Switch Mode

အပိုင်း(၈၃၁):

ကျန်ခုန်လီ…

“ဂျိနယ်ပယ်….။ဒီငါးရောင်စုံဝဲကတော့ထဲမှာ ချိပ်ပိတ်ခံထားရတဲ့လူက ဘယ်လိုလူမျိုးလဲ။ဒီလူမှာက ဘယ်လိုများ ဂျိနယ်ပယ်ရှိနေတာလဲ…” ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း ဝမ်လင်းသည် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေသည်။

သူက အပြင်ပိုင်းတွင် တည်ငြိမ်နေဟန် ရသော်လည်း သူ့စိတ်ထဲတွင်တော့ လှိုင်းထန်နေသည်။

“ဂျိနယ်ပယ်ရဲ့ အထွတ်အထိပ်က စဦးစိတ်ဝိညာဉ်အဆင့်ပဲ။ငါနဲ့တွေ့ခဲ့တဲ့ ဂျိနယ်ပယ်ပိုင်ဆိုင်ထားတဲ့တစ်ယောက်က ဒြပ်စင်ငါးခုဂြိုဟ်မှာ။ ဒီလူက သူဟာ သူ့သေဆုံးသွားတဲ့ မိတ်တွေဆီကနေ ဂျိနယ်ပယ်ရရှိခဲ့တယ်လို့ ဆိုတယ်။ခုဝဲကတော့ထဲမှာ တွေ့ရတဲ့လူကတော့ ဒုတိယတစ်ယောက်ပဲ…” ဝမ်လင်းက ဟင်းလင်းပြင်ထဲ၌ အစိတ်အပိုင်းမြေများကို ဖြတ်ကျော်သွားနေရင်း စဉ်းစားကြည့်နေမိသည်။

“ဖြစ်နိုင်တာက ဂျိနယ်ပယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှိနေတာများလား…”

ဝမ်လင်း၏ နှလုံးသားက တစ်ချက်ခုန်ပေါက်သွားကာ သူ့အာခေါင်ပင် ခြောက်ကပ်လာသည်ဟု ခံစားနေရသည်။ ဂျိနယ်ပယ်ကို နှစ်သုံးလေးရာလောက် ပိုင်ဆိုင်ခဲ့ခြင်းက သူ့ကို ထိုအရာ၏အံ့မခန်းစွမ်းအားကို နားလည်စေခဲ့ပေသည်။

“ဂျိ၊တောက်၊ရှီ…” ဝမ်လင်းက ထိုအကြောင်းနှင့်ပတ်သတ်၍ အနည်းငယ်သာ သိထားပေသည်။ထို့ကြောင့် သူက ဂျိနယ်ပယ်အကြောင်းကို သေချာစမ်းစစ်ကြည့်နိုင်ခြင်း မရှိ ဖြစ်နေ၏။သူက သက်ပြင်းချကာ ထိုအကြောင်းကို ဆက်လက် မတွေးတော့ဘဲ သူ့စိတ်ကို စုဆောင်းခြင်းခန်းမအပေါ်၌သာ အာရုံစိုက်ထားလိုက်တော့၏။

ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရခြင်းက အတော်အတန်ပျင်းဖို့ကောင်းသည့် ကိစ္စ တစ်ခုပင်။တကယ်တော့ ဟင်းလင်းပြင်က ကြီးမားလွန်းလှရာ ကျင့်ကြံသူအများစုသည် သူတို့၏ အချိန်အများစုကို အစိတ်အပိုင်းမြေများပေါ်၌သာ ကုန်ဆုံးလေ့ရှိကြ၏။ ဝမ်လင်းနှင့်လီယွမ်တို့က လဝက်ခန့် ဟင်းလင်းပြင်ထဲတွင် ပျံသန်းနေပြီးသည့်နောက် သူတို့သည် အဝေးတစ်နေရာမှ အလင်းတန်းများစွာကို တွေ့မြင်လိုက်ရသည်။

ပထမ၌ ဝမ်လင်းသည် ၎င်းအလင်းတန်းများကို အာရုံထဲရှိမနေပေ။သို့သော် နောက်ထပ်တစ်လခန့် ကြာမြင့်ပြီးသည့်နောက် သူတို့သည် ပို၍များပြားသောကျင့်ကြံသူများကို တစ်စထက်တစ်စ တွေ့မြင်လာရ၏။

ကျင့်ကြံသူအများစုသည် အာဏာတက်ခြင်းအဆင့်တွင် ရှိနေကြကာ တစ်ခါတစ်ရံတော့ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူများကိုပါ တွေ့ရတက်သည်။

ထိုသူများက နှစ်ယောက်၊သုံးယောက်အုပ်စု သို့မဟုတ် မိသားစုအဖွဲ့ဝင်များအနေဖြင့် ရှိနေကြာပြီး မြန်ဆန်စွာ သွားလာနေကြ၏။သည်ဖြစ်စဉ်က ဝမ်လင်းနှင့်လီယွမ်တို့၏ အာရုံကို စွဲဆောင်သွားသည်။

ထိုကျင့်ကြံသူများသည် အမျိုးမျိုးသောအသွင်ဟန်ပန်နှင့် ရှိနေကြကာ သူတို့၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုအနည်းငယ် ပေါ်ထွက်နေကြ၏။

ထိုပတ်ပတ်လည်မှ သွားလာနေကြသော ကျင့်ကြံသူများသည်လည်း ဝမ်လင်းနှင့်လီယွမ်တို့ကို တွေ့မြင်ကြပေ၏။ အချို့က ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်းအဆင့်ထက် ကျော်လွန်နေသည်ကို သိရှိကြသည့်အတွက် သူတို့အား ရှောင်ကွင်းသွားကြပေသည်။

“အစ်ကိုရှု…တစ်ခုခုတော့ မှားနေပြီ။ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်ပွားနေတာများလား…” လီယွမ်က စဉ်းစားနေ၏။သူက လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများစွာကို တွေ့မြင်နေရပေသည်။

ထိုအရာက ဟင်းလင်းပြင်ထဲတွင် ပုံမှန်မဟုတ်သော အဖြစ်အပျက်ပင်။

ထို့အပြင် သူတို့နှစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဗဟိုသို့ ဆက်သွားနေရင်းဖြင့် ပိုပိုများပြားသော ကျင့်ကြံသူများကို တွေ့လာရနေ၏။ မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ ကျင့်ကြံသူအားလုံးသည် အစိတ်အပိုင်းမြေတစ်ခုတည်းပေါ်တွင် လာရောက်စုဝေးနေကြသကဲ့သို့ ရှိနေသည်။

“သူတို့က ဦးတည်ရာတစ်ခုတည်းကို သွားနေကြတာတော့ မဟုတ်ဘူး…” ဝမ်လင်းမျက်လုံးက လင်းလက်သွားကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ ဒါက “ဦးတည်ရာ လေးခုကိုပဲ…”

“ဘာများ ဖြစ်နေတာလဲ…” လီယွမ်က မျက်မှောင်ကြုတ်ကာ ဖြတ်ကျော်သွားသော ကျင့်ကြံသူများကို ကြည့်နေ၏။

ဝမ်လင်းကလည်း စဉ်းစားကြည့်နေသည်။သူက မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ပို၍မြန်ဆန်စွာ ပျံသန်းလိုက်၏။

သည်အခိုက်အတန့်၌ ဓားစွမ်းအင်တန်းဆယ်ခုကျော်သည် အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲတွင် ပျံသန်းသွားကြ၏။ ထိုဓားစွမ်းအင်တန်းများထံကနေ များစွာသောမူလစွမ်းအင်များ ထွက်ပေါ်ကာ နေသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများက သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ဝံ့ကြခြင်း မရှိတော့ပေ။

ဓားစွမ်းအင်တန်းဆယ်ခုက သူတို့ ဖြတ်သန်းသွားသည့် တစ်လျှောက် လွှမ်းမိုးနိုင်မှုဖိအားကို ပေးစွမ်းနေ၏။ ကျင့်ကြံသူအများအပြားရှိသည့် မိသားစုများပင် ထိုဓားစွမ်းအင်တန်းဆယ်ခုကို မြင်သည့်အခါ နောက်ဆုတ်ပေးလိုက်ကြ၏။

