Switch Mode

အခန်း (၅၀၁)

မီးစိမ်းကျွန်းသခင်

မတူညီသော အသိအမှတ်ပြု တံဆိပ်ပြားများမှာ မတူညီသော တိုက်ပွဲရမှတ်များကို ပေးစွမ်းကြမည်ဖြစ်သည်။ ထိုတာဝန်၏ ဖော်ပြချက်များထဲတွင် ထိုအချက်အား အတိအလင်း ရေးသားထား၏။ ဥပမာဆိုရလျှင် အပြင်စည်းဂိုဏ်းသားတစ်ယောက် ပိုင်ဆိုင်သော အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုအတွက်ဆိုလျှင် တိုက်ပွဲရမှတ် အမှတ်တစ်ရာတိတိ ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ အကယ်၍ သူသည် နှိုင်းယှဉ်စရာ ရှိမနေပါက ထိုမျှလောက် အံ့အားသင့်နေမည်တော့ မဟုတ်ပေ။ သို့သော် သူ အစပိုင်းတွင် မြင်ခဲ့ရသည့် တိုက်ပွဲရမှတ် ခုဂဏန်း သို့မဟုတ် ဆယ်ဂဏန်းလောက်သာ ချီးမြှင့်သော တာဝန်များနှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက အပြင်ဂိုဏ်းသားတစ်ယောက်၏ အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုမှာ တိုက်ပွဲရမှတ် အမှတ်တစ်ရာတိတိ ပေးစွမ်းနိုင်စွမ်း ရှိနေသည်ဖြစ်ရာ အလွန်အင်မတန်မှ ကောင်းမွန်သော ဆုကြေးတစ်ခုဖြစ်ကြောင်း သတ်မှတ်နိုင်ပေးသည်။

” အခု ငါဆိုရင် ဘယ်လိုဂိုဏ်းသားမျိုး ဖြစ်နေပြီလဲမသိဘူး။ ငါ ကျယ်ပြန့်တာအိုနန်းတော်ထဲကို ရောက်လာတုန်းက ဘာ အသိအမှတ်ပြုတံဆိပ်ပြားမှ မရခဲ့ပါဘူးဟ… ” ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေရတော့သည်။ ထိုအချိန်တွင် သူသည် မမလေး ပြောခဲ့ဖူးသည့် ကျယ်ပြန့်တာအိုနန်းတော်၏ အင်အားကြီးမားပုံများကို ပြန်၍ အမှတ်ရသွား၏။ ထို့နောက် လက်ရှိ ကျယ်ပြန့်တာအိုနန်းတော်၏ အခြေအနေများနှင့် ချိန်ဆကြည့်လိုက်သောအခါ သူ၏‌ အသိစိတ်ထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။

” ဒါက ကျယ်ပြန့်တာအိုနန်းတော်အစစ် မဖြစ်နိုင်ဘူး။ ကျယ်ပြန့်တာအိုနန်းတော်အစစ်က နေမင်းကြီးကို ထိုးဖောက်သွားခဲ့တဲ့ ဓားရဲ့ ကိုယ်ထည်ပိုင်းထဲမှာ ရှိနေတာပဲဖြစ်ရမယ်… ဒီတာဝန်တွေ သွားယူခိုင်းတဲ့ အသိအမှတ်ပြု တံဆိပ်ပြားတွေဆိုတာ ကျယ်ပြန့်တာအိုနန်းတော်ဟောင်းက ဂိုဏ်းသူဂိုဏ်းသားတွေရဲ့ တံဆိပ်ပြားတွေပဲ ဖြစ်နေလောက်တယ် ”

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို တွေးတောရင်း ထိုတာဝန်ထဲ၌ ဖော်ပြထားသည့် အသေးစိတ် အချက်အလက်များကို ဆက်လက် ဖတ်ရှုနေလိုက်၏။ သိပ်မကြာခင်တွင် သူသည် အတွင်းစည်း ဂိုဏ်းသားတစ်ယောက်၏ အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုအတွက် ချီးမြှင့်ပေးမည့် ဆုလာဘ်အား ရှာတွေ့သွားတော့သည်။ ၎င်းမှာ တိုက်ပွဲရမှတ် အမှတ်တစ်ထောင်တိတိ ဖြစ်၏။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ထို့နောက် ၎င်းထက်ပို၍ အဆင့်မြင်သည့် ဆုလာဘ်များကို ထပ်၍ မြင်လိုက်ရသောအခါ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရတော့သည်။

” ပင်မဂိုဏ်းသားများအတွက်ဆိုလျှင် တိုက်ပွဲရမှတ် အမှတ်နှစ်သောင်း ”

” အကြီးအကဲတစ်ယောက် အတွက်ဆိုလျှင် တိုက်ပွဲရမှတ် အမှတ် နှစ်သောင်းငါးထောင် ”

” မဟာထိပ်သီး အကြီးအကဲကြီးတစ်ယောက် အတွက်ဆိုလျှင်… တိုက်ပွဲရမှတ် အမှတ်ငါးသန်း…. ”

ဝမ်ပေါင်လဲ့မှာ အစပိုင်းတွင် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ခဲ့ပါသော်လည်း မဟာထိပ်သီးအကြီးအကဲကြီး၏ အသိအမှတ်ပြု တံဆိပ်ပြားအတွက် ချီးမြှင့်သည့် တိုက်ပွဲရမှတ် အမှတ်ငါးသန်းတိတိ တန်ကြေးရှိသော ဆုလာဘ်ကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပင့်သက်ရှိုက်မိသွားတော့သည်။

ထိုအခါ သူ၏ဘေးတွင် တာဝန်တစ်ခု လက်ခံပြီးသွားသောကြောင့် ထွက်ခွာသွားရန် ပြင်နေသည့် ကျယ်ပြန့်တာအိုနန်းတော် ကျင့်ကြံသူတစ်ယောက်မှာ သူ၏ ပင့်သက်ရှိုက်သံများကို ကြားသွား၏။ ထို့ကြောင့် ကျင့်ကြံသူမှာ မျက်လုံးများပင့်ကာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်တော့သည်။ အစပိုင်းတွင် သူသည် မောက်မာဝင့်ကြွားနေသည့်ပုံ ပေါက်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အချိုးအစားကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင်ရှိနေသော မောက်မာဝင့်ကြွားမှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်မှ မဟုတ်ကြောင်း သိနေသည့်အပြင် ကမ္ဘာပေါ်ရှိ ပြည်ထောင်စုကြီးထဲမှ ရောက်လာသော ကျင့်ကြံသူများအကြောင်းကို ကြားဖူးထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အချိုးအစားကြောင့် သူ့အပေါ်ထားရှိသော အတွေးအမြင်များမှာ ပြောင်းလဲသွားရတော့သည်။ ထို့နောက် သူသည် ပြုံးကာ ဆိုလိုက်၏။

” တကယ်လို့ ငါသာ မဟာထိပ်သီး အကြီးအကဲကြီးရဲ့ အသိအမှတ်ပြုတံဆိပ်ပြားကို ရှာတွေ့လိုက်လို့ တိုက်ပွဲရမှတ် အမှတ်ငါးသန်းနဲ့ လဲလှယ်လိုက်မယ်ဆိုရင် ရူးမိုက်ရာကျမှာပေါ့။ အဲဒီ တံဆိပ်ပြားနဲ့သာဆိုရင်…. ဂိုဏ်းတစ်ဂိုဏ်းလုံးကိုတောင် အမိန့်ပေးထိန်းချုပ်နိုင်ခွင့် ရှိတယ်ကွ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နောက်သို့လှည့်ကြည့်လိုက်၏။ ထိုအခါ သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားတော့သည်။ သူ၏ဘေးတွင်ရပ်နေသော ကျင့်ကြံသူ၏ မျက်နှာမှာ ကလေးငယ်တစ်ယောက်၏ မျက်နှာတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အသက်အား မခန့်မှန်းနိုင်ဘဲ ဖြစ်နေရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ အစောပိုင်း အမြုတေအဆင့်တွင် ရှိနေသောကြောင့် သူနှင့်အတူတူပင် ဖြစ်သည်။ သူ၏ ရာထူးအဆင့်အတန်းမှာမူ…. ဘေးပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ သူ့အား တရိုတသေ တလေးတစား ဆက်ဆံနေကြသည့် အဆင့်တွင် ရှိနေ၏။

ထိုအချက်များမှာ အရေးမကြီးပေး။ အရေးအကြီးဆုံး အချက်မှာ…. သူ၏ ခန္ဓာကိုယ်အချိုးအစားပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အမြင်တွင်မူ ထိုကျင့်ကြံသူမှာ သူ့ကဲ့သို့ပင် အခြားသူများနှင့် လုံးဝမတူလောက်အောင် ကွဲထွက်ကာ အလွန်အင်မတန်မှ ” သွယ်လျကျစ်လျစ်” နေသည့် ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထား၏။

ဝမ်ပေါင်လဲ့မှာ ထိုဖက်တီးကျင့်ကြံသူ၏ ခန္ဓာကိုယ်အချိုးအစားကို အကဲခတ်နေစဉ် ထိုကျင့်ကြံသူမှာလည်း ဝမ်ပေါင်လဲ့၏ ဗိုက်အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သဘောကျနှစ်သက်နေသည့် မျက်ဝန်းများဖြင့် ပြုံးကာ ချီူကျူးလိုက်တော့သည်။

” တာအိုရောင်းရင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေးကို အချိုးအစား ပြေပြစ်တာပဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး ချောင်းဟန့်ကာ ပြန်ပြောလိုက်၏။

” ကျွန်တော်တို့ နှစ်ယောက်စလုံးက အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားမှတော့ ရင်းနှီးသွားအောင် အချင်းချင်း မိတ်ဆက်လိုက်ကြစို့လားဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ပြောလိုက်ပြီးနောက် သူ၏ သိုလှောင်လက်ကောက်ထဲမှ ဖောက်ပြီးသား မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ ထို ဖက်တီးကျင့်ကြံသူဆီသို့ လှမ်းပေးလိုက်၏။

ထို ဖက်တီးကျင့်ကြံသူကြီးမှာ စကားပြောရန် ဟန်ပြင်နေပါသော်လည်း ထိုမုန့်ထုပ်အား မြင်လိုက်ရသောအခါ သူပြောရန်ပြင်နေသည့် စကားများကို မေ့သွား၏။ ထို့နောက် သူသည် ထိုမုန့်ထုပ်အား လှမ်းယူ၍ နမ်းရှုပ်ကြည့်လိုက်ပြီး မုန့်တစ်ခုကို ထုတ်ယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ ထိုအခါ သူသည် မျက်လုံးများ အရောင်တောက်သွား၏။

” အရသာက တစ်မျိုးလေးပဲကွ။ ဘယ်ဆိုးလို့လဲ ” သူသည် ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှာ သစ်သီးအချို့ကိုထုတ်ယူကာ ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ယခုကဲ့သို့ မုန့်များဖလှယ်ရင်း ရင်းနှီးသွားကြ၏။ သို့သော် သူတို့မှာ အကြာကြီး စကားပြောမနေကြဘဲ ဆက်သွယ်ရေးနံပါတ်များကိုသာ လဲလှယ်လိုက်ကြပြီးနောက် ထွက်ခွာလာကြ၏။

နောက်ထပ်နှစ်ပတ်တိတိ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့အတွက် မည်သည့် အစီအစဉ်မှ ပေါ်ပေါက်မလာသေးပေ။ ထို့ကြောင့် ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ လေ့ကျင့်နေရင်း ယွင်ဖျောင်ကျိဟုခေါ်သော ဖက်တီးကျင့်ကြံသူအကြောင်းကို တွေးတောနေခဲ့၏။ သူသည် လက်ထဲ၌ သိပ်မကျန်တော့သော သူ၏မုန့်များကို ထိုကျင့်ကြံသူနှင့် ဝေမျှခဲ့သည် မဟုတ်ပါလော။ ထို ” ပိန်ပါးပါး ” ကျင့်ကြံသူနှစ်ယောက်မှာ ထိုကဲ့သို့ မု့န်များဖလှယ်ရင်း ခင်မင်ရင်းနှီးလာကြတော့သည်။

သူတို့၏ ခင်မင်ရင်းနှီးမှုမှာ အစပိုင်းတွင်သာ ရှိသေးသောကြောင့် အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် အနေအထားတွင် ရှိပါသော်လည်း သူသည် ဝမ်ပေါင်လဲ့ ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်ရှိလာပြီးနောက် မိတ်ဆွေဖွဲ့နိုင်ခဲ့သည့် ပထမဆုံး ကျင့်ကြံသူ ဖြစ်နေသည်မဟုတ်ပါလော။

ထို့အပြင် သူသည် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ မဟုတ်သလို မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှလည်း မဟုတ်ပေ။ သူသည် ယိုရန်၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် ပြည်ထောင်စုကြီးအပေါ် ထားရှိသော သူ၏သဘောထားမှာ ကြားနေအဆင့်တွင်သာ ရှိပေသည်။

ထို့အပြင် သူတို့နှစ်ယောက်မှာ ဝါသနာများတူနေသောကြောင့် အတူတူ ပြောဆိုဆွေးနွေးနိုင်သည့် အကြောင်းအရာ မြောက်မြားစွာ ရှိနေကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အသုံးချကာ သူ့ဆီသို့ တာဝန်တစ်ခုမှ ကျရောက်မလာရသည့် အကြောင်းအရင်းကို မေးမြန်းကြည့်လိုက်သည်။ ယွင်ဖျောင်ကျိမှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ကူညီပေးနိုင်စွမ်းရှိသောကြောင့် ဝမ်ပေါင်လဲ့အား ကူညီပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာ တစ်လတိတိ စောင့်ဆိုင်းနေခဲ့ရသည့်တိုင်အောင် အခြား ပြည်ထောင်စုပျိုးပင်များကဲ့သို့ ပြင်ပကျွန်းများဆီသို့ စေလွှတ်မခံခဲ့ရပေ။ သို့သော် ထိုသို့ဖြစ်နေရသည်မှာ ကျယ်ပြန့်တာအိုနန်းတော်က သူ့အား ပင်မကျွန်းပေါ်၌ ရှိနေစေချင်သောကြောင့် မဟုတ်ဘဲ သူသည် ပြည်ထောင်စုပျိုးပင်များထဲမှ တစ်ဦးတည်းသော အမြုတေအဆင့်ကျင့်ကြံသူ ဖြစ်နေသည့်အပြင် သူတို့၏ ခေါင်းဆောင်ပါ ဖြစ်နေသောကြောင့်ဖြစ်သည်။ ဖုန့်ချိုးရန်မှာ ပုံမှန်ဆိုလျှင် ယွမ်ယင်အဆင့် ကျင့်ကြံသူများ အုပ်စိုးသည့် ကျွန်းများထက် အနည်းငယ်ခန့် ပို၍အဆင့်နိမ့်ပြီး ဝိညာဉ်ချီများ ကြွယ်ဝသည့် ကျွန်းတစ်ကျွန်းပေါ်၌ သူ့အား နေရာချထားပေးရန် ကြံရွယ်ထားခြင်းဖြစ်သည်။ သို့မှသာ သူသည် ထိုကျွန်းပေါ်ရှိ ဝိညာဉ်ချီများနှင့် ရင်းမြစ်ပစ္စည်းများကို မောင်ပိုင်စီးနိုင်မည် ဖြစ်သည်။

ထိုကျွန်းကိုလည်း ရွေးချယ်ထားပြီးဖြစ်သည်။ ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျွန်းပေါင်းများစွာထဲရှိ ထိပ်သီးအဆင့် ရတနာကျွန်းနှစ်ဆယ်ထဲမှ တစ်ကျွန်းဖြစ်သည်။ ထိုကျွန်းထဲတွင် ဝိညာဉ်စွမ်းအင် စီးဆင်းမှုလမ်းကြောင်းတစ်ခု ရှိနေ၏။ ထို့အပြင် ထိုကျွန်းပေါ်တွင် မီးစိမ်းမြက်ပင်ဟုခေါ်သည့် ဆေးပင်များလည်း ရှိသေးသည်။ ၎င်းမှာ ‌ဈေးကြီးသော ဆေးပင်တစ်မျိုး မဟုတ်ပါသော်လည်း ထိုကျွန်းပေါ်တွင် စိုက်ထားမည်ဆိုပါက သက်တမ်းရှည်ကြာပြီး ကျွန်း၏အနှံ့အပြားတွင် ပေါက်ရောက်နိုင်ပေသည်။

ထို့ကြောင့်လည်း မီးစိမ်းကျွန်းမှာ အလွန်အင်မတန်မှ တန်ဖိုးမြင့်မားနေရခြင်းဖြစ်သလို ဝမ်ပေါင်လဲ့အား ထိုကျွန်းပေါ်၌ နေရာချပေးမည့်ကိစ္စကိုလည်း မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းဘက်မှ အပြင်းအထန် ကန့်ကွက်နေရခြင်းဖြစ်သည်။ မြဲ့လျဲ့ကျိမှာလည်း သူ၏ ကိုယ်စားလှယ်တစ်ယောက်ကို ထိုကျွန်းသခင်အဖြစ် သတ်မှတ်ပေးရန် ပြင်ဆင်နေခဲ့၏။ ထိုအဖွဲ့အစည်းနှစ်ခု၏ ကြားမှ ပဋိပက္ခများကြောင့် ဝမ်ပေါင်လဲ့အား နေရာချထားပေးရန် ကြန့်ကြာနေရခြင်းဖြစ်သည်။

” ဒါပေမဲ့ ညီကိုပေါင်လဲ့ စိတ်မပူပါနဲ့။ အဲဒီ ခေါင်းဆောင်ကြီးနှစ်ယောက်က ဆွေးနွေးညှိနှိုင်းပြီးသွားပြီလို့ ငါ ကြားထားတယ်။ အဲ့တာမလို့ သိပ်မကြာခင် အထက်ကနေ အမိန့်ကျလာပါလိမ့်မယ် ”

ယွင်ဖျောင်ကျိမှာ ဝမ်ပေါင်လဲ့နှင့် စကားအတိုင်အဖောက် ညီပါသော်လည်း သာမန်အဆင့်ထက်ပိုသည့် ခင်မင်ရင်းနှီးမှုမျိုးကို မတည်ဆောက်လိုပေ။ သို့သော် သူသည် လူရည်လည်ပြီး ရေရှည်ကိုကြည့်တတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ကိုလည်း အတော်အတန် သဘောကျနှစ်သက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ့ဘက်မှ စ၍ မိတ်ဆက်ခဲ့သည့် စကားများနှင့် ယခုကဲ့သို့ ဝမ်ပေါင်လဲ့အား ပြန်လည်ဝေမျှပေးနေသည့် စကားများကို ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် သတ်မှတ်ထား၏။

အကယ်၍ ထိုရင်းနှီးမြှုပ်နှံမှုများကြောင့် အနာဂတ်တွင် သူ့အတွက် အကျိုးရှိနိုင်မည်ဆိုပါက အမြတ်ထွက်သွားမည်ဖြစ်သလို မည်သည့်အကျိုးကျေးဇူးမှ မရရှိလျှင်တောင် သူ့အတွက် အရှုံးမရှိနိုင်ပေ။ ထိုသို့ဖြင့် ယွင်ဖျောင်ကျိမှာ သူသိထားသမျှ အချက်အလက်များကို ဝမ်ပေါင်လဲ့အား ပြောပြလိုက်ပြီးနောက် ဗိုက်ကိုပုတ်ကာ ဝမ်ပေါင်လဲ့၏ နေအိမ်ထဲမှ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိအား လိုက်လံနှုတ်ဆက်လိုက်ပြီးနောက် သူ၏ နေအိမ်ထဲသို့ ပြန်ဝင်သွားလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှေးကာ ယွင်ဖျောင်ကျိ ပြောခဲ့သည့်စကားများနှင့် ပတ်သတ်၍ စဉ်းစားတွေးတောနေလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်ဘက်မှ သူ့အတွက် စီစဉ်ပေးထားသည့် အရာများကို စောင့်မျှော်နေလိုက်တော့သည်။

သူသည် ထိုဧည့်ခန်းထဲတွင်သာ နေနေရသည်ကို စိတ်ကုန်လာပြီဖြစ်သလို အပြင်ဘက်သို့ ထွက်သွားတိုင်း အေးစက်စက် မျက်ဝန်းများဖြင့် မတူသလို မတန်သလို စိုက်ကြည့်ခံရကာ မည်သူကမှ သူ့အား မနှုတ်ဆက်ကြသည့် အဖြစ်မျိုးကို မခံစားနိုင်တော့ပေ။

ယွင်ဖျောင်ကျိ၏ သတင်းအချက်အလက်များမှာ အမှန်ပင်ဖြစ်သည်။ နောက်သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့မှာ အမိန့်စာများ လက်ခံရရှိလိုက်၏။ သူသည် မနက်ဖြန် မနက်စောစောတွင် နိုင်ငံခြားရေးဌာနဆီသို့ အကြောင်းပြန်ရမည် ဖြစ်သည်။ နိုင်ခံခြားရေးဌာနမှာ သူနှင့် မြဲ့လျဲ့ကျိ၏ တပည့်ဖြစ်သော လျန်လုံတို့အား မီးစိမ်းကျွန်းဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး သူတို့နှစ်ယောက်မှာ ထိုကျွန်းအား ပူးတွဲအုပ်ချုပ်ကာ ထိုကျွန်းပေါ်မှ ရင်းမြစ်ပစ္စည်းများကို မျှဝေသုံးစွဲရမည်ဖြစ်သည်။

” လျန်လုံ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ထိုအမိန့်စာများ လက်ခံရရှိလိုက်သောအခါ မျက်ခုံးများ ပင့်မိသွား၏။ ထို့နောက် မိုးကောင်းကင်မေးခွန်းခန်းမထဲတွင် သူ့အား စိတ်အနှောင့်အယှက်ပေးခဲ့သည့် လူငယ်လေး၏ ပုံရိပ်တစ်ခုမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။

” သူတို့က ငါတို့နှစ်ယောက်ကို ရန်တိုက်ပေးနေတာလားဟ ” ဝမ်ပေါင်လဲ့မှာ ရယ်မောကာ‌ ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင်မူ အေးစက်စက်အလင်းရောင်တစ်ခု တောက်ပလာသည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တရားထိုင်ကာ အနားယူနေလိုက်တော့သည်။ မနက်ခင်းသို့ ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ ထို့နောက် သူသည် မတ်တတ်ထကာ သူ၏ နေအိမ်ထဲမှ ထွက်ခွာလာပြီး နိုင်ငံခြားရေး‌ဌာနဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုသို့ရောက်လာချိန်တွင် လျန်လုံမှာ ရောက်နှင့်နေပြီးသား ဖြစ်နေ၏။ သူ၏ဘေးတွင်မူ နှောင်းပိုင်းအမြုတေအဆင့် အဘိုးကြီးတစ်ယောက်ရှိနေ၏။ ထိုအဘိုးကြီးမှာ တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားကာ အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ၏မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အလင်းရောင်တစ်ခု ရှိနေ၏။ သူသည် နိုင်ငံခြားရေးဌာန၏ ဌာနမှူးဖြစ်ပြီး သူတို့နှစ်ယောက်အား လိုက်ပို့ပေးမည့်လူ ဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့အား လျစ်လျူရှုထားသလို လျန်လုံကိုလည်း အာရုံစိုက်နေခြင်းမရှိပေ။ သူသည် ကြားနေအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သောကြောင့် အခြားခေါင်းဆောင်ကြီးနှစ်ယောက်၏ အဖွဲ့အစည်းနှစ်ခုကြားရှိ ပဋိပက္ခများထဲ၌ ဝင်ပါရန် စိတ်ကူးမရှိပေ။ ဝမ်ပေါင်လဲ့ ရောက်ရှိလာပြီးသော အခါမှသာ သူသည် စကားတစ်ခွန်းပြောလိုက်ပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ လေပေါ်သို့ ပျံတက်သွား၏။

” မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ ”

လျန်လုံမှာ အေးစက်စက် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် လေပေါ်သို့ ပျံတက်သွားပြီး ထိုအဘိုးကြီး၏ နောက်မှကပ်၍ လိုက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူသည် လျန်လုံ၏ ကျင့်ကြံခြင်းအဆင့်မှာ ယခင်တုန်းကထက်ပို၍ အစွမ်းထက်လာပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ သူသည် မကြာသေးမီတုန်းက ဖောက်ထွက်သွားခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများမှာလည်း အရောင်လက်သွားရသည်။ ထို့နောက် သူသည်လည်း လေပေါ်သို့ ပျံတက်သွားလိုက်ပြီး အဘိုးကြီး၏ အခြားတစ်ဖက်တွင် ပေါ်ပေါက်လာ၏။ ထိုသို့ဖြင့် သူတို့သုံးယောက်မှာ သက်တံ့ကွေးသုံးခုအသွင် ပြောင်းလဲသွားပြီး ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းထဲမှနေ၍ အဝေးသို့ ပျံထွက်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset