သည်မြင်ကွင်းသည် ကျင့်ကြံသူအားလုံး၏ အမူအရာကို အကြီးအကျယ်ပြောင်းလဲသွားစေသည်။အဖြူရောင်ဆံပင်နှင့်လူ ပေါ်လာသည်နှင့် သူက ကျင့်ကြံသူဆယ်ယောက်ကျော်ကို သေဆုံးစေခဲ့သည်။ထို့အပြင် သူသည် သူတို့၏အသွေးအသားများနှင့်မူလစိတ်ဝိညာဉ်ကိုပါ ဝါးမြိုပစ်ခဲ့သေးသည်။
သည်တုန်လှုပ်ဖွယ်မြင်ကွင်းက လူတိုင်းကို လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေသည်။
ထိုထူးဆန်းသောလူတစ်ယောက်သည် ကောင်းကင်ဘုံဂိတ်ပေါက်ထံသို့ ဦးတည်သွားနေသည်ကို မြင်သူကမျှ မတားဆီးဝံ့ကြပေ။သည်အခိုက်အတန့်၌ ကောင်းကင်ဘုံဂိတ်ပေါက် အနီးအနားရှိ ကျင့်ကြံသူများကြားမှ သတ်လတ်ပိုင်းလူကြီးတစ်ယောက်သည် ပျံသန်းထွက်လာသည်။သူ့မျက်လုံးများက လျှပ်စီးအလားတောက်ပနေကာ ပုံယောင်ယောင်ယင်အဆင့်တွင် ရှိသူ ဖြစ်၏။သူက သိုလှောင်အိတ်ထဲကနေ ဓားဆယ့်သုံးလက်ကို ပျံသန်းထွက်လာစေလိုက်သည်။
လက်ညှိုးတစ်ချက်ဖြင့်ပင် ထိုဓားများအားလုံးသည် ထူးဆန်းသောဆံဖြူလူထံသို တဟုန်ထိုး တိုးဝင်သွားကြ၏။
ရောင်းရင်းကျင့်ကြံသူတို့…ကျေးဇူးပြုပြီး ဒီလူ့ကို ဂိတ်ပေါက်မရောက်ခင် ရပ်တန့်အောင် လုပ်ကြပါ။ မဟုတ်ရင် ငါတို့အားလုံး ဘယ်သူ့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး…”
ထိုသက်လတ်ပိုင်းလူကြီး၏နောက်တွင် ကျင့်ကြံသူတော်တော်များများက အံတင်းတင်းကြိတ်မိလိုက်ကြ၏။ သူတို့အားလုံးသည် သူတို့၏ရတနာများကို ထုတ်ယူကာ ရှေ့သို့ ထိုးထွက်လာကြသည်။
ထူးဆန်းသောဆံဖြူလူသည် လှောင်ရယ်မောကာ သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ကမ္ဘာလောကနှင့် တစ်သားတည်း ပေါင်းစပ်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။သူက ပြန်ပေါ်လာသည့်အခါတွင် အနီရောင်မိုးကြိုးတန်းကြီး ကောင်းကင်ထက်ကနေ ဆင်းသက်နေသည့် ကောင်းကင်ဘုံဂိတ်ပေါက်နားသို့ ရောက်နေခဲ့လေပြီ။
သူပေါ်လာသည်နှင့် သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ထိုအနီရောင်မိုးကြိုးကို ရိုက်ချလိုက်သည်။ ပြင်းထန်သောတုန်ဟီးသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေ….ပိတ်စမ်း…” ခပ်ရှရှအသံက အေးစိမ့်သည့်လေပြင်းကဲ့သို့ သူ့ပတ်လည်ရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားလေသည်။
ထိုအနီရောင်မိုးကြိုးတန်းကြီးသည် မြန်ဆန်စွာ စတင် ကျုံ့လာခဲ့သည်။
ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် စတင်တုန့်ပြန်လာကြသည်။သူတို့အားလုံးသည် အမျိုးမျိုးသောရတနာလက်နက်များကို ထုတ်ယူကာ ထိုထူးဆန်းသောလူထံသို့ တိုးဝင်သွားကြသည်။ သူတို့ကြားတွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက် ပါဝင်ပေ၏။ သူတို့အားလုံးသည် ထူးဆန်းသောလူထံသို့ တန်းမတ်စွာ တိုးဝင်သွားသည်။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပိတ်ဆို့တော့မယ်။ မင်းတို့အားလုံးက ငါ့အစာပဲ…”
ထူးဆန်းသောဆံဖြူလူ၏ မျက်လုံးထဲ၌ အေးစက်စက်အကြည့်တစ်ခု ထွက်ပေါ်နေသည်။သူက သူ့ထံသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို ကြည့်ပင်မကြည့်ဘဲ ပျောက်ကွယ်သွားသည်။သည့်နောက် သူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အနောက်တွင် ပြန်ပေါ်လာခဲ့သည်။သူ့အမြန်နှုန်းက စိတ်ကူးနိုင်သည်ထက် ပိုလေသည်။
အာဏာတက်ခြင်းအဆင့်အဘိုးအို၏ အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားကာ ကြောက်လန့်သွား၏။ သို့ရာတွင် သူက နောက်လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ ထူးဆန်းသောဆံဖြူလူ၏ လက်သည် သူ့ရင်ဘက်ထိ ဖောက်ထွက်လာခဲ့သည်။အဘိုးအို၏ မူလစိတ်ဝိညာဉ်သည်လည်း တိုက်ရိုက် ချေမွခြင်း ခံလိုက်ရသည်။
အဘိုးအိုသည် သူ့ရင်ဘက်ကမှ တစစီဖြစ်သံကိုပင် ကြားနေရသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ပျက်စီးသွား၏။သည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မူလစိတ်ဝိညာဉ်နှင့်အတူ ထိုလူ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။
နောက်တစ်ကြိမ် သူ ပြန်ပေါ်လာသည့်အခါတွင် သူက အရင်ဆုံးဓားဆယ့်သုံးလက်ဖြင့် တိုက်ခိုက်ခဲ့သည့် သက်လတ်ပိုင်းလူ ရှေ့သို့ ရောက်သွားခဲ့ပြန်သည်။
ထိုသက်လတ်ပိုင်းလူ၏ မျက်နှာသည် ဖြူရောသွားကာ သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ ဆံဖြူလူက အထင်သေးစွာ ရယ်မောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် သွေးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ထိုသက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက် ဝင်ရောက်သွားခဲ့သည်။ ထိုလူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးသည့်နောက် သူသည် သွေးမြူအဖြစ်သို့ ပြောင်းသွားရတော့သည်။
သွေးမြူထဲ၌ ဆံဖြူလူ၏အသွင် ပြန်ဖြစ်ပေါ်လာကာ သူက သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုပစ်လိုက်လေသည်။
သူ့မျက်လုံးက လက်ခနဲဖြစ်သွားကာ သူက ပြုံး၍ ဆိုလိုက်သည်။ “မဆိုးဘူး။ ဒါမှ ချီကျင့်ကြံသူ ဖြစ်တယ်….” သူ့နှုတ်ခမ်းကို သပ်လိုက်ပြီးသည့်နောက် သူက နောက်တစ်ကြိမ် ပြန်ပျောက်ကွယ်သွားပြန်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သည်နေရာကနေ ထွက်ခွာသွားလိုနေသည်မှ ထင်ရှားနေ၏။ ကျင့်ကြံသူများ၏ အရေအတွက်က တိုးလာနေသည်နှင့်အမျှ ဆံဖြူလူသည် ရေထဲက ငါးတစ်ကောင်ကဲ့သို့အလား ဖြစ်နေတော့သည်။သူက မြန်ဆန်၊ရက်စက်လှကာ ချက်ခြင်းလိုလိုပင် လူတစ်ယောက်ကို သတ်ပစ်နိုင်နေသည်။
ထို့အတွက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အတူစုပေါင်း၍ တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။ ကြောက်ရွှံ့မှုက တဖြည်းဖြည်း ကြီးထွားလာကာ ကောင်းကင်ဘုံဂိတ်ပေါက်သည်လည်း မြန်ဆန်စွာ ကျုံ့လာနေရင်း လုံးဝ ပျောက်ကွယ်တော့မတက် ဖြစ်လာနေသည်။
မည်သူက စလိုက်သည်မသိဘဲ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဆံဖြူလူကို တိုက်ခိုက်ရန် လက်လျှော့လိုက်ကြကာ ထိုအစား သူတို့သည် ပြန့်ကျဲ၍ ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ်ပေါက်ထံသို့ နေရာအနှံ့ကနေ တိုးဝင်သွားကြလေသည်။
ဆံဖြူလူက ညစ်ကျယ်ကျယ် ပြုံး၍ ကျင့်ကြံသူ အနည်းငယ်ကို ဆက်လက်၍ ဝါးမြိုလိုက်သည်။ ထို့နောက် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံမန္တာန်…ကိုယ်ပွား…” ချက်ခြင်းပင် ဆံဖြူလူသည် နှစ်ယောက်၊နှစ်ယောက်ကနေ လေးယောက်အထိ ကွဲထွက်သွားသည်။သည့်နောက် ဆံဖြူလူ (၃၂) ယောက် ဖြစ်သွားသည်။
ကိုယ်ပွားသုံးဆယ့်နှစ်ယောက်သည် တိုးထွက်သွားကာ လောကနှင့်တစ်သားတည်း ဖြစ်သွားသည်။ သူတို့က ပြန်ပေါ်လာသည့်အခါ၌ ကောင်းကင်ဘုံဂိတ်ပေါ်၌ ပေတစ်သောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ တစ်ချိန်တည်းမှာပင် လေထဲ၌ အထိတ်တလန့်အော်ဟစ်သံများ ပြည့်နေတော့သည်။
ပေတစ်သောင်းအတွင်းရှိ ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်သည် ကိုယ်ပွားများ၏ ဖျက်စီးခြင်း ခံရကာ သူတို့၏မူလစိတ်ဝိညာဉ်များသည်လည်း ဝါးမြိုခြင်း ခံလိုက်ရသည်။
ထိုကိုယ်ပွားများအပေါ်၌ သူတို့၏ ခုခံမှုသည်လည်း သက်ရောက်မှု မရှိပေ။ သူတို့က ဘာမှ မလုပ်နိုင်ခင်မှာပင် သေဆုံးသွားခဲ့ကြရပေသည်။
သို့သော်လည်း ပိုမိုများပြားသည့် ကျင့်ကြံသူများက ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး သွားနေကြစမြဲပင်။ တကယ်တော့ ကောင်းကင်ဘုံဂိတ်ပေါက်ကသာ သူတို့၏ ရှင်သန်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း မဟုတ်လား။
“စိတ်ဝင်စားစရာပဲ။ ငါက မင်းတို့ ဂျူနီယာချီကျင့်ကြံသူတွေ ဘယ်လောက်များများ လွတ်မြောက်နိုင်မလဲ တွေ့ချင်မိသေးတယ်…” ဆံဖြူလူက ရယ်မောကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာခဲ့သည်။
ထိုကျင့်ကြံသူ၏ မျက်လုံးက အေးစက်လာကာ သူက သူ့မူလစိတ်ဝိညာဉ်ကို ချက်ခြင်း ကိုယ်တိုင် ဖောက်ခွဲပစ်လိုက်သည်။သူ့မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်တို့သည် မူလစွမ်းအင်အဖြစ်သို့ ပြောင်းသွားကာ ပျက်စီးသွားသည်။ သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်လျှင်ပင် သူ့တွင် ရွေးချယ်မှုတစ်ခု ရှိနေဆဲပင်။သူက သိက္ခာရှိရှိ သေဆုံးရန် ရွေးချယ်ခဲ့ပေသည်။
ထိုအရာက ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်လိုက်ခြင်းပင်။
ထိုကျယ်လောင်သော တုန်ဟီးမှုအောက်တွင် ဆံဖြူလူသည် မျက်မှောင်ကြုတ်သွားသည်။သူက နောက်သို့ ဆုတ်မသွားဘဲ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကို သူ့ပါးစပ်ထဲသို့ ရှိုက်သွင်းလိုက်လေ၏။
“ဒါက ရဲရင့်တဲ့ ချီကျင့်ကြံသူ ဖြစ်တယ်…”
ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံနေရချိန်တွင် ကောင်းကင်ဘုံဂိတ်ပေါက်သည် ပျောက်ကွယ်တော့ မတက်ဖြစ်လာခဲ့သည်။ထိုသတ်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်လာခဲ့တော့၏။ ကျင့်ကြံသူအများစုသည် လွတ်မြောက်နိုင်ရန် အလို့ငှာ အရူးအမူး တိုးဝင်နေကြဆဲပင်။ တကယ်တော့ ကောင်းကင်ဘုံဂိတ်ပေါက်ကသာ တစ်ခုတည်းသောမျှော်လင့်ချက် မဟုတ်လား။
သို့ရာတွင် ဆံဖြူလူ၏ ကိုယ်ပွား(၃၂)ယောက်သည် သည်ပေတစ်သောင်းဧရိယာတွင် လွှမ်းခြုံထားသည်။ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများသာ ဂိတ်ပေါက်နှင့်ပေတစ်ထောင်အကွာသို့ ရောက်ရှိနိုင်ကြသည်။လူတိုင်းသည် ထိုပေတစ်ထောင်အတွင်းသို့ မရောက်ခင်မှာပင် သေဆုံးသွားခဲ့ကြရသည်။
ဂိတ်ပေါက်နှင့်ပေတစ်ထောင်ဧရိယာအတွင်းသို့ တိုးဝင်သွားကြသည့် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများသည်လည်း တူညီသောကံကြမ္မာကို ကြုံလိုက်ကြရသည်သာ။ သူတို့အားလုံးက ဆံဖြူလူ၏ မူလစိတ်ဝိညာဉ်ပေါ်လာသည်နှင့် ချက်ခြင်းဆိုသလို သေဆုံးသွားခဲ့ရပေသည်။
အထင်သေးသော ရယ်သံက ထိုဆံဖြူလူထံကနေ ထွက်ပေါ်နေသည်။သူက ဆက်လက်၍ သတ်ဖြတ် ဝါးမြိုနေရင်း သူ့မူလတုန်းက အရိုးပေါ်အရေတင်ခန္ဓာကိုသည် တဖြည်းဖြည်း အနည်းငယ် ပြည့်လာခဲ့သည်။သည့်နောက် သူက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့၏။
သူက ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုလိုက်သည့်အခါတိုင်း သူ့အော်ရာက အနည်းငယ် ထူးဆန်းလာခဲ့သည်။သူ့မျက်လုံးထဲရှိ အနီရောင်အလင်းကလည်း ပို၍ သန်မာလာခဲ့သည်။
သွေးညှီနံ့များက ကြိုင်လှိုင်နေကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နေတော့သည်။ ကောင်းကင်ဘုံဂိတ်ပေါက်သည် လုံးဝ ပိတ်လုနီးပါး ဖြစ်နေ၏။ ကြည့်ရသည်မှာ ၎င်းဂိတ်ပေါက်သည် လုံးဝ ပျောက်ကွယ်သွားရန် သိပ်မလိုတော့သည့် ပုံပင်။
အနီရောင်မိုးကြိုးတန်း ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် လုံးဝ ချိပ်ပိတ်ပြီး ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ ဓားစွမ်းတန်းဆယ်ခုကျော်သည် တိုးတင်လာနေ၏။ ထိုဓားစွမ်းအင်တန်းများသည် မူလစွမ်းအင်နှင့် ပြည့်နှက်နေသည်။ ၎င်းတို့က တိုးဝင်လာနေရင်း စူးရှရှမြည်သံတစ်ခုကိုပါ ဖန်တီးနေ၏။ ထိုအုပ်စု၏ ရှေ့ဆုံးရှိ ကျန်ခုန်လီ၏ မျက်လုံးသည် အေးစက်နေသည်။သူ့နောက်တွင် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ပါလာ၏။ သူတို့အားလုံးက ဆံဖြူလူထံသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် တခြားအရပ်ကနေလည်း အလင်းတန်းများစွာက တိုးဝင်လာနေကြသည်။ထိုအုပ်စု၏ ရှေ့ဆုံးတွင် ထျန်ယန်ဖန် ရှိနေ၏။သူ့အသွင်က သုန်မှုန်လျက်ရှိနေသည်။ သူ့နောက်တွင် သူ့မိသားစုမှ လူများအပါအဝင် သူနှင့်ရင်းနှီးသော အခြားမိသားစုများ၏ လူများပါ ပါလာခဲ့ကြသည်။ထိုသူတို့က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကြပေ၏။
သည်အုပ်စုနှစ်စုသည် အလွန်မြန်ဆန်စွာဖြင့် ဆံဖြူလူထံသို့ တိုးဝင်လာနေကြသည်။ သူတို့ကိုယ်တိုင် မရောက်လာခင်မှာပင် သူတို့၏ မူလစွမ်းအင်နှင့်လက်နက်ရတနာများကို အရင်ဆုံး စေလွှတ်လိုက်ကြ၏။
ထျန်ယန်ဖန်နှင့်ကျန်ခုန်လီတို့ ဦးဆောင်သည့် အဖွဲ့ရှိလူများသည် သူတို့၏ တိုက်ခိုက်မှုများကို ရှေ့သို့ တုံ့ဆိုင်းခြင်း မရှိ ပို့လွှတ်လိုက်ကြ၏။
ဆံဖြူလူ၏ မျက်လုံးက အနီရောင်တောက်ပသွားကာ သူက ညစ်ကျယ်ကျယ် ရယ်မောသည်။သူက သူ့ထံသို့ တိုးဝင်လာနေသော ထိုမန္တာန်များနှင့်လက်နက်ရတနာများ အားလုံးကို လစ်လျူရှုကာ ရှေ့သို့ ထိုးထွက်လိုက်သည်။သူက ထျန်ယန်ဖန်၏ အုပ်စုထဲတွင် ပေါ်လာခဲ့ကာ ချက်ခြင်း လူတစ်ယောက်ကို ဖမ်းဆီးလိုက်သည်။
ထိုကျင့်ကြံသူက ပြတ်သားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ချက်ခြင်း ပေါက်ကွဲစေလိုက်သည်။ အဖြူရောင်ဆံပင်နှင့်လူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူက ဝါးမြိုလိုက်ရန် ဟန်ပြင်လိုက်စဉ် ကြမ်းကြုတ်သည့်ဓားစွမ်းသည် မိုးကြိုးနှင့်အတူ ရောက်ရှိလာသည်။ထိုမိုးကြိုးဓားစွမ်းအင်သည် ရှန်ကုန်းဟူထံမှ ထွက်ပေါ်လာခြင်းပင်။
“ချက်ကောင်းငြိခြင်း…” ထျန်ယန်ဖန်က အော်လိုက်သည့်နောက် သူ့အုပ်စုရှိ ကျင့်ကြံသူအားလုံးသည် ချက်ခြင်းပင် သူတို့၏ ခွန်အားအားလုံးကို သုံးကာ ဆံဖြူလူကို ပိတ်လှောင်ရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်ခုန်လီကလည်း ကြေးမီးပြင်းဖိုတစ်ခုနှင့်အတူ ထိုးထွက်လာခဲ့သည်။သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဆံဖြူလူထံသို့ ဦးတည်သွားသည်။
ထျန်ယန်ဖန်သည် သူနှင့်ရှန်ကုန်းဟူတို့ကြားရှိ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးကို မေ့ထားလိုက်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်မြူတစ်ခုသည် ချက်ခြင်းပေါ်လာခဲ့သည်။သူ့မျက်လုံးက တလက်လက် ဖြစ်သွားပြီးနောက် သူက ထိုးထွက်လာခဲ့သည်။
ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့သည်လည်း တုံ့ဆိုင်းခြင်းမရှိ တိုးထွက်လာကြသည်။အားကောင်းသော အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ သုံးယောက်သည် ပူးပေါင်း၍ ဆံဖြူလူကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
အနီးအနားရှိ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်သည်လည်း နောက်ဆုတ်မသွားပေ။ သူတို့အားလုံးကလည်း သူတို့၏ လက်နက်ရတာများကို အသုံးပြုရင်း အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။
ထို့နောက် သူတို့အုပ်စုထဲက မဟုတ်သည့် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ နှစ်ယောက်ကျော်ကလည်း တုံ့ဆိုင်းခြင်းမရှိ အဖြူရောင်မြူထဲသို့ တိုးဝင်ကာ သူတို့၏ မူလစွမ်းအင်မန္တာန်များကို အသုံးပြုလိုက်ကြပေသည်။
တစ်စုံတစ်ယောက်က ဦးဆောင်မှုနှင့်အတူ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်သည်လည်း မြင့်တက်လာခဲ့ကာ သူတို့သည်လည်း ဝန်းတိုက်ခိုက်ရန် တာဆူလာကြသည်။ သို့သော် ထိုအခိုက်မှာပင် ဆံဖြူလူ၏ ကိုယ်ပွား(၃၂)ယောက်သည် ထိုပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စတင် သတ်ဖြတ်လာတော့၏။
ထိုကျင့်ကြံသူများကြားတွင် သူတို့၏ ကိုယ်ပိုင်အသက်ရှင်သန်လိုမှုအတွက် သည်ရှုပ်ထွေးနေသော အခွင့်အရေးကို အသုံးပြုကာ ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ်ပေါက်နားသို့ တရကြမ်း တိုးဝင်သွားကြသည်။ ထိုသို့ အကြံရှိသည့်သူများသည် အများအပြား ရှိနေကြ၏။ သို့သော် သူတို့အားလုံးသည် ဂိတ်ပေါက်နှင့် ပေတစ်သောင်းအကွာအတွင်းသို့ ရောက်သွားသည်နှင့် ဆံဖြူလူ၏ ကိုယ်ပွားများ သတ်ပစ်ခြင်းကို ခံလိုက်ရပေသည်။
ထိုသို့ ဖြစ်နေလျှင်ပင် အချို့ကျင့်ကြံသူများသည် ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး သွားနိုင်ရန် ကြိုးစားနေကြဆဲပင်။ ကျင့်ကြံသူများပို၍ ရောက်ရှိလာလေလေ သည်နေရာရှိ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
***