Switch Mode

အခန်း (၅၀၂)

သဘောထားကွဲလွဲမှု

မီးစိမ်းကျွန်းမှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ကျွန်းငယ်လေး ခုနစ်ကျွန်း ရှစ်ကျွန်းခန့် ရှိနေသောကြောင့် ထိုဒေသတစ်ဝိုက်တွင် ၎င်းအား ကျွန်းကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုကျွန်းထဲတွင် ဝိညာဉ်စွမ်းအင် စီးဆင်းမှုလမ်းကြောင်းတစ်ခု ရှိနေ၏။ ထို့အပြင် ထိုကျွန်းပေါ်၌ မီးစိမ်းမြက်ပင်များလည်း ပေါက်ရောက်နေသေးသည်။ ထို့ကြောင့်လည်း ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်ပိုင်ဆိုင်သည့် အပြင်ပိုင်းကျွန်း ရာပေါင်းများစွာထဲတွင် ထိပ်ဆုံးအဆင့်နှစ်ဆယ်အတွင်းဝင်သည့် ကျွန်းတစ်ကျွန်း ဖြစ်နေရခြင်းပင်။

ထိပ်ဆုံးဆယ်ဆင့်အတွင်းတွင်ရှိသော ကျွန်းများကိုမူ ယွမ်ယင်အဆင့် ကျင့်ကြံသူများက အုပ်ချုပ်ကြသည်။ မီးစိမ်းကျွန်းကဲ့သို့သော ကျွန်းများကိုမူ ပုံမှန်အားဖြင့် ခေါင်းဆောင်ကြီး သုံးယောက်နှင့် ယွမ်ယင်အဆင့်ကျင့်ကြံသူများ၏ တပည့်များက အုပ်ချုပ်ကြ၏။ သူတို့မှာ အခြားမည်သူ့ကိုမှ သူတို့၏ ပိုင်နက်ထဲသို့ အလွယ်တကူ အဝင်ခံကြမည် မဟုတ်ပေ။

ထို့ကြောင့်လည်း ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား မီးစိမ်းကျွန်းတစ်ကျွန်းလုံး အပိုင်စားပေးရန် အဆိုပြုတင်သွင်းနေခဲ့ခြင်းဖြစ်ပြီး မြဲ့လျဲ့ကျိကလည်း သူမ၏ အဆိုပြုချက်အား အပြင်းအထန် ကန့်ကွက်နေရခြင်း ဖြစ်သည်။

မည်သူကမှ သူတို့၏ အကြံအစည်များကို ပွင့်ပွင့်လင်းလင်း ထုတ်ပြခြင်းမရှိသည့်တိုင်အောင် ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိ‌တို့ နှစ်ယောက်စလုံးမှာ သူတို့နှစ်ယောက်အား ပြိုင်ဆိုင်ခိုင်းရန် ကြံရွယ်နေကြခြင်းဖြစ်သည်။ မြဲ့လျဲ့ကျိမှာ သူ့တပည့်၏ အစွမ်းအစများကို အပြည့်အဝယုံကြည်ထား၏။ လျန်လုံတစ်ယောက် အသာစီးရကာ ဝမ်ပေါင်လဲ့အား ဖိနှိပ်နိုင်သွားသည်နှင့် တစ်ပြိုင်နက် ဖုန့်ချိုးရန်အား ရင်ဆိုင်လိုသည့် မြဲ့လျဲ့ကျိ၏ အစီအစဉ်အတွက် အထောက်အကူအများကြီး ဖြစ်သွားမည်မှာ အမှန်ပင်။

အလားတူပင် ဖုန့်ချိုးရန်မှာလည်း ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများအား သူတို့၏ အစွမ်းအစများကို ထုတ်ပြစေချင်နေ၏။ အထူးသဖြင့် သူမသည် ဝမ်ပေါင်လဲ့အား အများကြီးမျှော်လင့်ထားသည်။ ထိုသို့သာ အစွမ်းအစများ ထုတ်ပြနိုင်မည်ဆိုပါက သူမ ရင်ဆိုင်နေရသည့် ဖိအားများ လျော့ကျသွားမည်ဖြစ်သလို သူမ၏ အဖွဲ့အစည်းထဲမှ လူများမှာလည်း ယုံကြည်မှုများ တိုးတက်လာကြမည်သာဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် အခြေအနေများမှာ ပြောင်းလဲသွားခဲ့၏။ ယခင်တုန်းက သူမ၏ အမိန့်များကို စောဒကမတက်ဘဲ နားခံခဲ့သည်လူများမှာ ယခုတွင် သူမအပေါ် သံသယများ စဝင်လာကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအဖွဲ့အစည်းနှစ်ခုကြားမှ ပဋိပက္ခများကို အသေးစိတ် နားမလည်သည့်တိုင်အောင် သူသည် ငယ်စဉ်ဘဝကတည်းက အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ၎င်း၏ ပြည်ထဲရေး အရှုပ်အရှင်းများနှင့်လည်း ကြုံတွေ့ဖူးထားသည်ဖြစ်ရာ ထိုကဲ့သို့သော တင်းမာမှုများမှာ သူ့အတွက် ရိုးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သေသေချာချာ တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် အခြေအနေများကို ရိပ်စားမိသွား၏။

သူသည် ခရီးစဉ် တစ်လျှောက်လုံးတွင် မလိုအပ်သည့်အရာများ မလုပ်ခဲ့ပေ။ သူသည် သူ၏ရှေ့တွင်ရှိနေသော နိုင်ငံခြားရေးဌာနမှ ဌာနမှူး၏ နောက်မှလိုက်ကာ ကောင်းကင်ယံထဲ၌ ပျံသန်းနေ၏။ ဝမ်ပေါင်လဲ့မှာ ယခုမှ ပထမဆုံး အကြိမ်အဖြစ် ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းပေါ်မှ ထွက်ခွာဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ ခရီးစဉ်တလျှောက်တွင် အပူလှိုင်းများမှာ သူ၏မျက်နှာအား တိုးဝှေ့နေကြ၏။ အောက်ဘက်ရှိ မြေပြင်ကြီးမှာလည်း ဆူပွက်နေသော ချော်ရည်ပူများ ဖြစ်နေကြသည်။ တစ်ခါတစ်ရံတွင် မီးတောက်များ ထွက်ပေါ်လာတတ်သဖြင့် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေတော့သည်။ အနီရင့်ရောင် မိုးကောင်းကင်ကြီးနှင့် သူ၏ရှေ့တွင် အဆက်မပြတ် ပေါ်ပေါက်လာနေကြသည့် ကျွန်းများကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အထူးတဆန်းဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။

ထိုနေရာကြီးမှာ အလွန်အင်မတန်မှ အန္တရာယ်များသော နေရာကြီးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံးမှာ ပြည်ထောင်စုကြီးနှင့် လုံးဝမတူပေ။ အကယ်၍ သိပ်သည်းမှု အပြည့်ရှိသော ဝိညာဉ်ချီများကြောင့်သာ မဟုတ်ပါက ဝမ်ပေါင်လဲ့မှာ ဤနေရာကြီးတစ်ခုလုံးအား ကမ္ဘာပေါ်ရှိ ဒဏ္ဍာရီပုံပြင်များထဲမှ ငရဲပြည်ကြီးဟုပင် သဘောထားမိနေမည် ဖြစ်သည်။

ထိုအချိန်တွင် လျန်လုံမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်ကာ နှာမှုတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အထင်သေးသည့်အကြည့်များကို အထင်းသားမြင်နေရသည်။ ထို့နောက် သူသည် သူတို့၏ ရှေ့တွင်ရှိနေသော နိုင်ငံခြားရေးဌာနမှ ဌာနမှူးကြီးအား အကဲခတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လူသိရှင်ကြား လှောင်ပြောင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် သူသည် သူတို့ ထိုကျွန်းပေါ်သို့ ရောက်သွားပြီး နိုင်ငံခြားရေးဌာနမှ အဖွဲ့ဝင်များ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သူသည် ထိုအဆင့်နိမ့် သတ္တဝါအား သင်ခန်းစာကောင်းကောင်းပေးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ကျင့်ကြံသူဆိုသော ဘွဲ့ရာထူးမှာ မည်သူမဆို အလွယ်တကူ ပိုင်ဆိုင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။

သူ၏ စိတ်ထဲတွင် သူ့ဘက်မှ ရှုံးနိမ့်သွားနိုင် ရှိသည်ဟု လုံးဝ ထင်မှတ်မထားပေ။ သူ ပိုင်ဆိုင်ထားသည့် အထောက်အပံ့ ပစ္စည်းများနှင့် ပညာရပ်များကြောင့် သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေ၏။ အရေးကြီးဆုံးအချက်မှာ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် အစောပိုင်း အမြုတေအဆင့်မှ အလယ်အလတ် အမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်သည်။

” ဒီ အဆင့်နိမ့်သတ္တဝါကို သတ်လို့တော့ မရလောက်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့ရဲ့ ခြေလက်တွေကိုချိုးပစ်ပြီး သူ့ရဲ့ ကျင့်ကြံချင်စွမ်းအားတွေကို သုံးစားလို့မရအောင်တော့ လုပ်လို့ရ‌မှာပါ ” လျန်လုံမှာ ထိုသို့တွေးတောရင်း မျက်ဝန်းများ အေးစက်သွား၏။

ဝမ်ပေါင်လဲ့မှာလည်း လျန်လုံအား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူတို့၏ ရှေ့တွင်ရှိနေသော နိုင်ငံခြားရေးဌာနမှ ဌာနမှူးကြီးမှာ သူတို့နှစ်ယောက်ကြားမှ တင်းမာမှုများကို အာရုံခံမိနေပါသော်လည်း အာရုံထဲ‌၌ မထည့်ပေ။ ထို့နောက် သူသည် အရှိန်မြှင့်တင်လိုက်သဖြင့် သူတို့မှာ ကောင်းကင်ကြီးအား ထိုးခွင်းသွားကြ၏။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် သူတို့မှာ သူတို့၏ ခရီးပန်းတိုင်သို့ ရောက်သွားကြတော့သည်။

သူတို့၏ရှေ့ရှိ ကျယ်ပြောလွန်းလှသော မီးပင်လယ်ကြီးထဲတွင် ကျွန်းကြီးတစ်ကျွန်း ရှိနေ၏။ ၎င်း၏ အရွယ်အစားမှာ အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်၏ ဆယ်ပုံပုံတစ်ပုံခန့် ရှိပေသည်။ ထိုကျွန်းပေါ်ရှိ မြေပြင်ကြီးမှာ မည်းနက်နေပြီး ခရမ်းရောင်မြက်ပင်များမှာ ကျွန်းတစ်ဝက်နီးပါး ဖုံးအုပ်ထားကြ၏။

ထိုကျွန်းကြီးတွင် တောင်ထိပ်သုံးခု ရှိပေသည်။ အလယ်တောင်ထိပ်မှာ အမြင့်မားဆုံးဖြစ်ပြီး မိုးကောင်းကင်ကြီးအား ထိုးခွင်းနေသည့် အသွားထက် ဓားတစ်လက်နှင့် ဆင်တူနေ၏။ ၎င်း၏ ဘယ်ဘက်နှင့် ညာဘက်တွင်ရှိသော တောင်ထိပ်များမှာ ၎င်းအား ခြံရံကာကွယ်ပေးထား၏။

သူတို့ ထိုကျွန်းအနီးသို့ ရောက်မလာခဲ့မှာပင် ဝမ်ပေါင်လဲ့မှာ ထိုကျွန်းဆီမှ ထွက်ပေါ်နေသည့် အလွန်အင်မတန်မှ သိပ်သည်းသော ဝိညာဉ်ချီများကို အာရုံခံမိလိုက်သည်။ ထို ဝိညာဉ်ချီများ၏ ပြင်းအားမှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းပေါ်မှ ဝိညာဉ်ချီများနီးပါး အားကောင်းပေသည်။

သူတို့မှာ ထိုကျွန်းနားသို့ ရောက်လာကြ၏။ မီးစိမ်းကျွန်းပေါ်ရှိ အလယ်တောင်ထိပ် ပေါ်တွင် ပြည်သူ့ရင်ပြင်တစ်ခု ရှိနေသည်။ ထိုပြည်သူ့ရင်ပြင်ထဲတွင် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ သူတို့ ရောက်ရှိလာကြသည်ကို တရိုတသေ စောင့်ဆိုင်းနေကြ၏။ ထိုကျင့်ကြံသူများထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူငါးယောက် ပါဝင်ပြီး အခြားသူများမှာ အာနာပါနအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။ သူတို့ ထိုကဲ့သို့ စောင့်ဆိုင်းနေခဲ့ရသည်မှာ အနည်းငယ်ခန့် ကြာမြင့်နေပြီ ဖြစ်သည့်ပုံပင်။ သူတို့မှာ ဤကျွန်းပေါ်တွင် လေ့ကျင့်နေကြသည့် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။

သူတို့ထဲတွင် နှုတ်ခမ်းမွေးနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထိုအချိန်တွင် သူသည် ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့နှင့် အခြားသူများကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး မိုးကောင်းကင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။

” ဂိုဏ်းသားကျိုးပျောင် ဌာနမှူးလီကို ဝါရဝပြုပါတယ် ”

သူ ထိုသို့ ဂါရဝပြုလိုက်ပြီးနောက် အခြားကျင့်ကြံသူများမှာလည်း အလောတကြီးနှင့် အရိုအသေပေးလိုက်ကြ၏။ နိုင်ငံခြားရေးဌာနမှ ဌာနမူးကြီးမှာ ဝမ်ပေါင်လဲ့နှင့် လျန်လုံတို့၏ ရှေ့မှနေ၍ ပြည်သူ့ရင်ပြင်ထဲရှိ လူတိုင်း၏ရှေ့၌ ဆင်းသက်သွား၏။

သူသည် ကျိုးပျောင်အား လျစ်လျူရှုလိုက်ပြီးနောက် နောက်သို့လှည့်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် လျန်လုံတို့နှစ်ယောက်ကို စိုက်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်တော့သည်။

” ဒါ မီးစိမ်းကျွန်းပဲ။ အခုကစပြီးတော့ မင်းတို့နှစ်ယောက်စလုံးက ဒီကျွန်းရဲ့ ကျွန်းသခင်ဖြစ်သွားပြီ။ မင်းတို့နှစ်ယောက်စလုံးရဲ့ ရာထူးအဆင့်အတန်းက အတူတူပဲ ”

” ကောင်းပြီလေ။ ငါက မင်းတို့နှစ်‌ယောက်ကို ဒီကျွန်းပေါ် ခေါ်လာပေးဖို့ပဲ တာဝန်ယူထားတာ။ တခြားကိစ္စတွေထဲ ဝင်ပါမှာ မဟုတ်ဘူး။ နှုတ်ဆက်ပါတယ် ” နိုင်ငံခြားရေးဌာနမှ ဌာနမှူးကြီးမှာ ထိုကျွန်းပေါ်၌ တစ်စက္ကန့်လေးပင် ထပ်၍ မနေချင်သည့်ပုံပင်။ သူသည် နောက်သို့လှည့်ကာ သက်တံ့ကွေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ချက်ချင်းပင် ပျံထွက်သွားတော့သည်။

သူ ထွက်ခွာသွားသည်နှင့် ကျိုးပျောင်နှင့် အခြားကျင့်ကြံသူများမှာ မျက်လုံးများ အရောင်လက်သွားကြပြီး ဝမ်ပေါင်လဲ့နှင့် လျန်လုံတို့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ကြ၏။ ထိုအချိန်တွင် လျန်လုံမှာလည်း နောက်သို့ ရုတ်တရက်ဆိုသလို လှည့်လာပြီး သတ်ဖြတ်လို့စိတ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဆိုလိုက်၏။

” အဆင့်နိမ့်…. ”

” မင်းကြီးတော်ကို အဆင့်နိမ့် ” သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား စကားဆုံးအောင်ပြောခွင့် မပေးလိုက်ပေ။ သူသည် ထိုသို့အော်ဟစ်ကာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်သဖြင့် လျန်လုံ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏နောက်တွင် ပုံရိပ်ယောင်များ အတန်းလိုက် ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ထိုးနှက်လိုက်၏။

၎င်းမှာ ဆွေ့ရှင်းပေါင်ဖြစ်သည်။

သူသည် အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ၏ ဆွေ့ရှင်းပေါင်မှာ ယခင်တုန်းကထက်ပင် ပို၍ အစွမ်းထက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ လက်သီးမှာ ရေခဲတောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ပြင်းထန်နေ၏။ ထို့နောက် ကောင်းကင်ယံကြီးထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းလာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အပြင်ဘက်သို့ ပြန့်ထွက်သွားကြသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ လျှပ်စီးရေအိုင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် လျန်လုံ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် မတိုက်ခိုက်ခင် စကားအနည်းငယ်ပြောရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ယခုလောက် ဆုံးဖြတ်ချက် ပြတ်သားနေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် သူ၏ ညာဘက်လက်အား ‌မြှောက်လိုက်ပြီး သူ၏ရှေ့၌ ဝှေ့ယမ်းလိုက်သောအခါ အလယ်အလတ်အဆင့် အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့မှာ လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား တားဆီးရန် ကြိုးစားလိုက်တော့သည်။

လျန်လုံမှာ သူပြောလိုသည့် စကားလုံးများကို မျိုသိပ်ကာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား အလျင်အမြန် ပြန်၍ ခုခံလိုက်ရခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လက်သီးချက်မှာ လျန်လုံ၏ လေမုန်တိုင်းကြီးပေါ်သို့ ကျရောက်လာသောအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွားရ၏။ ထို့နောက် လျန်လုံ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး တောင်ကြီးတစ်လုံး၏ ဖိခြေခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပြင်းအထန်တုန်ရီသွားပြီး သူ၏ အတွင်းကလီစာများမှာလဲ ဖိညှစ်ခံထားရသလို ခံစားနေရတော့သည်။ သူ့ကိုယ်သူ ကာကွယ်ရန် ဆင့်ခေါ်လိုက်သည့် လေမုန်တိုင်းကြီးမှာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား ခုခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် ၎င်းမှာ တွန့်လိမ်ကောက်ကွေးကာ ပုံပျက်သွားပြီး တစ်စစီ ပျက်စီးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေတော့သည်။ ထို့ကြောင့် သူသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားရ၏။

” သူက ဘယ်လို အပြင်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာလဲဟ။ သန်မာလိုက်တာ ”

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော တွန်းကန်အားများမှာ အထိန်းအကွပ်မရှိသော လေဆင်နှာမောင်းတစ်ခုကဲ့သို့ အပြင်ဘက်သို့ ပြန့်ထွက်သွား၏။ ထို့ကြောင့် ကျိုးပျောင်နှင့် အခြားကျင့်ကြံသူများမှာ ပင့်သက်များ ရှိုက်မိသွားကြပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

အစပိုင်းတွင် သူတို့မှာ လျန်လုံဘက်မှ ရပ်တည်‌ရန် ဆုံးဖြတ်ထားကြ၏။ ဝမ်ပေါင်လဲ့မှာ အပြင်လူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့ ထုတ်ပြလိုက်သည့် အစွမ်းအစများကြောင့် သူတို့မှာ သူတို့၏ ဆုံးဖြတ်ချက်များကို မေခွန်းပြန်ထုတ်နေရပြီဖြစ်သည်။ မည်သည့်နေရာသို့ ရောက်ရောက် အစွမ်းအထက်ဆုံးလူများသာ ထိပ်ဆုံး၌ ရှိနေတတ်ကြသည်မှာ လောကဓမ္မတာတစ်ခု မဟုတ်ပါလော။

နိုင်ငံခြားရေးဌာနမှ ဌာနမူးမှာ အဝေးကြီးသို့ မရောက်သေးပေ။ ထို့ကြောင့် သူသည် လေထဲတွင် ရပ်တန့်သွားပြီး ခေါင်းငုံ့ကာ အောက်သို့လှမ်းကြည့်လိုက်၏။ သူသည် ထိုတိုက်ပွဲကြီးအား ရပ်တန့်ရန် ဆန္ဒမရှိသဖြင့် အရှိန်မြှင့်တင်ကာ ထွက်ခွာသွားတော့သည်။

တိုက်ပွဲကြီးမှာမူ မပြီးသေးပေ။ လျန်လုံတစ်ယောက် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ဘယ်ဘက်သို့ ဖျတ်ခနဲ လှည့်လိုက်၏။ ထိုအခါ အက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ညာဘက်ခြေထောက်ကို ဆောင့်ချလိုက်ပြီး ပြေးထွက်လာတော့သည်။ ထိုသို့ ပြေးလွှားနေရင်း သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲ၌ ဧရာမ အော်လံကြီးတစ်လုံး ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး အံ့သြမှင်တက်နေသော လျန်လုံဆီသို့ ပြေးလာရင်း အော်ပြောလိုက်တော့သည်။

” ငါက မိုးကောင်းကင်မေးခွန်းခန်းမထဲမှာ ကတည်းက မင်းကို သင်ခန်စားပေးချင်နေတာကွ ”

သတ္တမအဆင့် ဓမ္မလက်နက် အော်လံကြီးတစ်လုံး၏ အသံချဲ့စွမ်းအားမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ စကားသံများကို အသံလှိုင်းများအဖြစ် ပြောင်းလဲပေးလိုက်သဖြင့် ၎င်းတို့မှာ နတ်ဘုရားတစ်ပါး၏ ဒေါသတကြီး အော်ဟစ်သံများကဲ့သို့ပင် အလွန်အင်မတန်မှ ကျယ်လောင်နေတော့သည်။ ထို အသံတိုက်ကွက်၏ ပြင်းအားကြောင့် ကျွန်းကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော မီးပင်လယ်ကြီးကိုပင် ထိုးခွင်းသွား၏။ ကျိုးပျောင်နှင့် အခြားကျင့်ကြံသူများမှာဆိုလျှင် နားစည်များပင် ကွဲအက်လုမတတ် ဖြစ်သွားကြပြီး ပါးစပ်ထဲမှ သွေးများစီးကျလာကြ၏။

သို့ဖြစ်ရာ ထိုတိုက်ကွက်၏ပြင်းအားကို အပြည့်အဝ ခံစားလိုက်ရသည့် လျန်လုံ၏ အဖြစ်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး ထိုအသံလှိုင်းများ လေထုကြီးအား ဖြတ်သန်းလာသောအခါ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ပုံပျက်သွားသလို ခံစားလိုက်ရ၏။ မိုးကောင်းကင်နှင့် ကမ္ဘာကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် စွမ်းအားကြီးတစ်ခုမှာ သူ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေပြီဖြစ်သည်။

ထိုအသံလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်လက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ လျှပ်စီးတန်းများမှာ လျန်လုံဆီသို့ ဦးတည်သွားကြတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်ခြေထောက်အား မြှောက်ကာ အံ့ဩမှင်တက်ဖွယ်ရာကောင်းသော အမြန်နှုန်းမျိုးဖြင့် ကန်ကျောက်လိုက်သဖြင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာတော့သည်။ ထိုကန်ချက်များ၏ ပစ်မှတ်မှာ…. လျန်လုံ၏ ပေါင်ကြားပင်ဖြစ်သည်။

Comment

  1. kyawthiha1499 says:

    ငါကြိုက်တဲ့mc ဆိုတာဒါမျိုးကွ သောက်ပေါကွက်နင်းမနေဘူးသမစရာရှိသမ

  2. အောင် ဦး says:

    အားရ 😆😆😆😆

Leave a Reply

Options

not work with dark mode
Reset