ချက်ခြင်းပင် ဝမ်လင်းရှေ့ရှိ ကျင့်ကြံသူအားလုံးနီးပါးက ဓားစွမ်းအင်တန်းဆယ်ခုကျော်ကို ကြည့်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

ဝမ်လင်းက ထိုဓားစွမ်းအင်တန်းဆယ်ခုကျော်ကို ကြည့်နေရင်း သူ့မျက်လုံးက တည်ငြိမ်လျက် ရှိနေ၏။

ထိုဓားစွမ်းအင်များက ရပ်တန့်ခြင်း မပြုဘဲ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပျံသန်းနေ၏။ သို့ရာတွင် သူတို့က ပျောက်ကွယ်သွားခါနီး အခိုက်အတန့်၌ သူတို့ထဲကတစ်ယောက်သည် ရုတ်တရက် လှည့်လာကာ ဝမ်လင်းထံသို့ ပျံသန်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်တန်းအားလုံးသည် ရပ်တန့်သွားကာ ယောက်ျား၊မိန်းမ အမျိုးမျိုးသောအသွင်ဟန်ပန်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။သူတို့အားလုံးသည် အာဏာတက်ခြင်းအဆင့်အထက်၌ ရှိနေကြသည်။အများစုက ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိကာ အနည်းငယ်က အထည်ဒြပ်ယန်အဆင့်တွင် ရှိနေ၏။

သူတို့၏ ပုံရိပ်များ ဖြစ်ပေါ်လာပြီးသည့်နောက် သူတို့အားလုံးသည် ဝမ်လင်းထံသို့ ပျံသန်းလာနေသော ဓားစွမ်းအင်တန်းကို ကြည့်လိုက်ကြသည်။သူတို့၏မျက်လုံးထဲ၌ သံသယနှင့် ပြည့်နေကြ၏။

သူတို့သာမက ပတ်ဝန်းကျင်တွင် ရှိနေသော အခြားကျင့်ကြံသူများကလည်း ထိုဓားစွမ်းအင်တန်း၏ လှုပ်ရှားမှုနောက်ကို လိုက်ကြည့်နေကြသည်။

လီယွမ်၏အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူက ဘယ်လက်ကို မြှောက်၍ အတားအဆီးတစ်ခုကို ပြင်ဆင်ထားလိုက်သည်။

ဝမ်လင်းအသွင်က အလွန်ပင် တည်ငြိမ်လျက် ရှိကာ သူက သူ့ထံသို့ တိုးဝင်လာနေသော ဓားစွမ်းအင်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

ထိုဓားစွမ်းအင်က ဝမ်လင်းနှင့် ပေနှစ်ရာအကွာတွင် ရပ်တန့်သွားသည်။ထို့နောက် ဓားစွမ်းအင်အလင်းက ပျောက်ကွယ်သွားကာ အသက်သုံးဆယ်ခန့် လူတစ်ယောက်၏ အသွင် ဖြစ်ပေါ်လာခဲ့သည်။ထိုလူ့ထံ၌ ဖီးနစ်ဆန်သောမျက်လုံးများ ရှိနေကာ မိန်းမဆန်သော ခံစားချက်ကိုလည်း ပေးစွမ်းနေသေး၏။

သူက ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မားမားရပ်နေ၏။ သူက လက်နှစ်ဖက်ယှက်ကာ ဝမ်လင်းကို အလွန်လေးစားဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ “ဂျူနီယာ ကျန်ခုန်လီက စီနီယာကို နှုတ်ဆက်ပါတယ်…”

သူက ထိုသို့ ပြောလိုက်သည့်အခါတွင် လူတိုင်းသည် မှင်သက်သွားကြကာ သူတို့အားလုံး၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။

ထိုလူအားလုံး၏ အကြည့်က ဝမ်လင်း၏အသွင်ဟန်ပန်ကိုက အနည်းငယ်မျှပင် ပြောင်းလဲမသွားစေခဲ့ပေ။သူက ရေပြင်ကဲ့သို့ တည်ငြိမ်စွာ ရှိနေ၏။

ကျန်ခုန်လီက အလွန်ကျော်ကြားသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲမှ တစ်ချို့သည် သူ့ကို သိရှိသွားကြသည်။သူတို့က ထိုလူသည် တောင်ပိုင်းနယ်မြေ ကျန်ခုန်လီ ဖြစ်ကြောင်း ချက်ခြင်း သိရှိသွားကြ၏။

“ဒီလူက ဘယ်သူများလဲ။ သူ့ကျင့်ကြံမှုအဆင့်က ကျန်ခုန်လီနဲ့တူတူလောက်ပါပဲ။ ဒါဆိုရင် ဒီလိုကျော်ကြားလှတဲ ကျန်ခုန်လီက ဘာကြောင့် ဒီလူ့ကို စီနီယာ လို့ ခေါ်ဝေါ်ရတာလဲ…”

“ငါကြားတာတော့ ကျန်ခုန်လီက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တစ်ယောက် ဖြစ်လာခဲ့ပြီ ဆိုပဲ။ ဒါဆို သူ စီနီယာ လို့ခေါ်တဲ့လူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အကြီးအကဲများလား…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ ဖြစ်ပေါ်ကုန်ကြသည်။

အထူးသဖြင့် ကျန်ခုန်လီနှင့် အတူ ရှိနေကြသော လူဆယ်ယောက်ကျော်သည် ဝမ်လင်းကို မယုံကြည်နိုင်ဟန်နှင့် ကြည့်နေကြသည်။သူတို့အားလုံးက သူတို့၏ မိသားစုတွင် ပါရမီ ရှိကြသူများ ဖြစ်ကြသည်။ ကျန်ခုန်လီက သူတို့ကိုပင် ဘာမှ မပြောဘဲ ရုတ်တရက် ဦးတည်ရာ ပြောင်း၍ သည်လူ့ထံသို့ ရောက်လာခဲ့သည်။သည့်အပြင် သူက သည့်လူကို စီနီယာ ဟု ခေါ်ခဲ့သေးသည်။ထိုအရာက သူတို့ကို သိချင်စိတ်ဖြစ်သွားစေသည်။

ကျန်ခုန်လီကို သူတို့ကြား၌ အမြင့်မားဆုံးကျင့်ကြံသူများထဲမှ တစ်ယောက်ဟု ပြော၍ ရ၏။ သူတို့သည် ထိုကျန်ခုန်လီမှာ အလွန်မောက်မာသည်ကိုလည်း သိထားကြပေသည်။

မိသားစု၏ အကြီးအကဲများကိုပင် သူက မကြာခဏ မလေးမစား လုပ်တက်ပေ၏။သူက ခုလိုမျိုး တလေးတစားနှင့် စီနီယာဟု ခေါ်တွင်သည့်လူက ရှားပါးလွန်းလှပေ၏။

ကျန်ခုန်လီအသွင်က အလွန်လေးစားနေသည့်ဟန် ပေါက်နေကာ ထိုလေးစားမှုက သူ့စိတ်နှလုံးထဲကနေ ပေါ်ထွက်လာခြင်းပင်။ သူက ဝမ်လင်းကို တွေ့မြင်လိုက်သည့်အချိန်၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အထည်ဒြပ်ယန်အဆင့်သို့ ရောက်နေသည်ကို သတိပြုမိခဲ့ကာ နှမြောဝမ်းနည်းမှုကို ခံစားလိုက်ရ၏။

“သူက ငါ့စီနီယာတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ အတိတ်တုန်းက သူ့ကျင့်ကြံမှုအဆင့်ကို အာဏာတက်ခြင်းအဆင့်ထိ ဖိနှိပ်ထားတုန်းကလည်း ငါက သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်ခဲ့ဘူး။ ခုသူက သူ့ကျင့်ကြံမှုအဆင့်ကို အထည်ဒြပ်ယန်အဆင့် ဖိနှိပ်ထားတော့လည်း ငါက သူ့ရဲ့ ဖုံးကွယ်ထားတဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ပြန်ဘူး…” ကျန်ခုန်လီ၏မျက်လုံးထဲရှိ လေးစားမှုက ပို၍ အားကောင်းလာခဲ့သည်။

အတိတ်တုန်းက သူက မိုးကြိုးကန်၌ ထွက်ခွာခဲ့ရတုန်းက အလွန်နှမြေတသမှုကို ခံစားခဲ့ရကာ ရှန်ကုန်းဟူကို မနာလို ဖြစ်ခဲ့ရသည်။သူက အိမ်ပြန်ရောက်သည့်အချိန်ထိ ရှန်ကုန်းဟူသည် ရွှေရောင်အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်ဟု တွေးနေခဲ့သေးသည်။

သူက ရှန်ကုန်းဟူသည် သူ့မိသားစု၏ အပြစ်ပေးခြင်း ခံရလိုက်ခြင်းနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖယ်ကျဉ်ခြင်းကိုလည် ခံလိုက်ရသည်ဟု ကြားခဲ့ရချိန်တွင် အလွန်အမင်းစိတ်ရှုပ်ထွေးခဲ့ရသေးသည်။သူက မိုးကြိုးကန်၌ ဖြစ်ပွားခဲ့သော ကိစ္စကိုသာ မတွေ့ကြုံခဲ့ပါက ရှန်းကုန်ဟူကို ရယ်မောလှောင်ပြောင် ပစ်ပေလိမ့်မည်။

သို့ရာတွင် မိုးကြိုးကန်ရှိ ဖြစ်ပွားခဲ့သော ကိစ္စကို တွေ့ကြုံပြီးသည့်နောက် သူက ရှန်ကုန်းဟူကိုပါ သဘောတူ၍ ဝမ်းနည်းမှုပင် ခံစားခဲ့ရသေးသည်။သူ့စိတ်ထဲ၌ ရှန်ကုန်းဟူကိုပါ အသိအမှတ်ပြုမိနေသေး၏။

လီယွမ်က ဝမ်လင်းကို ကြောင်တောင်တောင် ကြည့်နေမိသည်။သူ့စိတ်ထဲ၌ ဟာလားဟင်းလင်း ဖြစ်သွား၏။ သူက ကျန်ခုန်လီ၏အမည်ကို သိရှိပေသည်။လူငယ်မျိုးဆက်များကြား၌ ကျန်ခုန်လီ၊ရှန်ကုန်းဟူနှင့်ထျန်ယန်ဖန်တို့သည် တောင်ပိုင်းနယ်မြေ၏ ပါရမီရှင်များပင် ဖြစ်ကြသည် မဟုတ်လား။

သူတို့က အထည်ဒြပ်ယန်အဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ခဲ့ကြသည့် အရည်အချင်း ရှိကြသူများပင်။

သို့ရာတွင် ကျန်ကုန်းလီက ရှုမူကို ‘စီနီယာ’ ဟု သုံးနှုန်းလိုက်သည့်အတွက်ကြောင့် လီယွမ်၏စိတ်သည် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရပေသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ကျန်ခုန်လီကို မေးလိုက်၏။ “မင်းတို့က ဘယ်နေရာကို ခုလို အလောတကြီး သွားနေကြတာလဲ…”

ကျန်ခုန်လီက ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်လိုက်သည့်အခါ သူ့စိတ်နှလုံးက တုန်ယင်သွား၏။ သူက ပို၍ပင် လေးစားမှု ပြသလာကာ ခပ်သွက်သွက် ပြောလိုက်သည်။ “မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းမြေလေးခုက ပြင်းထန်တဲ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းတွေကို ပေးစွမ်းနေပါတယ်။ဒါပေမဲ့လည်း ဒီနေရာတွေက အတားအဆီးတွေနဲ့ ချိပ်ပိတ်ထားတာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ဖွင့်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်း အတားအဆီးတွေကို ချိုးဖျက်ပြီးတာနဲ့ ကောင်းမွန်တဲ့ရတနာတွေ ပေါ်လာပါလိမ့်မယ်။ ဂျူနီယာက ဒါကို သိရှိပြီးတဲ့နောက် အဲ့နေရာတွေကို သွားပြီး စစ်ဆေးကြည့်မလို့ပါ…”

ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများတွင်လည်း သည်ကိစ္စနှင့်ပတ်သတ်၍ နည်းလမ်းများ ရှိနေကြမည်မှာ သိသာနေပေသည်။ထို့အတွက်ကြောင့်လည်း အခုလိုမျိုး ကျင့်ကြံသူအများအပြား စုဝေးနေကြခြင်း ဖြစ်တော့၏။

“အတားအဆီးတွေနဲ့ ကာကွယ်ထားတာ…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။ခဏတာ တုံ့ဆိုင်းပြီးသည့်နောက် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ မင်းက အကျိုးအမြတ်အများကြီး ရဖို့ ငါ မျှော်လင့်ပါတယ်…”

ကျန်ခုန်လီက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်ပြီးနောက် တလေးတစား ပြောလာ၏။ “ဂျူနီယာက ယုံကြည်ချက် မရှိပါဘူး။စီနီယာမှာ အချိန်ရှိမလား၊မရှိလားတော့ ကျွန်တော်မသိပါဘူး။ ဒါ့ကြောင့် ဂျူနီယာနဲ့အစ်ကိုရှန်ကုန်းဟူတို့က ဘယ်ဘက်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်းမြေပေါ်မှာ တွေ့ဆုံဖို့ ချိန်ထားကြပါတယ်။ ပြီးရင် ပူးပေါင်းပြီး ရတနာတွေ ရယူဖို့ပါ…”

ဝမ်လင်းက ပို၍ မျက်မှောင်ကြုတ်သွားသည်။သူက ပြောလိုက်၏။ “ငါ့မှာ အခြားအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ငါ အချိန်ရရင် လာကြည့်မယ်…”

ကျန်ခုန်လီက ချက်ခြင်းပင် ခေါင်းညိတ်လိုက်သည်။သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။ ဝမ်လင်းအပြင် သူ့မိသားစုနှင့်မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တို့မှ လူအနည်းငယ်တို့ကသာ သူ့ကို ခုလိုအမူအရာမျိုး ပြသအောင် လုပ်ဆောင်နိုင်ပေသည်။

ကျန်ခုန်လီက တွေးလိုက်၏။ “စီနီယာက ဒီလိုပြောမှတော့ …ငါကလည်း ဒီတစ်ခါတော့ ရတနာတွေရရှိဖို့ ယုံကြည်ချက် ရှိနေပါပြီ….” သူက လေးစားစွာဖြင့် နှုတ်ဆက်စကား ဆိုကာ သူ့ကျင့်ကြံသူအုပ်စုထံသို့ ပျံသန်းသွားတော့သည်။

သူ့ရောင်းရင်းကျင့်ကြံသူများသည် သူ့ကို သံသယဖြစ်ဟန်နှင့် ကြည့်နေကြာကာ သူ့နောက်ကနေ လိုက်ပါသွား၏။ သူတို့အုပ်စု အကွာအဝေးတစ်ခုသို့ ရောက်သည့်အခါ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မအောင့်နိုင်တော့ဘဲ နူးညံ့စွာ မေးလိုက်၏။ “အစ်ကိုကြီးကျန်….ဒီလူက ဘယ်သူများလဲ…”

ကျန်ခုန်လီက ဖျော့တော့စွာ ပြုံးလိုက်သည်။သူ့မျက်လုံးထဲ၌ လေးစားမှုတို့ ပြည့်နှက်နေရင်း သူက ပြောလာသည်။ “ဒီလူက အားကောင်းတဲ့စီနီယာတစ်ယောက်ပဲ။ ငါက သူနဲ့ တွေ့ခွင့်ရလိုက်တာ တော်တော်လေး ကံကောင်းလို့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset