Switch Mode

အပိုင်း(၈၂၉):

ဗြောင်းဆန်စေမည့် အမိန့်…

“ရှုမူ…” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးကပါ ထိုနာမည်ကို ကောင်းစွာ မှတ်မိသွားကြသည်။ထိုနာမည်ကို သူတို့ဘဝတွင် မေ့သွားလောက်တော့မည် မဟုတ်ပေ။

“ရှု…” ထျန်ယန်ဖန်ဘေးနားရှိ အမျိုးသမီးသည် မျက်မှောင်ကြုတ်သွား၏။သူမ၏အသွင်က သုန်မှုန်လာခဲ့သည်။

ထျန်ယန်ဖန်၏ မျက်နှာက မျက်နှာသေနှင့် ဖြစ်နေကာ သူသည် တွင်းနက်ထံသို့ စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြောလာသည်။ “နင်လည်း ဒါကို တွေးမိနေတာလား…”

အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ရှု ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိသားစုတွေ အများကြီး ရှိပေမဲ့ အများစုက မထင်ရှားလှဘူး။ ဒီလောက် သန်မာတဲ့ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်လာတာက…အင်း ဒီရှု ဆိုတဲ့မျိုးရိုးနာမည်က တန်လင်းဂြိုဟ်ကပဲ ဖြစ်နိုင်လောက်တယ်။တန်လင်းဂြိုဟ်ရဲ့မျိုးဆက်တွေ ပေါ်မလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဖြစ်နိုင်တာက ဒီလူဟာ…”

အမျိုးသမီး၏မျက်လုံးသူငယ်အိမ်သည် ကျုံ့သွားသည်။သူမက စကားဆက်၍ မဆိုတော့ပေ။

ထျန်ယန်ဖန်က တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ခဏတာကြာမြင့်ပြီးသည့်နောက် သူက တည်ငြိမ်စွာ ပြောလာသည်။ “သူက သန်မာလွန်းတယ်။သူက တန်လင်းဂြိုဟ်ရဲ့ မျိုးဆက်တစ်ယောက် မဟုတ်ဘူးဆိုရင် သူ့ခွန်အားက ခုလောက် ရှိနေမှာ မဟုတ်လောက်ဘူး။ ငါတို့ထျန်မိသားစုက သူ့ကို ရန်မစမိအောင် လုပ်ရမယ်…”

“ဒီတော့ သေသွားတဲ့ မိသားစုဝင်နှစ်ယောက် အတွက်ကရော…” အမျိုးသမီးက ထျန်ယန်ဖန်ကို ကြည့်လိုက်၏။

“သူတို့က သေတယ်ဆိုတော့လည်း သေတယ်ပဲပေါ့…” ထိုသို့ပြောလိုက်ပြီးသည့်နောက် ထျန်ယန်ဖန်၏အသွင်က အေးစက်နေကာ သူသည် လှည့်ထွက်သွားတော့သည်။ထို့နောက် သူက အစီအရင်အောက်ရှိ တွင်းနက်ကို လက်လျော့လိုက်တော့သည်။

အမျိုးသမီးက ခေါင်းညိတ်က နောက်က လိုက်ပါသွားသည်။ ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ခါစ လူငယ်သည်လည်း နောက်ကနေ အမြန်လိုက်ပါသွား၏။သူက စောစောစီးစီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ကျေနပ်နေမိသည်။

“လူငယ်သခင်လေးလိုလူကိုတောင် စိုးရွှံ့စေတဲ့လူမျိုးက ငါ စော်ကားလို့မရတဲ့လူပဲ။ ရှုမူ…”

ထျန်ယန်ဖန်တို့ အုပ်စု ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ချီတုံချတုံ ဖြစ်လာကြသည်။ဝမ်လင်းက တွင်းနက်ထဲသို့ ဝင်သွားပြီ ဖြစ်သော်လည်း သူတို့အားလုံးက ပေတစ်သောင်းအတွင်းသို့ မသွားဝံ့ကြချေ။

အချိန်အတန်ကြာပြီးနောက် ထိုလူများသည် တစတစ လူစုခွဲသွားကြတော့၏။ အဆုံးသပ်၌ မည်သူကမျှ စွန့်စားဝံ့ကြခြင်း မရှိပေ။တကယ်တော့ စောနပိုင်းက ဖြစ်ပွားခဲ့သည့် သူတို့ရှေ့ရှိ မြင်ကွင်းသည် သူတို့အားလုံးကို ကြီးစွာ ကြောက်လန့်စေခဲ့ပေသည်။

ရှုမူလို့ခေါ်သည့်လူအကြောင်းသည် သူတို့ထွက်ခွာသွားသည့်အခါ သူတို့၏အသိမိတ်ဆွေများကြား၌ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားပေလိမ့်မည်။

မြေပြင်ပေါ်ရှိ အစီအရင်ကတော့ ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ပေးစွမ်းကာ နေသည်။အချိန်အတန်ကြာမြင့်ပြီးသည့်နောက် ထိုအစီအရင်သည်လည်း တဖြည်းဖြည်းမှိန်ဖျော့သွားကာ အဆုံးတွင် အစီအရင်သေတစ်ခုကဲ့သို့ ပြန်ဖြစ်သွားတော့၏။

အစီအရင်အောက်ရှိ တွင်းနက်က ကြီးမားလှခြင်း မရှိပေ။သို့သော် ၎င်းအောက်အနက်ပိုင်း၌ လမ်းကြောင်းတစ်ခု ရှိလို့နေ၏။၎င်းတွင်းနက်က နက်မှောင်နေသော်လည်း ကျင့်ကြံသူတစ်ယောက်အဖို့တော့ အရာရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

လီယွမ်က သူ့ရှေ့တွင် ရှိနေ၏။ဝမ်လင်းသည် နောက်ကနေ ကပ်လိုက်လာကာ သူတို့နှစ်ယောက်သည် ဥမင်လမ်းအတိုင်း လျှောက်လာကြသည်။

လီယွမ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လမ်းလျှောက်နေရင်း ပြောလာသည်။ “အစ်ကိုရှု…ကောင်းကင်ဘုံနယ်မြေပြိုကျပြီးတဲ့နောက် ဒီနေရာကို ရောက်လာတာ ငါတို့ ပထမဆုံးပဲ။ဒီနံရံတွေက ထွက်ပေါ်လာနေတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းတွေကို ကြည့်ပါ။ အခြားတစ်ယောက်ကသာ ဒီနေရာကို အရင်ရောက်ခဲ့ရင် ဥမင်ကလည်း အချိန်အတန်ကြာ ပွင့်နေမှာ။ ဒါဆို ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ပျောက်ကွယ်နေခဲ့လောက်ပြီ…”

ဝမ်လင်းက စကားပြန်မဆိုဘဲ သူ့နတ်ဘုရားအာရုံကို ရှေ့တည့်တည့်သို့ ဖြန့်ကျက်ထား၏။သို့ရာတွင် သူက နတ်ဘုရားအာရုံကို ခပ်ဝေးဝေးထိ ဖြန့်ကျက်ခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော သည်နေရာက ကောင်းကင်ဘုံသားတစ်ယောက်၏ ကြွင်းကျန်ခဲ့သော နေရာ မဟုတ်လား။ထို့ကြောင့် သူက သတိထားရန် လိုအပ်ပေ၏။ မဟုတ်လျှင် သူက အတားအဆီးတစ်ခုကို သွားရောက်စွဲဆောင်မိသလို ဖြစ်ကာ တိုက်ခိုက်ခံရနိုင်ပေ၏။

လီယွမ်က သံသယလေသံနှင့် ခပ်သွက်သွက် ပြောလိုက်၏။ “အစ်ကိုရှု၊ အစောပိုင်းက ငါ ဒီတွင်းနက်ထဲကနေ ရတနာသုံးခု ရှာတွေ့ခဲ့တယ်။ဒါပေမဲ့လည်း ဒါတွေက ထူးခြားလှတာ မပါဘူး။ငါက ဒီရတနာတွေကို ထုတ်လိုက်မယ်။ ပြီးရင် ငါတို့ သေချာစမ်းစစ်ကြည့်တာပေါ့…”

“ကောင်းတယ်…” ဝမ်လင်းက ထိုသို့ ပြောနေရင်း သူ့နတ်ဘုရားအာရုံကို သူတို့နှစ်ယောက်၏ ရှေ့သို့ ဖြည်းဖြည်းချင်း ဖြန့်ကျက်ထားသည်။သည်ဥမင်သည် လွမ်းခွဲများ ရှိမနေပဲ တစ်ဖြောင့်တည်း ဆင်းသွားခြင်း ဖြစ်၏။

သည်ဥမင်က အဆုံးသပ်မရှိသည့်ဟန်လည်း ထင်ရသည်။သူတို့နှစ်ယောက်သည် နာရီဝက်ကျောက် လျှောက်လာခဲ့ပြီးသော်လည်း မည်သည့်မြင်ကွင်းကိုမှ မတွေ့ရပေ။လီယွမ်က မအံ့ဩဘဲမနေနိုင် ဖြစ်ရ၏။

“ဒီနေရာက ဘယ်လောက်တောင် နက်တာလဲ…။ဒါက တစ်ခုနဲ့တစ်ခုထပ်နေတဲ့အစိတ်အပိုင်းမြေ ဖြစ်နိုင်လား…” ထိုသံသယများနှင့်အတူ လီယွမ်သည် ပို၍ မြန်ဆန်စွာ ရွှေ့လျားနေသည်။

ဝမ်လင်းကလည်း လီယွမ်နောက်ကနေ ကပ်လိုက်သွားသည်။သူက တဖြည်းဖြည်း မျက်မှောင်ပိုကြုတ်လာမိ၏။ သူတို့က ရှေ့ဆက်သွားနေရင်း ထူးဆန်းသောခံစားချက်တစ်ခုသည် သူ့စိတ်နှလုံးထဲ၌ ပေါ်လာခဲ့သည်။

သူတို့က ဥမင်ထဲသို့ ပို၍ ခပ်နက်နက် ဝင်သွားလေလေ ထိုခံစားချက်က ပို၍ ပြင်းထန်လာခဲ့လေ ဖြစ်နေသည်။အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာချိန်ပြီးသည့်နောက် ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။သူက လီယွမ်ကို လှမ်းဆွဲကာ ရပ်တန့်လိုက်လေသည်။

လီယွမ်က မှင်သက်သွားရင်း နောက်လှည့်၍ ဝမ်လင်းကို ကြည့်လိုက်၏။

ဝမ်လင်းက မေးလိုက်သည်။ “အစ်ကိုလီ ထူးဆန်းတဲ့ခံစားမှု ရလား…”

လီယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ ဘာမှ မခံစားရပါဘူး။ အစ်ကိုရှုက ဘာကိုဆိုလိုတာလဲ..”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးသည့်နောက် လီယွမ်ကို ကြည့်လိုက်သည်။သူ့အကြည့်က လီယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားကာ သူက ရုတ်တရက် မေးလိုက်သည်။ “အစ်ကိုလီ….သင့်မျက်ခုံးနှစ်ခုကြားက အတားအဆီးနှလုံးသားက ပျံ့နှံ့နေပါလား….”

လီယွမ်က ခေါင်းညိတ်လိုက်၏။အတားအဆီးနှလုံးသား၏ ရင်းမြစ်သည် သူ့မျက်ခုံးနှစ်ခုကြားတွင် တည်ရှိနေသည်။ထိုအတားအဆီးနှလုံးသားက ဖြည်းဖြည်းချင်း ပျောက်ကွယ်နေ၏။ ၎င်း ပေါ်ကွယ်သွားနေသည့်အခိုက်တွင် လီယွမ်သည် ချက်ခြင်း ဖြူရောလာခဲ့သည်။သူ့မျက်လုံးကလည်း ကြမ်းတမ်း၍ နီရဲကာ နေသည်။

သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရာ သူ့အတားအဆီးနှလုံးသားက ပြန်ပေါ်လာခဲ့သည်။ထို့နောက် သူက တည်ငြိမ်အောင်လုပ်လိုက်၏။ သူ့မျက်လုံးထဲ၌လည်း ပင့်သက်ရှိုက်မှုတို့နှင့် ပြည့်နေကာ သူက ပြောလာခဲ့လေသည်။ “ငါ ဒါကို ခံစားမိခဲ့တယ်…”

ဝမ်လင်းမျက်လုံးက တောက်ပလာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကြည့်ရတာ ဒီခံစားချက်ကို ရရှိတာ ငါ တစ်ယောက်တည်း မဟုတ်တဲ့ပုံပဲ…” ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းသည် သူ့ညာလက်ညှိုးကို မြှောက်ကာ သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင်များ မြှင့်တက်လာခဲ့၏။

ထို့နောက် ဝမ်လင်းလက်ညှိုးက လှုပ်ရှားနေရင်း မျဉ်းကွေးလိုင်းများ စတင် ဖြစ်ပေါ်လာခဲ့တော့၏။သည်လိုင်းများသည် ငွေရောင်တောက်ပနေကာ ဝမ်လင်းသည် သင်္ကေတတစ်ခုကို ဆက်လက် ဖြစ်ပေါ်စေလိုက်သည်။သို့သော်လည်း ထိုသင်္ကေတ၏ အောက်ဘက်လိုင်းက ပျက်စီးနေဆဲ ဖြစ်ကာ သင်္ကေတသည် မပြည့်စုံပေ။

ဝမ်လင်းက မေးလိုက်၏။ “အစ်ကိုလီ ဒီသင်္ကေတကို သိလား…”

“ဒါက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ…” လီယွမ်က ထိုစာလုံးသင်္ကေတကို စူးစိုက်ကြည့်ကာ စတင် စဉ်းစားနေ၏။ ထို့နောက် သူက ထိုင်ချကာ သူသင်ယူတွေ့မြင်ခဲ့ဖူးသော သင်္ကေတအားလုံးကို ပြန်စမ်းစစ်ရှာဖွေ ကြည့်နေသည်။

အမွှေးတိုင်တစ်တိုင်ဝက်စွာလောက် ကြာမြင့်ပြီးသည့်နောက် လီယွမ်သည် မျက်မှောင်ကြုတ်၍ ပြောလာသည်။ “ရင်းနှီးတဲ့ သင်္ကေတ လေးခုတော့ ရှိတယ်။ ဒါပေမဲ့လည်း ဒီသင်္ကေတက မပြည့်စုံတာ သိသာနေတယ်။ဒါ့ကြောင့် ငါက ငါသိတဲ့ သင်္ကေတလေးခုထဲက ဘယ်တစ်ခုဖြစ်မလဲ မဆုံးဖြတ်နိုင်ဘူး။အစ်ကိုရှု…သင်က ဒီသင်္ကေတကို ဘယ်နေရာက ရလာခဲ့တာလဲ…”

ဝမ်လင်းက မဖြေပေ။သို့သော် သူက သူ့နတ်ဘုရားအာရုံကို ဂရုတစိုက် ဆက်၍ ဖြန့်ကျက်ထားသည်။အချိန်အတန်ကြာမြင့်ပြီးသည့်နောက် သူက ညာလက်ကိုမြှောက်ကာ သင်္ကေတစာလုံး၏ အောက်ခြေနားကို ဆက်၍ ဆွဲလိုက်၏။

လီယွမ်က အနှီသင်္ကေတကို စူးစိုက်ကြည့်ကာ သူက အလေးအနက် ဖြစ်လာခဲ့၏။အဆုံးသပ်၌ သူက တုန်လှုပ်မှုအပြည့်ဖြင့် ၎င်းသင်္ကေတကို သိရှိသွားလေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “အစ်ကိုလီ…ဒီသင်္ကေတက ဒီဥမင်လမ်းကြောင်းကနေ ဖြစ်တည်လာတာပဲ။ငါက ဒီလမ်းတစ်လျှောက် ငါ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားခဲ့ပြီး ဒါကို ရေးဆွဲနိုင်ခဲ့တယ်…”

“အစ်ကိုရှုက တစ်စုံတစ်ယောက်ဟာ ဒီသင်္ကေတပုံစံအတိုင်း ဒီဥမင်လမ်းကြောင်းကို လုပ်ထားတာကို ဆိုလိုချင်တာလား…” လီယွမ်က မတ်တပ်ပြန်ရပ်လိုက်၏။ သူ့ကျင့်ကြမှုအဆင့်က သည်ဥမင်လမ်းကြောင်းတစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံနိုင်လောက်အောင် မြင့်မားခြင်း မရှိပေ။ သို့သော် သူက ဝမ်လင်း၏ စကားများကို သံသယ ရှိမနေပေ။

“အစ်ကိုရှု…ဒါက ကောင်းကင်ဘုံအတားအဆီးတွေကြားထဲက အတားအဆီးတစ်ခုပဲ။ဒါပေမဲ့လည်း ဒါက တော်တော်လေး ရှားပါးလှတဲ့ စာလုံးသင်္ကေတ ဖြစ်နေပြီး သူ့ဟာသူ သပ်သပ် အသုံးမပြုနိုင်ဘူး။ဒါကို အခြားသင်္ကေတနွေနဲ့ ပေါင်းစပ်ရင်တော့ အကျိုးသက်ရောက်မှု တစ်ခုခု ရှိလိမ့်မယ်…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မေးလိုက်၏။ “ဘယ်လိုသင်္ကေတလဲ…”

လီယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါတို့က ဥမင်ရဲ့အဆုံးကို မရောက်ဘဲနဲ့ ဒီမှော်စာလုံးကို အပြည့်အစုံ ရေးဆွဲထားသလဲ မတွေ့ဘဲနဲ့ ဒီက ဘယ်လိုအတားအဆီးဖြစ်မလဲ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး…”

ဝမ်လင်းက ခဏတာ စဉ်းစားကြည့်ပြီးနောက် သူ့ရှေ့ရှိ ဥမင်လမ်းကြောင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလိုဆိုတော့လည်း ငါတို့က ဆက်ဆင်းသွားပြီး ကြည့်ရတာပေါ့…”

သူက ထိုသို့ပြောလိုက်ရင်းဖြင့် ရှေ့ကနေ ဦးဆောင်သွားသည်။ လီယွမ်က သူ့နောက်ကနေ လိုက်လာရင်း သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဆက်တိုက် ဖြစ်ပေါ်စေကာ ထိုအတားအဆီးကို ဆင်ခြင်ကြည့်နေသည်။

သည်တစ်ကြိမ်၌ သူတို့က မြန်မြန်မသွားဘဲ ပုံမှန်သာ သွားနေသည်။

သူတို့က ရှေ့သို့ ဆက်သွားနေရင်း ဝမ်လင်းမျက်ခုံးနှစ်ခုကြားရှိ ခံစားချက်သည် ပို၍ ပြင်းထန်လာခဲ့သည်။ထိုအဖြစ်က သူ့ကို သုန်မှုန်သွားစေ၏။ နာရီဝက်ခန့်ကြာပြီးသည့်နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။သူ့နတ်ဘုရားအာရုံက ဥမင်အဆုံးသပ်ကို တွေ့ရှိသွားသည်။

သူ့နတ်ဘုရားအာရုံက အဆုံးသပ်ကို တွေ့မြင်လိုက်သည့်အခါတွင် ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ချက်ခြင်း တဟုန်ထိုး ထိုးထွက်လိုက်သည်။သူ့တို့နှစ်ယောက်ရှေ့တွင် လမ်းအချိုးတစ်ခု ရှိလို့နေသည်။သူက ချက်ခြင်းပင် ထိုကွေ့နား၌ ရပ်တန့်လိုက်၏။လီယွမ်ကလည်း သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါလာခဲ့သည်။သ်အခိုက်အတန့်၌ သူ့နတ်ဘုရားအာရုံဖြင့် တွေ့မြင်ထားသော အဆုံးသပ်နားကို ဝမ်လင်းက တွေ့မြင်သွားကာ စတင် စဉ်းစားကြည့်နေသည်။

သည်လမ်းကြောင်း၏ အဆုံးသပ်နားသည် လူတစ်ရပ်ခန့်မြင့်သည့် ဝဲကတော့တစ်ခု ဖြစ်လေ၏။၎င်းက ငါးရောင်စုံတောက်ပနေကာ လှည့်လည်လို့နေ၏။ပတ်ဝန်းကျင်သည် ထိုရောင်စုံငါးခုထဲ၌ ဖုံးကွယ်ထားခြင်း ခံရသလို ဖြစ်နေသည်။

လီယွမ်က ဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့ဘယ်လက်ကို ဆက်လက် လှုပ်ရှားနေ၏။ရုတ်တရက် သူက ရပ်တန့်ကာ ပြောလိုက်သည်။ “အစ်ကိုရှု…ငါက ဒါကို သိရှိလိုက်ပြီ။ဒီစာလုံးသင်္ကေတရဲ့ ဖွဲ့စည်းပုံက အသုံးဝင်မှုတစ်ခုတည်း ရှိတယ်။ဒါက ကုစားခြင်းပဲ…”

“ငါသာမမှားရင် ဒီလိုစာလုံးသင်္ကေတမျိုးတွေနဲ့ ဒီလိုနေရာဟာ ဒီတစ်ခုတည်း မဖြစ်နိုင်ဘူး။စုစုပေါင်းကိုးခု ရှိသင့်တယ်။ ဒီစာလုံးသင်္ကေတကိုးခုက ဧရာမကုစားခြင်းအစီအရင်ကို ဖြစ်ပေါ်စေတာပဲ…”

“ဒါက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ မဟာလုပ်ငန်းစဉ်တစ်ခုလို့တောင် ယူဆလို့ရနိုင်တယ်…”

လီယွမ်က ထိုသို့ ပြောနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ ဝမ်လင်းကို ကြည့်လိုက်၏။သူ မပြောခဲ့သည့်အရာတစ်ခု ကျန်နေသေး၏။သို့သော် သူက ဝမ်လင်းသည် ထိုအရာကို နားလည်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ပေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ကုစားခြင်းအစီအရင်…အစ်ကိုလီဆိုလိုတာက အစီအရင်ရဲ့ ဗဟိုချက်လား။ လူတစ်ယောက်က ဒီအစီအရင်နဲ့ မရေမတွက်နိုင်တဲ့နှစ်တွေကြာတဲ့အထိ ကုစားနေတာလေ…”

အစ်ကိုရှုပြောတာ အမှန်ပဲ။ငါက ဒီနေရာမှာ ဒီအစီအရင်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်က ကုစားနေလိမ့်မယ်လို့ သေချာမပြောနိုင်ပေမဲ့ ဒီအဖြေတစ်ခုကသာ အရာအားလုံးကို ရှင်းပြနိုင်လိမ့်မယ်။ဒီနေရာမှာ လူတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင်…ဒါက…”

ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းကင်ဘုံသားတစ်ယောက်…”

“ဒီဝဲကတော့က အစီအရင်ရဲ့ဗဟိုကို ဦးတည်သွားပေမဲ့လည်း ဒါက အထဲမှာ ချိပ်ပိတ်ထားတယ်။ဒါပေမဲ့လည်း ငါက ဒါကို ဖွင့်လှစ်ဖို့ ယုံကြည်ချက် ရှိတယ်…”

လီယွမ်သည် ဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းကာ သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။လီယွမ်သည် ဉာဏ်နည်းကာ အဆင်အခြင်မဲ့သည့် လူမျိုး မဟုတ်ပေ။ ထို့ကြောင့် သူက မည်သို့ အတွေးခေါင်နိုင်ပါ့မည်နည်း။ ဝမ်လင်းသည် လီယွမ်နားသို့ ကပ်လာကာ သူ့ကို မျက်ခြေမပြတ် ကြည့်နေသည်။

လီယွမ်က ဝမ်လင်းကို လှည့်၍ ကြည့်လာသည်။သူ့မျက်လုံးထဲရှိ ထူးဆန်းသောအကြည့်သည် ပိုအားကောင်းလာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အစ်ကိုရှု…သင်က ကောင်းကင်ဘုံမန္တာန်တွေကို မလိုချင်ဘူးလား။ ဒီကောင်းကင်ဘုံသားက ခုချိန်မှာ အမှန်တကယ်အားနည်းနေတဲ့ အချိန်ဖြစ်လိမ့်မယ်။ဒါ့ကြောင့် ငါတို့သွားပြီး ဒီလူ့ကို ဖမ်းကြရအောင်…”

လီယွမ်၏ ဘယ်လက်တွင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာကာ သူက ထိုအတားအဆီးကို ရှေ့သို့ တွန်းထုတ်လိုက်၏။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ၎င်းအတားအဆီးကို တိုက်ရိုက် ချေမွပစ်လိုက်သည်။သူ့ညာလက်မှ မူလစွမ်းအင်များသည်လည်း လီယွမ်ထံသို့ တိုးဝင်ကာ သူ့အား တိုက်ရိုက် ဖြတ်ကျောက်သွားစေသည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ဝဲကတော့ကို ကြည့်လိုက်၏။ အနည်းငယ်စဉ်းစားပြီးသည့်နောက် သူက လီယွမ်ကို ဆွဲကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။

သူက နောက်သို့ ပေသုံးဆယ်လောက် ရောက်သွားသည့်အခိုက်တွင် ဝဲကတော့သည် လှည့်လည်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသည်။သုန်မှုန်သောအော်ရာတစ်ခု ထိုးထွက်လာကာ ဝဲကတော့၏အလယ်တွင် မျက်လုံးတစ်လုံးပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ထူးဆန်းသောအသံတစ်သံသည် ဝမ်လင်းစိတ်ထဲတွင် ပဲ့တင်ထပ်နေတော့၏။

‘မင်းက ကောင်းကင်ဘုံမန္တာန်တွေကို မသင်ချင်ဘူးလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset