Switch Mode

အပိုင်း(၈၃၇):

ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး

ဝမ်လင်းက လီယွမ်ကို လှမ်းဆွဲကာ နောက်သို့ ချက်ခြင်း ဆုတ်လိုက်သည်။သူက ဟင်းလင်းပြင်ထဲရှိ အနီရောင်အလင်းကို စူးစိုက်ကြည့်နေသည်။

ထိုအနီရောင်အလင်းထဲရှိ လက်ပြတ်က သွေးများနှင့် ပေကျံနေကာ အရိုးစုလက်ငါးချောင်း ရှိနေ၏။ လူအများက ၎င်းအခြင်းအရာကို တွေ့မြင်သည့်အခါ သူတို့သည် စိတ်ထဲကနေ အေးစိမ့်မှုကို ခံစားလိုက်ရပေမည်။

ဝမ်လင်းက လက်ပြတ်ကို ကြည့်လိုက်သည့်အခိုက်တွင် ထိုလက်က ဝမ်လင်းကို သတိပြုမိသွားဟန် ရကာ သူရှိရာသို့ လှည့်လာ၏။သည့်နောက် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ လေဟာနယ်အက်ကွဲကြောင်းငါးခုသည် ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။

၎င်းတို့ကသာ ဝမ်လင်းကို ထိသွားခဲ့ပါက သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့သည် စုတ်ပြတ်သတ်သွားနိုင်၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ သူက နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ့ညာလက်ဖြင့်လည်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး ခရမ်းရောင်မိုးကြိုးတန်းတစ်ခုသည် သူ့မူလစိတ်ဝိညာဉ်ထဲကနေ ထိုးထွက်၍ ထိုလက်ပြတ်ထံသို့ တိုးဝင်သွားသည်။

ထိုလက်ပြတ်က ရှောင်ရှားခြင်း မပြုဘဲ ထိုခရမ်းရောင်မိုးကြိုးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး ညှစ်ချေလိုက်ရာ ခရမ်းရောင်မိုးကြိုးသည် မူလစွမ်းအင်များအဖြစ်သို့ ပြောင်း၍ ၎င်းလက်၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။

သည်မြင်ကွင်းက ဝမ်လင်းကို ပို၍ မျက်မှောင်ကြုတ်သွားစေ၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သဲမှုန်တစ်ခုကို ထွေးထုတ်လိုက်သည်။ထိုသဲမှုန်က အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွား၏။ထိုတံဆိပ်တုံးက လက်ပြတ်ပေါ်သို့ ဖိသိပ်ကျလာခဲ့သည်။

တံဆိပ်တုံး ကျဆင်းလာသည့်အခါတွင် လက်ပြတ်ထဲကနေ အနီရောင်အလင်းတစ်ချက် ဖျပ်ခနဲ လင်းလက်သွားသည်။လက်ပြတ်က တံဆိပ်တုံး၏ဖိနှိပ်မှုကို ရှောင်နိုင်စွမ်း ရှိနေ၏။

ဝမ်လင်းက နောက်သို့ ဆက်လက် ဆုတ်နေရင်း သူ့အသွင်က သုန်မှုန်နေ၏။ သည်အခိုက်အတန့်၌ လက်ပြတ်က နီးကပ်လာကာ ဆန့်ထွက်လာသည်။အက်ကွဲကြောင်းငါးခုက ဝမ်လင်းရှေ့တွင် ချက်ခြင်းပေါ်လာကာ သူ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ချင်လိုဟန် ရ၏။

ထိုလက်ပြတ်ထံကနေ သွေးနီရောင်တစ်ခု ပျံ့နှံ့လာကာ ၎င်းက ပြင်းထန်သောအဆိပ်ပါဝင်နေသည့်ပုံ ရ၏။ ဝမ်လင်းသည် သူ့အသွေးအသားသည် ထိုအော်ရာ၏ ကျူးကျော်ခြင်း ခံလိုက်ရကာ လောင်ကျွမ်းသွားသလို ခံစားလိုက်ရ၏။

သူက နောက်သို့ ပိုဆုတ်နေရင်း အလွန်တုန်လှုပ်မိနေသည်။သည်လက်ပြတ် ရုတ်တရက် ပေါ်လာမှုက အလွန်ထူးဆန်းနေ၏။ သည်တစ်ကြိမ်သည် ဝမ်လင်းအထည်ဒြပ်ယန်အဆင့်သို့ ရောက်ရှိသွားခဲ့ချိန်ကစ၍ တိုက်ခိုက်သမျှတိုက်ပွဲထဲတွင် အန္တရာယ်အများဆုံး ဖြစ်ပေသည်။

သည်လေဟာနယ်အက်ကြောင်းငါးခုက အေးစက်စက်လေပြင်းကို ထုတ်လွှတ်လာကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နေ၏။ လေဟာနယ်အက်ကွဲကြောင်းငါးခု မြန်ဆန်စွာ ချဉ်းကပ်လာသည်ကို ကြည့်ရင်း ဝမ်လင်းသည် သူ့တတိယမျက်လုံးကို ချက်ခြင်း ဖွင့်လှစ်လိုက်၏။

အနီရောင်အလင်းက ယပ်တောင်တစ်ခုကဲ့သို့ ဖျပ်ခနဲ ဖွင့်လှစ်သွားခဲ့ကာ လေဟာနယ်အက်ကြောင်းငါးခုကို ချက်ခြင်း ခြံရံပစ်သည်။ဝမ်လင်းအမြင်၌ ထိုလေဟာနယ်အက်ကြောင်းငါးခုသည် ၎င်းတို့၏ မူလအသွင်သို့ ပြန်ပြောင်းကာ မြန်ဆန်စွာ လွင့်ပါးလာခဲ့သည်။သည့်နောက် အနီရင့်ရောင်သွေးစက်ငါးစက်သာ ကျန်ရစ်ခဲ့တော့သည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်းက ရှေ့သို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ “ရပ်တန့်ခြင်း…”

တစ်ချိန်တည်းမှာပင် သူ့ညာလက်ပေါ်ရှိ သားရဲအရိုးအမှတ်အသားကလည်း ပေါ်လာခဲ့သည်။၎င်းက တစ္ဆေအလင်းကို ပေးစွမ်းနေရင်း မကောင်းဆိုးဝါးအော်ရာသည် ထိုးထွက်လာခဲ့သည်။

သည့်နောက် မီးခိုးရောင်တစ်ခုသည် အနီရင့်ရောင်သွေးငါးစက်ထဲ၌ ပေါ်လာခဲ့ကာ ၎င်းတို့သည် မီးခိုးရောင်မြူနှင့် ရောထွေးသွားသည်။

ထိုအခါ သွေးစက်သုံးစက်သည် ချက်ခြင်း ကျောက်ဖြစ်သွားကာ အခြားသွေးစက်နှစ်စက်က လက်ပြတ်ထံသို့ အလျင်အမြန် ပြန်ဆုတ်သွား၏။လက်ပြတ်က ချက်ခြင်းလှည့်၍ ဝမ်လင်းနောက်သို့ ဆက်မလိုက်တော့ဘဲ မြန်ဆန်စွာ ပြန်ထွက်ခွာသွားလေသည်။

ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက ကျောက်ဖြစ်သွားသော သွေးစက်သုံးစက်ကို ကြည့်လိုက်၏။သူက ၎င်းတို့ကို လှမ်းယူကာ သူ့ သိုလှောင်အိတ်ထဲသို့ ချက်ခြင်း ထည့်သိမ်းလိုက်သည်။ထို့နောက် သူက ကောင်းကင်ဘုံဓားကို ထုတ်ယူ၍ လက်ပြတ်နောက်သို့ လျင်မြန်စွာ လိုက်ပါသွားသည်။

ထိုလက်ပြတ်က အလွန်ထူးဆန်းလှ၏။သူက ၎င်းကို မြင်လိုက်သည့်အခိုက်၌ ငါးရောင်စုံဝဲကတော့ထဲမှ မျက်လုံးအကြောင်းကို မတွေးမိဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ဝမ်လင်းအမြင်၌ ၎င်းတို့သည် တူညီသော ရင်းမြစ်တစ်ခုတည်းမှ ဖြစ်နေ၏။

“ဒီလက်ပြတ်က အတော်သန်မာတယ်။ဒါရဲ့စွမ်းအားက အထည်ဒြပ်ယန်အဆင့်ရဲ့အထွတ်အထိပ်၊နိဗ္ဗာနကြိုမြင်ခြင်းအဆင့်နဲ့တောင် နီးကပ်နေပြီ…”

ဝမ်လင်းက လက်ပြတ်နောက်သို့ လိုက်ပါနေရင်း သူ့မျက်လုံးက အေးစက်လာကာ ကောင်းကင်ဘုံဓားနှင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်က ဓားစွမ်းအင်တန်းတစ်ခုအဖြစ် ထိုးထွက်သွားသည်။၎င်းဓားချက်က လောကဥပဒေသကို ခုတ်ပိုင်းပစ်သည့်အလား ထင်မှတ်ရကာ ဟင်းလင်းပြင်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။ရှည်လျားသော လေဟာနယ်အက်ကြောင်းတစ်ခု ရုတ်တရက်ပေါ်လာကာ လက်ပြတ်ရှိရာသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

လက်ပြတ်သည် ပျံသန်းနေရင်းနှင့် ရုတ်တရက် တန့်သွားကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ထို့နောက် လေဟာနယ်အက်ကြောင်းပေါ်သို့ ဖိနှိပ်လိုက်သည်။ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားကာ လက်ပြတ်နှင့်ပေတစ်ထောင်အတွင်းရှိ အရာအားလုံးသည် စတင်ပျက်စီးလာသလား ထင်မှတ်ရသည်။

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူ့လက်ညွှန်မှုနှင့်အတူ အစိတ်အပိုင်းတံဆိပ်တုံးသည် နောက်တစ်ဖန် ပေါ်လာခဲ့ပြန်၏။သည်တစ်ကြမ်၌ ၎င်းက မြန်ဆန်စွာပင် လတ်ပြတ်ပေါ်သို့ ရိုက်ချလာခဲ့သည်။

လက်ပြတ်က ချက်ခြင်း တုန်ယင်သွား၏။၎င်းက ဒဏ်ရာရသွားသည့်အလား အနီရောင်တောက်ပသွားကာ ပို၍ မြန်ဆန်စွာ လွတ်မြောက်အောင် လုပ်လာသည်။

သည်အခိုက်အတန့်မှာပင် ခုနစ်ယောက်၊ရှစ်ယောက်ခန့် ကျင့်ကြံခြင်းမိသားစုတစ်ခုမှ အုပ်စုသည် ဖြတ်ကျော်သွားကြသည်။သူတို့၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတို့နှင့် ပြည့်နှက်လာခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များက မြင့်မားလှခြင်း မရှိဘဲ အာဏာတက်ခြင်းအလယ်အဆင့်တွင်သာ ရှိနေ၏။သူတို့က အားကောင်းသောရန်သူတစ်ယောက် နောက်ကလိုက်လာသကဲ့သို့ ထွက်ပြေးနေသည့်ပုံ ဖြစ်ပေါ်နေသည်။

ထိုလက်ပြတ်က ချက်ခြင်းပင် ထိုအုပ်စုထံသို့ လှည့်သွားသည်။၎င်းက မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံခြင်းမိသားစုအုပ်စုနားသို့ ရောက်ရှိသွားကာ သူတို့အား စုပ်ဖြဲပစ်လို်၏။ လက်ပြတ်သည် ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်ကို ချေမွကာ သူတို့၏ မူလစွမ်းအင်ကို စုပ်ယူလိုက်သည်။

အသက်ရှုချိန်အတော်အတန်ကြာမြင့်ပြီးသည့်နောက် ထိုမိသားစု၏ ကျင့်ကြံသူအားလုံးသည် အသတ်ခံလိုက်ရာ သူတို့၏ မူလစိတ်ဝိညာဉ်သည်လည်း လက်ပြတ်၏စုပ်ယူခြင်း ခံလိုက်ရလေသည်။ ထိုလက်ပြတ်ထံမှ ထွက်ပေါ်လာသော အနီရောင်အလင်းသည် ပို၍ သန်မာလာခဲ့သည်။၎င်းက သူ့လက်ပြတ်ပေါ်ရှိ ဒဏ်ရာကို ကုသပြီး ဖြစ်ရုံသာမက အရင်ထက်ပင် ပို၍ စွမ်းအားကောင်းလာဟန်ပေါ်သည်။

ဝမ်လင်းက ထိုအဖြစ်ကို အနီးကပ် တွေ့မြင်လိုက်ရချိန်၌ သူ့အသွင်က ပို၍ သုန်မှုန်သွား၏။သူက အကွာအဝေးတစ်ခုကနေ နောက်ထပ် အနီရောင်အလင်းတန်းတစ်ခု နီးကပ်လာနေသည်ကိုပါ တွေ့မြင်လိုက်သည်။သည်တစ်ကြိမ်၌ ထိုအနီရောင်အလင်းထဲ၌ ခြေပြတ်တစ်ခု ရှိနေ၏။

ဝမ်လင်းက ချက်ခြင်းပင် ပြန်လှည့်၍ တုံ့ဆိုင်းခြင်း မရှိ ထွက်ခွာသွားတော့သည်။လက်ပြတ်သည် ချီတုံချတုံ ဖြစ်နေပြီးမှ ဝမ်လင်းနောက်သို့ မလိုက်တော့ရန် ဆုံးဖြတ်လိုက်၏။၎င်းက ခြေပြတ်နှင့်အတူ ပျံသန်းသွားရင်း ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်လို့သွားသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် အလွန်ဗရမ်းဗတာ ဖြစ်နေ၏။ အနီရောင်အလင်းတန်းထဲရှိ ခြေလက်အင်္ဂါရှစ်ခုတို့သည် တစ်ခုစီက အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်တွင် ရှိနေကြပေ၏။မန္တာန်များသည်လည်း ၎င်းတို့ပေါ်သို့ သက်ရောက်မှု မရှိ ဖြစ်နေကာ ၎င်းတို့နှင့် တွေ့သည့်လူတိုင်းသည် အသတ်ခံရကာ သူတို့၏မူလစိတ်ဝိညာဉ်သည်လည်း မူလစွမ်းအင်အဖြစ်သို့ ချေမွခြင်း ခံရကာ စုပ်ယူခြင်း ခံနေရသည်။

လက်နက်ရတနာများကသာ သက်ရောက်မှုအချို့ ရှိသေး၏။သို့သော် ထိုရတနာများပင် ၎င်းတို့အပေါ်၌ အများအပြား သက်ရောက်နိုင်မှု မရှိပေ။သည့်အပြင် ထိုအနီရောင်အလင်း၏ ပြင်းထန်သောအဆိပ်ကိုပါ ထည့်ပေါင်းလိုက်ပါက ၎င်းခြေလက်အင်္ဂါတို့သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့၌ လုပ်ချင်တိုင်းလုပ်ခွင့် ရနေတော့၏။

၎င်းခြေလက်အင်္ဂါတို့က ရပ်တန့်ခြင်း မရှိဘဲ ဟင်းလင်းပြင်ထဲ၌ သွားလာနေ၏။သည့်နောက် သိပ်မကြာသောအချိန်မှာပင် အနီရောင်အလင်းတန်း ရှစ်ခုတို့သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အလယ်သို့ ရောက်ရှိလာကြတော့၏။ ၎င်းအနီရောင်အလင်းတန်းထဲရှိ ခြေလက်အင်္ဂါရှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီးနောက် ကမ္ဘာဦးဟိန်းသံတစ်သံဿည် မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့တွင် ပဲ့တင့် ထပ်သွားလေသည်။

ထိုခြေလက်အင်္ဂါအစိတ်အပိုင်းတို့သည် ပေါင်းစပ်သွားပြီးနောက် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။သည်လူက တစ်ခေါင်းလုံး ဖြူဖြူဖွေးနေကာ သူ့မျက်နှာပေါ်၌လည်း အမာရွတ်များ ရှိနေသည်။သူ့ခန္ဓာကိုယ်ပေါ် အနှံ့တွင်လည်း ထိခိုက်ထားမှုများ ရှိနေသေး၏။သူ့ညာမျက်လုံးကလည်း ကွယ်ပျောက်နေကာ အေးစက်စက်အကြည့်နှင့် ဘယ်ဘက်မျက်လုံးတစ်လုံးသာ ရှိလေ၏။

“ကောင်းကင်ဘုံအရှင်ချင်းရွှေ…သင့်ရဲ့ချိပ်ပိတ်မှုက ဘယ်လောက်ပဲ သန်မာအားကောင်းပါစေ အချိန်ရဲ့ တိုက်စားမှုကိုတော့ မခံနိုင်ပါဘူး။သင်က ငါ့ကို မသတ်ဝံ့ခဲ့ဘူး။ သင်ကသာ ငါ့ကို သတ်ချင်ခဲ့ရင် ခုလိုမျိုး ငါ့ကို ချိပ်ပိတ်ခြင်းအစီအရင်ရဲ့အပြင်ဘက်မှာ ရှိတဲ့ ကုစားခြင်းအစီအရင်တစ်ခုထဲမှာ ဘာကြောင့် ချိပ်ပိတ်ထားမှာလဲ။ဒါပေမဲ့လည်း ငါက သင့်ကို ကျေးဇူးတင်ရမယ်။ ဘာလို့လဲဆိုတော့ သင်ကသာ အစီအရင်ကို မချိတ်ပိတ်ခဲ့ဘူးဆိုရင် ငါက ကောင်းကင်ဘုံနယ်မြေ ပြိုကျချိန်မှာ အသက်ရှင်နိုင်ခဲ့ပါ့မလားကို ကြောက်မိတယ်…”

“ချင်းရွှေ…ငါက မသေမှတော့ သင်လည်း မသေသင့်သေးဘူး။ သင်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ နောက်ထပ်ချိပ်ပိတ်ခြင်းဝဲကတော့ကို ထပ်မရှာတွေ့နိုင်ရင် သင်က ငါ့ကိုနောက်တစ်ကြိမ် ထပ်ပြီး ချိပ်ပိတ်နိုင်တော့မှာ မဟုတ်ဘူး…”

အဖြူရောင်ဆံပင်နှင့်လူသည် ကြမ်းကြုတ်သည့်အသွင်ဖြင့် ရှိနေကာ သူက ကျယ်လောင်စွာ ရယ်မော၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားလေသည်။

သူက အလွန်မြန်ဆန်လွန်းလှ၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေနှင့် ပတ်သတ်၍ ကောင်းစွာ သိထားသည့်အတွက်ကြောင့် အစိတ်အပိုင်းမြေတစ်ခုပေါ်တွင် ချက်ခြင်း ပေါ်လာခဲ့သည်။သည်အစိတ်အပိုင်းမြေသည် ဝမ်လင်းနှင့်လီယွမ်တို့ ချိပ်ပိတ်မှုကို ဖွင့်လှစ်၍ တွင်းနက်ထဲသို့ ဝင်သွားခဲ့သည့်နေရာ ဖြစ်နေ၏။

ထိုအစိတ်အပိုင်းမြေပေါ်တွင် ပျံသန်းနေရင် ထိုလူက သူ့လက်ကို အောက်သို့ ဖိနှိပ်လိုက်ရာ ၎င်းအစိတ်အပိုင်းမြေတစ်ခုလုံးသည် ချက်ခြင်း ပျက်စီးသွားလေ၏။သည်နေရာသည် သူ့အားချိပ်ပိတ်ထားသော ကိုးခုမြောက်ချိပ်တံဆိပ်တည်ရှိခဲ့သည့် နေရာ ဖြစ်ပေသည်။

၎င်းအစိတ်အပိုင်းမြေ ပျက်စီးသွားသည်နှင့် မွန်းစတားဆန်သော မီးတောက်တစ်ခုသည် အတွင်းဘက်ကနေ ထိုးထွက်လာခဲ့သည်။ထိုမီးတောက်က အနီရောင်တဖျပ်ဖျပ် တောက်သွားပြီးနောက် မျက်လုံးတစ်လုံး ပျံသန်းထွက်လာခဲ့သည်။ထိုလူက မျက်လုံးကို လှမ်းဖမ်းကိုင်ကာ သူ့ညာဘက်မျက်လုံးအိမ်ထဲသို့ ထည့်သွင်းလိုက်၏။

“ဂျိနယ်ပယ်က ညာဘက်မျက်လုံးထဲမှာ ချိပ်ပိတ်ခြင်း ခံထားရပေမဲ့လည်း အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေရဲ့စစ်ပွဲမှာ များစွာ ရုတ်လျော့သွားခဲ့ရတယ်။ဒါကို ပြန်မွန်းမံဖို့ အရမ်းခက်ခဲလှတယ်။ဒါပေမဲ့ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါက ခုမှ ပြန်လွတ်မြောက်လာတာ ဖြစ်တဲ့အတွက် ငါ့ကျင့်ကြံမှုအဆင့်ရဲ့ (၁၀) ရာခိုင်နှုန်းပဲ ပြန်ရသေးတယ်။ ငါက ကောင်းကင်ဘုံမူလစွမ်းအင်ကို တက်နိုင်သမျှ စုဆောင်းမှ ရမယ်…”

ထိုလူ၏ မျက်လုံးထဲကနေ အနီရောင်ဖျပ်ခနဲ ဖြစ်သွားကာ သူက ညစ်ကျယ်ကျယ်နှာခေါင်းရှုံ့လိုက်၏။

“ကြည့်ရတာ ဂျူနီယာကျင့်ကြံသူတော်တော်များများက ဒီနှစ်တွေမှာ တိုးတက်လာခဲ့တဲ့ပုံပဲ။ သိပ်ကောင်းတယ်။ ငါက သူတို့ကို ဝါးမြိုပြီးရင် ငါ့ကျင့်ကြံမှုအဆင့်က အားလုံးပြန်မကောင်းမွန်လာနိုင်သေးမဲ့လည်း တော်တော်တန်တန်တော့ ကောင်းမွန်မှာပဲ။ ဒါပေမဲ့လည်း ငါက သူတို့ကို စတင် မဝါးမြိုခင် ငါက သူတို့ မလွတ်မြောက်သွားနိုင်အောင် အရင်ဆုံး ကောင်းကင်ဘုံဂိတ်ဝကို ပိတ်ပစ်ရမယ်…”

ထို့နောက် သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက လီယွမ်ကို ဆွဲခေါ်ကာ ကောင်းကင်ဘုံနယ်မြေ၏ အနောက်ဘက်ရှိ ဂိတ်ပေါက်သို့ တန်းတန်းမတ်မတ် သွားနေသည်။သူတို့က တစ်လမ်းလုံး တိတ်ဆိတ်နေ၏။ဝမ်လင်းသည် သုန်မှုန်စွာ ရှိနေ၏။ သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် အလွန်ဗြောင်းဆန်လာခဲ့လေပြီ။

“ငါတို့က တက်နိုင်သမျှ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူတို့သည် ပို၍ မြန်ဆန်စွာ ပျံသန်းလာနေ၏။

လမ်းတစ်လျှောက်တွင်လည်း သူတို့နှစ်ယောက်က ကျင့်ကြံသူများစွာကို တွေ့မြင်ခဲ့ကာ ထိုလူများ၏ ပန်းတိုင်သည်လည်း ဝမ်လင်းတို့နှင့် အတူတူသာ ဖြစ်လေ၏။

လူအများသည် ဝမ်လင်းကဲ့သို့ ထွက်သွားရန် အကြံရှိနေသည်မှာ သိသာနေပေ၏။

ကျင့်ကြံသူအများအပြားသည် ကောင်းကင်ဘုံဂိတ်ပေါက်နှင့် ပို၍ နီးကပ်လာကြ၏။ သိပ်မကြာခင်တွင် သူတို့က ကောင်းကင်ထက်မှ ဆင်းသက်လာသည့် အနီရောင်မိုးကြိုးတန်းကြီးတစ်ခုကို လှမ်းမြင်နေရတော့သည်။

သည်အခိုက်အတန့်၌ များစွာသောကျင့်ကြံသူများသည် တည်နေရာရွှေ့ပြောင်းရန် ပြင်ဆင်လိုက်ကြ၏။ သူတို့က မြန်ဆန်စွာ သည်မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာသွားလိုနေကြသည်။

သို့သော် ထိုအခိုက်အတန့်၌ အနီရောင်မြူလွှာတစ်ခုက ပြင်းထန်သောလှိုင်းတစ်ခုကဲ့သို့ ထိုးထွက်လာခဲ့ကာ ကောင်းကင်နှင့်မြေကြီးကြားတွင် စူးရှရှအသံတစ်သံ ထွက်ပေါ်လာခဲ့တော့သည်။

“ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး…”

ထိုအနီရောင်မြူလွှာထဲကနေ လူတစ်ယောက်သည် လှမ်းလျှောက်ထွက်လာ၏။ သူက အဖြူရောင်ဆံပင် ရှိ၏။သူ့မျက်လုံးက နီရဲနေပြီး သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ထိုအခါ သည်ဧရိယာတစ်ခုလုံးတွင် အံ့မခန်းပြင်းထန်သောအားတစ်ခုက ရုတ်တရက်ကြီး ပြည့်နှက်လာခဲ့တော့သည်။

အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများစွာသည် ကြောက်လန့်မှုနှင့် ပြည့်နှက်သွားကြကာ သူတို့၏ခန္ဓာကိုယ်များသည် သွေးမြူများအဖြစ်သို့ ချက်ခြင်း ပျက်စီးသွားကြသည်။သည့်နောက် ၎င်းသွေးစသေးနသွေးမြူများအားလုံးသည် ထိုဆံပင်ဖြူနှင်လူ၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည်လည်း မလွတ်မြောက်နိုင်ဘဲ ဝါးမြိုခြင်း ခံလိုက်ရပေသည်။

“ခုခေတ်မှာ ချီကျင့်ကြံသူတွေက ဘာကြောင့် မူလစွမ်းအင်နည်းနည်းပဲ ရှိကြတော့တာလဲ…။ဒီမူလစွမ်းအင်တွေကို ကောင်းကင်ဘုံမူလစွမ်းအင်အဖြစ် ပြောင်းလဲပြီးတဲ့အခါကျရင် ဘာမှ သိပ်မကျန်တော့ဘူး…”

အဖြူရောင်ဆံပင်နှင့်လူက မျက်မှောင်ကြုတ်သွားပြီး မိုးကြိုးကောင်းကင်ဘုံဂိတ်ပေါက်ထံသို့ တိုးဝင်သွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset