မြူကနေ ဖြစ်ပေါ်လာသည့် ပုံရိပ်သည် ပျောက်ကွယ်သွားကာ ဝမ်လင်းရှေ့၌ လှေကားထစ်များအဖြစ် ပြောင်းလဲသွားသည်။ထိုလှေကားတစ်များက အထက်သို့ ဆန်တက်လို့နေ၏။
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သည့်နောက် သူက တစ်ခုပြီးတစ်ခုပေါ်သို့ လှမ်းတက်လာရင်း သူ့နောက်ရှိ လှေကားထစ်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။
သည်အခိုက်အတန့်၌ ခန်းမအပြင်ဘက်ရှိ အဘိုးအိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကား ပြောဆိုနေကြသည်။ရုတ်တရက် စုဆောင်းခြင်းအဆောက်အဦခန်းမကနေ တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချန်မိသားစုမှ အဘိုးအိုသည် ထိုအလင်းကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းရှုရဲ့အခွင့်အရေးကတော့ စတင်ပြီ။ သူကလေးလွှာမြောက်မှာ ဘယ်လိုမန္တာန်မျိုး ရရှိမလဲတော့ ငါ မသိဘူး…”
ခန္ဓာကိုယ်ဆုံးရှုံးထားသော လုကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျင့်ကြံခြင်းက ကံတရားအချို့နဲ့ ဆက်စပ်နေတယ်။ ငါ့စိတ်ထင်တော့ သူက အတော်အတန်ကောင်းမွန်တဲ့ မန္တာန်တစ်ခု ရနိုင်လောက်တယ်…”
စုန်ကျင့်ကြံသူကတော့ စကားမပြောပေ။ သူက ခန်းမကို ကြည့်နေရင်း ပြောလာ၏။ “တစ်ခုခုတော့ မှားနေပြီ…”
အခြားနှစ်ယောက်သည်လည်း ခန်းမကို ကြည့်ကာ သူတို့၏အသွင်ဟန်ပန်များသည် ပြောင်းလဲသွားကြသည်။
စုဆောင်းခြင်းခန်းမကနေ ပထမဆုံးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် နောက်ထပ်အလင်းတန်းလေးခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထိုမြင်ကွင်းက အလွန်ခမ်းနားလှသည်။
“အလင်းတန်းငါးခု…ဒီလူက ငါးလွှာမြောက်ကို တကယ်ဝင်နိုင်ခဲ့တာပဲ…” လုကျင့်ကြံသူက အလင်းတန်းငါးခုကို ကြည့်၍ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
“ကြည့်ရတာ ငါတို့က ရောင်းရင်းရှုကို လျှော့တွက်မိတဲ့ပုံပဲ။ သူက အမှန်တကယ်တော့ အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ်ကို ရောက်နေပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ခြေတစ်ဝက်နင်းထားပြီးပြီးကို၊ ဒါ့ကြောင့် သူက ငါးလွှာမြောက်ကို ဝင်နိုင်သွားတော့ပေါ့…”
ချန်ကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောာလိုက်၏။ “သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ဆိုရင် မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဝင်လာလို့ ဘယ်ရမလဲ…။ဒါမှ မဟုတ်…”
သူ့စကားမဆုံးသေးခင်မှာပင် စုဆောင်းခြင်းခန်းမကနေ အလင်းတန်းများ ဆက်၍ ထွက်ပေါ်လာခဲ့သည်။ သည်တစ်ကြိမ်၌ အလင်းတန်းနှစ်ခု ထပ်ထွက်လာခဲ့ခြင်းပင်။
အလင်းတန်းခုနစ်ခုက ကောင်းကင်ထက်သို့ အံ့မခန်းထိုးထွက်နေသည်။သည်မြင်ကွင်းက သူတို့သုံးယောက်ကို မှင်သက်သွားစေ၏။
စုန်အဖိုးအိုက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်၏။ မဖြစ်နိုင်ဘူး။ “အလင်းတန်းခုနစ်ခု ဆိုတာက ခုနစ်ခုမြောက်အလွှာကို ဆိုလိုနေတာပဲ…”
ချန်ကျင့်ကြံသူက စိတ်လှုပ်ရှားဟန်အပြည့်နှင့် သူ့ကိုယ်သူ ပြောလိုက်သည်။ “ခုနစ်ခုမြောက်အလွှာကို ဝင်ရောက်ဖို့ ဘယ်လို့ကျင့်ကြံမှုအဆင့် ရှိရမလဲ။ ဒီရှုမူက ဒီလောက်မြင့်တဲ့ ကျင့်ကြံမှုအဆင့်တော့ ရှိမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူက ကံကောင်းပြီး ရောက်သွားတာလား…”
သူတို့သုံးယောက်က မှင်သက်နေစဉ်မှာပင် နောက်ထပ် အလင်းတန်းနှစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်လာပြန်၏။ ခုချိန်၌ ကောင်းကင်ထက်တွင် အလင်းတန်းကိုးခု ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအခါ သူတို့သုံးယောက်သည် စကားတစ်ခွန်းပင် မဆိုနိုင်တော့ဘဲ ကောင်းကင်ထက်သို့ အကြောင်သား ကြည့်နေမိတော့သည်။
ကိုးခုမြောက်အလင်းတန်းဖြစ်ပေါ်ခြင်းကို ကြီးမားသည့်ကံကောင်းမှုဖြင့်သာ ရှင်းပြနိုင်တော့၏။အခြားတွေးကြည့်စရာ နည်းမရှိတော့ပေ။
သည်အလင်းတန်းကိုးခုက သူတို့အား အကြီးအကျယ် ဖိနှိပ်နေသကဲ့သို့ပင်။ သူတို့၏ ဆိုင်ရာဆိုရင် မိသားစု၏ ဘိုးဘေးများကိုယ်တိုင် လာရောက်လျှင်ပင် ရှစ်ခုမြောက်အလွှာထိသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။
မည်သူကမျှ ကိုးခုမြောက်အလွှာသို့ မဝင်ရောက်နိုင်ပေ။
ဝမ်လင်းက ခဏတာ တက်လှမ်းသွားပြီးသည့်နောက် သူက နောက်ဆုံးတွင် လှေကားထစ်များ၏ အဆုံးသို့ ရောက်လာခဲ့၏။သည့်နောက် ခန်းမဆောင်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာခဲ့၏။
၎င်းခန်းမဆောင်က ကြီးမားခြင်း မရှိလှဘဲ ဘေးတစ်ဖက်စီ၌ သစ်သားမီးတောက်ဆယ်ခုကျော် ရှိနေကြသည်။မီးတောက်တိုင်းတွင်လည်း ညင်သာစွာတောက်ပနေသည့် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ခုစီ ရှိနေကြ၏။
သူ့ရှေ့ရှိ နံရံပေါ်တွင်တော့ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထား၏။ ထိုပန်းချီကားထဲ၌ သစ်ပင်တစ်ပင် ရှိနေကာ သစ်ပင်၏တစ်ဝက်သည် အဝါရောင်သစ်ရွက်များဖြင့် ရှိနေသည်။ထိုသစ်ပင်၏ အောက်တွင် ကျင့်ကြံနေပုံရသော ကောင်လေးတစ်ယောက် ရှိနေ၏။
ပန်းချီကား၏ အပေါ်ခြမ်းဘယ်ဘက်ထောင့်တွင် မှင်ဖြင့် ရေးဆွဲထားသည့် မျဉ်းကြောင်းတစ်ခုလည်း ရှိနေသည်။
“လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်၊အံ့ဖွယ်လက်နက်တိုက်၊မြေပြိုတောင်ကွဲ၊လနက်၊ ကြည်လင်သောကောင်းကင်များ…”
ဝမ်လင်းက ထိုပန်းချီကားကို စူးစိုက်ကြည့်နေရင်း စဉ်းစားနေသည်။သူက သည်ပန်းချီကားနှင့် ပတ်သတ်၍ စိတ်ဝင်စားစရာတစ်ခုခုကို ရှာမတွေ့နိုင် ဖြစ်နေ၏။ သို့သော် သူက ရေးဆွဲထားသည် မျဉ်းလိုင်းများက စိတ်ဝင်စားဖို့ကောင်းသည်ကို ရှာတွေ့လိုက်၏။
“လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်က မန္တာန်နှစ်ခု ဖြစ်သင့်တယ်။အံ့ဖွယ်လက်နက်တိုက်ကတော့ မန္တာန်တစ်ခုပဲ ဖြစ်မယ်။ မြေပြိုတောင်ကွဲကတော့ တစ်ပိုင်းစီ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း လနက်နဲ့ ကြည်လင်သောကောင်းကင်များရဲ့ အဓိပ္ပာယ်က ဘာများလဲ…”
ဝမ်လင်းက ၎င်းစာသား၏ နောက်ရှိ အဓိပ္ပာယ်ကို မြင်နိုင်ခြင်း မရှိပေ။ထို့ကြောင့် သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အခန်းထဲ၌ ရှာဖွေလိုက်၏။ သည်အခန်းက အလွန်ရိုးရှင်းကာ စားပွဲခုံတစ်လုံးပင် ရှိမနေပေ။သို့ရာတွင် ကြမ်းပြင်ပေါ်၌ ကျောက်ဖျာတစ်ချပ် နစ်မြုပ်လို့နေ၏။ထိုကျောက်ဖျာပေါ်၌ တစ်စုံတစ်ယောက်သည် မကြာခဏ ကျင့်ကြံသည့်အတွက် အခုလို နစ်မြုပ်နေသည့် ပုံပင်။
ဝမ်လင်းက ရှေ့တိုးကာ ထိုဖျာကို သေချာကြည့်လိုက်သည်။ ၎င်းဖျာသည် ဘာထူးခြားမှုမှ ရှိမနေပဲ သာမန်သာ ဖြစ်နေသည်။ သို့သော် ဝမ်လင်းကို အံ့အားသင့်သွားစေသည်က သူသည် ၎င်းဖျာကို ထိလိုက်သည့်အခါ သူ့လက်သည် ဖျာကိုမထိမိဘဲ ကျော်လွန်သွားခြင်းပင်။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ပတ်လည်ရှိ သစ်သားမီးတောက်များကို ကြည့်လိုက်ပြန်၏။ထိုအခိုက်အတန့်၌ သူ့အသွင်က သုန်မှုန်သွားခဲ့သည်။ အစောပိုင်းတုန်းက ပျော်ရွှင်မှုသည်လည်း ပျောက်ကွယ်သွား၏။
သည်သစ်သားမီးတောက်များထဲ၌ ကျောက်စိမ်းပြားများ ရှိနေသော်လည်း စောနက ဖျာကဲ့သို့ပင် ၎င်းတို့သည်လည်း ပုံရိပ်ယောင်များ ဖြစ်နေကာ တည်ရှိနေကြခြင်း မရှိပေ။
သူက လေ့လာကြည့်နေရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။သူက သည်နေရာရှိအရာများသည် မြင်ရုံသာမြင်ရ၍ ထိတွေ့နိုင်ခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ အရာအားလုံးက ပုံရိပ်ယောင်သပ်သပ် ဖြစ်နေသည့်အလားပင်။
“ဒီလိုမှန်းသာ သိရင်ငါက လေးလွှာမြောက်ကိုပဲ သွားလိုက်ပါတယ်။အနည်းဆုံးတော့ ဒီလိုမျိုး မဖြစ်တော့ဘူးပေါ့…” ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အခန်းထဲသို့ ဝှေ့ကြည့်လိုက်၏။ထို့နောက် သူ့အကြည့်က သူ့အရှေ့ရှိ ပန်းချီကား ပေါ်သို့ ကျရောက်သွား၏။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ထို့နောက် သူသည် ပန်းချီကားကို စူးစိုက်ကြည့်နေရင်း တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
“ကောင်းကင်ဘုံသားအရှင်သခင်တွေပဲ လာနိုင်တဲ့ ကိုးခုမြှောက်အလွှာက မရိုးရှင်းနိုင်ဘူး။ ဖြစ်နိုင်တာက ဒီမြင်ကွင်းတွေက ငါ့အမြင်မှာ ပုံရိပ်ယောင်လို ဖြစ်နေပေမဲ့ ကောင်းကင်ဘုံသားအရှင်သခင်တစ်ယောက်အတွက်တော့ အရာရာကို လွယ်လင့်တကူ ဖြတ်မြင်နိုင်မှာပဲ။ ဒီလိုသာဆိုရင် ဒီနေရာမှာ ရှိနေတဲ့ ပန်းချီကားက နည်းနည်း ထူးဆန်းနေတယ်…”
ဝမ်လင်းက ပန်းချီကားကို သေချာကြည့်ရှုနေ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်နေ၏။ ဝမ်လင်းသည်လည်း တဖြေးဖြေး တည်ငြိမ်လာခဲ့သည်။သူက ကိုးလွှာမြောက်ကနေ မည်သည့်အရာကိုမှ မရရှိသည်ကို အလိုမရှိပေ။ သည်အခြေအနေကို သေချာစမ်းစစ်ကြည့်နေပြီးနောက် သူက ဤပန်းချီကားက သော့ချက်တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်လာသည်။
ထို့နောက် သူ့အတွေးအားလုံးကို ပန်းချီကားပေါ်၌ နစ်မြုပ်ကာ သဲလွန်စအချို့ကို ရှာကြည့်နေ၏။
တဖြည်းဖြည်းဖြင့် သူ့စိတ်က ပန်းချီကားအတွင်း၌ နစ်မြောသွားသည်။အချိန်ကုန်နေရင်း ဝမ်လင်းက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သူက မျက်လုံးမှိတ်သွားသော်လည်း ပန်းချီကားသည် သူ့စိတ်ထဲတွင် ပေါ်လာနေတုန်းပင်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တစ်ခုခုတော့ မှားနေပြီ….။ငါ ပန်းချီကားထဲကို အမှန်တကယ်ဝင်ရောက်နိုင်ဖို့ တစ်ခုခုက တားဆီးနေသလိုပဲ…”
အနည်းငယ်စဉ်းစားပြီးနောက် သူ့အကြည့်က ပန်းချီကားထဲရှိ သစ်ပင်အောက်မှ ကောင်လေးထံသို့ ကျရောက်သွားသည်။ရုတ်တရက် သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။
သူက ထိုကောင်လေးသည် မည်သည့်ချိပ်တံဆိပ်လက်ဟန်ကိုမှ မလုပ်ဆောင်ဘဲ ကျင့်ကြံရုံမျှ ကျင့်ကြံနေသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိခဲ့ပေသည်။သို့ရာတွင် သည်အခိုက်အတန့်၌ ကောင်လေး၏လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ထားလေသည်။
သည်တွေ့ရှိမှုက ဝမ်လင်း၏စိတ်ကို တုန်ယင်သွားစေကာ သူက ပန်းချီကားကို သေသေချာချာ လေ့လာကြည့်နေတော့၏။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့လေ၏။ဝမ်လင်း တွေ့ရှိခဲ့သည့် သော့ချက်တစ်ခုက ထိုကောင်လေး၏ လက်ဟန်သည် နှစ်နာရီကနေ သုံးနာရီသို့ ကူးပြောင်းတိုင်း ပြောင်းလဲနေခြင်း ဖြစ်သည်။သို့သော်လည်း ထိုပြောင်းလဲမှုက တည်ငြိမ်လှရာ သူက သေချာအာရုံစိုက်ထား မနေပါက သတိပြုမိရန် ခက်ခဲပေလိမ့်မည်။
သည်ခုနစ်ရက်တာအတွင်း ဝမ်လင်းသည် ကောင်လေး ပြုလုပ်သည့် လက်ဟန်ချိပ်တံဆိပ်များကို မှတ်သားထားခဲ့၏။ ရှစ်ရက်မြောက်နေ့တွင် သူက ထိုင်ချကာ ထိုလက်ဟန်အတိုင်း စတင် ဖြစ်ပေါ်စေသည်။ ထိုချိပ်တံဆိပ်လက်ဟန်များ ပေါ်လာသည်နှင့် အခန်းတစ်ခုလုံးသည် စတင် တုန်ခါလာခဲ့သည်။ဝမ်လင်းသည် ချက်ခြင်း ရပ်တန့်လိုက်၏။ သူက သူ့ပတ်လည်သို့ သေချာကြည့်ရှုလိုက်ပြီးမှ ဆက်လက်၍ ချိပ်တံဆိပ်များကို ပြုလုပ်လိုက်သည်။
ထိုချိပ်တံဆိပ်များ ပေါ်လာသည့်အခါတိုင်း အခန်းတစ်ခုလုံးသည် ကျုံ့လာသကဲ့သို့ တုန်ခါလာခဲ့၏။
သည်တွေ့ရှိမှုက ဝမ်လင်းကို ကြီးစွာ တုန်လှုပ်စေသည်။သူ့လက်က ပို၍ မြန်ဆန်လာခဲ့သည်။သို့သော် အနည်းငယ်လှုပ်ခါမှု ပြီးသည့်နောက် အခန်းသည် တုန်ခါနေရာကနေ ရပ်တန့်သွားသည်။ဝမ်လင်းက ပန်းချီကားကိုသာ ကြည့်နေရင်း သူ့လက်ကို မြန်ဆန်စွာ လှုပ်ရှားလို့နေ၏။ သူက သူ့ခန္ဓာကိုယ်နှင့်စိတ်သည် လွင့်ပါးလာကာ ပန်းချီကားထဲသို့ ဆွဲငင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
သူက နောက်ဆုံးချိပ်တံဆိပ်ကို ဖြစ်ပေါ်စေလိုက်သည့်အခါတွင် သူ့ခေါင်းထဲ၌ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်သည် ကြမ်းပြင်ထက်သို့ လဲကျသွား၏။သူ့မူလစိတ်ဝိညာဉ်သည်လည်း တုန်ခါမှုကို ခံစားရကာ မူးဝေလာခဲ့သည်။
သူ့အမြင်က ပြန်ကြည်လင်လာသည့်အခါ၌ သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဝမ်လင်း၏စိတ်သည် တုန်ယင်လို့သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် လေဟာနယ်ဟင်းလင်းပြင်နှင့် ပြည့်နေကာ သူ့နောက်တွင် သစ်ပင်ကြီးတစ်ပင် မားမားမတ်မတ် ရှိနေသည်။ထိုသစ်ပင်၏တစ်ဝက်က အဝါရောင်သမ်းနေကာ လေပြေဝှေ့တိုက်သွားနိုင်း သစ်ရွက်များက ဝှေ့ခါ၍ လေတိုးသံများကို ဖန်တီးနေသည်။
ဝမ်လင်းက သူ့ကိုယ်သူ ခေါင်းငုံ့ကြည့်လိုက်ရာ သူသည် တာအိုဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်အား တွေ့လိုက်ရ၏။သူက ပန်းချီကားထဲသို့ ဝင်ရောက်သွားကာ ပန်းချီကားထဲရှိ ကောင်လေး ဖြစ်လာခဲ့ပေသည်။
အနှီမြင်ကွင်းက အလွန်ထူးဆန်းလှ၏။ဝမ်လင်းသည် မတ်တပ်ရပ်ကာ ကောင်းကင်ထက်သို့ ကြည့်နေ၏။ ကောင်းကင်ထက်ရှိ ညာဘက်ထောင့်တွင် မှင်အမှတ်သားအရာများ ရှိနေသည်။၎င်းမှင်ရာများသည် သူ အပြင်ဘက်ကနေ တွေ့မြင်ခဲ့သည့် စာလုံးများပင် ဖြစ်လေ၏။
“လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်၊ အံ့ဖွယ်လက်နက်တိုက်၊ မြေပြိုတောင်ကွဲ၊ လနက်၊ ကြယ်လင်သောကောင်းကင်များ…”
ဝမ်လင်းက မှင်ဖြင့် ရေးဆွဲထားသည့် မျဉ်းကြောင်းကို ကြည့်နေသည့်အခါ ၎င်းသည် ချက်ခြင်းပင် အစက်များအဖြစ်သို့ ပြောင်း၍ မြေပြင်ထက်သို့ မိုးရွာချလာသကဲ့သို့ ကျဆင်းလာခဲ့သည်။သူ့ပတ်လည်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ပျောက်ကွယ်သွားကာ ဆူညံသံများ အစားထိုးလာခဲ့သည်။
ဟင်းလင်းပြင်ထဲ၌ အမျိုးမျိုးသော ပုံရိပ်ယောင်ပုံရိပ်များ ပေါ်လာခဲ့လေ။သူက သူတို့၏မျက်နှာမျးကို ကောင်းစွာ မမြင်ရပေ။ သို့သော် ထိုပုံရိပ်ယောင်ပုံရိပ်များက ပေါ်လာပြီးပြီးချင်း ထိုင်ချလိုက်ကြသည်။တဖြည်းဖြည်းဖြင့် ဝမ်လင်းသည် ထိုပုံရိပ်များ၏ ဝန်းရံထားခြင်းကို ခံလိုက်ရလေသည်။
အရပ်မျက်နှာအနှံ့ကနေ အပြန်အလှန်စကားပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဝမ်လင်းက ထိုအသံများကို ကြားလိုက်သည့်အခါ သူက ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း လုံးဝ မကြားရပေ။
ခဏတာကြာမြင့်ပြီးနောက် ဆူညံသံများအားလုံး ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုသည် လှမ်းလျှောက်ထွက်လာ၏။ ထိုလူ၏ ပုံရိပ်သည် ခပ်ရေးရေးသာ ဖြစ်သော်လည်း သူ ပေါ်လာသည့်အချိန်၌ သည်ဧရိယာတွင် ဖိအားတစ်ခု ဝန်းရံလာခဲ့သည်။
သူက လေထဲ၌ပင် ထိုင်ချလိုက်၏။ သူက ပြုံးနေသည်ဟု ထင်ရကာ ကြည်ရှင်းသောအသံတစ်ခု ထွက်ပေါ်လာလေ၏။
“ဒီကနေ့…အရှင်အပူအပင်မဲ့က စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်တဲ့အနေနဲ့ ပန်းချီဆွဲလိမ့်မယ်။ကောင်းကင်ဘုံသားအရှင်သခင် ရွင်ပီက ငါ့ကို ကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါကြောင့် ငါက သင်နဲ့ ငါ့မိတ်ဆွေကောင်းကင်ဘုံသားတွေကိုပါ ဖိတ်ခေါ်ခဲ့ပြီး ပန်းချီကား ပြီးဆုံးတဲ့အချိန်မှာ ငါ့တာအိုဟောပြောမှုကို နားထောင်ကြပါ။ ဒါက ငါသိနားလည်တဲ့ တာအို ဖြစ်တယ်…”
ထိုလူက ပြောနေရင်းဖြင့် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ လေပြင်းတစ်ခု ပေါ်လာခဲ့သည်။သည်လေက အနက်ရောင်ရှိကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။၎င်းက ကောင်းကင်ထက်၌ ဝှေ့၍ တိုက်ခတ်နေပြီးနောက် အနက်ရောင်နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။နဂါးဟိန်းသံများနှင့်၎င်းတို့၏အော်ရာသည် ကောင်းကင်ကို အရောင်ပြောင်းသွားစေသည်။ အနက်ရောင်လေပြင်းက သည်ဧရိယာကို တိုက်ခတ်နေစဉ်တွင် နဂါးကိုးကောက်သည် အေးစက်စက်လေများကို မှုတ်ထုတ်ကြသည်။ထိုအံ့မခန်းစွမ်းအားသည် လူများကို သူတို့၏ဘဝသည် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့သာ ဖြစ်သည်ဟု ခံစားမိအောင် ပြုလုပ်သည်။သူတို့က ထိုလေ၏ ရိုက်ခတ်ခြင်း ခံရပါက ချက်ခြင်းသေသွားနိုင်ပေသည်။
လောကရှိ သက်ရှိအားလုံးသည် ထိုလေနှင့် ထိခတ်ပါက သေဆုံးသွားနိုင်သကဲ့သို့ ဖြစ်နေ၏။ ထိုလေအတွင်းရှိ စွမ်းအားသည် ဝမ်လင်း၏ စိတ်ကူးနိုင်မှုထက် လွန်နေ၏။
“ဒါက လေဆင့်ခေါ်ခြင်းပဲ။ ဒါက သက်ရှိအားလုံးရဲ့ မီးတောက်ကို ငြိမ်းသတ်ပစ်နိုင်တယ်…”
ဝမ်လင်း၏စိတ်သည် အကြီးအကျယ်တုန်လှုပ်သွားကာ သူ့အား အပိုင်းပိုင်းဆုတ်ဖြဲပစ်သကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားကာ အစိတ်အပိုင်းများအဖြစ်သို့ ပြန့်ကျဲသွားခဲ့သည်။
သည်အခိုက်အတန့်၌ လေဟာနယ်ထဲကနေ ညင်သာသောအားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ထွေးခြုံပေးသွားသည်။သည့်နောက် ကြည်လင်သောရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ကောင်းကင်ဘုံသားအင်ပါယာရဲ့မန္တာန်က သာမန်ထက်ထူးကဲလွန်းတယ်။ ဒီလေဆင့်ခေါ်ခြင်းလို့ ခေါ်တွင်တဲ့ မန္တာန်ကို ဒီအရှင်က အရှင်သခင်အပူအပင်မဲ့ရဲ့ ပန်းချီကားထဲမှာ ရေးဆွဲခဲ့မယ်။ ဒီပန်းချီကားကိုလည်း စုဆောင်းခြင်းခန်းမရဲ့ ကိုးလွှာမြောက်မှာ သိမ်းဆည်းထားမယ်။ တစ်ယောက်ယောက်က ဒီမန္တာန်ကို နားလည်နိုင်၊မနိုင်ကတော့ ထိုသူရဲ့ကံပေါ်မူတည်လိမ့်မယ်…”
ထိုအသံထွက်ပေါ်လာသည့်အခါတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရကာ သည်စာလုံးသုံးလုံးကို ရေးဆွဲရာ၌ အသုံးပြုခြင်း ခံလိုက်ရသည်။
“လေကိုဆင့်ခေါ်ခြင်း”
တစ်ချိန်တည်းမှာပင် ထိုစာလုံးသုံးလုံးထံမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပြန်လည်ဖြစ်ပေါ်ကာ ပျံသန်းထွက်လာသည်။သူ့အမြင်က မှုန်ဝါးလာကာ သူက ပန်းချီကားထဲကနေ ပျံသန်းထွက်လာခဲ့ပြီး ပန်းချီကားအပြင်ဘက်ရှိ ကြမ်းပြင်ပေါ်တွင် လဲနေသော သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်ဝင်ရောက်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်လာခဲ့ကာ သူက မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှင်သက်မှတို့နှင့် ပြည့်နေကာ ထိုပန်းချီကားထဲမှ စကားလုံးများကို ခုထိ သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်နေသည်။
“ဒါက ကံတရားပဲ…” ဝမ်လင်းက အသက်ဝဝရှုသွင်းကာ ပန်းချီကားကို စူးစိုက်ကြည့်နေသည်။ စောနပိုင်းက ပန်းချီကားထဲတွင် ဖြစ်ပျက်ခဲ့သမျှသည် အလွန်အစစ်အမှန်ဖြစ်သည်ဟု ခံစားခဲ့ရပေသည်။
“ကောင်းကင်ဘုံအင်ပါယာ၊ကောင်းကင်ဘုံအရှင်သခင်၊ပန်းချီကားကို ရေးဆွဲတဲ့အရှင်သခင်အပူအပင်မဲ့…” ဝမ်လင်းက ပန်းချီကားကို ကြည့်နေရင်း ပန်းချီကားကို ရေးဆွဲသည့်သူနှင့် သူတွေ့ခဲ့သည့် သိုလှောင်နေရာလွတ်၏ ပိုင်ရှင်မှာ အတူတူပင် ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။
အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ဝမ်လင်းသည် မတ်တပ်ထရပ်လိုက်သည်။ သူက ဘေးတစ်ဖက်စီရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ကြည့်ပင် မကြည့်တော့ဘဲ ထွက်ခွာလာလိုက်သည်။ သူပိုင်ဆိုင်ထားသည့် အရာအားလုံးသည် ကိုးလွှာမြောက်ရှိအရာရာနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့အတွက် စိတ်ဓာတ်ပင် ကျဆင်းသွားနိုင်ပေသည်။
ဝမ်လင်းက ကိုးလွှာမြောက်ကနေ လှမ်းလျှောက်ထွက်လာသည့်အခါ သူ့အောက်တွင် လှေကားထစ်များ ပြန်ပေါ်လာခဲ့သည်။သူ့မျက်လုံးက အခုထိ မိန်းမောနေဆဲ ဖြစ်ကာ ပန်းချီကားထဲက မြင်ကွင်းကနေ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသကဲ့သို့ ဖြစ်နေသည်။
ဝမ်လင်းက လှေကားထစ်အတိုင်းဆင်းသွားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်ဘုံမန္တာန်…လေဆင့်ခေါ်ခြင်း…” သူက အောက်ခြေသို့ ရောက်သွားသည့်အခါ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
အချိန်များ ကုန်လွန်သွားသည့်နောက် ခန်းမအပြင်ဘက်ရှိ သုံးယောက်သည် တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ခုထိ သူတို့က စိတ်ထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေသေးသည်။
မနာလိုမှုက သူတို့စိတ်ထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။နောက်ဆုံးတွင် ထိုမနာလိုသည့်စိတ်က သူတို့၏ အကျိုးအကြောင်းဆင်ခြင်ဉာဏ်နေရာကိုပါ အစားထိုးသွားခဲ့လေ၏။
တကယ်တော့ သူတို့သည် ကိုးလွှာမြောက်၌ မည်သို့သောမန္တာန်ရှိသည်ကို မခန့်မှန်းနိုင်ကြပေ။ သို့သော် သူတို့က ထိုသို့မခန့်မှန်းနိုင်လေလေ ထိုမန္တာန်ကို လိုချင်သည့်ဆန္ဒက ပိုပြင်းထန်လာလေ ဖြစ်နေသည်။
သည်အခိုက်အတန့်၌ စုဆောင်းခြင်းခန်း၏တံခါးက လင်းလက်သွားကာ ဝမ်လင်းသည် လှမ်းထွက်လာခဲ့သည်။သူက ခုထိ မိန်းမောနေဆဲ ဖြစ်ကာ ထိုလူသုံးယောက်ကို ဖြတ်ကျော်၍ အကွာအဝေးတစ်ခုထံသို့ လျှောက်လှမ်းသွားသည်။
သူတို့သုံးယောက်သည် ဝမ်လင်း၏ခုလက်ရှိ အခြေအနေက တစ်ခုခုမှားနေသည်ကို ချက်ခြင်း သတိပြုမိလိုက်ကြ၏။ သူတို့က တစ်ယောက်မျက်လုံးတစ်ယောက် ကြည့်လိုက်ကြရာ သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးထဲ၌ ရက်စက်ပြတ်သားမှုတို့ ဖြစ်ပေါ်နေသည်။
“စိတ်မကောင်းပါဘူး…ရောင်းရင်းရှု…ဒါပေမဲ့လည်း သင့်ကို ငါ့မိသားစုရှိ ကမ်းလှမ်းတာနဲ့ဆိုရင် ငါက ကိုးလွှာမြောက်က မန္တာန်ကို ပိုလိုချင်တယ်။ အထူးသဖြင့် သင် ခုလို ဖြစ်နေတဲ့ အချိန်ပေါ့။ သင်က မူးဝေနေတဲ့အခြေအနေဆိုရင်တောင် ငါက ချီတုံချတုံ ဖြစ်လိမ့်ဦးမယ်။ ဒါပေမဲ့ သင်က ခုလိုမျိုး မိန်းမောနေတဲ့အခြေအနေဖြစ်နေတော့ ငါ့ကို ကောင်းကင်ဘုံက မျက်နှာသာ ပေးလိုက်တာပဲ…”
ချန်အဘိုးအို၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်နေသည်။
သူတို့သုံးယောက်က တုံ့ဆိုင်းမနေတော့ဘဲ တဟုန်ထိုး ထိုးထွက်လာကြ၏။ သူတို့က သူတို့၏ အားအကောင်းဆုံးရတနာများနှင့် စွမ်းအားအကောင်းဆုံးမန္တာန်များကို ထုတ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာကြတော့သည်။
***