ချန်ကျင့်ကြံသူ၏ ရှေ့တွင် ငွေရောင်အပ်များ ပေါ်လာခဲ့သည်။၎င်းအပ်တစ်ချောင်းစီက အပြာရောင်တောက်ပမှုကို ပေးစွမ်းနေ၏။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ ချန်ကျင့်ကြံသူ၏ ပတ်လည်တွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။၎င်းပုံရိပ်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။၎င်းက ဝမ်လင်းထံသို့ လက်ညွှန်လိုက်ရာ ငွေရောင်အပ်များသည် ဝမ်လင်း၏နောက်ကျောသို့ တိုးဝင်လို့သွားသည်။
စုန်ကျင့်ကြံသူက ယင်နှင့်ယန်အင်းကွက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားရင်း သူက ၎င်းကို ပစ်လွှတ်လိုက်သည်။မူလစွမ်းအင်များ ပြည့်နှက်နေသော ၎င်းအင်းကွက်သည် ဝမ်လင်းထံသို့ ထိုးထွက်သွား၏။
သူက ထိုအင်းကွက်နောက်ကနေ ကပ်၍ လိုက်ပါသွားကာ ထူးဆန်းသောချိပ်တံဆိပ်ကို ဖြစ်ပေါ်စေ၏။ထိုအခါ ရှည်လျားနက်မှောင်သောပိုးမျှင်တန်းတစ်ခု ပေါ်လာခဲ့၏။ထိုပိုးမျှင်တန်းက ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားနှင့်အစိမ်းရောင်မြူကိုပါ ပေးစွမ်းလို့နေသည်။
နောက်ဆုံးတွင် ခန္ဓာကိုယ်ဆုံးရှုံးထားသော ကျင့်ကြံသူက သူမ၏ ပါးစပ်ကို ဟကာ သလင်းယပ်တောင်ငယ်တစ်ခုကို ထွေးထုတ်လိုက်၏။သူမသည် ၎င်းကို ဖမ်းဆွဲ၍ ပစ်လွှတ်လိုက်ပြီး မူလစွမ်းအင်များကိုပါ ထွေးထုတ်လိုက်သည်။မူလစွမ်းအင်က နဂါးခြောက်ကောင်အသွင်သို့ ပြောင်းလဲ၍ ဝမ်လင်း မလွတ်မြောက်သွားနိုင်အောင် ဝန်းရံထားတော့၏။
သူတို့၏ မျက်လုံးများသည် ချင်းချင်းနီရဲနေ၏။ သူတို့က ကိုးလွှာမြောက်မှ ကောင်းကင်ဘုံမန္တာန်ကို ရရှိရန် ဝမ်လင်းကို သတ်ပစ်ရမည်ဟူသော အကြံကို ကိုင်ဆွဲထားခြင်း ဖြစ်သည်။သူတို့သည် အလွန်မြန်ဆန်လှကာ သူတို့၏မန္တာန်များနှင့် လက်နက်ရတနာများကလည်း ဝမ်လင်းထံသို့ မြန်နှုန်းမြင့်စွာ ချဉ်းကပ်လာလေ၏။ချက်ခြင်းလိုလို သူတို့သုံးယောက်လုံးက ဝမ်လင်းနှင့် နီးကပ်လာကြလေသည်။
ဝမ်လင်းက မိန်းမောနေလျက်သာ ရှိနေ၏။သူ့စိတ်က သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် လေဆင့်ခေါ်ခြင်း အံ့ဖွယ်မြင်ကွင်းနှင့် ပတ်သတ်၍ တွေးနေဆဲပင်။သူတို့သုံးယောက်က နီးကပ်လာသည့်အခါ ဝမ်လင်းသည် သူ့လက်ညှိုးကို ထိုသုံးယောက်ထံသို့ အလိုလို ညွှန်ကာ ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။ “လေဆင့်ခေါ်ခြင်း…”
သူက ထိုသို့ ပြောလိုက်သည့်အခိုက်တွင် အနက်ရောင်လေက ဝမ်လင်းလက်ထဲကနေ ထွက်ပေါ်သွားသည်။ထိုလေက ချက်ခြင်း ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ ထိုအေးစက်စက်လေ တိုက်ခတ်သွားစဉ် ကောင်းကင်သည်ပင် မှောင်နက်သွားရသည်။
အစိတ်အပိုင်းမြေတစ်ခုလုံးသည် စတင်တုန်ယင်လာကာ ပြင်းထန်သောအော်ရာတစ်ခုက လောကတွင် ပြည့်နှက်လာ၏။သည်အရာအားလုံးသည် အနက်ရောင်လေကြောင့် ဖြစ်ပျက်လာခဲ့ခြင်းသာ။
အနက်ရောင်လေပေါ်လာသည့်အခိုက်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျောက်ကွယ်နေသော ကောင်းကင်ဘုံအင်ပါယာ၏မန္တာန်သည် ပြန်ပေါ်လာခဲ့လေ၏။
ထိုလေ ပေါ်လာသည်နှင့် ၎င်းက ဝမ်လင်းနောက်ရှိ လူသုံးယောက်ထံသို့ ချက်ခြင်း တိုးဝင်သွားခဲ့ပေသည်။
ချန်ကျင့်ကြံသူ၏ ငွေရောင်အပ်များသည် အနက်ရောင်လေနှင့် ထိသွားသည့်အခါ ၎င်းတို့သည် ခုခံနိုင်ခြင်းကင်းမဲ့ကာ ချက်ခြင်း ပေါက်ကွဲထွက်သွား၏။ဝမ်လင်းထံသို့ လက်ညွှန်နေသော ပုံရိပ်သည်လည်း လွင့်ပြယ်သွားခဲ့တော့၏။
“ဒါက ကိုးလွှာမြောက်က ကောင်းကင်ဘုံမန္တာန်ပဲ…” ချန်ကျင့်ကြံသူ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်လာကာ သူ့ဦးရေပြားပင် ထုံထိုင်းလာ၏။သူ့စိတ်ထဲတွင်လည်း အနက်ရောင်လေက သူ့အသက်ကိုပါ အမြစ်ဖျက်တော့မည် သကဲ့သို့ ခံစားလိုက်ရ၏။ သူက ၎င်းကို ခုခံချင်သည့် စိတ်ဆန္ဒပင် မရှိအောင် ဖြစ်သွားရ၏။
သူက ချက်ခြင်း ထွက်ပြေးရန် ဟန်ပြင်ကာ တည်နေရာရွှေ့ပြောင်း၏။သို့ရာတွင် သူက တည်နေရာရွှေ့ပြောင်းလျှင်ပင် လုံလောက်ခြင်း မရှိသေးပေ။ လေပြင်းတိုက်ခတ်သွားသည့်အခါ၌ သူ့ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ကာ တည်နေရာရွှေ့ပြောင်းခြင်းကနေ ပြန်ပေါ်လာခဲ့၏။သူ့မျက်လုံးက မှိန်ဖျော့သွားပြီး ခန္ဓာကိုယ်သည်လည်း ပျက်စီးသွား၏။
သူ့မူလစိတ်ဝိညာဉ်သည်လည်း မီးကို လေနှင့် ငြိမ်းသက်လိုက်သကဲ့သို့ ဖြစ်သွားရ၏။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်သွားခဲ့ခြင်းပင်။ ချန်ကျင့်ကြံသူအပြင် စုန်ကျင့်ကြံသူ၏ ကံကြမ္မာသည်လည်း ထို့အတူသာ ဖြစ်လေ၏။ ယင်နှင့်ယန်အင်းကွက်ပါ သူ့ခန္ဓာကိုယ်နှင့်အတူ ချက်ခြင်း ပျက်စီးသွားခဲ့ရ၏။ကြောက်လန့်စွာဖြင့် သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး အလျင်အမြန် ထွက်ပြေးလိုက်သည်။
လုကျင့်ကြံသူအမျိုးသမီး၏ လက်ထဲရှိ ယပ်တောင်သည်လည်း အနက်ရောင်လေနှင့် ထိမိသည့်အခါ ချက်ခြင်း ပျက်စီးသွား၏။သူမသည် ဝမ်လင်းလက်ချက်ကြောင့် နဂိုတည်းက မူလစိတ်ဝိညာဉ်ပုံစံအသွင်နှင့် ရှိနေခဲ့ခြင်းပင်။သူမက အလွန်ကြောက်လန့်စွာ နောက်သို့ အမြန်ဆုတ်သည်။
သည်အခိုက်အတန့်၌ အနက်ရောင်လေက တစ်ခါမှ မပေါ်လာခဲ့သည့်အလား ရုတ်တရက် ပျောက်ကွယ်သွာသည်။ဝမ်လင်း၏ မျက်လုံးထဲ၌လည်း မိန်းမောမှုတို့ ဆက်မရှိတော့ဘဲ ပြန်လည်ကြည်လင်လာခဲ့သည်။
“ဒီတော့…ဒါက လေဆင့်ခေါ်ခြင်း ကောင်းကင်ဘုံမန္တာန်ပေါ့…” သူက အသက်ဝဝရှုသွင်းလိုက်၏။ သူက ရှေ့သို့ လှမ်းလိုက်ရင်း သူ့မျက်နှာကလည်း ဖြူရောနေခဲ့၏။ သူ့သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံထွက်ပေါ်လာကာ အနက်ရောင်မြူက ပျံ့နှံ့၍ လုကျင့်ကြံသူနောက်သို့ လိုက်ပါသွားသည်။
ဝမ်လင်းမျက်လုံးက အေးစက်နေ၏။သူက သဲမှုန်တစ်ခုကို ထွေးထုတ်လိုက်သည်။၎င်းသဲမှုန်က တံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲ၍ စုန်ကျင့်ကြံသူနောက်သို့ လိုက်ပါသွား၏။၎င်းက ချက်ခြင်းပင် အပေါ်ကနေ ခပ်ပြင်းပြင်း ဆင့်ကျလာခဲ့၏။
စုန်ကျင့်ကြံသူက နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်ထဲကနေလည်း မူလစွမ်းအင်များစွာ စိမ့်ထွက်ကုန်၏။ သူက ဆက်၍ ထွက်ပြေးလိုသော်လည်း ကံကြမ္မာကျာပွတ်က ပေါ်လာခဲ့ကာ သူ့ကို ဝမ်လင်းထံသို့ ထွေးခြုံစောင့်ဆွဲလိုက်၏။
“ရောင်းရင်းကျင့်ကြံသူရှု…ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ။ ငါ မှားခဲ့မှန်း သိပါပြီ။ ငါ မှားခဲ့ပါတယ်…” စုန်ကျင့်ကြံသူ၏ စကားကို အလေးမထားဘဲ ဝမ်လင်းက သူ့လက်ညှိုးနှင့်လက်မဖြင့် စုန်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်ကို ဖိညှစ်လိုက်သည်။ စုန်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်က ချက်ခြင်း ပျက်စီး၍ မူလစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်း၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
အားကောင်းသောမူလစွမ်းအင်က ဝမ်လင်းခန္ဓာကိုယ်တွင် လှည့်လည်နေရင်း သူ့မျက်နှာက ဖြူရောနေခြင်း မရှိတော့ပေ။ သူက အသက်ဝဝရှုသွင်း၍ စိတ်ဝိညာဉ်အလံ၏ လွှမ်းခြုံထားခြင်း ခံထားရသော လုကျင့်ကြံသူကို ချက်ခြင်း မှီလာခဲ့သည်။
သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ကံကြမ္မာကျာပွတ်က အနက်ရောင်မြူထဲသို့ အကြိမ်များစွာ တရွှမ်းရွှမ်း ရိုက်ချသွား၏။ နောက်ဆုံးတွင် သူက စိတ်ဝိညာဉ်အလံဖြင့် မူလစိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်သည်။ ဝမ်လင်း မျက်လုံးက အေးစက်နေကာ သူက စိတ်ဝိညာဉ်အလံထဲမှ လုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။
“နင် ငါ့ကို သတ်ရင် လုမိသားစုက နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး…” ကျင့်ကြံသူလုက အကြောက်အကန်အော်၏။ သို့သော် ဝမ်လင်းက လုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်ကို လက်ဖြင့် ဖိညှစ်ကာ ဝါးမြိုလိုက်သည့်အခါ၌ ထိုအော်သံက ရပ်တန့်သွားတော့၏။
ဝမ်လင်းမျက်နှာက အနည်းငယ် အနီရောင်သမ်းလာသော်လည်း အနည်းငယ် ဖြူရောနေသေး၏။ ချက်ခြင်းပင် သူက စိတ်ဝိညာဉ်အလံထဲသို့ လက်ဆန့်တန်းလိုက်ပြီး သည်နေရာတွင် သူအရင်ဆုံးသတ်ခဲ့သည့်သူ၏ မူလစိတ်ဝိညာဉ်ကိုလည်း ထုတ်ယူလိုက်သည်။
ဝမ်လင်းက ၎င်းမူလစိတ်ဝိညာဉ်ကို မူလစွမ်းအင်များအဖြစ်သို့ ခွဲချေမွလိုက်ပြီးနောက် ဝါးမြိုလိုက်ပြန်သည်။
မူလစိတ်ဝိညာဉ်သုံးခုကို ဝါးမြိုပြီးသည့်နောက် ဝမ်လင်းသည် ချက်ခြင်း ထိုင်ချကာ ကျင့်ကြံတော့၏။
အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူ့မျက်နှာ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ သို့သော ခပ်ရော့ရောဖြူနေသည့် အရိပ်အယောင်လေးတော့ ရှိလို့နေသေး၏။ဝမ်လင်းက မျက်လုံးဖွင့်လာကာ လေများကို မှုတ်ထုတ်လိုက်၏။
သူမှုတ်ထုတ်လိုက်သည့် လေသည် အနက်ရောင်ဖြစ်နေကာ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှ၏။
“အားကောင်းလိုက်တဲ့ ကောင်းကင်ဘုံမန္တာန်။ ငါက ဒါကို နည်းနည်းပဲ နားလည်သေးတယ်။ငါက ဒါကို အသုံးပြုတဲ့အခါမှာ အမှန်တကယ် မထိန်းချုပ်နိုင်သေးဘူး။ဒီမန္တာန်ရဲ့ မူလစွမ်းအင်စုပ်ယူမှုကလည်း များပြားလွန်းလှတယ်။ငါကသာ လုံလုံလောက်လောက် မြန်မြန်ဆန်ဆန် ပြန်မကောင်းနိုင်ရင် အကျိုးဆက်က အံ့မခန်းဖြစ်သွားနိုင်တယ်…”
“ဒါပေမဲ့လည်း ငါက ဒါကို ဘယ်လိုပဲကြည့်ကြည့် ဒီမန္တာန်ဟာ ကောင်းကင်ဘုံမန္တာန်တစ်ခုနဲ့မတူဘူး။ ဒါကို နတ်ဆိုးမန္တာန်တစ်ခုလိုတောင် ပိုခေါ်သင့်သေးတယ်။ဒါ့အပြင် ဒီမန္တာန်က မူလစွမ်းအင်အများအပြားလည်း အသုံးပြုရသေးတယ်။ငါက ဒါကို အသုံးပြုဖို့ဆိုရင် ငါ့မှာ ယင်နဲ့ယန်အဆင့်က ကျင့်ကြံသူတွေရဲ့ မူလစိတ်ဝိညာဉ်တွေကို ကြိုတင် ပြင်ဆင်ထားမှ တော်ကာကြမယ်…”
ဝမ်လင်းက မတ်တပ်ရပ်ကာ သူသတ်ခဲ့သောလူများ၏ သိုလှောင်အိတ်တို့ကို ယူဆောင်လိုက်သည်။သူက စုဆောင်းခြင်းခန်းမကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကံမကောင်းစွာနဲ့ ငါက ဒီခန်းမကို ယူဆောင်သွားလို့ မရတာပဲ။ မဟုတ်ရင် မိသားစုကြီးလေးခုက ဒီခန်းမကို မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ အတင်း ယူသွားခဲ့ပြီးလောက်ပြီ။ဒါပေမဲ့လည်း ငါက ဒီနေရာကနေ ဒီအတိုင်း မထွက်သွားချင်ဘူး။ ငါကသာ ဒါကို ယူသွားနိုင်မယ်ဆိုရင်…”
သူက စဉ်းစားကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက ပန်းချီကားထဲမှ ကြားခဲ့သည့်စကားများကို တွေးမိလိုက်သည်။
“အရှင်အပူအပင်မဲ့က စုဆောင်းခြင်းခန်းမ ပထမဆုံးအကြိမ်ဖွင့်ပွဲအတွက် ပန်းချီကားတစ်ချပ် ရေးဆွဲလိမ့်မယ်…” ဝမ်လင်းက ပန်းချီကားထဲရှိ သစ်ပင်အောက်မှ ကောင်လေး၏ လက်ဟန်များကို ပြန်သတိရနေရင်း သူ့မျက်လုံးက တောက်ပသထက် တောက်ပလာခဲ့သည်။
“အစောပိုင်းတုန်းက ကိုးလွှာမြှောက်မှာ ငါက ဒီမန္တာန်လက်ဟန်တွေကို အသုံးပြုတုန်းက ဒီခန်းမက တုန်ခါသွားတာကို ငါ ခံစားမိခဲ့တယ်…” ဝမ်လင်းနှလုံးသားက တစ်ချက် ခုန်သွား၏။ သူက ချက်ခြင်းပင် ရွှေ့လျားလိုက်ရာ စုဆောင်းခြင်းခန်းမအနားသို့ ရောက်ရှိသွားသည်။
သူက အသက်ဝဝရှုသွင်းကာ သူ့လက်ဖြင့် ပန်းချီကားထဲက ကောင်လေး ပြုလုပ်သော ချိပ်တံဆိပ်လက်ဟန်များကို ဖြစ်ပေါ်စေလိုက်တော့၏။ ချက်ခြင်းပင် စုဆောင်းခြင်းခန်းမက တောက်ပလာသည်။ဝမ်လင်း၏ရှေ့တွင်ပင် စုဆောင်းခြင်းခန်းမ သေးငယ်သထက် သေးငယ်လာကာ နောက်ဆုံးတွင် လူတစ်ယောက်၏ လက်တစ်ဝါးစာလေက်သာ ရှိတော့၏။၎င်းက ဝမ်လင်းလက်ထဲသို့ ပျံသန်းရောက်ရှိလာချေသည်။
သူ့လက်ထဲ၌ စုဆောင်းခြင်းခန်းမကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် သူ့စိတ်အင်အားဖြင့်ပင် အားပါးတရ ရယ်မောမိလိုက်လေ၏။ ထိုရယ်သံထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်လို့နေသည်။
***