Switch Mode

အပိုင်း(၈၃၂):

အရည်အသွေး

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အကြည့်အောက်၌ ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားသည်။လီယွမ်ကလည်း သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါသွား၏။သူတို့နှစ်ယောက်သည် တဖြည်းဖြည်း ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

လမ်းတစ်လျှောက်တွင် လီယွမ်က ဝမ်လင်းကို အကြိမ်များစွာ မေးမြန်းချင်နေ၏။သို့သော် သူက ပြန်မြိုသိပ်လိုက်ကာ ကျန်ခုန်လီအကြောင်း မေးမြန်းခြင်း မပြုတော့ပေ။လီယွမ်၏ ဉာဏ်ပညာအရ သူသည် အရာရာကို မမေးသင့်ကြောင်း သိနေ၏။လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိပေသည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်ဆုံးသွားခဲ့လေပြီ။သူတို့က မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟိုနှင့် နီးကပ်လာသည်နှင့်အမျှ လူအများကို ပို၍ တွေ့မြင်လာရသည်။နောက်ဆုံး ယနေ့တွင် သူတို့သည် မိုးကြိုးကောင်းကင်ဘုံမြေ၏ အလယ်သို့ ရောက်ရှိလာကြသည်။

သည်နေရာသို့ ရောက်လာပြီးသည့်နောက် သူတို့က မည်သည့်ကျင့်ကြံသူကိုမှ မမြင်တွေ့ရတော့ချေ။သည်နေရာသည် အလွန်နက်မှောင်နေကာ သူတို့က တစ်ဦးတစ်ယောက်ကိုမှ မမြင်ရချေ။

ဟင်းလင်းပြင်ထဲ၌ မတ်တပ်ရပ်နေရင်း ဝမ်လင်းသည် သူ့ပတ်လည်ကို သေချာကြည့်ရှုနေသည်။ ယောင်မိသားစုမှ အဖွဲ့ဝင်၏ မှတ်ဉာဏ်အတိုင်းဆိုလျှင် သည် စုဆောင်းခြင်းခန်းမကို ချိပ်ပိတ်ထားသောအစိတ်အပိုင်းမြေသည် သည်နေရာတွင် အမှန်ရှိရပေလိမ့်မည်။

ဝမ်လင်းက မေးလိုက်၏။ “အစ်ကိုလီ…သင်က ဒီနေရာနဲ့ပတ်သတ်လို့ ပုံမှန်မဟုတ်တာကိုများ တွေ့လား…”

လီယွမ်သည် ဝမ်လင်းရပ်တန့်သွားသည့်အခါတွင် သူ့လက်ကို စတင် လှုပ်ရှားလိုက်သည်။သူက သည်နေရာကို ကြည့်လိုက်သည်။ခဏတာကြာမြင့်ပြီးသည့်နောက် သူ့မျက်လုံးများသည် အလေးအနက် ဖြစ်လာခဲ့သည်။သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒီနေရာမှာ အတားအဆီးတစ်ခုရဲ့ တုန်ခါမှုလှိုင်းတွေ ရှိတယ်။ဒါက သိပ်မသိသာပေမဲ့လည်း ငါ့အတားအဆီးနှလုံးသားနဲ့ ဒါကို ခံစားမိနိုင်တယ်။ဒါက ကောင်းကင်ဘုံအတားအဆီးတစ်ခုနဲ့တောင် ဆင်တူသေးတယ်။ဒါပေမဲ့ ကွဲပြားမှုတော့ ရှိတယ်…”

သူက ထိုသို့ ပြောနေရင်း သူ့ဘယ်လက်ကို အောက်သို့ ဖိချလိုက်သည်။ အတားအဆီးတစ်ခုကသည် ချက်ခြင်း ပျံထွက်သွားကာ ဟင်းလင်းပြင်ထဲ၌ ဆယ့်ရှစ်ခုအထိ ကွဲထွက်သွားသည်။သည်အခိုက်အတန့်၌ ဖျပ်ခနဲ ပုံရိပ်ယောင်ကောက်ကြောင်းတစ်ခု ပေါ်လာပြီးသည့်နောက် ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။

ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ ထိုကောက်ကြောင်း ပေါ်လာသည့်အခိုက်တွင် သူက ဟင်းလင်းပြင်ထဲ၌ ဝိုးတဝါးဖြစ်နေသော အစိတ်အပိုင်းမြေတစ်ခုကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။

ထိုအစိတ်အပိုင်းမြေပေါ်တွင် မျှော်စင်ခန်းမကြီးတစ်ခု ရှိနေ၏။သို့ရာတွင် ၎င်းက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသဖြင့် ကောင်းစွာ မမြင်လိုက်ရချေ။

လီယွမ်က ပြောလိုက်သည်။ “အစ်ကိုရှု…ငါအချိန်အချို့ လိုတယ်…” လီယွမ်သည် အတားအဆီးများကို ချိုးဖျက်သည့်အချိန်တိုင်းတွင် သူ့ပတ်လည်၌ ကိုယ့်ကိုကိုယ် ယုံကြည်သည့်အော်ရာ တစ်ခု ပေါ်လာတက်ပေသည်။

သူက စကားဆုံးသည်နှင့် ဟင်းလင်းပြင်ထဲတွင် ထိုင်ချလိုက်၏။ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ အတားအဆီးများကို စုပေါင်းထုတ်လွှတ်လိုက်သည်။သူက သူ့လက်ညှိးကို မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ရာ အနက်ရောင်လိုင်းများ ပျံသန်းထွက်လာခဲ့သည်။ထိုအနက်ရောင်လိုင်းများသည် အလွန်ရှုပ်ထွေးသောအတားအဆီးများ ဖြစ်ကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းတိုးဝင်သွားသည်။

ထိုအခိုက်အတန့်၌ ထိုအစိတ်အပိုင်းမြေ၏အရိပ်သည် ရုတ်တရက် ပေါ်လာကာ ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။ ဖမ်းဆုပ်ကြည့်ရန်ပင် မြန်ဆန်လွန်းလှ၏။

ဝမ်လင်းသည် စိတ်ပူဗျာများခြင်းတော့ မရှိပေ။ထိုအစား သူက အစိတ်အပိုင်းမြေပေါ်လာသည့်အခါတိုင်းကိုသာ သေချာအာရုံစိုက်ကြည့်နေသည်။

လီယွမ်သည် ပိုများပြားသောအတားအဆီးများကို နေရာချနေရင်း အစိတ်အပိုင်းမြေသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ဝမ်လင်းသည် သည်အစိတ်အပိုင်းမြေ၏ ပိုမိုကောင်းမွန်သော ပုံစံကို ဖြည်းဖြည်းချင် ဖမ်းမိလာ၏။

ထိုအစိတ်အပိုင်းမြေ၏ အလယ်တွင် ကြီးမားသည့်အဆောက်အဦတစ်ခု ရှိနေကာ ယင်းအဆောက်အဦခန်းမက ရှည်လျားသည့်ဦးချိုလေးချောင်းနှင့် ဆင်တူသည်။

ထိုဦးချိုလေးချောင်းပေါ်၌ ထိုင်နေသော လူလေးယောက်ရှိကာ ထိုသူတို့သည် မလှုပ်မယှက်ရှိနေကြသည်။ဝမ်လင်း လှမ်းကြည့်လိုက်သည့်ကိုလည်း ထိုသူတို့သည် စိတ်ဝင်စားကြခြင်း မရှိပေ။

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။

လီယွမ်က ပြောလာ၏။ “အစ်ကိုရှု…သင်က ဒီအတားအဆီးကို လုံးဝ ချိုးဖျက်စေချင်ရင် လအတော်အတန် ကြာလိမ့်မယ်။ ငါက သင့်ကို အထဲကို ပို့လွှတ်လိုက်ရင် ငါ့အတားအဆီးနဲ့သင့်အမြန်နှုန်းကို ပေါင်းစပ်လိုက်ရင်တောင့် အောင်မြင်နိုင်ဖို့ (၈၀) ရာခိုင်နှုန်းလောက် ရှိတယ်…”

ဝမ်လင်းက ရှေ့သို့ လှမ်းတိုးလိုက်ရာ အစိတ်အပိုင်းမြေ၏ အစွန်းနားသို့ ရောက်ရှိသွား၏။သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတော့ ငါ့ကို ပို့ပေးပါ။အစ်ကိုလီ သင်က သင့်ကိုသင် ကောင်းကောင်းပုန်းကွယ်နေပါ။ ဘာလို့လည်းဆိုတော့ ဒီနေရာက အန္တရာယ်များတယ်။ငါက ကောင်းကင်ဘုံမန္တာန်ရတဲ့အခါကျရင် ငါတို့ထွက်သွားကြမယ်…”

လီယွမ်က အချိန်ဖြန်းနေခြင်း မရှိတော့ပေ။သူ့လက်ဖြင့် မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ အနက်ရောင်လိုင်းများ ပျံသန်းထွက်လာခဲ့၏။ ၎င်းတို့သည် အမှတ်အသားအသွင် ဖြစ်ပေါ်ကာပြီးနောက် မရေမတွက်နိုင်သောအတားအဆီးများသည် ၎င်းအထဲသို့ ဝင်ရောက်သွားကာ အနက်ရောင်အလင်းကို ပေးစွမ်းလာသည်။

လီယွမ်က သူ့လက်ကို ရှေ့သို့ ညွှန်ကာ အော်ပြောလိုက်၏။ “အတားအဆီးနှလုံးသား…ပေါက်ကွဲထွက်ခြင်း…”

ဟင်းလင်းပြင်ထဲသို့ ၎င်းအတားအဆီးအမှတ်အသား ကျရောက်သွားချိန်၌ သူတို့ရှေ့ရှိ အစိတ်အပိုင်းမြေသည် ချက်ခြင်း ထွက်ပါလာခဲ့သည်။၎င်းအစိတ်အပိုင်းမြေက ဆက်တိုက်ဆိုသလို ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

အစိတ်အပိုင်းမြေက ဆက်လက် ပြောင်းလဲနေရင်း အမှတ်အသားသည် စတင်ပျံ့နှံ့လာကာ ဘဲဥပုံလမ်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော်လည်း ထိုလမ်းကြောင်းက တည်ငြိမ်ခြင်း မရှိဘဲ အချိန်မရွေးပျက်စီးတော့မတက် ရှိနေ၏။

“ဝင်လိုက်..” လီယွမ်က ထိုသို့ ပြောလိုက်သည့်အခိုက်တွင် ဝမ်လင်းသည် လျှပ်စီးတန်းတစ်ခုအလား တဟုန်ထိုး ထိုးထွက်၍ ထိုလမ်းကြောင်းအတိုင်း တိုးဝင်သွားသည်။

သူက လမ်းကြောင်းထဲသို့ ဝင်လိုက်သည်နှင့် ၎င်းက ချက်ခြင်း ပျက်စီးသွားသည်။ထို့နောက် ဟင်းလင်းပြင်ထဲ၌ ၎င်းအစိတ်အပိုင်းမြေသည် ဝမ်လင်းနှင့်အတူ ပျောက်ကွယ်သွားတော့၏။

“အစ်ကိုရှု ကောင်းကောင်းရိတ်သိမ်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်…”ထို့နောက် လီယွမ်က သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးတစ်ခု ပေါ်လာ၏။သူ့ခန္ဓာကိုယ်ကလည်း ထိုအတားအဆီးထဲသို့ တဖြည်းဖြည်း ပုန်းကွယ်လို့သွားကာ သူ့အော်ရာအနည်းငယ်ပင် စိမ့်ထွက်လာခြင်း မရှိတော့ပေ။

ဝမ်လင်းက အစိတ်အပိုင်းမြေပေါ်၌ ဖျပ်ခနဲ ပေါ်လာခဲ့သည်။သူက ပေါ်လာသည်နှင့် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။သူ့နောက်တွင် ဟင်းလင်းပြင်မရှိတော့ဘဲ အတာအဆီးအကာအရံသာ ရှိနေတော့၏။သည်အစိတ်အပိုင်းမြေသည် မိသားစုကြီးလေးခု၏ တားမြစ်နေရာ ဖြစ်ချေသည်။

သူ့နတ်ဘုရားအာရုံသည် အလယ်ရှိ အဆောက်အဦခန်းမထံသို့ ကျရောက်သွားသည်။ထိုအခိုက်၌ ခန်းမပေါ်ရှိ လူလေးယောက်ထဲမှ တစ်ယောက်သည် မျက်လုံးဖွင့်လာခဲ့သည်။သူက အကွာအဝေးတစ်ခုထံသို့ အေးစက်စွာကြည့်၍ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းကလည်း ထိုခန်းမထံသို့ အမြန်ဆုံး တိုးဝင်လာနေသည်။သူ့ရှေ့တွင် မူလစွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် လူတစ်ယောက် လှမ်းထွက်လို့လာသည်။ထိုသူက သက်လတ်ပိုင်းအရွယ်ရှိကာ အနက်ရောင်ဝတ်စုံနှင့် ဖြစ်၏။သူ့မျက်နှာက အေးစက်နေကာ သူကပေါ်လာသည်နှင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ပြီး ဖိချလာသည်။

“တားမြစ်နေရာကို ကျူးကျော်လာတဲ့အတွက် သေရမယ်..”

ထိုလူ့၏ လက်က တဖျပ်ဖျပ် ဖြစ်နေပြီးနောက် ပြင်းထန်သောဖိသိပ်အားတစ်ခုသည် တရကြမ်းထွက်ပေါ်လာခဲ့သည်။ဝမ်လင်းက ချက်ခြင်း နောက်ဆုတ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့နှစ်ဦး၏ မူလစွမ်းအင်ထိပ်တိုက် တွေ့ဆုံမှုက ကျယ်လောင်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်သွားစေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက အေးစက်ကာနေသည်။ သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် သူနှင့်အတူတူ ဖြစ်ကြောင်း သတိပြုမိပေ၏။ သည်အခိုက်အတန့်၌ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရင်း ရှေ့သို့ လှမ်းတိုးလာသည်။ထို့နောက် သူက တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်၏။ပြင်းထန်သောအားတစ်ခုက ရုတ်တရက် ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့သည်။

သိပ်မကြာခင်တွင် ကောင်းကင်ဘုံမိုးကြိုးတန်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာကာ ဝမ်လင်းထံသို့ ကျဆင်းလာ၏။

“ဒါက မိုးကြိုးကောင်းကင်ဘုံနယ်မြေပဲ။ စုဆောင်းခြင်းခန်းမကလည်း ကောင်းကင်ဘုံနယ်မြေက ပိုင်ဆိုင်တယ်။ သင်တို့ရဲ့ မဟာမိသားစုလေးခုကတောင် ဒီကို လာနိုင်ရင် ငါက ဘာကြောင့် မလာနိုင်ရမှာလဲ…”

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ ရှေ့သို့ တိုးထွက်လိုက်၏။ ကောင်းကင်ဘုံမိုးကြိုးသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာသည်။ သို့သော် ဝမ်လင်းက ရှောင်ခြင်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်က ထိုးထွက်လာကာ ၎င်းမိုးကြိုးကို ဝါးမြိုပစ်သည်။

မိုးကြိုးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ သူ့အသွင်ကို အလွန်တုန်လှုပ်စရာ ကောင်းအောင် ပြုလုပ်ပေးတော့၏။

အနက်ရောင်ဝတ်စုံနှင့်လူက မှင်သက်သွားကာ သူ့အသွင်ကလည်း သုန်မှုန်သွား၏။သူက သိသာစွာပင် ဝမ်လင်းသည် ၎င်းကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုနိုင်လိမ့်မည်ဟု မထင်ထားမိပေ။ သည်အခိုက်အတန့်၌ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပါးစပ်ထဲက‌နေ သဲမှုန်ကို ထွေးထုတ်လိုက်၏။ ၎င်းသဲမှုက အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားကာ ပြင်းထန်သောဖိအားသည် ထိုလူ့ပေါ်သို့ ဖိနှိပ်လာ၏။

အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့ကာ သူ့လက်ကို ပင့်မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သို့သော်လည်း သူ့အသွင်က ချက်ခြင်းပြောင်းလဲသွားတော့၏။သူ့မန္တာန်သည် ဆင်းသက်လာသည့် တံဆိပ်တုံးအပေါ် မည်သည့် သက်ရောက်မှုမှ ရှိမနေခဲ့ပေ။

အစိတ်အပိုင်းတံဆိပ်တုံးသည် ရုတ်တရက် ကြောက်မက်ဖွယ်အရှိန်နှင့် ကျဆင်းလာသည်။ ၎င်းထံမှ ပေးနေသော ဖိအားက အနက်ရောင်ဝတ်စုံနှင့်လူကို မရှောင်နိုင်အောင် ပြုလုပ်နေသည်။ချက်ခြင်းပင် အစိတ်အပိုင်းမြေတံဆိပ်တုံးက ရိုက်ချလာချေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တုန်လှုပ်ဟန် ဖြစ်ပေါ်လာကာ သူသည် သူ့လျှာကို အနည်းငယ်ကိုက်၍ သွေးများကို ထွေးထုတ်သည်။သူ့ခန္ဓာကိုယ်က သွေးရောင်တောက်ပလာခဲ့၏။ထိုအခိုက်မှာပင် တံဆိပ်တုံးကလည်း ရိုက်ချလာကာ သူက ဖိအားအောက်ကနေ ထိုးထွက်လိုက်သည်။သူက ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

သူက ပေါ်လာသည်နှင့် သူ့မျက်နှာက ဖြူရောသွားခဲ့သည်။သူက ကြမ်းကြုတ်သည့်အကြည့်နှင့် ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ လှည့်ထွက်သွားလေ၏။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ တံဆိပ်တုံးကို ဖမ်းဆုပ်ကာ နောက်ကနေ လိုက်လံလာသည်။

သူတို့နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် အစိတ်အပိုင်းမြေအလယ်ရှိ ခန်းမသို့ တဟုန်ထိုးသွားနေကြ၏။

အနက်ရောင်ဝတ်စုံနှင့်လူက ခန်းမနားသို့ ရောက်ရှိလာသည့်အခါ သူက မြန်ဆန်စွာ အော်ဟစ်လိုက်၏။ “ခုထိ မလှုပ်ရှားကြသေးဘူးလား…”

ခန်းမပေါ်ရှိ အခြားသုံးယောက်သည်လည်း မျက်လုံးပွင့်လာခဲ့ကြ၏။ ဖျပ်ခနဲပင် သူတို့က အနက်ရောင်ဝတ်စုံနှင့်လူအနားသို့ ရောက်ရှိသွား၏။ထို့နောက် သူတို့သည် တိုးဝင်လာနေသည့် ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်သည်။

ထိုသုံးယောက်သည်လည်း အထည်ဒြပ်ယန်အဆင့်တွင် ရှိနေကြ၏။ခုချိန်၌ အထည်ဒြပ်ယန်အဆင့်လေးယောက်က သည်နေရာတွင် ရှိနေကြသည့်အတွက် သူတို့၏အားကောင်းသော အော်ရာများသည် ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။

ထူထဲသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့နှံ့လာ၏။

ဝမ်လင်း မျက်လုံးက အေးစက်နေကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စုဆောင်းခြင်းခန်းမက မင်းတို့ မိသားစုလေးစု ပိုင်ဆိုင်တာ မဟုတ်ဘူး။ငါ့ကို ဖြတ်သွားခွင့်ပေးပါ၊ ဒါဆို ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူး။မဟုတ်ရင်တော့ ငါရှုံးရင်တောင် မင်းတို့ထဲက တစ်ဝက် သေစေရမယ်…”

သူတို့ထဲက တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။ “မင်းက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် မဟုတ်သ၍ အပြင်လူတွေက ဒီခန်းမထဲကို ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး…” သူတို့က ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို သိနေကြပေသည်။စောနပိုင်းက မြင်ကွင်းသည် သူတို့ကို ကြီးစွာ တုန်လှုပ်စေခဲ့သည်။သို့သော်လည်း သူတို့က‌လေးယောက် ဖြစ်နေသည့်အတွက် ဝမ်လင်းနှင့်ပတ်သတ်၍ စိုးရိမ်ခြင်းတော့ မရှိပေ။

ထိုအခိုက်အတန့်၌ အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့ကာ သူက ရှေ့သို့ တိုး၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ အနီရောင်ဓားတစ်လက်သည် ပျံသန်းထွက်လာခဲ့၏။ သူ့လက်ညှိုးညွှန်မှုနှင့်အတူ ၎င်းဓားသည် ဝမ်လင်းထံသို့ ပျံသန်းတိုးဝင်သွားသည်။

ကျန်သည့်သုံးယောက်သည်လည်း တရကြမ်းတိုးဝင်လာကြ၏။သူတို့ထဲကတစ်ယောက်က ချိပ်တံဆိပ်ဖြင့် လေပြင်းတစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မုန်တိုင်းတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာသည်။ကျန်သည့်နှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ အသီးသီးချိပ်တံဆိပ်တစ်ခုစီ ထုတ်ဖော်လိုက်ကြသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နောက်သို့ ချက်ခြင်းဆုတ်သည်။ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ တံဆိပ်တုံးသည် ကြမ်းတမ်းစွာ ရိုက်ချဆင်းလာ၏။ကျင့်ကြံသူနှစ်ယောက်က မန္တာန်တစ်ခုကို ဖြစ်ပေါ်စေပြီး ယင်နှင့်ယန်အင်းကွက်ကို ဖြစ်ပေါ်စေ၏။ သည်အင်းကွက်သည် ထူးဆန်းသောစွမ်းအင်တစ်ခုကို ပေးစွမ်းနေကာ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။

ယင်နှင့်ယန်အင်းကွက်ကို ဖြစ်ပေါ်စေသည့် ကျင့်ကြံသူနှစ်ယောက်သည် လေထဲသို့ ပျံသန်တက်လာ၏။ သူတို့၏ လက်ညှိုးညွှန်မှုနှင့်အတူ ယင်နှင့်ယန်အင်းကွက်သည် အစိတ်အပိုင်းမြေတံဆိပ်တုံးနှင့် ထိပ်တိုက်တွေ့စေလိုက်သည်။သူတို့နှစ်ယောက်က မန္တာန်များကို အသက်သွင်းကာ အစိတ်အပိုင်းမြေတံဆိပ်တုံး ဆင်းသက်လာခြင်းကို ကာကွယ်ပေးထား၏။

အခြားနှစ်ယောက်ကတော့ ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။သူတို့၏ လက်ထဲတွင်လည်း မန္တာန်နှင့်လက်နက်ရတနာများ ကိုင်ဆောင်ထားကြသေးသည်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း လှိုင်းတွန့်များစွာ ဖြစ်ပေါ်စေ၍ သူ့ခန္ဓာကိုယ်သည် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားသည်။ ခြေလှမ်းများစွာ ဆုတ်ပြီးသည့်နောက် သူက ရုတ်တရက် ရပ်တန့်သည်။ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

ထိုခြေလှမ်းနှင့်အတူ ဝမ်လင်း၏ခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။သူက ပြန်ပေါ်လာသည်အခါ၌ အနက်ရောင်ဝတ်စုံနှင့်လူအနားသို့ ရောက်ရှိနေ၏။ အနက်ရောင်ဝတ်စုံနှင့်လူသည် တုန်လှုပ်သွားသည်။ရုတ်တရက် သူက နောက်လှည့်လိုက်ရာ အနီရောင်ဓားသည် ဝမ်လင်းထံသို့ တိုးဝင်လာပြန်၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ရှေ့သို့ လက်ညွှန်၍ ပြောလိုက်သည်။ “ရပ်တန့်ခြင်း…”

ချက်ခြင်းပင် အနက်ရောင်ဝတ်စုံနှင့်လူကော၊ ဓားပါ အေးခဲသွား၏။ဝမ်လင်းသည် ဓားကို လစ်လျူရှုကာ ရှေ့သို့ တိုးဝင်လိုက်၏။သူက အနက်ရောင်ဝတ်စုံနှင့်လူ၏ ရှေ့သို့ ရောက်ရှိသွားကာ ထိုလူ၏ မျက်ခုံးနှစ်ခုကြားကို လက်ညွှန်လိုက်သည်။မူလစွမ်းအင်များက ထိုးထွက်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာ၏။ သူက ပျံသန်းထွက်ပြေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏ကံကြမ္မာကျာပွတ်သည် ထွက်ပေါ်လာလေ၏။ ကျာပွတ်သည် သူ့မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည့်အခါ အနက်ရောင်ဝတ်စုံနှင့်လူသည် နာကျင်စွာအော်ငြီးလိုက်ရ၏။ မူလစွမ်းအင်များစွာသည်လည်း စိမ့်ထွက်ကုန်ကြသည်။

ထိုအခိုက်အတန့်၌ အခြားတစ်ယောက်သည်လည်း မုန်တိုင်းနှင့်အတူ တရကြမ်းတိုးဝင်လာသည်။၎င်းက ဝမ်လင်း၏ လုပ်ဆောင်မှုများကို နှောက်ယှက်လိုသည်မှာ သိသာနေသည်။

ဝမ်လင်းက ထိုလူ့ကို လှည့်ပင် မကြည့်ပေ။သူက သူ့ညာလက်ပေါ်ရှိ သားရဲအမှတ်အသားကို လှုပ်ရှားလိုက်သည်။ထိုအခါ ၎င်းသားရဲအရိုးသည် ထိုမုန်တိုင်းနှင့် ကျင့်ကြံသူထံသို့ ကြမ်းတမ်းစွာ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ဖော်လိုက်၏။ ၎င်းက ကြီးမားသည့် မြူနက်ထုအဖြစ်သို့ ပြောင်းလဲသွားကာ အနက်ရောင်ဝတ်စုံနှင့်လူကို ဝါးမြိုရန် တာဆူလာခဲ့သည်။အနက်ရောင်ဝတ်စုံနှင့်လူသည် ခုခံရန် ပြင်လိုက်၏။ သို့သော် သူက သွေးဘိုးဘေး၏ကြမ်းကြုတ်သော မူလစိတ်ဝိညာဉ်သည် အလံထဲ၌ တဖျပ်ဖျပ် ဖြစ်နေသည်ကို တွေ့မြင်လိုက်ရလေ၏။ သူနှင့် ရင်းနှီးသောမျက်နှာက သူ့ကို တုန်လှုပ်သွားစေရာ သူ့အာရုံစိုက်မှုသည် လျော့ကျသွားခဲ့သည်။ထို့အတွက် ရလဒ်အနေဖြင့် သူသည် အနက်ရောင်မြူထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။

သည်အရာများအားလုံးက သေသပ်ကာ မြန်ဆန်ရှင်းလင်းစွာ ဖြစ်ပျက်သွားခြင်းပင်။အနက်ရောင်ဝတ်စုံနှင့်လူ၏ မူလစိတ်ဝိညာဉ်ကို စုဆောင်းပြီးသည့်နောက် ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မြူထုသည် ဤဧရိယာတွင် လွှမ်းခြုံသွား၏။သူက ကျန်သည့်သုံးယောက်ကို ကြမ်းတမ်းစွာ စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “ငါ စုဆောင်းခြင်းခန်းမထဲ ဝင်ချင်တယ်…”

အစိတ်အပိုင်းမြေတံဆိပ်တုံးကို ခုခံနေသည့် လူနှစ်ယောက်၏ စိတ်သည် တုန်ယင်နေ၏။သူတို့သည် စကားမပြောနိုင်ခင်မှာပင် နောက်ထပ် အော်သံတစ်ခုကို ကြားလိုက်ရသည်။ သူတို့က မုန်တိုင်းနှင့်ကျင့်ကြံသူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်ခွာသွားရသည်ကို တွေ့မြင်လိုက်ကြပေ၏။သားရဲအရိုးက တစ္ဆေအလင်းကို ပေးစွမ်းနေကာ မကောင်းဆိုးဝါးအော်ရာက သည်ကမ္ဘာ၌ ပြည့်လျှံ့လာ၏။

၎င်းမကောင်းဆိုးဝါးအော်ရာသည် အလွန်အားကောင်းလှကာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။၎င်း၏ ပိုင်ရှင်ဖြစ်သူ ဝမ်လင်းပင် တုန်လှုပ်မှုကိုခံစားမိရလေ၏။ထိုမကောင်းဆိုးဝါးအော်ရာသည် အလွန့်အလွန် သန်မာလှပေ၏။

ဝမ်လင်းပင် ထိုသို့ ခံစားရလျှင် ကျန်သည့်သုံးယောက်ဆို ပြောစရာပင် မလိုတော့ချေ။၎င်းမကောင်းဆိုးဝါးအော်ရာက ပေါ်လာပြီးသည်နှင့် သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွားသည်။သို့သော်လည်း မုန်တိုင်းမန္တာန်အသုံးပြုသော ကျင့်ကြံသူသည် ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ထိုသားရဲအရိုး၏ အကြည့်က သူ့ပေါ်သို့ ကျရောက်လာချိန်တွင် ထိုကျင့်ကြံသူသည် နောက်သို့ အမြန်ဆုတ်ခဲ့ခြင်းပင်။သို့သော်လည်း ထိုအခိုက်အတန့်၌ မကောင်းဆိုးဝါးအော်ရာက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ခြင်းပင်။

ထိုကျင့်ကြံသူ၏ မျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်မှုနှင့် ပြည့်နှက်သွားကာ သူ့ညာလက်သည် ချက်ခြင်းပင် မီးခိုးရောင်သို့ ပြောင်းသွားခဲ့သည်။ထိုမီးခိုးရောင်က အရူးအမူး ပျံ့နှံ့လာကာ ထိုသေရေးရှင်ရေးအခိုက်၌ ၎င်းကျင့်ကြံသူသည် သူ့ဘယ်လက်ဖြင့် ညာလက်ကို တုံ့ဆိုင်းခြင်းမရှိ ဖြတ်တောက်ပစ်လိုက်သည်။ သူ့သွေးများက နေရာအနှံ့သို့ ပြန့်ကျဲသွားကာ သူက ပေတစ်ထောင်အကွာသို့ နောက်ဆုတ်လိုက်ရပြီး ချက်ခြင်းပင် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။

သူက သူ့လက်ကို ဖြတ်တောက်ခဲ့လျှင်ပင် ထိုမီးခိုးရောင်က ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ့ညာလက်ကနေ ပျံ့နှံ့လာခဲ့ပြန်သည်။သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုနှင့် ပြည့်နှက်သွားကာ သူက အံတင်းတင်းကြိတ်မိသည်။ ထိုမီးခိုးရောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံခါနီးအခိုက်တွင် သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာခဲ့ကာ ခန္ဓာကိုယ်ကို စွန့်ပစ်လိုက်ရ၏။

သူ့မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည့်အခိုက်၌ သူ့ခန္ဓာကိုယ်သည် အသက်ဓာတ်ကင်းမဲ့သော ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ လေထဲ၌ သူ့အားနည်းသော မူလစိတ်ဝိညာဉ်သာ ကျန်ရစ်ခဲ့တော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားသည်။

“ငါက မင်းတို့ကို မေးချင်တယ်….ငါဟာ အရည်အချင်း ပြည့်မှီရဲ့လား…” ဝမ်လင်း၏အကြည့်က တံဆိပ်တုံးကို ခုခံနေသော ကျင့်ကြံသူနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ သူ့အသံကလည်း အေးစက်နေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset