အခန်း (၈) : ငါ့အစွမ်းက အလုပ်မလုပ်တော့တာများလားဟ
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်သည် အကြီးမားဆုံးသော ဝိညာဉ် သတ္တုရိုင်းတုံး ဈေးကြီး ဖြစ်သည်။ ထိုဈေးကြီးသည် အနီးအနားရှိ တိုင်းနိုင်ငံပေါင်းများစွာ အပေါ်ထိပင် သက်ရောက်ချယ်လှယ်နိုင်စွမ်းရှိကာ အထဲတွင်လည်း ဇာတ်မြှုပ်နေထိုင်နေသော ပညာရှင်များ များစွာ ရှိနေသည်။ ထိုနေရာသည်ကား ရှန်ထျန်း၊ ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့တတွေ သွားကြမည့် ဦးတည်ရာတည်း။
လွန်ခဲ့သော သုံးရက်လောက်က ရှန်ထျန်းသည် သူ့ကံဇာတာ မြင့်တက်လာအောင် လုပ်နည်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုနည်းမှာ လာဘ်ကံကောင်းသူများနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဖြစ်သည်။
ထို့ကြောင့် သူက ထိုကဲ့သို့သူများကို များများရှာရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများကို အလကား အချောင်ဝေမျှယူနိုင်မည့် နည်းလမ်းများကိုပါ စဉ်းစားကြည့်လိုက်သည်။
သို့သော် သုံးရက်လောက် ကြိုးစားကြည့်ပြီးသည့်နောက်တွင်ကား မီးတိုင်းပြည်၏ နန်းတွင်းတစ်တွင်းလုံး၌ သူ့အပေါ်နှစ်လိုသည့်သူဟူ၍ တကယ်ကို တစ်ယောက်မှမရှိကြောင်း ရှန်ထျန်းမှာ လက်ခံလိုက်ရလေတော့သည်။
ကိုယ်လုပ်တော်ရှူ၊ ကိုယ်လုပ်တော်ဟွာ၊ ကိုယ်လုပ်တော်ဒယ်၊ မင်းသား(၇)၊ မင်းသား(၈)၊ မင်းသား(၉) … တခြားတခြား အားလုံးသောလူတိုင်းက ရှန်ထျန်း သူတို့ကို သွားရှာလိုက်တိုင်း “နေသိပ်မကောင်းလို့” ၊ “အပြင်သွားနေလို့” သို့မဟုတ်လျှင် “တွေ့ဖို့အဆင်မပြေဘူးဖြစ်နေလို့” … စသည့်စသည့် ဆင်ခြေများ အမြဲပေးလေ့ ရှိသည်။
ရှန်ထျန်း တကယ့်ကို စိတ်ဓာတ်မကျဘဲ မနေနိုင်တော့ချေ။
သို့သော် တခြားတွေ့ရှိချက်တစ်ခုက ရှန်ထျန်းအား မျှော်လင့်ချက်အသစ်လေး ပေးလိုက်သည်။ ထိုအချက်မှာ လာဘ်ကံကောင်းသည့် သူများတွင်သာ ကံအပြောင်းအလဲ အခွင့်အရေး ရှိသည်မဟုတ် ဆိုသည့် အချက်ပင်တည်း။
အစိမ်းရောင် သို့မဟုတ် အဖြူရောင် ရောင်ဝါစက်ဝန်းရှိသည့်သူများတွင်လည်း အခွင့်အရေးကောင်းများ ရရှိနိုင်ချေ ရှိလေသည်။ ကံဆိုးသည်က ထိုအဖြစ်မျိုးမှာ ဖြစ်နိုင်ချေလည်း ပိုနည်းသလို တန်ဖိုးလည်းပဲ ပိုနိမ့်သွားနိုင်ချေ ရှိသည်။
