Switch Mode

အပိုင်း(၈၃၀):

ဂျိနယ်ပယ် ထပ်မံ ပြန်ပေါ်လာခြင်း

ဝမ်လင်းက ရပ်တန့်လိုက်၏။သူက ထိုဝဲကတော့ထဲ၌ ဖြစ်ပေါ်နေသော မျက်လုံးကို တိတ်တဆိတ်စူးစိုက်ကြည့်နေသည်။

“မင်း မိတ်ဆွေကို စောနက အတားအဆီး ထုတ်လွှတ်ခိုင်းလိုက်။ဒါဆိုရင် ငါက မင်းကို ကောင်းကင်ဘုံမန္တာန်တစ်ခု သင်ပေးမယ်…”

ဝမ်လင်းက ခဏတာ တိတ်ဆိတ်စွာစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည်။ “သင်က ဘယ်သူလဲ…”

ထိုအသံပိုင်ရှင်က ဝမ်လင်း၏မေးခွန်းကို ပြန်မဖြေပေ။ထိုအစား ၎င်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်း သင်ချင်လား၊မသင်ချင်ဘူးလား…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် လီယွမ်ကို ဆွဲခေါ်၍ နောက်သို့ လျင်မြန်စွာ ဆုတ်သွားလေသည်။ထိုအသံပိုင်ရှင်၏ ကမ်းလှမ်းမှုကို ဝမ်လင်းက စိတ်ထဲတွင် မရှိ၍ မဟုတ်ပေ။သို့သော် သူက သတိရှိသည့်လူတစ်ယောက် ဖြစ်၏။ သည်လိုနေရာ၌ ပေါ်လာသည့်အရာမှန်သမျှ ဘယ်တော့မှ ရိုးရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူက ကောင်းကင်ဘုံမန္တာန်တစ်ခကို အမှန်တကယ် သင်ယူမည်ဆိုရင်ပင် ဝမ်လင်း၏ စိတ်နေစိတ်ထားအရ သူ အတိတ်တုန်းက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်နှင့် ပတ်သတ်၍ မှားယွင်းခဲ့သည့် တူညီသောအမှားမျိုးကို ထပ်မံ လုပ်တော့မည် မဟုတ်ပေ။

“ငါ့ဘာသာငါ ရှာတွေ့တဲ့ ကောင်းကင်ဘုံမန္တာန်တွေကိုဘဲ ငါက သင်ယူတော့မယ်။ တစ်ခြားလူတွေ ပေးတဲ့ မန္တာန်ကို ငါက ဘယ်တော့မှ သင်တော့မှာ မဟုတ်ဘူး…”

ဝမ်လင်းမျက်လုံးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်လို့နေသည်။သူ့ခန္ဓာကိုယ်က မူလစွမ်းအင်များနှင့် ပြည့်လာကာ သူက လီယွမ်နှင့်အတူ ထိုဝဲကတော့ထဲမှ မျက်လုံးက ကြည့်နေစဉ်မှာပင် အလျင်အမြန် ထွက်လာခဲ့တော့သည်။

ဝမ်လင်းထွက်သွားပြီး သိပ်မကြာခင်တွင် ဝဲကတော့သည် နောက်တစ်ဖန် လှည့်ပတ်သွားသည်။ဝဲကတော့ဗဟိုရှိ မျက်လုံးက ဝမ်လင်းတို့ နောက်ဆုတ်သွားသော နေရာသို့ စူးစိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြန်ကျုံ့သွားခဲ့သည်။

“ငါက သတိရှိတဲ့လူတွေကို မကြိုက်ဘူး…” ထိုကျုံ့နေသော မျက်လုံးထဲကနေ အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်သွား၏။

သည့်နောက် ထိုမျက်လုံးသည်လည်း ဝဲကတော့ထဲသို့ ပြန်ပျောက်ကွယ်သွားကာ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အနီရောင်အလင်းတန်းတစ်ခုကသာ ဝမ်လင်းနောက်သို့ လိုက်ပါနေခြင်း ရှိတော့၏။

ဝမ်လင်းသည် လီယွမ်ကို လက်ကနေ ကိုင်ထားရင်း တွင်းနက်ရှိရာသို့ အမြန်ဆုံးပြန်သွားနေသည်။ သူက လီယွမ်၏ ရင်ဘက်ကို အကြိမ်များစွာ လက်ညွှန်လိုက်ရာ လီယွမ်၏မျက်လုံးသည် ပွင့်လာခဲ့၏။ပထမ၌ လီယွမ်၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ရှိနေသေးသည်။သို့သော် သိပ်မကြာတွင် သူ့မျက်လုံးများက ပြန်ကြည်လင်လာ၏။

“ကျေးဇူးအများကြီးတင်ပါတယ်…အစ်ကိုရှု…။ဝဲကတော့ထဲက ထူးဆန်းတဲ့အားတစ်ခုက ငါ့ကို စွဲဆောင်သွားခဲ့တာ…” လီယွမ်က အနည်းငယ်စဉ်းစားပြီးသည့်နောက် စောနပိုင်းက သူသည် ဘာကြောင့် ပုံမှန်မဟုတ်တာ လုပ်ဆောင်ခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။

“ဒီနေရာက အလွန်ထူးဆန်းတယ်။ ငါတို့ အခုချက်ခြင်း ထွက်သွားတာ အကောင်းဆုံးပဲ…” ဝမ်လင်းက သူ့နောက်က လမ်းကြောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

လီယွမ်ကလည်း ခေါင်းညိတ်လိုက်၏။သူက သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ ထွက်ပေါက်ပေါ်တွင် အတားအဆီးတစ်ခု ချမှတ်လိုက်၏။

သည်အခိုက်အတန့်၌ ဝမ်လင်း၏အသွင်သည် ပြောင်းလဲသွားခဲ့ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ သူ့မူလစိတ်ဝိညာဉ်မှ မိုးကြိုးများသည် မြင့်တက်လာခဲ့ကာ သူ့လက်ထဲတွင် သိပ်သည်းသွားသည်။ဝမ်လင်းက သူ့လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မိုးကြိုးသည် ဥမင်ကို လုံးဝပိတ်ဆို့သွားလေ၏။

ထိုအခိုက်အတန့်၌ အနီရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ ပေါ်လာကာ မိုးကြိုးများအားလုံးကို ထွင်းဖောက်လာသည်။ထိုအနီရောင်အလင်းက ဝမ်လင်းထံသို့ တိုက်ရိုက် ဦးတည်လာနေကာ သူ့အသွင်ကို ကြီးစွာပြောင်းလဲသွားစေသည်။သူက ထိုအနီရောင်အလင်းတန်းကနေ အလွန်ရင်းနှီးသောခံစားချက်ကို ရရှိနေ၏။ ထိုခံစားချက်သည် သူ့စိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ့မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။

“ဒါက ဂျိနယ်ပယ်ပဲ…”

သူက နောက်သို့ တွေဝေခြင်းမရှိ ဆုတ်နေသည်။ သူက နောက်ဆုတ်နေရင်းဖြင့် ပတ်ဝန်းကျင်နှင့် တစ်သားတည်းနစ်မြုပ်လိုက်သည်။ထိုအခိုက်မှာပင် အနီရောင်အလင်းတန်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားသည်။

တစ်ချိန်တည်းမှာလည်း ဝင်ပေါက်အစီအရင်က ပွင့်လို့သွား၏။ဝမ်လင်းသည် လီယွမ်ကို ဆွဲကိုင်ကာ တိုက်ရိုက် ပျံသန်းထွက်သွား၏။ ထို့နောက် သူတို့သည် ဝင်ပေါက် ပြန်မပိတ်ခင်မှာပင် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းနှင့်လီယွမ်တိုသည့် သည်အစိတ်အပိုင်းမြေပေါ်ရှိ ကီလိုမီတာသုံးသောင်းအကွာတွင် ပြန်ပေါ်လာခဲ့ကြသည်။ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်လို့နေကာ သူ့မျက်နှာက ဖြူရောလာသည်။ထို့နောက် သူက ပါးစပ်ထဲကနေ သဲမှုန့်ကို ထွေးထုတ်လိုက်၏။ ထိုသဲမှုက ကြီးမားသည့်တံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သူတို့အထက်၌ ပေါ်လာခဲ့ပြီး ဖိအားလှိုင်းများကို ပေးစွမ်းလာသည်။

ဝမ်လင်းက ချက်ခြင်းပင် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။သားရဲအရိုးသည်လည်း ပေါ်လာခဲ့လေသည်။၎င်းက ဝမ်လင်းပတ်လည်၌ စတင်လှည့်ပတ်နေရင်း နတ်ဆိုးဆန်သောတောက်ပမှုကို ပေးစွမ်းတော့၏။

“အစ်ကိုလီ…ငါ့ကို ကာကွယ်ပေးထားပါ…” ဝမ်လင်းက ထိုသို့ပြောလိုက်ပြီးသည့်နောက် ချက်ခြင်းပင် မျက်လုံးမှိတ်လိုက်၏။ သူ့လက်နှစ်ဖက်လည်း ချိပ်တံဆိပ်တစ်ခုစီကို ဖြစ်ပေါ်စေကာ သူ့ပေါ်ပေါ်သို နေရာချ၏။ သည့်နောက် မူလစိတ်ဝိညာဉ်သည် သူ့နတ်ဘုရားအာရုံထဲသို့ အရူးအမူး မြင့်တက်လာသည်။

လီယွမ်၏အသွင်က အလေးအနက်ဖြစ်လာခဲ့ကာ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကိုးလက်ကို ထုတ်ယူလိုက်သည်။သူက ဝမ်လင်း မည်သို့ဖြစ်နေသည်ကို မသိသော်လည်း သူက ဝမ်လင်းခုလိုမျိုး အလေးအနက် ဖြစ်နေသည်ကို တစ်ခါမှ မတွေ့ခဲ့ရဖူးချေ။

လီယွမ်က စဉ်းစားမိနေ၏။ “ဒီအနီရောင်အလင်းက ဘယ်လိုမန္တာန်မျိုးလဲ…”

အနီရောင်အလင်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲတွင် လှိုင်းထန်နေ၏။ ၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နှက်နေသည်။သို့သော်လည်း ၎င်းက ပေါက်ကွဲထွက်မသွားခင် ဝမ်လင်း၏သိပ်သည်းသော မူလစွမ်းအင်များက အလွှာလိုက် ဝန်းရံခြင်းကို ခံလိုက်ရလေ၏။

ထိုအရာက အနီရောင်အလင်း ၎င်း၏ စွမ်းအားအပြည့်ကို မပြသနိုင်အောင် တားဆီးထားပေ၏။သို့သော်လည်း သည်အရာက ဂျိနယ်ပယ်သာ ဖြစ်၏။ထို့ကြောင့် သိသာစွာပင် အလွန်အားကောင်းလှပေသည်။၎င်းက မူလစွမ်းအင်နှင့် ဝန်းရံထားခြင်း ခံရသော်လည်း မူလစွမ်းအင်သည် မြန်ဆန်စွာ လွင့်ပြယ်လာရသည်။မူလစွမ်းအင်သည်ပင် ၎င်းပေါ်သို့ သိသာစွာ အကျိုးသက်ရောက်နိုင်ခြင်း မရှိ ဖြစ်ရ၏။

ဝမ်လင်းက သည်ဂျိနယ်ပယ်နှင့် အလွန်ရင်းနှီးလှသည့်အတွက်ကြောင့် သူက တအားကြောက်လန့်သွားခြင်း မရှိဘဲ ပိုမိုများပြားသော မူလစွမ်းအင်အလွှာများကို ၎င်းပေါ်သို့ ဝန်းရံထား၏။ဂျိနယ်ပယ်နှင့် ပတ်သတ်သည့် အရင်အတွေ့အကြုံကြောင့် သူ့မူလစိတ်ဝိညာဉ်သည် သည်ဂျိနယ်ပယ်အပေါ် မည်သို့မျှ ခုခံနိုင်ခြင်း မရှိသည်ကို သူက သိနေပေသည်။

တကယ်တော့ သူကလည်း ဂျိနယ်ပယ်၏ပိုင်ရှင်ဖြစ်ခဲ့ဖူးသည် မဟုတ်လား။

ထို့အတွက်ကြောင့် သည်အနီရောင်အလင်းက သူ့မူလစိတ်ဝိညာဉ်ကို ချက်ခြင်း ဖျက်စီးပစ်နိုင်ခြင်း မရှိဘဲ သူ့ကို ခုခံဖို့ အခွင့်အရေးတစ်ခု ရစေ၏။အခြားလူတစ်ယောက်သာ ဖြစ်လျှင် ဝမ်လင်းထက် ကျင့်ကြံမှုအဆင့်ပိုမြင့်သူ ဖြစ်နေလျှင်ပင် သူတို့သည် ဂျိနယ်ပယ်ကြောင့် ချွင်းချက်မရှိ သေရပေလိမ့်မည်။

ကံကောင်းသည်က ဝမ်လင်းခန္ဓာကိုယ်ထဲ၌ သူ မစုပ်ယူရသေးသော မူလစွမ်းအင်အများအပြား ရှိနေခြင်းပင်။ထို့ကြောင့် သူက မူလစွမ်းအင်ကင်းမဲ့မှု မရှိနိုင်တော့ချေ။သူက မူလစွမ်းအင်ဖြင့် ထိုအနီရောင်အလင်းတန်းကို ဆက်တိုက် လွှမ်းခြုံပစ်နေ၏။

ဝမ်လင်းက ဂျိနယ်ပယ်နှင့် လုံးထွေးတိုက်ခိုက်နေရချိန်တွင် တွင်းနက်၏ ကီလိုမီတာသောင်းချီအကွာတွင် ကျင့်ကြံသူများထဲမှ တစ်ယောက်က တွင်းနက်ရှိရာသို့ ဂရုတစိုက်ချဉ်းကပ်လို့နေ၏။

ထိုသူက ဝမ်လင်းကို စောင့်ကြည့်နေခဲ့သော ကျင့်ကြံသူများထဲက တစ်ယောက်ပင် ဖြစ်လေ၏။ သူက သည်နေရာကနေ ထွက်သွားခဲ့ခြင်း မရှိသေးဘဲ လှည့်လည်သွားလာနေခဲ့ခြင်းပင်။ သူက ရှုမူထွက်သွားပြီးသည့်နောက် ရှုမူရှာမတွေ့ခဲ့သည့် ရတနာတစ်ခုကို သူ့အတွက် အသုံးဝင်နိုင်ကောင်းသည်ဟူသော မျှော်လင့်ချက်ဖြင့် စောင့်စားနေခဲ့သူပင်။

သူက ဝမ်လင်းနှင့်လီယွမ်တို့ အကွာအဝေးတစ်ခုသို့ ထိုးထွက်သွားကြသည်ကို တွေ့မြင်ခဲ့သည်။ထို့နောက်တွင် သူက တွင်းနက်ရှိရာသို့ ဂရုတစိုက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာခြင်း ဖြစ်လေ၏။သူက တွင်းနက်ကို ကြည့်ကာ အံတင်းတင်းကြိတ်၍ အထဲသို့ ဝင်ရောက်လိုက်လေ၏။

နာရီများစွာ ကြာမြင့်ပြီးသည့်နောက် သူက ဥမင်၏အဆုံးသပ်နားသို့ ရောက်ရှိသွားခဲ့သည်။ထိုသူက ဝဲကတော့ကို တွေ့မြင်လိုက်ချိန်၌ မှင်သက်သွားခဲ့၏။သည့်နောက်တွင် သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ ဝဲကတော့ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ ဝဲကတော့၏ဗဟိုချက်ကနေ မျက်လုံးက နောက်တစ်ဖန် ပေါ်လာခဲ့တော့၏။

“လာခဲ့…လာ…လာ…” မသတီစရာအသံတစ်ခုက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေတော့၏။သူက နီးကပ်လာနေရင်း သူ့အသိစိတ်ပါ လွတ်ကင်းသွားရတော့သည်။

အချိန်အတန်ကြာပြီးသည့်နောက် ဥမင်ထဲကနေ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် ဝဲကတော့၏ ဘေးနားတွင် ထိုကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

သူ့အသွေးအသားများက ပြန့်ကျဲသွားခြင်း မရှိဘဲ ဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။ထိုသူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဝဲကတော့သည် ထိုအသွေးအသားများကို စုပ်ယူပြီးသည့်နောက် ပျက်စီးတော့မည့် အရိပ်လက္ခဏာ ပြသလာခဲ့သည်။ဝဲကတော့ပေါ်ရှိ ချိပ်တံဆိပ်ပေါ်၌လည်း အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ကာ အချိန်အတန်ကြာပြီးသည့်နောက် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ထိုဝဲကတော့က လုံးဝပျက်စီးသွားလေ၏။

အနီရောင်အလင်းတန်းက ဝဲကတော့ထဲက‌နေ ထိုးထွက်လာခဲ့ကာ ဥမင်တစ်ခုလုံးကို ချက်ခြင်း ဖုံးလွှမ်းသွားသည်။ဥမင်က ချက်ခြင်းပင် စာလုံးသင်္ကေတတစ်ခုအဖြစ် သွေးငယ်သွားပြီးနောက် ဝဲကတော့ထဲသို့ ရှိုက်သွင်းခြင်း ခံလိုက်ရချေသည်။

ထို့နောက် ထိုဝဲကတော့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

“မဟာချိပ်တံဆိပ်ကိုးခုထဲက ငါးခုက လွန်ခဲ့တဲ့နှစ်တွေတည်းက ပျက်စီးသွားခဲ့ပြီ။ ခုငါ့ခွန်အားနဲ့ဆိုရင် ငါက ကျန်တဲ့လေးခုကိုလည်း လူတွေလာပြီး ချိုးဖျက်ပစ်ဖို့ စွဲဆောင်နိုင်စွမ်း ရှိနေပြီ…”

ထိုမသတီစရာအသံထဲ၌ ပျော်ရွှင်မှုတို့ ပါဝင်နေကာ ၎င်းအသံသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့ မရေမတွက်နိုင်သောအစိတ်အပိုင်းမြေများ ကြားတွင် အစိတ်အပိုင်းမြေလေးခုထံကနေ အားကောင်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်တုန်ခါလှိုင်းများ ထွက်ပေါ်လာခဲ့လေ၏။သည်တုန်ခါလှိုင်းများသည် ကျင့်ကြံသူများကို ထိုတုန်ခါလှိုင်းထွက်ပေါ်လာသော နေရာသို့ စုဝေးသွားစေခဲ့သည်။

သို့ရာတွင်လည်း ထိုနေရာလေးခု၏ ဝင်ပေါက်တွင် ချိပ်ပိတ်မှုများ ရှိနေပေ၏။ လီယွမ်လိုမျိုး အတားအဆီးပညာရှင်တစ်ယောက် မဟုတ်ပါက ၎င်းချိပ်ပိတ်မှုများကို ဖွင့်လှစ်နိုင်ရန် အချိန်အချို့ ယူဆောင်ရပေလိမ့်မည်။

ဝမ်လင်းက မျက်လုံးဖွင့်လာသည့်အခါတွင် သူ့ခန္ဓာကိုယ်က ချွေးများနှင့် ရွှဲနစ်နေတော့၏။သူ့အသွင်ကလည်း ဖြူရောသွားကာ သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။ သူက သူ့ညာလက်ဖြင့် မြေပြင်ပေါ်သို့ ဖိချလိုက်သည်။သည်အခိုက်အတန့်၌ သူက အနီရောင်အလင်းကို သူ့ခန္ဓာကိုယ်ထဲကနေ အတင်းထုတ်ပစ်ဖို့ အတွေးတစ်ခုသာ လိုတော့သည်။

သို့သော်လည်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“ငါက ဒီဂျိနယ်ပယ်ကို ဒီအတိုင်း ထုတ်ပယ်လိုက်ရင် နှမြောစရာ ကောင်းလိမ့်မယ်။ငါက ဒါကို ငါနဲ့အတူ သိမ်းထားတာ ပိုကောင်းတယ်။ ဒီဂျိနယ်ပယ်က အချိန်ကိုက် လုပ်ဆောင်နိုင်ရင် ငါ့အသက်ကို ကယ်တင်ပေးနိုင်တဲ့ဟာ တစ်ခုတောင် ဖြစ်လာနိုင်တယ်..”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ဂျိနယ်ပယ်က သူ့ထိန်းချုပ်မှုကို ရောက်ဖို့အတွက် ဝမ်လင်းသည် မူလစွမ်းအင်များစွာ ဆုံးရှုံးခဲ့ရပေသည်။

သို့သော် မူလစွမ်းအင်နှင့် ယှဉ်ပါက သည်ဂျိနယ်ပယ်၏ တန်ဖိုးသည် များစွာ ကြီးမားလှ၏။ဝမ်လင်းက နှလုံးတစ်ချက် ခုန်သွားကာ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။သည့်နောက် သူက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

သူက မတ်တပ်ထရပ်ကာ သူ့ရတနာကို ပြန်သိမ်းဆည်းလိုက်သည်။ထိုအခိုက်မှာပင် သူက မြေပြင်ထက်မှ တုန်ခါမှုကို ခံစားလိုက်ရသည်။သည်တုန်ခါမှုက ကီလိုမီတာသောင်းနှင့်ချီအကွာရှိ ဥမင်ထဲကနေ ထွက်ပေါ်လာခဲ့ခြင်းပင်။

လီယွမ်က ဝမ်လင်း ပြန်ကောင်းလာသည်ကို မြင်လိုက်တော့ သူက မေးခွန်းများ မေးရန် ဟန်ပြင်လိုက်၏။ထိုအခိုက်မှာပင် သူသည်လည်း တုန်ခါမှုကို ခံစားလိုက်ရသည်။သူတို့နှစ်ယောက်က စကားဆိုခြင်း မရှိတော့ဘဲ ချက်ခြင်း ပျံသန်းထွက်ခွာသွားသည်။

“အစ်ကိုရှု….ဥမင်ထဲမှာ…” ပျံသန်းနေရင်း လီယွမ်က နောက်သို့ လှည့်ကြည့်သည်။

ဝမ်လင်းက ပြောလိုက်၏။ “ဒါကို ထပ်မပြောတော့နဲ့။ငါတို့ ဒီနေရာကနေ တက်နိုင်သမျှ ခပ်မြန်မြန် ထွက်သွားဖို့က ပိုအရေးကြီးတယ်…” ထို့နောက် သူတို့နှစ်ယောက်က မြန်ဆန်စွာ ပျံသန်းလာနေရင် အစိတ်အပိုင်းမြေ၏ အစွန်းနားသို့ ရောက်လာခဲ့ကာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားကြသည်။

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းက ရှေ့ကို ကြည့်ကာ ပြောလာသည်။ “အစ်ကိုလီ….ငါ စုဆောင်းခြင်းခန်းမလို့ခေါ်တဲ့နေရာကို သွားမလို့။အဲ့နေရာမှာ အတားအဆီးတွေရှိရင် အစ်ကိုလီက ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်…”

တခြားနေရာများတွင် ရှာဖွေခြင်းထက် ယောင်မိသားစုဝင်၏ မှတ်ဉာဏ်ထဲမှ စုဆောင်းခြင်းခန်းမသို့ သွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ထိုနေရာတွင် ကောင်းကင်ဘုံမန္တာန်များ ကျိန်းသေ ရှိပေလိမ့်မည်။

လီယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါက အကောင်းဆုံးကူညီပေးမှာပါ…”

သူက ဘာကြောင့်မှန်း မသိဘဲ ဥမင်ထဲရှိ အဖြစ်အပျက်ကို တွေ့ကြုံပြီးသည့်နောက် တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်လာတော့မည့်ကဲ့သို့ ကြောက်ရွှံ့မှုကို ခံစားနေမိသည်။

ထိုခံစားချက်က ဝေဝါးလှသော်လည်း သူ့စိတ်နှလုံးထဲ၌ ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ကျေးဇူးအများကြီး တင်ပါတယ်…”

စုဆောင်းခြင်းခန်းမ ရှိသည့်နေရာကို တွေးကြည့်ပြီးနောက် ဝမ်လင်းက ထိုနေရာရှိရာသို့ ဦးတည်လိုက်သည်။ မူလစွမ်းအင်က ပျံ့နှံ့လာကာ လီယွမ်အား ထွေးခြုံသွား၏။ထို့နောက် ဝမ်လင်းသည် လီယွမ်ကို ခေါ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပျံသန်းလာခဲ့သည်။

ဝမ်လင်း စိတ်ထဲ၌ တွေးနေမိသည်။ “ဟို ယောင်မိသားစုက အဘိုးအိုရဲ့ မှတ်ဉာဏ်တွေထဲကအတိုင်းဆိုရင် ဒီစုဆောင်ခြင်းခန်းမရှိတဲ့ အစိတ်အပိုင်းမြေကို မိသားစုကြီးလေးခုက ချိပ်ပိတ်ထားတာတဲ့။ မိသားစုကြီးလေးခုထဲက တစ်ယောက်မဟုတ်ရင် အဲ့လူက ဝင်လို့ မရနိုင်ဘူး။လီယွမ်က ဒီချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ပဲ ငါ မျှော်လင့်ရတာပေါ့…”

ဝမ်လင်း၏မူလစွမ်းအင်ကြောင့် သူတို့နှစ်ယောက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ဟင်းလင်းပြင်ထဲတွင် ပျံသန်းနေတော့သည်။သူတို့က မည်သည့်အစိတ်အပိုင်းမြေပေါ်တွင်မှ ရပ်တန့်ကြခြင်း မရှိဘဲ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဗဟိုရှိ အစိတ်အပိုင်းမြေတစ်ခုနှင့် နီးကပ်သထက် နီးလာခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset