် အနက်ရောင်လေက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ထိုနဂါးက ပုံရိပ်ယောင်ဆန်ကာ မတည်အငြိမ် ဖြစ်နေသော်လည်း ၎င်းနဂါးက ပေါ်လာသည်နှင့် ဆံဖြူလူထံသို့ ချက်ချင်း တိုးဝင်သွားလေသည်။
ဆံဖြူလူက မှင်တက်သွား၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “လေဆင့်ခေါ်ခြင်းပဲ။မင်းနဲ့ ကောင်းကင်ဘုံ အင်ပါယာပေဖန်က ဘယ်လို ပတ်သက်မှု ရှိတာလဲ…”
ဝမ်လင်းက ပြန်မဖြေပေ။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် မြင့်တက်လာခဲ့သည်။ထို့နောက် အနက်ရောင်လေသည် ဆံဖြူလူထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ လေဟာနယ်အက်ကြောင်းငါးခုသည် တုန်ယင်လာကာ လေနှင့်အတူ လွင့်ပါးသွားတော့၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်နဂါး၏ပါးစပ်ထဲမှ အနက်ရောင်လေက ဆံဖြူလူထံသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။ ပထမဆုံးအကြိမ်အဖြစ် ဆံဖြူလူ၏မျက်လုံးထဲ၌ အလေးအနက်ဖြစ်ဟန် ထွက်ပေါ်လာကာ သူက အနက်ရောင်လေကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်နဂါးကို စူးစိုက်ကြည့်လိုက်၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ “မြေပြိုလဲခြင်း…”
ဆံဖြူလူ၏ ရှေ့၌ ထက်ရှသော စုတ်ပြဲသံများက ပဲ့တင်ထပ်လာကာ အက်ကွဲကြောင်းကြီးတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာခဲ့ကာ ဝမ်လင်းထံသို့ တိုးဝင်သွားလေ၏။
ထိုအက်ကွဲကြောင်းက အလွန်နက်လှကာ လေဟာနယ်ထဲ၌ ပျံ့နှံ့လာ၏။ ၎င်းက ဝမ်လင်းထံသို့ ဦးတည်သွားနေရင်း အနက်ရောင်နဂါးနှင့် ထိပ်တိုက်တွေ့သွားသည်။
ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက သည်လောကတွင် ပြည့်နှက်လာသည်။ဝမ်လင်းပတ်လည်တွင် အနက်ရောင်လေများ မြင့်တက်ထိုးထွက်လာကာ အက်ကွဲကြောင်းကို အားကောင်းစွာ ဖိနှိပ်သည်။
ဝမ်လင်းခန္ဓာကိုယ်က နောက်သို့လည်း မြန်ဆန်စွာ ဆုတ်နေ၏။ သည်အခိုက်အတန့်၌ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။ဝမ်လင်းမျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန်တို့ ဖြစ်ပေါ်လာက သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ညွှန်လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခုက သူ့လက်ထဲကနေ ဟင်းလင်းပြင်လေဟာနယ်ထဲသို့ ထိုးထွက်သွားသည်။
အနက်ရောင်လေက လွင့်ပြယ်သွားကာ ကြီးမားသောအက်ကွဲကြောင်းကလည်း ရှေ့သို့ ဆက်ရွှေ့လာခြင်း မရှိတော့ပေ။ သိပ်မကြာခင်တွင် ဝမ်လင်းထံသို့ တိုးဝင်လာနေသည့် ထိုအက်ကွဲကြောင်းက ပျက်စီး ပျောက်ကွယ်သွားသည်။
ဆံဖြူလူသည် ဆက်လက်၍ နောက်ကနေ ဆက်လိုက်လာနေသည်။သို့သော် သူ့မျက်လုံးများက ဝမ်လင်းပစ်လွှတ်လိုက်သော အနီရောင်အလင်းတန်းကို ကြည့်နေရင်း ကျဉ်းမြောင်းလို့သွားသည်။သူ့ခန္ဓာကိုယ်ကလည်း ဖျတ်ခနဲ ဖြစ်သွားကာ သူက ထိုအနီရောင်အလင်းတန်းကို ဖမ်းလိုက်၏။သူက ၎င်းကို ဖမ်းကိုင်၍ သူ့အနီရောင်မျက်လုံးပေါ်သို့ ဖိနှိပ်လိုက်သည်။
သူက အလွန်မြန်လွန်းလှ၏။ သူက ထိုအနီရောင်အလင်းကို စုဆောင်းပြီးသည့်နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လောကနှင့် ပေါင်းစပ်သွားပြန်သည်။သူက ပြန်ပေါ်လာသည့်အခါတွင် လျင်မြန်စွာ နောက်ဆုတ်နေသော ဝမ်လင်းနောက်သို့ ရောက်နှင့်နေ၏။
ထိုသူ ပေါ်လာသည်နှင့် ဝမ်လင်းက သူ့ပါးစပ်ထဲကနေ သဲမှုန်ကို ထွေးထုတ်လိုက်သည်။ထိုသဲမှုန်က ချက်ချင်းပင် ကြီးမားသည့်အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ဆံဖြူလူကို ရိုက်ချလာသည်။
ဆံဖြူလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကျဆင်းလာသော တံဆိပ်တုံးထံသို့ လက်ဆန့်တန်းလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ထို့နောက် အစိတ်အပိုင်းမြေတံဆိပ်တုံးသည် အောက်သို့ ဆက်လက် ကျဆင်းလာနိုင်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ညာလက်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ ရှေ့သို့ ဖိနှိပ်လိုက်၏။ ထိုအခါ သားရဲအရိုးအမှတ်အသားသည် ချက်ချင်းပင် ဦးချိုလေးခုနှင့် ဧရာမသားရဲအရိုးသို့ ပြောင်းလဲသွားသည်။၎င်းက တစ္ဆေအလင်းကို ပေးစွမ်းကာ မကောင်းဆိုးဝါးအော်ရာသည် ဆံဖြူလူထံသို့ တိုးဝင်သွားသည်။
“အရှင်အပူအပင်မဲ့ရဲ့ ခြောက်သွေ့တာအိုတစ်စုံ…” ဆံဖြူလူ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
သားရဲအရိုး၏ မျက်လုံးကနေ တစ္ဆေအလင်းကို ထုတ်လွှတ်လာကာ မကောင်းဆိုးဝါးအော်ရာသည် အဖြူရောင်ဆံပင်နှင့်လူ၏ ခြေထောက်အောက်တွင် မီးခိုးရောင်မြူတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ၎င်းက လျင်မြန်စွာ ပျံ့နှံ့လာ၏။ ဆံဖြူလူက ညစ်ကျယ်ကျယ်ပြုံးကာ ရှေ့သို့ ကြမ်းတမ်းစွာ ဆောင့်နင်းလိုက်၏။ထိုအခါ မီးခိုးရောင်မြူများသည် ချက်ချင်း ပျက်စီးသွားလေသည်။
“မင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ချီကျင့်ကြံသူပဲ…” ဆံဖြူလူ၏ မျက်လုံးများသည် နီရဲနေ၏။ ခြေတစ်လှမ်းဖြင့်ပင် သူက ဝမ်လင်းထံသို့ တိုးဝင်သွားခဲ့သည်။
ဝမ်လင်းက သူ့ဦးတည်ရာကို ချက်ချင်းပြောင်းကာ နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူကာ သူ့နောက်သို့ ခုတ်ပိုင်းချလိုက်သည်။
ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်းဓားချက်သည် မြန်ဆန်စွာ ပေါ်ပေါက်လာ၏။ ဟင်းလင်းပြင်သည် ပွင့်ထွက်သွားသည်ဟု ထင်မှတ်ရကာ ဆံဖြူလူ၏အသွင်သည်လည်း နောက်တစ်ဖန် ပြောင်းလဲသွားလေသည်။
“ဒါက….မိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံဓားနည်းစနစ်ပဲ…” ဆံဖြူလူက မျက်မှောင်ကြုတ်သွား၏။သူက ညာလက်ကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်းဓားချက်ကို ချက်ချင်း ပျက်စီးစေလိုက်သည်။
ဝမ်လင်းအသွင်က သုန်မှုန်နေ၏။ သူက နောက်သို့ ဆက်၍ ဆုတ်နေသည်။ဆံဖြူလူက နှာခေါင်းရှုံ့ကာ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။ ထိုအခါ သူသည် ဝမ်လင်း၏ နောက်သို့ ရောက်သွားပြန်ကာ ဝမ်လင်းထံသို့ သူ့လက်ဖြင့် ကုတ်ဆွဲလိုက်၏။
ဝမ်လင်း၏ မျက်လုံးက သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာကာ သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ သွေးဘိုးဘေး၏သွေးခန္ဓာကိုယ်တစ်ဝက်သည် သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။သူက သူ့ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအင်များစွာကို ရှိုက်သွင်းလိုက်၏။ သူ့ဒွာရပေါက်များကနေ မူလစွမ်းအင်သည် ထိုးထွက်လာပြီး နောက်ထပ် ဝဲကတော့တစ်ခုကို ဖန်တီးပစ်သည်။
“ပေါက်ကွဲစမ်း…” သူက ထိုသို့ ပြောလိုက်ရင်း ဝမ်လင်းရှေ့ရှိ ဝဲကတော့သည် ပေါက်ကွဲထွက်သွားကာ ပြင်းထန်သောဖိသိပ်အားကို ဖြစ်ပေါ်စေသည်။ဆံဖြူလူက အနည်းငယ် တုံ့သွား၏။
ထိုအခွင့်အရေးကို အသုံးပြုကာ ဝမ်လင်းသည် နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။သူ၏ညာလက်ဖြင့် သွေးခန္ဓာကိုယ်တစ်ဝက်ကို ဆုပ်ကိုင်ကာ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှုတို့ ပြည့်လာသည်။ဆံဖြူလူက သန်မာလွန်းလှ၏။ဝမ်လင်း၏ မန္တန်နှင့် လက်နက်ရတနာများသည် မည်သည့်သက်ရောက်မှုမှ မရှိနေတော့ပေ။ သူက ဘယ်လက်ညှိုးဖြင့် ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောလိုက်သည်။ “လေ…”
သူ့ညာလက်ဖြင့် စုပ်ယူထားသည့် မူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားကာ သူ့ဘယ်လက်ရှိ ချိပ်တံဆိပ်ကို ဖြတ်သန်းသွား၏။ထိုအခါ အရင်ထက် ပိုပြင်းထန်သည့် အနက်ရောင်လေသည် နောက်တစ်ဖန် ပေါ်လာခဲ့တော့သည်။
“မလုံလောက်သေးဘူး..” ဝမ်လင်းက အနက်ရောင်လေထဲ၌ နောက်သို့ ဆုတ်နေရင်း သူ့ညာလက်ဖြင့် သွေးခန္ဓာကိုယ်တစ်ဝက်ကနေ မူလစွမ်းအင်များကို ဆက်လက် စုပ်ယူနေ၏။ သွေးခန္ဓာကိုယ်သည် ကျုံ့လာခဲ့ကာ ၎င်း၏ မူလစွမ်းအင်များသည် ဝမ်လင်း၏ အရူးအမူး စုပ်ယူခြင်းကို ခံနေရ၏။
သူ့ပတ်လည်ရှိ အနက်ရောင်လေများသည် များစွာ ပိုကြီးထွားလာ၏ သည်အခိုက်အတန့်၌ လောကသည် အနက်ရောင်နှင့်သာ ပြည့်နေသည်ဟု ထင်မှတ်ရ၏။ ဝမ်လင်းမျက်လုံးက နီရဲနေကာ သူက အော်ပြောလိုက်ပြန်သည်။ “လေဆင့်ခေါ်ခြင်း…”
သူ့အသံက အနက်ရောင်လေထဲကနေ ထိုးထွက်လာခဲ့သည်။အနက်ရောင်လေက ရုတ်တရက် အနက်ရောင်နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနဂါးနှစ်ကောင်က လွန်စွာကြမ်းကြုတ်လှသည်။၎င်းတိုသည် ဆံဖြူလူကို ဝန်းရံထားကာ ၎င်းတို့၏ ပါးစပ်ထဲကနေ အေးစက်စက်လေပြင်းများအား မှုတ်ထုတ်နေသည်။
ဆံဖြူလူ၏ခန္ဓာကိုယ်သည် လေအေးကြောင့် လွင့်စဉ်သွားကာ တုန်ယင်သွား၏။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့ ပြည့်လာခဲ့လေသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက စိတ်ထဲကနေ ကြုံးဝါးလိုက်၏။ “မလုံလောက်သေးဘူး။ ဆက်စုပ်ယူစမ်း…” ဝမ်လင်းလက်ထဲရှိ သွေးခန္ဓာကိုယ်တစ်ဝက်သည် ချက်ချင်းကျုံ့သွား၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံများပါ ထွက်ပေါ်လာခဲ့သည်။သူက သည်လောက်များပြားသည် မူလစွမ်းအင်ပမာဏကို တောင့်မခံနိုင်ပေ။
ဝမ်လင်း၏ဒွာရပေါက်များထဲကနေ အနက်ရောင်လေက ပေါက်ကွဲထွက်လာခဲ့၏။ ချက်ချင်းပင် အနက်ရောင်လေကနေ နောက်ထပ် အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနဂါသုံးကောင်သည် ဆံဖြူလူကို ချက်ချင်း ပိတ်ဆို့ကာ အေးစက်စက်လေပြင်းများကို ထုတ်လွှတ်လို့နေ၏။
ဆံဖြူလူက မည်သို့ရှောင်ရှောင် ထိုအနက်ရောင်နဂါးသုံးကောင်သည် သူ့အား ဝန်းရံလို့ထားသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်လာနေ၏။ သည်အနက်ရောင်နဂါးများက ဆံဖြူလူကို ဝန်းရံထားသည်ကို အခွင့်ကောင်းယူကာ ဝမ်လင်းသည် သူ့လက်ထဲရှိ သွေးခန္ဓာကိုယ်ကို ဆံဖြူလူထံသို့ ပစ်လွှတ်လိုက်၏။
ထိုသွေးခန္ဓာကိုယ် နီးကပ်သွားသည့်အခါတွင် ဝမ်လင်းသည် အော်ပြောလိုက်၏။ “ပေါက်ကွဲလိုက်စမ်း…”
ထိုသွေးခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။ထိုအခါ အံ့မခန်းအားတစ်ခု ဖြစ်ပေါ်လာလေ၏။ အနက်ရောင်နဂါးသုံးကောင်နှင် သွေးခန္ဓာကိုယ်တို့၏ ပေါက်ကွဲမှုအောက်တွင် ဟင်းလင်းပြင်တစ်ခုလုံးသည် စတင်တုန်ခါလာသည်။ လေဟာနယ်ပင် စတင်ပျက်စီးလာခဲ့တော့၏။
ဝမ်လင်းက နောက်သို့ အမြန်ဆုတ်ရင်း သူ့ရတနာများကို သိမ်းဆည်းလိုက်၏။ သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာကာ သူက လောကနှင့်တစ်သားတည်း ပေါင်းစပ်မည့်ဟန် ပြင်သည်။
သူနှင့်ဆံဖြူလူတို့၏ တိုက်ပွဲက သိပ်မကြာလိုက်ပေ။ သို့သော် သည်တိုက်ပွဲက အလွန်ကြမ်းတမ်းကာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။နောက်ဆုံးအနက်ရောင်နဂါးသုံးကောင်နှင့် သွေးခန္ဓာကိုယ်တို့ကို ပေါက်ကွဲစေလိုက်ခြင်းက တိုက်ပွဲ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပေပြီ။
ပတ်ဝန်းကျင်ရှိ ဝမ်လင်းတို့ တိုက်ပွဲကို ကြည့်နေကြသော ကျင့်ကြံသူများသည် နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ သူတို့၏ နှလုံးသားသည် ကြီးစွာ တုန်ယင်နေသည်။ဝမ်လင်း၏ ပုံရိပ်သည် သူတို့၏စိတ်ထဲ၌ စွဲထင်သွားခဲ့လေပြီ။
ရှန်းကုန်ဟူ၏မျက်လုံးက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေ၏။သူက ဝမ်လင်းနောက်ဆုတ်နေသည်ကို ကြည့်နေရင်း ဝမ်လင်းအပေါ်လေးစားမှုကလည်း ပိုလာခဲ့၏။
ကျန်ခုန်လီကလည်း သည်တိုက်ပွဲကို သေချာ ကြည့်ရှုနေ၏။
ထျန်ယန်ဖန်၏ အသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။ဝမ်လင်းကို ကြည့်နေသော သူ့အကြည့်ထဲ၌ ကြောက်ရွံ့မှုတို့ ပါဝင်လာခဲ့သည်။ထိုအနက်ရောင်လေက သူစိတ်ကူးနိုင်သည်ထက် ပိုနေပေ၏။
“အတိတ်တုန်းက ငါက သူနဲ့ မတိုက်ခိုက်ခဲ့တာ ကံကောင်းတာပဲ။ မဟုတ်ရင် ဒီအနက်ရောင်လေနဲ့ဆိုရင်…” ထျန်ယန်ဖန်၏အသွင်က သုန်မှုန်နေ၏။ သူက ဆက်၍ မတွေးတော့ပေ။
“ဒီလူက သန်မာလွန်းတယ်။သူ့ကို အသေသတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ငါက မြန်မြန် ထွက်သွားမှ ရမယ်…” ဝမ်လင်း၏ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပိုပေါ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူက လောကနှင့်တစ်သားတည်း ပေါင်းစပ်လာခဲ့သည်။ သူက နောက်သို့ ခြေတစ်လှမ်းလှမ်းလိုက်ရင်း သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် လောကနှင့်ပေါင်းစပ်ခြင်းကို နှောင့်ယှက်ခံလိုက်ရသည်။သူ့ခန္ဓာကိုယ်က ပျောက်ကွယ်နေရာကနေ ရပ်တန့်လို့သွား၏။
“ငါနဲ့ကံစပ်တဲ့ကောင်လေး…ထွက်သွားဖို့ အလျင်မလိုပါနဲ့။ငါက ဒီနေရာကို ခုချိန်မှာ ရောက်မလာနိုင်သေးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငှားခွင့်ပြုချေ…” ရှေးဟောင်းအသံတစ်သံက ဝမ်လင်းစိတ်ထဲ၌ ချက်ခြင်း ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ရှိ လေဟာနယ်ထဲကနေ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရ၏။ ချက်ချင်းပင် မက ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်၏ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုစွမ်းအားအောက်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ချက်ချင်း ဖိနှိပ်ခြင်း ခံလိုက်ရကာ နောက်ထပ်အားကောင်းသော မူလစိတ်ဝိညာဉ်တစ်ခု စတင် ဖြစ်ပေါ်လာခဲ့၏။မျက်စိတစ်မှိတ်အတွင်း နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်။
ထိုမူလစိတ်ဝိညာဉ်၏ ပုံပန်းအသွင်က သူ့ရှိကနေ မိုးကြိုးသားရဲကို ငှားယမ်းသွားသော လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအို၏အသွင်နှင့် အတူတူပင် ဖြစ်နေသည်။ ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်သွားသည်။
ချက်ခြင်းပင် ဝမ်လင်းသည် လုံးဝ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို အဘိုးအိုက ထိန်းချုပ်ထားသည်ကို အပြင်မှ ကြည့်နေရသကဲ့သို့ ဖြစ်နေ၏။
သည်အခိုက်အတန့်၌ လေဟာနယ်က ပျက်စီးသွားသောနေရာ၌ လုံးဝနက်မှောင်နေသော ရုပ်တုတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုရုပ်တုထံကနေ အက်ကွဲသံလှိုင်းများ ထွက်ပေါ်လာကာ လက်တစ်ဖက်သည် ရုပ်တုထဲကနေ ထွက်လာ၏။ထို့နောက် အနက်ရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် လှမ်းလျှောက်ထွက်လာလေ၏။
ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အမာရွတ်မှ ရှိမနေတော့ပေ။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေသည်။
“ပေဖန်ရဲ့ကောင်းကင်ဘုံမန္တန်၊ ချင်ရှောင်ရဲ့ ကောင်းကင်ဘုံဓား၊ အရှင်အပူအပင်မဲ့ရဲ့ရတနာ၊ ကောင်းကင်ဘုံသခင်အဆင့်ကို ယှဉ်နိုင်တဲ့ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခု….။ ငါက ပြန်နိုးထလာကတည်းက ငါတွေ့ခဲ့ရသမျှထဲမှာ မင်းက အားအကောင်းဆုံး ချီကျင့်ကြံသူပဲ။ မင်းက မင်းနာမည်ကို ပြောဖို့ အရည်အချင်းပြည့်မီတယ်…”
ထိုလူ၏ ပုံပန်းသွင်ပြင်သည် စောနပိုင်းက ဆံဖြူလူနှင့်အတူတူပင်။ သို့သော် သူက ပို၍ ငယ်ရွယ်သွားသည့်ပုံပင်။ သက်လတ်ပိုင်းလူကြီးက စကားပြောနေရင်း သူ့ညာလက်ကို ရုပ်တုပေါ်သို့ ရိုက်ချလိုက်သည်။ထိုရုပ်တုသည် အရည်ပျော်သွားကာ အနက်ရောင် လှံတစ်ချောင်းအသွင် ဖြစ်ပေါ်ကာ သူက ဆွဲကိုင်ထားလိုက်၏။
“အဓိပ္ပာယ်မရှိလိုက်တာ၊ မင်းက ကောင်းကင်ဘုံသားတစ်ယောက် မဟုတ်ဘူးလား…။မင်းက ကောင်းကင်ဘုံ ဗိုလ်ချုပ်တစ်ယောက်ပဲ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကောင်းကင်ဘုံ အရှင်သခင်တွေကို နာမည်ခေါ်စရာ မလိုဘူး…”
ဝမ်လင်းက ရှေးဟောင်းအသံနှင့် ပြောလိုက်သော သူ့ခန္ဓာကိုယ်ကို ကြည့်နေ၏။ သို့ရာတွင် သူက သည်စကားလုံးများထဲ၌ ယုံကြည်မှုကင်းမဲ့နေဟန် ရှိသည်ဟု ခပ်ရေးရေး ခံစားမိလေ၏။
သူ့ခန္ဓာကိုယ်က စကားပြောနေရင်းဖြင့် သူ့ခန္ဓာကိုယ်သည် ရှေ့သို့ တိုးကာ ညာလက်ဖြင့် အောက်သို့ ဖိချလိုက်၏။ ဟင်းလင်းပြင်တစ်ခုလုံးသည် ရွေ့လျားလာကာ အဖြူရောင်အခိုးအငွေ့များက မြန်ဆန်စွာ စုဝေးလာကြတော့သည်။သိပ်မကြာခင်တွင် ၎င်းက လက်သီးစုပ်အရွယ် အဖြူရောင်အလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သက်လတ်ပိုင်းလူထံသို့ တိုးဝင်သွားသည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို စုစည်းနိုင်တယ်….မင်းက ဘယ်သူလဲ…”
သက်လတ်ပိုင်းလူက အလေးအနက် ဖြစ်လာခဲ့ကာ သူ့လှံဖြင့် လှံစက်ဝန်းကို ရေးဆွဲလိုက်သည်။ မရေမတွက်နိုင်သောအနီရောင်အလင်းများက ထိုစက်ဝန်းထဲ၌ လာရောက်စုဝေး၏။ ထိုစက်ဝန်းက သိပ်သည်းသွားပြီးနောက် အဖြူရောင်အလင်းလုံးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
***