မနေ့ကတင် ရှန်ထျန်းက ထိုကဲ့သို့အခွင့်အရေးမျိုးကို နန်းတွင်းအစေခံမလေး တစ်ယောက်၏ ရောင်ဝါစက်ဝန်းပေါ်မှာ တွေ့ခဲ့ပြီးသွားလေပြီ။
ရုပ်ပုံက ရှဟယ်ဆိုသည့် နန်းတွင်းအစေခံမလေးက ငွေစထောင်ကျော် အဖိုးတန်သည့် ညလင်းပုလဲတစ်လုံးကို တော်ဝင်ဥယျာဉ်ထဲ၌ ကောက်ရလိမ့်မည်ဟု ပြသခဲ့သည်။
ထို့ကြောင့် ရှန်ထျန်းက ထိုပုလဲကို အရင်ဦးအောင် သွားကောက်လိုက်ပြီး ထိုအစေခံမလေးကို ပေးလိုက်သည်။
ထင်ထားသလိုပင် အစေခံမလေး၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းမှာ ပိုပြီးတောက်ပလာကာ နည်းနည်းတောင် ပိုစိမ်းသွားလေသည်။ ထို့အတူ ရှန်ထျန်းအပေါ်မှ မည်းနက်နေသည့် ရောင်ဝါစက်ဝန်းမှာလည်း အမည်းနည်းနည်း လျော့သွားလေ၏။
ဒီတွေ့ရှိချက်ကြောင့် ရှန်ထျန်းမှာ အင်မတန် စိတ်လှုပ်ရှားသွားရသည်။ စိတ်လှုပ်ရှားလွန်းကာ သူက ကျေးဇူးတင်၍ လာဖက်ရန် လုပ်နေသည့် အစေခံမလေးကိုပင် တွန်းထုတ်ပစ်လိုက်မိသည်။
ရှန်ထျန်းတစ်ယောက် နန်းတွင်းအပြင်သို့ အရမ်းကို ထွက်သွားချင်နေပြီလေ။ သူက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကိုပါ အတူခေါ်သွားလိုက်သည်။
သာမန်လူတွေလည်း ကံအပြောင်းအလဲ အခွင့်အရေးများ ရရှိနိုင်မှန်း သိလိုက်ရသဖြင့် ရှန်ထျန်းက သူ့ကံဇာတာကိုမြှင့်ရန် အခွင့်အရေးများ မကြာခဏ ပေါ်ပေါက်တတ်သည့် နေရာသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်သည် မဆုံးနိုင်သောဖြစ်နိုင်ချေများ၊ အခွင့်အရေးများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်နေလေသည်…
အားလုံးသိကြသည့်အတိုင်း ကျင့်ကြံရေးကမ္ဘာ၌ အရေးအကြီးဆုံးအရာများမှာ “ဆရာ” ၊ “ငွေကြေးဥစ္စာ” ၊ “အပေါင်းအသင်း” နှင့် “နေရာဒေသ” တို့ပင်ဖြစ်သည်။
ငွေကြေးဥစ္စာသည်ကား ကျင့်ကြံရေးအရင်းအမြစ်များကို ဆိုလိုသည်။ ထိုထဲ၌ ပါဝင်သည့် အရေးအကြီးဆုံးအရာမှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံးများတွင် ဝိညာဉ်ချီ အများအပြား ပါဝင်နေသည်။ ထို့အပြင် ဝိညာဉ်ကျောက်တုံးမှာ သုံးစွဲနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။ ကျင့်ကြံသူများက ထိုကျောက်တုံးကို သုံး၍ ကျင့်ကြံလေ့ရှိကြသည်။ အကြောင်းမှာ ထိုသို့ကျင့်ကြံခြင်းက သူတို့၏ ကျင့်ကြံနှုန်းကို များစွာ မြန်ဆန်သွားစေသောကြောင့် ဖြစ်သည်။
ပါရမီနှင့် ကျင့်ကြံစဉ်ချင်း တူနေလျှင်ပင် ဝိညာဉ်ကျောက်တုံးကို သုံးပြီး ကျင့်ကြံသည့်သူနှင့် မသုံးဘဲ ကျင့်ကြံသည့်သူတို့၏ ကျင့်ကြံနှုန်းမှာ ဆယ်ဆကျော် ကွာခြားလေသည်။ ထို့ကြောင့်လည်း ဝိညာဉ်ကျောက်တုံးများမှာ ကျင့်ကြံသူအများစု သူတို့ဘဝတစ်လျှောက်လုံး ရှာဖွေကြရမည့် အရင်းအမြစ်တစ်ခု ဖြစ်နေလေတော့သည်။
ဝိညာဉ်ကျောက်တွင်း ဆိုသည်မှာကား ဝိညာဉ်ကျောက်တုံးများ ထွက်သည့် တွင်းတစ်ခု ဖြစ်သည်။ ကျင့်ကြံသူများက ထိုတွင်းထဲမှ ဝိညာဉ်သတ္တုရိုင်းတုံးများကို တူးဖော်ကြမည်။ ထို့နောက် သူတို့က သတ္တုရိုင်းတုံးအတွင်းမှ ဝိညာဉ်ကျောက်ရိုင်းများကို လှီးဖြတ်ဖွင့်ယူကြလိမ့်မည်။ ပြီးလျှင် ကျောက်ရိုင်းများကို သန့်စင်ပြီး ဈေးကွက်ဝင် အရွယ်အစားရှိသည့် ဝိညာဉ်ကျောက်တုံးများဖြစ်အောင် လုပ်ယူကြပေလိမ့်မည်။
သို့သော်လည်း လှီးဖြတ်ဖွင့်လိုက်သည့် ဝိညာဉ်သတ္တုရိုင်းတုံးတိုင်းမှ ဝိညာဉ် ကျောက်တုံးများ ထွက်လာလိမ့်မည်တော့ မဟုတ်ချေ။
တချို့ဝိညာဉ်သတ္တုရိုင်းတုံးများမှာ ကြည့်လိုက်လျှင် ဝိညာဉ်ချီတို့ ပြည့်လျှံထွက်နေသယောင် ထင်ရသော်လည်း တကယ်လှီးဖြတ်ပြီးသွားသည့်အချိန်တွင်မူ အထဲ၌ ဝိညာဉ်ကျောက်တုံး အတုံးသေးသေးလေး အနည်းငယ်သာ ရှိနေတတ်သည်။ ထိုအတုံးသေးတို့၏ တန်ဖိုးမှာလည်း အင်မတန် နိမ့်လှ၏။
တစ်ချိန်တည်းမှာပင် တစ်ချို့ဝိညာဉ်သတ္တုရိုင်းတုံးများမှာ အပြင်ဘက်မှ ကြည့်လျှင် ဘာမှသိပ်ဟုတ်ပုံ မပေါ်သော်လည်း လှီးဖြတ်ဖွင့်လိုက်ပါက အထဲ၌ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ရှိနေတတ်ပြန်၏။ ထိုကျောက်တုံးများသည်ကား အင်မတန် တန်ဖိုးမြင့်လေသည်။
ဒဏ္ဍာရီများအရ တချို့ကျင့်ကြံရေးဂိုဏ်းများတွင် သတ္တုရိုင်းတုံးများထဲမှ အထွတ်အထိပ်အဆင့် ဓမ္မရတနာများ၊ အလွန်ထူးခြားပြောင်မြောက်သော သိုင်းကျမ်းများအပြင် အိပ်ပျော်နေသည့် ပြိုင်ဖက်ကင်းအလှပိုင်ရှင် မိန်းမပျိုလေးကိုပင် ရှာတွေ့ခဲ့ဖူးသည်ဟု ကြားသိရသည်။
ထိုဒဏ္ဍာရီများအား တကယ် မဖြစ်နိုင်ဘူးဟုလည်း မပြောနိုင်ပေ။ ကျင့်ကြံရေးကမ္ဘာ၌ “ထူးကဲရတနာများ” ဆိုသည့် စကားလုံးရှိသည်။
အစွမ်းထက်သည့် ဓမ္မရတနာတိုင်းနှင့် ဓမ္မကျမ်းတိုင်းတွင် ဓမ္မစည်းမျဉ်းများ ပါဝင်နေကာ သူတို့က ကမ္ဘာလောကထဲရှိ ဝိညာဉ်ချီအပေါ် လွှမ်းမိုးသက်ရောက်နိုင်လေသည်။ သူတို့အား ပိုင်ရှင်မရှိဘဲ အကြာကြီး ပစ်ထားလိုက်ပါက ထိုဓမ္မရတနာများသည် ဝိညာဉ်ချီများကို စတင်စုပ်ယူလာလိမ့်မည်။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ဝိညာဉ်ချီအကာအရံ တစ်လွှာကို ဖြစ်တည်လာစေလိမ့်မည်။ အချိန်အတော်ကြာသွားပါက ထိုဝိညာဉ်ချီ အကာအရံများသည် ဝိညာဉ်သတ္တုရိုင်းတုံးများအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။
သူတို့ကို ကြည့်လိုက်လျှင် ပုံမှန်ဝိညာဉ်သတ္တုရိုင်းတုံးများနှင့် ဘာမှသိပ်ကွာခြားပုံ မပေါ်သော်လည်း တစ်ယောက်ယောက်ကသာ ကံကောင်းပြီး သူတို့ကို လှီးဖြတ်ဖွင့်နိုင်လိုက်ပါက အထဲမှ အခြေအနေကောင်းသေးသည့် အစွမ်းထက်သော ဓမ္မရတနာတစ်ခုခုကို ရလျှင်ရ၊ သို့မဟုတ်ပါက အစွမ်းအထက်ဆုံးသော ကျင့်ကြံစဉ်များကိုပင် ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။
ကုန်လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကျော် ကာလအတွင်း၌ ကံကောင်းသည့်လူ အမြောက်အမြားက ထိုကဲ့သို့အခွင့်အရေးမျိုးများမှ အကျိုးအမြတ်ထူးတွေ ရရှိခဲ့ကြဖူးသည်။
ဝိညာဉ်သတ္တုရိုင်းတုံးဈေးကြီးဖြစ်သည့် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာလည်း ထိုအကြောင်းတရားများကြောင့် ဖြစ်တည်ပေါ်ပေါက်လာခဲ့ရလေသည်…
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အတွင်းမှ ကုန်သည်များသည် နေရာအနှံ့က ဝိညာဉ်သတ္တုရိုင်းတုံးများကို ဝယ်ယူပြီး အရည်အသွေးအလိုက် ဈေးနှုန်းခွဲကာ သူတို့၏ အရောင်းစင်များပေါ်တွင် တင်ရောင်းကြသည်။ အကယ်၍ ဈေးဝယ်သူများက ဈေးနှုန်းကို လက်ခံနိုင်ပါက ဝိညာဉ်သတ္တုရိုင်းကို ဝယ်ကာ သူတို့ဘာသာ လှီးဖြတ်ဖွင့်လျှင်ဖွင့်၊ မဟုတ်လျှင် ဆိုင်ကို သူတို့အတွက် လှီးဖွင့်ခိုင်းပေလိမ့်မည်။
ဈေးဝယ်သူက အမြတ်ရသည်ဖြစ်စေ အရှုံးပေါ်သည်ဖြစ်စေ၊ အရောင်းဆိုင်ကော ဈေးဝယ်သူပါ သူတို့၏ ဆုံးဖြတ်ချက်အတွက် နောင်တရခွင့် မရှိပေ။ စည်းကမ်းချက်များမှာ ရှန်ထျန်း၏ အရင်ဘဝက ကျောက်အလောင်းကစားနှင့် ခပ်ဆင်ဆင် ဖြစ်သည်။
သာမန်လူတွေလည်း ကံအပြောင်းအလဲ အခွင့်အရေးများ ရရှိနိုင်သည်ကို သိလိုက်ရသောအခါ ရှန်ထျန်း၏ အတွေးထဲ ပထမဆုံးပေါ်လာသည့်အရာမှာ အဆုံးမဲ့ဝိညာဉ်ဥယျာဉ် ဖြစ်သည်။
လာဘ်ကံကောင်းသည့် လူများကို ရှာတွေ့နိုင်ချေမှာ နည်းသော်လည်း ကံအပြောင်းအလဲ အခွင့်အရေးများ ပေါ်လာနိုင်နှုန်းမှာ သေချာပေါက် အမြင့်ဆုံး ဖြစ်သည်။ အကြောင်းမှာ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်တစ်ခုလုံးတွင် လူသန်းထောင်ချီက ကံလာစမ်းကြမည် ဖြစ်သောကြောင့်တည်း…
ရောက်ရှိလာမည့် လူအရေအတွက်နှင့် သူတို့ထဲမှ ဆယ်ယောက်မှာ တစ်ယောက် ကံထူးလျှင်ပင် ဒီနေရာကြီးက ကံအပြောင်းအလဲ အခွင့်အရေးတွေနှင့် ပြည့်နေလိမ့်မည်သာ…
သည်တိုင်းသာဆိုလျှင် ရှန်ထျန်းက သူ့ခေါင်းပေါ်မှ အနက်ရောင် ရောင်ဝါစက်ဝန်းကို ဖယ်ရှားနိုင်ရုံတင်မကဘဲ သူတို့သုံးယောက်သား နောင်အနာဂတ်မှာ ကျင့်ကြံရန် လိုအပ်မည့် ဝိညာဉ်ကျောက်တုံးများအတွက်ပါ ပူစရာ လိုတော့မည် မဟုတ်ပေ။
ထိုသို့တွေးမိလိုက်သည်နှင့် ရှန်ထျန်းက “တယ်ဉာဏ်ကောင်းတဲ့ ငါလေးပါလား” ဟု သူ့ကိုယ်သူ ချီးကျူးလိုက်လေသည်။
…………………
ကံမကောင်းစွာပင်… အဆုံးမဲ့ဝိညာဉ်ဥယျာဉ်သို့ တကယ် ရောက်သွားသည့်အချိန်မှာတော့ ရှန်ထျန်းတစ်ယောက် သူ တွေးထားသမျှသည် အတွေးသက်သက်သာ ဖြစ်နေကြောင်း သဘောပေါက်သွားလေ၏။ ကျောက်အလောင်းကစားမှာ သူ ထင်ထားသလောက် မလွယ်ကူ မရိုးရှင်းနေခဲ့ပေ။
ရှန်ထျန်း မြင်ရသလောက်ဆိုလျှင် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ကြီးမှာ လူများနှင့် ပြည့်နေသော်လည်း လူနည်းစုကသာ သူတို့၏ ရောင်ဝါစက်ဝန်းထဲတွင် ကံအပြောင်းအလဲအခွင့်အရေးရရှိမည့် ရုပ်ပုံများကို ပြသနေလေ၏။ ထို့နောက် ရုပ်ပုံတွေအရ ဝိညာဉ်သတ္တုရိုင်းတုံးထဲမှ ဝိညာဉ်ကျောက်တုံးများကို ရခဲ့လျှင်တောင် သူတို့ ရရှိမည်မှာ အရည်အသွေးနိမ့်သည့် အရာများသာ ဖြစ်နေလေသည်။
ထိုဝိညာဉ်သတ္တုရိုင်းတုံးများကို ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံး (၁၀)တုံးကျော် ပေးရသည်။ လှီးဖြတ်ဖွင့်ပြီးသည့်နောက် အထဲမှ ရမည့် ဝိညာဉ်ကျောက်တုံးမှာ အတုံး(၃၀)မှ (၅၀)အတွင်းသာ ရှိသည်။
ကျင့်ကြံရေးလောကထဲမှ သာမန်အဖြစ်ဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကိုပင် လူ့ဘောင်လောကထဲ၌ ငွေစတစ်ထောင် သို့မဟုတ် ထို့ထက်များသည့် ငွေစပမာဏအတွက် ရောင်းချနိုင်သည်။ ထိုကဲ့သို့ ဝိညာဉ်ကျောက်တုံးမျိုး ဆယ်တုံးကိုသာ ရရှိခဲ့ပါက ငွေစတစ်သောင်းကျော်ကို ရရှိမည်ဖြစ်လေရာ သာမန်လူသားတစ်ယောက်အတွက် ချမ်းချမ်းသာသာ နေထိုင်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် ထိုမျှနည်းသည့် အမြတ်အစွန်းကလေးက ရှန်ထျန်း၏ နဂိုမျှော်မှန်းထားသည့် မျှော်လင့်ချက်ကြီးကို ကျေနပ်အောင် မဖြည့်စီးပေးနိုင်ပါချေ။
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ လာဘ်ကံကောင်းတဲ့လူတွေ ရှိရမှာ မဟုတ်ဘူးလား… သူတို့တွေက ဝိညာဉ်ကျောက်တုံး နည်းနည်းလေးကိုပဲ သုံးပြီး ဧရာမအံ့ဖွယ်ပစ္စည်းတွေကို ရရှိသွားပြီးတော့ ဘဝရဲ့ပန်းတိုင်ဆီ လျှောက်လှမ်းသွားနိုင်ကြရမှာ မဟုတ်ဘူးလား…
ဒီတော့ ဒါတွေအားလုံးဟာ ယုံတမ်းစကားတွေပေါ့လေ… ဟုတ်လား…
ရှန်ထျန်းလေး တစ်ယောက်တည်း သံသယနွံထဲ နစ်နေတုန်းမှာပဲ အရှေ့ဘက်နားဆီမှ အံ့သြတကြီး အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဝိညာဉ်နတ်မိမယ်လေး ရောက်လာပြီဟေ့”
အော်သံကြီး ပဲ့တင်သွားသည်နှင့်အမျှ လူအုပ်ကြီးလည်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
“ဘာ… ဝိညာဉ်နတ်မိမယ်လေးက ဝိညာဉ်သတ္တုရိုင်းတုံးတွေ ကံစမ်းဖို့ ရောက်လာပြန်ပြီလား… အစ်ကိုရေ… ကျွန်တော့်ဖို့ နေရာကောင်းလေး ဦးထားပေးပါဦးဗျ”
“ငါ့လည်း စောင့်ကြပါဦး။ ဒီသတ္တုရိုင်းတုံးကို လှီးဖွင့်ပြီးတာနဲ့ အဲ့ဒီကို ချက်ချင်းလာခဲ့မယ်”
“ဝိညာဉ်နတ်မိမယ်လေးဆိုတာ ဘယ်သူလဲဗျ”
“မင်းက ဝိညာဉ်နတ်မိမယ်လေးကိုတောင် မသိဘူးလား… ဒါတော့ မင်း တုံးလွန်းသွားပြီ… သူက ငါတို့အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ရဲ့ ဝိညာဉ်သတ္တုရိုင်းတုံးတွေကို ရွေးပြီးတော့ ဝိညာဉ်ကျောက်တုံးတွေ ရှာတဲ့နေရာမှာ အတော်ဆုံး ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူပဲ”
“ဒါတင်ဘယ်ကမလဲ… အသက်ရှူမှားလောက်အောင်လည်း လှသေးတယ်ကွ”
“ဝိညာဉ်နတ်မိမယ်လေးကို လက်ထပ်နိုင်တဲ့ကောင်ကတော့ အကြီးကြီးပွတာပဲ။ ဒီလောက်လှတဲ့ကောင်မလေးကို မိန်းမတော်ရမယ့်အပြင် ဝိညာဉ်ကျောက်တုံးအတွက်လည်း ပူစရာ မလိုတော့ဘူး”
…………………
သူ့ဘေးနားကလူတွေ ပြောဆိုနေကြသည်များကို နားထောင်ရင်း ရှန်ထျန်းက ဒီဝိညာဉ်နတ်မိမယ်လေးဆိုသည့်သူကို မနေနိုင်ဘဲ သိချင်မိသွားသည်။
သူက လူအုပ်ကြီးနောက်မှ လိုက်သွားလိုက်၏။ သိပ်မကြာခင်မှာပဲ “ကောင်းကင်ဝိညာဉ်ပြခန်း” ဆိုသည့် ဝိညာဉ်သတ္တုရိုင်းတုံး အရောင်းဆိုင်ရှေ့သို့ ရောက်ရှိသွားကာ သူမကို လူကိုယ်တိုင်မြင်လိုက်ရသည်။
သူမက စိမ်းပြာရောင်ဝတ်ရုံရှည် ဝတ်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။ ရှန်ထျန်းကို နောက်ကျောပေးထားသဖြင့် သူမ၏ မျက်နှာကိုတော့ မမြင်ရသေးပေ။ သို့သော် ထိုနူးညံ့အိထွေးသော ဖြူလျလျ လက်ချောင်းလေးများနှင့် ခါးသိမ်သိမ်လေးတို့ကပင် ပုရိသတို့ရင်ထဲမှ အတွေးရိုင်း တသီတတန်းကြီးကို နှိုးဆွရန် လုံလောက်နေလေပြီ။
သူမက သေအောင်လှသည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်နေမည်မှန်း တွေးကြည့်ရန် မခက်ခဲလှပါချေ။
သို့သော်… လောလောဆယ် ရှန်ထျန်း ကြည့်နေသည်မှာ သူမ၏ ကိုယ်ခန္ဓာလည်း မဟုတ်သလို ရုပ်ရည်သွင်ပြင်လည်း မဟုတ်ပေ။ သူက သူမ၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းကို ကြည့်နေခြင်း ဖြစ်သည်။
သူမ၏ ရောင်ဝါစက်ဝန်းမှာ အနီရောင် ဖြစ်လေရာ ဒီဝိညာဉ်နတ်မိမယ်လေးသည်ကား လာဘ်ကံအတော်လေး ကောင်းပေလိမ့်မည်။ အနီရောင်တွင် အစိမ်းကွက်လေး အနည်းငယ် ရောနေသေးသော်လည်း ချင်ကောင်း၏ ရောင်ဝါစက်ဝန်း အရည်အသွေးနှင့် တော်တော်လေး နီးစပ်နေပြီ ဖြစ်ကာ တော်ဝင်မျိုးနွယ် အများစုထက်ပင် ပိုကောင်းနေသည်။
ရှန်ထျန်း အံ့သြမိသည်မှာ သူမ၏ ရောင်ဝါစက်ဝန်းထဲတွင် ဘာကံအပြောင်းအလဲ အခွင့်အရေးရုပ်ပုံမှ မမြင်ရ၍ ဖြစ်သည်။
ရှန်ထျန်းတစ်ယောက် တော်တော်လေးကို အူလည်လည် ဖြစ်သွားသည်။
နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် သူမဆီတွင် ကံအပြောင်းအလဲအခွင့်အရေး ရှိနေမည်ဆိုပါက သေချာပေါက် သူမ၏ ရောင်ဝါစက်ဝန်းထဲတွင် ပေါ်နေရမည် ဖြစ်သည်။
ဝိညာဉ်နတ်မိမယ်လေးက သတ္တုရိုင်းတွေထဲကနေ ဘာပစ္စည်းကောင်းမှ မရနိုင်တာများလား…
ဒါမှမဟုတ်… သူ့အပေါ်မှာဆို ငါ့အစွမ်းက အလုပ်မလုပ်တော့တာများလားဟ…